Breaking News

ဖြိုးသီဟချို - ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီဝင်များ ကန့်သတ်ခံနေရ



၂၀၀၉ မတ်လ ၂ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒပြသူများ (ဓာတ်ပုံ - ခွန်းလတ် - Myanmar Now)


ဖြိုးသီဟချို - ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီဝင်များ ကန့်သတ်ခံနေရ(Myanmar NOW) မိုးမခ၊ ဧပြီ ၂၆၊ ၂၀၁၉

ပြည်ထောင်စုလွှတ်တော် ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် ကော်မတီဝင် အများအပြားက ယနေ့ ငြင်းဆိုလိုက်သည်။

ဆွေးနွေးချက်များကို ပြင်ပသို့ ထုတ်ပြန်ခြင်းမပြုရန် အာဏာရပါတီ အင်အားများသည့် အဆိုပါကော်မတီတွင် စည်းကမ်းချက် ထုတ်ထားသည်ဟု အမည်မဖော်လိုသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့က လျှို့ဝှက်ခိုင်းထားနေတယ်ဗျ။ အမှန်ကတော့ လျှို့ဝှက်ခိုင်းထားစရာ မလိုပါဘူးဗျာ။ သူတို့ အများစုနဲ့ လုပ်ရတဲ့ အခါကျတော့ ကျွန်တော်တို့က လိုက်နာနေရတဲ့ သဘောပဲ” ဟု ၎င်းက ပြောသည်။

ကော်မတီထဲမှ မည်သူက ပိတ်ပင်ကြောင်းကိုမူ ၎င်းက တိတိကျကျ ဖော်ပြခြင်း မရှိပေ။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက လေ့လာစိစစ်သည့် ပြင်ဆင်ချက် ဇယားများ ပါဝင်သည့် စာရွက်တချို့ကို အစည်းအဝေးကာလတွင် ဝေငှထားသည်။ ထိုစာရွက်တို့မှာ ပြင်ဆင်ရန် အကြံပြုချက်၊ ကျိုးကြောင်း ဖော်ပြချက်များ ဇယားများတွင် ပုဒ်မအလိုက် ပယ်ဖျက်ခြင်း၊ ဖြုတ်ချခြင်းများကို ပြုလုပ်ရန်အတွက် ဖြစ်သည်။

ကော်မတီဝင် တစ်ဦးဖြစ်သည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍကို ဆွေးနွေးဆဲ ဖြစ်ကြောင်း၊ လာမည့်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောသည်။

၎င်းတို့ပါတီက ပြင်ဆင်ရန် တင်သွင်းထားသည့် အခန်း(၅) ပါ အချက်များကို မေးမြန်းရာတွင် ဖြေကြားရန် ငြင်းဆိုသည်။

“ပြောလို့မဖြစ်ဘူး။ ကျွန်တော်တို့ကို လုံးဝ (တင်း) ကျပ်ထားတာ။ နားအကားလေး မွေးတယ်လို့ ပြောတာကနေပြီး နဂါးလေး မွေးတယ် ဆိုပြီး တချို့ကလည်း ထင်သွားတာတွေ အများကြီးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကော်မတီအတွင်း ဆွေးနွေးသည့်အချက်များကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများအရ ပြောကြားခွင့်မရှိကြောင်း ယခုနှစ် မတ်လ အစောပိုင်းက ပြောသည်။

“အစည်းအဝေးထဲမှာ ဘာတွေဆွေးနွေးတယ်၊ ဘယ်သူက ဆွေးနွေးတယ်၊ ဘယ်သူက မဆွေးနွေးဘူး ဆိုတာကို လွှတ်တော် ဆိုင်ရာ နည်းဥပဒေများအရ ပြောလို့မရပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ခြင်း အခန်း(၁၂) ပုဒ်မ ၄၃၃ (က)(ခ) အရ ပြင်လိုပါက အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေ မူကြမ်းအဖြစ် တင်သွင်းရမည်ဟု ဖော်ပြထားသည်။

အာဏာရပါတီ၏ အစီအစဉ်ဖြင့် ပူးပေါင်းကော်မတီ ပေါ်ပေါက်လာသော်လည်း ဤခြေလှမ်းသည် လာမည့်နှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်းသက်သက်သာ ဖြစ်သည်ဟု ဝေဖန်ချက်တချို့လည်း ရှိနေသည်။

သို့သော်လည်း ပါတီက ထိုဝေဖန်ချက်တို့ကို ပယ်ချသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍတွင် ပုဒ်မ-၁၉၉မှ ပုဒ်မ-၂၉၂ ထိပါဝင်ပြီး အငြင်းပွားဖွယ်ရာအချက်ဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ)ကို ဖျက်သိမ်းပေးရန် အချက်ကို ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်က တနင်္လာနေ့(၂၂.၄.၁၉) က ပြုလုပ်သည့် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ထိုအခန်းတွင် ပါဝင်သည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၁ နှင့်ပတ်သတ်ပြီး ယမန်နေ့က အစည်းအဝေးတွင် ဆွေးနွေးခဲ့သော်လည်း မည်သည့် ကိုယ်စားလှယ်က မည်သည့် အချက်များ ဝင်ရောက် ဆွေးနွေးခဲ့သည်ကို မသိရသေးပေ။

ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားပြီး ကော်မတီအစည်းအဝေးတွင်မူ ထိုပုဒ်မနှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးခြင်း မရှိပေ။

ကော်မတီတွင် ပါဝင်သည့် တပ်မတော်သား အမတ် ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ် ၂ ဦး ပါဝင်သော်လည်း အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခြင်း မပြုကြဟု ကော်မတီဝင်တချို့က ပြောသည်။