လှကျော်ဇော - လွမ်းရစ်သူတဦးထံမှ ရဲဘော်ကျော်မြသို့
လှကျော်ဇော - လွမ်းရစ်သူတဦးထံမှ ရဲဘော်ကျော်မြသို့
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၉
“ကျွန်တော်ကိုယ် ကျွန်တော် အဆုံးထားတယ်။ရသမျှ အမြတ်ချည့်ပဲ။”
၁၉၈၅-တတိယပါတီကွန်ဂရက်အပြီး စပယ်တောစခန်း တစခန်းလုံး ပန်ဆန်းမှ မုံဂူကို ပြောင်းရွှေ့ဖို့ပြင်ဆင်ကြပါတယ်။ မြေအောက်အ ဖွဲ့ဆိုပါတော့။ ရဲဘော်ထွန်းကိုယ်တိုင်ဦးစီးပြီး ပြောင်းကြမှာပါ။ တချို့မိသားစု ဝင်များလည်း ပြောင်းလိုက်ရာမှာပါသွားပြီး တချို့ကတော့ လုပ်ငန်းတာဝန် အရ ပန်ဆန်းမှာကျန်နေရစ်ပါတယ်။
ဒီလိုနဲ့ကျွန်မ ပန်ဆန်းမှာကျန်ရစ်ပါတယ်။ဒီတော့ ရဲဘော်ထွန်းက နောင်တနေ့ ရန်တွေ့မခံရအောင် ဒီလိုပြောပါတယ်။
“ ကျွန်တော်က ရဲဘော်တွေကို ကိုယ်စိတ်ဆန္ဒအရ ကိုယ်ယူချင်တဲ့တာဝန်ကိုသာယူဖို့ခွင့်ပြုထားပါတယ်။တာဝန်တွေသွားထမ်းဆောင်တဲ့အခါမှာလည်း ဆုတ်ဖို့လိုအပ်တယ်ထင်ရင် ဗဟိုကိုဆုတ်ခွင့်တောင်း စရာမလိုဘူး ကိုယ်ဟာကိုယ် ဆုတ်လာနိုင်တယ် လို့ခွင့်ပြုထားတယ် ” တဲ့။
သူတို့တတွေ တသုတ်ပြီးတသုတ် ပန်ဆန်း က ထွက်သွားကြ ပါတယ်။ကိုကျော်မြ တို့အသုတ်က စက်တင်ဘာလအကုန်လောက်မှာ ထွက် သွားကြပါတယ်။ အရှေ့မြောက်စစ်ဒေသဆေးရုံထဲဝင်လာပြီး ကျွန်မကိုနုတ် ဆက်ပါတယ်။
ဒီတော့ ကျွန်မက “ ကိုကျော်မြရယ် သိပ်အရဲမစွန့်ပါနဲ့။ မဟန်ဘူး ထင်ရင်ပြန်သာလာခဲ့။ရဲဘော်ထွန်းကအချိန်မရွေး ဆုတ်ခွင့်ပြုထားတာ ပဲ” လို့ ပြောမိတော့ သူက “ ကျွန်တော်ကိုယ်ကျွန်တော်အဆုံးထားတယ်။ရသမျှ အမြတ်ချည့်ပဲ ” တဲ့။
သြော် ၁၉၈၅ ကတည်းက ကိုယ့်ကိုကိုယ်အဆုံးထားသူဟာ ၂၀၁၉-၄-၂၄ ရက်မှာတော့ တကယ်ဆုံးသွားပါပြီ။ နှစ်ပေါင်း ၃၀ ကျော်အ့မြတ်ထွက်ခဲ့ပါပြီ။
ရဲဘော်ကျော်မြရေ။ စိတ်ချလက်ချသာသွားနှင့်ပေတော့။
ချန်ထားရစ်တဲ့အမြတ်တွေပေါ်မှာ အတိုးအပွားလေးတွေ ရနိုင်သလောက် ရအောင် ရဲဘော်ကြီးရဲ့စိတ်ဓာတ်အားကို အခြေခံထားလေ့လာပြီး တတ်စွမ်း သလောက် ဆက်ကြိုးစားပါ့မယ်။
အလေးနီဖြင့်
လှကျော်ဇော
၂၄-၄-၂၀၁၉။ ည ၁၁ ၁၅