Breaking News

လင်းငယ် ● အလင်းအဆိပ်သင့်ခြင်း

လင်းငယ် ● အလင်းအဆိပ်သင့်ခြင်း
ဧပြီ ၂၆၊ ၂၀၁၉

(၁)
မျက်လုံးတွေ တနေ့တခြား အားအင်ယုတ်လျော့ လာနေသည်။ မျက်ရိုးတွေက အမြဲလို ကိုက်ခဲနာကျင်နေသည်။ စာကို ဖတ်ဖို့အတွက် မျက်မှောင်ကို ကျုံ့ထားရသည်။ လက်မခံချင်ပေမယ့် သူ့မျက်မှန် ပါဝါထပ်တိုးရတော့မည့် လက္ခဏာတွေကို သိနေပြီ။ အလွန်ကို ထူလွန်းနေသည်ဟု ကိုယ့်ဘာသာ မကြာခဏ စိတ်ပျက်မိသည့် လက်ရှိမျက်မှန်ပင် လုပ်ထားသည်မှာ မကြာသေး။ ညနေခင်းဘက် သွားနေကျ မျက်စိဆရာဝန်ဆီ ရောက်သွားသည်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီး စကားဆို သည်။ ခင်ဗျားမျက်စိကိုကုဖို့က ခင်ဗျားစိတ်ကို အရင်ကုဖို့လိုနေပြီ။ စိတ်ကိုမကုနိုင်ရင်တော့ မျက်စိကိုကုနေတာ အလကား ဖြစ်မှာပဲ။ ခင်ဗျားရောဂါက အလင်းအဆိပ်သင့်မှု ရောဂါပဲ။ ဒါဟာ စိတ်ရောဂါတမျိုးပဲလို့ ဆိုတယ်။ ပြီးတော့ စာရွက် အပိုင်း အစတခုပေါ်မှာ ဆေးညွှန်းရေးပေးလိုက်တယ်။

“အလင်းရောင် အတုတွေနဲ့ ဝေးဝေးနေပါ”
“Stay away from artificial light” လို့ နှစ်ဘာသာနဲ့ ရှင်းရှင်းလင်းလင်းရေးထားတာကိုဖတ်လိုက်မိပြီး မေးခွန်းတခု ကြောက်ရွံ့စွာ ပြန်မေးလိုက်မိသည်။ ကျနော့်နာမည်လင်းငယ်ထဲက “လင်း” ကိုပါ ဖြုတ်ပစ်ရမှာလားဆရာဆိုတော့ အဲ့ လောက်လည်း အစွန်းမရောက်စမ်းပါနဲ့ဗျာလို့ ဆရာဝန်က ဒေါသတကြီးဆိုသည်။

(၂)
လှည်းအိုကြီးသုံးစီးက တကျီကျီမြည်ရင်း ပတ်ချာလည်သွားနေသည်။ ကလေးတသိုက်က ရှေ့လှည်းပေါ်တက်လိုက်၊ နောက်လှည်းဆီ ကူးလိုက်နဲ့ ဆူပူနေကြသည်။ ခဏနေတော့ အားလုံးမောသွားကြပြီး လှည်းအသီးသီးမှာ စုထိုင်နေကြပြီ။ လှည်းမောင်းတဲ့ ဦးလေးတွေ ဘကြီးတွေက ပုံပြင်တွေ တပုဒ်ပြီး တပုဒ်ပြောတော့မည်။ အဖိုးလှည်းပေါ် ရောက်နေတဲ့ သူက တော့ အဖိုးပြောပြတဲ့ ကြယ်စဉ်တန်းနာမည်တွေ၊ ကြယ်တွေ ထွက်တဲ့အချိန်တွေ၊ အရပ်တွေကို နားထောင်ရင်း လှည်း အိုကြီးပေါ် ပက်လက်လှန်ကာ ငေးမောရသည်။ အဖိုးပြောတဲ့ကြယ်တွေကို ကောင်းကင်ပေါ်မှာ ရှာကြည့်ရင်း ကိုယ်ရှာတတ် တဲ့ ခုနစ်စဉ်တန်းကို မြင်ရတော့ အားရပါးရ ထအော် ပျော်ရသည်။

စပါးရိတ်တဲ့အခါ စပါးလှိုင်းတွေ စုပုံပြီ: စပါးခြွေမည့် တလင်းပြင်ကို မာမာကျောကျော ညီညီညာညာ ဖြစ်အောင် ရေးဖြန်းလိုက် လှည်းနဲ့ နွားနဲ့ ပတ်ကာ ကျိတ်သည်ကို ကိုယ်တို့အရပ်တွင် တလင်းနယ်သည်ဟု ခေါ်သည်။ လှည်း အလေးချိန်စီးနေစေရန် ကလေးများကို လှည်းပေါ်တတ်ကာ စီးစေတတ်သည်။ တလင်းဘေးနားက ပဲမြစ်အိုးပြုပ်ထားသည့် အဖွားရဲ့ မီးဖိုရဲ့ အလင်း ရောင်ကလွဲလို့ တရွာလုံးက ပိန်းပိန်းမှောင်။ သြော်မှာလို့ ... ကောင်းကင်တခုလုံး ကြယ်စင်အလင်းနဲ့ လင်းလင်းထိန်။ က လေးဘဝက ညများသည် အလင်စစ်စစ်များဖြင့် လွမ်းမောဖွယ်။

(၃)   
လျှပ်စစ်မီးမရှိတဲ့ရွာလေးတခုမှာ လူလားမြောက်ခဲ့သူအဖို့ မီးအလင်းလိုချင်ခြင်းဟာ ဘယ်တော့မှ မပြည့်တော့မယ့် ဆု တောင်းတခုလိုပဲ။ လူငယ်ဘဝ သိတတ်စအချိန်မှာ လျှပ်စစ်မီးရဲ့ ကောင်းကျိုးတွေကို တန်းစီပြီ: ရွတ်ပြနေနိုင်ပြီကိုး။ မြို့က သူငယ်ချင်းတွေလို ရေခဲသေတ္တာထဲက ရေအေးအေးလေး သောက်ချင်သည်။ တီဗီကို အချိန်မပြတ် ကိုယ့်စိတ်ရှိချိန် ကြည့် ချင်သည်။ အတောင့်တ ဆုံးကတော့ စာဖတ်ချိန်တွေကို ဖယောင်းတိုင်မီး ဝါကျင်ကျင်ဖြင့် ပူတိပူလောင် မဖြတ်သန်းချင်။ ကိုယ်လိုချင်တဲ့ အလင်းမရှိခဲ့သောအချိန်များတွင် ရှိသည့်အလင်းရောင်ကို အားကိုးရင်း စိတ်အာသာကို ဖြည့်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် တက္ကသိုလ် တတိယနှစ်ရောက်သောအခါ မျက်မှန်တလက် အဖတ်တင် ကျန်ရစ်ခဲ့တော့သည်။

အလင်းရောင်က ကိုယ့်ဆီရောက်မလာသောအခါ အလင်းရောင်များပြည့်နှက်ရာ မြို့ပြဆီသို့ ခြေဦးလည့်ခဲ့သည်။ တဖြေး ဖြေး အလင်းအားနည်းသည့် ရွာကလေးကနေ ဝေးကွာလာသည်။ စာအုပ်တွေအစား တဖြည်းဖြည်းနှင့် ကွန်ပြူတာနှင့် အလုပ်လုပ်ရသည့်အချိန်တွေ ဝင်လာသည်။ ညနေခင်းတွေကို တီဗီရှေ့မှာ ဇာတ်လမ်းတွဲတွေ၊ ဘောလုံးပွဲတွေနဲ့ ဖြတ်သန်း ရင်း ညဉ့်နက်သန်းခေါင်အထိ အလိုလို ရောက်ကုန်သည်။ လက်တဝါးစာ ဆဲလ်ဖုန်းများ ပလူပျံလာသည်။ ခေတ်ကြီးပြောင်းပြီး ကောင်းပြီဟု အော်လာကြသည်။ အမှောင်ကာလတွေကို ထားရစ်ခဲ့ပြီ။ အလင်းသစ်ခေတ်ကို ဖော်ဆောင်နေပြီဟု အသံကုန် ဟစ်ကြသည်။ လွတ်လပ်မှုက ပြန့်ကားလာသည်။ လွတ်လပ်မှု အမည်ခံဖြင့် အချက်အလက်များက ဦးတည်ချက်မဲ့ စီးဆင်း တော့သည်။ ထိုသို့ ဦးတည်ချက်မဲ့ခြင်းကိုအသုံးချရန် အခွင့်ကောင်းဟု မြင်သူတို့က မြင်ကုန်ကြသည်။ သတင်း အချက် အလက်တွေရခြင်းသည် အင်အားဖြစ်သည်။ ဘယ်သူပြောလိုက်မှန်းမသိတဲ့စကားကို နတ်ဘုရားလို ကိုးကွယ်ကာ စိတ်ဝင်း စားတာမှန်သမျှကို တန်ဖိုးရှိမှုလို့ ထင်ခဲ့သည်။ အလင်းပြားလေးကတဆင့် နေ့စဉ် အာသာငမ်းငမ်း စားသုံးခဲ့သည်။ မေ့လျော့ မှု အားကြီးသော ဉာဏ်နည်းသူပီပီ “သတင်းအချက်အလက်” စစ်စစ်က ဘာလဲ မမေမြန်းမိ။ သိလို့ရသမျှက ဉာဏ်ပညာ ဖြစ်မလာတာ မဆင်ခြင်မိ။ ဒေတာတွေသည် ပညာဖြစ်မလာ။ ဆေးစွဲသလို စွဲနေပြီလား သံသယဝင်လာချိန်မှာ လက်တဝါး သာသာ အလင်းရောင် ပြားလေးက ကိုယ့်ဘဝကို လွှမ်းမိုး ချုပ်ကိုင်ထားပြီ။ ကိုယ်ပိုင်ဆိုင်ရာ ၂၄ နာရီကို အလင်းကြည့်နှုန်း တွက်ကြည့်လိုက်ရင် တော်တော်ကို များနေမည်ပဲ။ ကွန်ပြူတာ၊ ဖုန်း၊ တီဗွီ ... ဟို ကိုယ်ကျင်လည်ရာ ကမ္ဘာက စက်ဝိုင်းတခုလို ထပ်ကျော့။ ကလေးဘဝက ကြယ်ရောင် လရောင် မှတ်ဉာဏ်များသည့် ကိုယ်နဲ့ အဝေးဆုံးဆီသို့ လွင့်ပါခဲ့ပြီ။

၄)
သက်ရှိသတ္တဝါတွေတွင် ဇီဝနာရီဟူ၍ ရှိသည်။ ဆာကေဒီးယန်း ရစ်သစ်ဆို တော်တော်များများ သိကြမည်။ စာပေမတတ် ဝီကီဖတ်ဆိုသလို မမှတ်မိတော့သည့် မှတ်ဉာဏ်က စာသားများအတွက် စာပြန်ဖတ်ကြည့်ရသည်။ ဒီဇီဝနာရီက သက်ရှိ တွေမှာ မွေးကတည်းက ပါလာပြီးသား။ ပတ်ဝန်ကျင်အပေါ် မူတည်လို့ နေ့ရယ် ညရယ် သူ့အချိန်လိုက် သင့်တင့်အောင် ချိန်ညှိပေးသည်။ အကြမ်းဖျင်းကတော့ နေ့ရောက်ရင် လန်းဆန်း၊ ညဘက်ရောက်ရင် အိပ်စက် အနားယူ၊ တနည်း အလင်း တွေ ရှိနေချိန် လူက မအိပ်ဘဲနေ၊ အမှောင်တွေ ရောက်လာရင် ခန္ဓာကိုယ်ကို အနားပေးဖို့ အချိန် ဖြစ်နေအောင် အထဲကနေ ပြုပြင် နှိုးဆော်ပေးသည်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာရှိနေသလဲဆိုတာပေါ်မူတည်ပြီ: လူတယောက်နဲ့ တယောက်တော့ စည်းချက်ညီ တူချင်မှ တူလိမ့်မည်။ ကမ္ဘာ့အရှေ့ခြမ်းက လူတယောက် အနောက်ဘက် ခြမ်းကို ရုတ်တရက် ရောက်သွားရင် ကြောင်တောင်တောင် ဖြစ်နေလိမ့်မည်။ ဇီဝနာရီကို ပတ်ဝန်းကျင်အသစ်နဲ့ ကာရန်ပြန်ညှိဖို့ အချိန်နည်းနည်း လိုမည်။ ပြီးရင် တော့ နေသားတကျ ဖြစ်သွားမည်။ ဒီလို ကီးပြန်ကိုက်ဖို့ အဓိက ကျတာက အလင်းရောင်၏ အခန်းကဏ္ဍဖြစ်သည်။ အလင်း ရောင်ကိုကြည့်ကာ ပြန်လည်ချိန်ညှိခြင်းကို လုပ်ဆောင်သည်။ တချိန်တည်းမှာပင် အလင်းရောင်က ဇီဝနာရီကို နောက်ကျ သွားအောင် လုပ်နိုင်သည်။ အလင်းရောင်က ပုံမှန် လည်ပတ်နေသည့် လူ့ခန္ဓာကိုယ်ထဲက ယန္တယားတခုကို အနှောင်အယှက် ဖြစ်အောင် လုပ်နိုင်သည်။ ဒါကြောင့် ဖြစ်မည်။ အရမ်းလင်းနေသည့် နေရာများတွင် သူအိပ်စက်လို့မရ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက် အလင်းရောင် မရှိသော၊ မရှိသလောက် နည်းသော နေရာတခု လိုသည်ကော။

အလင်းရောင်ကြောင့် အင်းဆက်ပိုးမွှားလေးတွေရဲ့ ဂေဟစနစ်လည်း ပျက်စီးစေသည်တဲ့။ လေထုညစ်ညမ်းမှု၊ ရေထု ညစ်ညမ်းမှုလိုမျိုး အလင်းရောင် ညစ်ညမ်းမှုကို သတိထားရေတော့မည်တဲ့။ စိတ်ထု ညစ်ညမ်းမှုနဲ့ ထပ်လောင်းလိုက်ရင်တော့ ဘယ်လောက်ထိများ ဆိုးရွားမှုတွေ များသွားနိုင်ပါလိမ့်။ မတွေးတတ်။

၅)
တခါတရံတော့ မျက်လုံးတို့ ပေကလပ် ပေကလပ် ဖြစ်နေသည်။ မျက်ခုံတွေက နာကျင်ကိုက်ခဲသည်။ အလင်းရောင်ကို တနေကုန် တနေခန်း စူးစိုက်ကြည့်ပြီး အလုပ်လုပ်ရသည်။ ပြင်ပနေရောင် မဝင်သည့်နေရာတွင် လျှပ်စစ်မီးရောင်များ အောက်တွင် ထိုင်ကာ နာရီပေါင်းများစွာ ရင်းနှီးရသည်။ အသက်မွေးဝမ်းကြောင်းအတွက် စာလုံးသေးသေး၊ ဂဏန်သေးသေး လေးတွေကို စူးစိုက်ကာ ဖတ်ရှုရသည်။ ဒီလို နေ့မျိုးဆိုရင်တော့ တခုခု လုပ်မှရတော့မည်။ ညပိုင်း စာဖတ်ဖို့ပင် အားအင် မရှိတော့။ ကိုယ့်ဘာသာ “အလင်းရောင်မှ ဖယ်ခွာခြင်း” ဟု အမည်တပ်ထားသည့် ကုထုံးတခုကို လုပ်တတ်သည်။ ရိုးရိုး ရှင်းရှင်းပင်။ အိပ်ခန်းထဲက မီးတွေ အားလုံးကို မှိတ်ထားလိုက်သည်။ ညစဉ် အိပ်ယာဝင်ခါနီး စာဖတ်ရာတွင် သုံးသည့် မီးအိမ်က အဝါရောင်မီးကို ခပ်မှိန်မှိန် မြင်ရသည် ဆိုရုံလောက် ထွန်းထားလိုက်သည်။ ပြီးရင် အဲ့ဒီနေ့အတွက် စိတ်ထဲမှာ ခံစားလို့ ရနေသည့် သီချင်းတပုဒ်ကို ထပ်ကျော့ ဖွင့်မည်။ လူကတော့ အိပ်ယာပေါ် ပက်လက်လှဲကာ၊ မျက်လုံးများကို မှေးကာ (ဖွင့်ကြည့်လည်း ဘာမှ မမြင်ရ) နေမည်။ သီချင်းကို အာရုံစိုက် နားထောင်မည်။ ဒါမှမဟုတ် စိတ်ထဲမှာ ပေါ်လာသည့် အတွေးတခုနဲ့ ဆက်တွေးချင် တွေးနေမည်။ ဒီလိုလုပ်လိုက်ရင်တော့ သူ့မှာ အားအင်တွေ ပြန်ပြည့်လာသလို ခံစားရစမြဲ ဖြစ်သည်။

(၆)
ဟေး .... ခနဲ မရည်ရွယ်ပါဘဲနဲ့ သံပြိုက်ထွက်လာတဲ့ အော်သံနဲ့အတူ ပတ်ဝန်းကျင်တခုလုံး အမှောင်ကျသွားသည်။ မိတ်ဆွေ များ နေထိုင်ရာ ဝန်ထမ်းတိုက်ခန်းမြင့်မြင့် တခုရှေ့မှာ ထိုင်နေရင်း ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် လူတွေ တုံ့ပြန်လိုက်ကြခြင်း ဖြစ်သည်။ လျှပ်စစ်မီးပြတ်ခြင်းသည် သူတို့ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းဖြစ်ခဲ့သော်လည်း လပိုင်းဆက်တိုက် မီးက မပြတ်သောအခါ ကြိုတင်ပြင်ဆင်တတ်သည့် အကျင့်ပင် ပျောက်ကုန်ကြပြီ။ အခု လျှပ်စစ်မီး ပြတ် သွားသောအခါ ပတ်ဝန်ကျင်တခုလုံး အရေးပေါ်မီး တခုမှမရှိဘဲ မှောင်ကြီ:ကျသွားသည်။ အခန်းပေါင်းများစွာရှိ ရုပ်မြင် သံကြားစက်များစွာမှ ထွက်ပေါ်နေသောအသံများသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဟာလာဟင်းလင်း ကောင်းကင် အောက် ခုံတန်းရှည်ပေါ်တွင် ထိုင်နေရင်း ကောင်းကင်ကို အသိစိတ်မဲ့စွာ မော့ကြည့် လိုက်မိသည်။ အို လှလိုက်တဲ့ ကြယ် တွေပါလား ...။ မီးမပြတ်ခင်က ရှိမှန်းပင် ကိုယ်သတိမထားမိခဲ့ပါကော။

အသိစိတ်က ရုတ်တရက် ဆာလောင်လာလို့ ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညကို ဖုန်းထဲက ဖွင့်လိုက်သည်။ ဖုန်းမီးကို လင်းမနေအောင် မှောက်ထားလိုက်သည်။ ခုံတန်းလျားပေါ် ပက်လက်လှန်လှဲရင်း ကြယ်တွေကို တွေတွေကြီး ငေးကြည့်နေ မိတော့သည်။ ကြယ်စင်တွေက ပျောက်ဆုံးလုလု မှတ်ဉာဏ်တွေကို ပြန်သယ်ပေးလာသည်ကော။ အေးချမ်းမှု တစုံတရာကို လွမ်းမောမိ၊ ကြည်းနှုးမိ။

(၇)
အိပ်ယာထဲမှာ လူးလွန့်ရင်း ပြတင်းပေါက်က ခန်းဆီးစကို ဆွဲစေ့လိုက်သည်။ ဟိုဘက် တိုက်ခန်းက အလင်းရောင်တွေ များလွန်းသည်ကော။ ဒီမြို့ကြီးက အလင်းရောင်တွေ ပိုလျှံ့လွန်းနေသည်ကော။ တခါတရံ ပြတ်တောက် တတ်တာကတော့ ချွင်းချက်ပေါ့။ လမ်းပေါ်မှာ မီးလုံးတွေ အများကြီး။ ရှော့ပင်မောထဲမှာ မီးလုံးတွေက နေ့အလင်းနဲ့မခြား လင်းထိန်။ တိုက် ခန်းတွေထဲမှာ ဘယ်တော့မှ မပိတ်တဲ့ အလင်းရောင်တွေ တပုံကြီး။ ပြီးတော့ . . လူတွေရဲ့ လက်ထဲ၊ နေ့နေ့ညည လမ်းပေါ် လျှောက်ရင်း လက်တဝါးစာ အလင်းပြားလေးထဲ တိုးဝင်လှုပ်ရှားနေကြ။ အရောင်တောက်နေတဲ့ မျက်လုံးတွေက အလင်းပြား ကို ဖိနှိပ်ကြ။ အံကိုကြိတ်ရင်း အလင်းပြားလေးပေါ် စာတွေရေးကြ။ ပြုံစိစိလုပ်ရင်း အလင်းပြားပေါ် အရုပ်ရေးကြ။ မြို့ကြီးက ကိုယ့်ရွာလေးထက် ပိုလင်းချင်းတာပဲလို့ ထင်ခဲ့မိဖူးသည်။ ဝေဒနာတခု ရလာမှာ နောင်တရမိတယ်လို့ ကိုယ့်ဘာသာ အပြစ်မတင်ချင်။ မြို့ကြီးဟာ၊ ကိုယ့်ပတ်ဝန်းကျင်ဟာ အလင်းရောင်တွေနဲ့ အဆိပ်သင့်နေတာပဲ။ အခု သူ့ညထဲကိုပင် အဆိပ်နံ့တွေနဲ့ အိပ်စက်ခြင်းကို လာရောက် တာဆီးနေပြီ။ လူတွေ  . . အလင်းတုတွေဘေးက ဝေးပါစေလို့ မေတ္တာပို့လိုက်ရင်း မျက်လုံးကို မရမက စုံမှိတ်လိုက်သည်။ မေတ္တာပို့ပြီ: အိပ်ရင် အိပ်ကောင်းခြင်း အိပ်ရတယ်တဲ့ ယုံကြည်မှု ကောက်ရိုးတမျှင်ကို အမှန်တကယ် အိပ်လို့ ရငြား ဆွဲယူမိသည်။ မျက်လုံးကို အတင်းစေ့ထားရင် စိတ်ကူးထဲမှာ သူ့ကိုယ့်သူ အဖိုးမောင်းနေတဲ့ တလင်းပြင်ထဲက လှည်းပေါ် ပို့လိုက်သည်။ ဟိုးအဝေးက သောကြာကြယ်ရှုးကို စူးစူးကြည့်လိုက်သည်။ အာကာတပြင်လုံး ကြယ်အလင်းတွေဖုံးနေတဲ့ သူ့ရွာကလေး။ အလင်းစစ်စစ်တွေ မြင်ရမှ သူ့ည အိပ်ရေးဝတော့သည်။

စာပြီး ၁၂:၀၁ မနက်စော 19th April 2019
တန်ခူးလပြည့်ဘက်ကူးတဲ့ အချိန်။