Breaking News

ရဲဘော်ကျော်မြ - ၇၄ . . . ဒေါင်းပျိုငယ်ရဲ့ ခွန်းဆင့်သံ

နောင်ကျော်၏ ဖေ့စ်ဘွတ်က ဓာတ်ပုံ


ရဲဘော်ကျော်မြ - ၇၄ . . . ဒေါင်းပျိုငယ်ရဲ့ ခွန်းဆင့်သံ
(အောင်မြင့်ဦး၏ ဖေ့စ်ဘွတ်စာမျက်နှာ)
မိုးမခ၊ ဧပြီ ၂၅၊ ၂၀၁၉

(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၄၈၂၈ အလုပ်အဖွဲ့က ယူဂျီခေါင်းဆောင်တယောက်ဖြစ်ခဲ့ပြီး ၁၉၉၀မှာ အဖမ်းခံရ၊ ထောင်အနှစ် ၂၀ ကျခဲ့တဲ့ ကိုကျော်မြ(ခ)ကိုဝေလင်း (ခ)ကိုလှသောင်း( ကဗျာဆရာ လရောင်လင်း)ဟာ နေ့ ဧပြီ ၂၄၊ ညနေ ၅ နာရီကျော်က မန္တလေးမြို့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သူရေးခဲ့တဲ့ စာကို အောင်မြင့်ဦးဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်လိုက်ပါတယ်)

၁၉၇၃-၇၄ စာသင်နှစ်ကစပြီး ကျနော်တက္ကသိုလ်ရောက်ပါတယ်။ တက္ကသိုလ်က ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ပါ။ major က ဥပဒေ အဓိကနဲ့ပါ။ အဲဒီအချိန်က ပြည်တွင်းစစ်မီးလျှံ တဟိန်းဟိန်းတောက်လောင်နေဆဲ အချိန်ပါ။ ပဲခူးရိုးမရဲ့ လက်ျာနံပါးမှာရှိတဲ့ ကျနော့်ဇာတိ ကျေးရွာအုပ်စုလေးဟာ ဖဆပလ အစိုးရရဲ့ ဖြတ်လေးဖြတ် ဆိုတာနဲ့အမြဲ ပွတ်သပ်နေခဲ့ရပါတယ်။ တက္ကသိုလ်ရောက်တော့လဲ ၁၉၇၃ နှစ်ကုန်ပိုင်းမှာ ကမာရွတ်ရဲစခန်း (လှည်းတန်းအဝိုင်းအနီး) ကရဲတပ်ဖွဲ့နဲ့ ကျနော်တို့ ဝ/သ တက္ကသိုလ်ကျောင်းသားတွေဟာ ခါးပိုက်နှိုက်ကိစ္စတစ်ခုကို အကြောင်းပြုပြီး ထိပ်တိုက်တွေ့လိုက်ရပါသေးတယ်။ တချိန်ထဲမှာ ကျနော်တို့ တောင်ငူနယ်သား စာရေးဆရာ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) နဲ့ရော ကိုကိုကျွန်းပြန် ကိုတင်ငွေ (နိဟိန်း) တို့၊ ကိုကျော်နိုင် (ထက်မြက်) တို့နဲ့ရော ရင်းနှီးနေတာ ဖြစ်တဲ့အတွက် စာပေအနုပညာနဲ့ နိုင်ငံရေးကိုလဲ စိတ်ဝင်စားနိုးကြားနေချိန်ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ ၁၉၇၄ ခုနှစ် နှစ်ဆန်းမှာ အထက်အညာမုံရွာ မန္တလေးဘက်က အလုပ်သမား လှုပ်ရှားမှုတွေကို ကြားသိစွဲထင်နေခဲ့ပါတယ်။ ကျနော်တို့ တက္ကသိုလ်ထဲမှာ မဆလရဲ့ ‘ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ အတွက် လှုံဆော်ချက်တွေ ဖြိုးဖြိုးဖျောက်ဖျောက် ရှိနေတဲ့ ကြားထဲကပဲ ဒီအလုပ်သမား တိုက်ပွဲဟစ်ကြွေးသံတွေ သဲ့သဲ့လျှံနေခဲ့တာပါ။

စတာကတော့ မန္တလေး မုံရွာဖက်က ပါဘဲ။ ၁၉၇၄ ဧပြီ-မေ လောက်ကလို့ ထင်ပါတယ်။ မုံရွာသစ်စက် တခုက စတင်လိုက်တာပါ။ အကြောင်းခံက ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်ပြီးရင်းတက်နေတာကြောင့် အလုပ်သမားတွေရဲ့လစာနဲ့ ရိက္ခာမမျှတ နိုင်တော့တဲ့အခြေခံပါဘဲ။ မုံရွာက စလိုက်တဲ့ သပိတ်ဟာ စစ်ကိုင်း ရွာထောင်စက်ရုံ၊ မြစ်ငယ်ပုသိမ်-ရွာသစ်ကြီးစက်ရုံတွေကနေ မန္တလေးသစ်စက်တချို့နဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (R.T.C) အထိ မေလထဲမှာ ကူးစက်လောင်မြိုက်လာပါတယ်။ ဒီကတဆင့် မိတ္ထီလာ ချည်စက်မှာလဲ ဆက်လက်တောက်လောင်လာကာ မေလကုန်လစာထုတ်ရက်ကျတော့ ရန်ကုန် (၈) မိုင်လမ်းဆုံနားက R.T.C မှာ ထိုင်သပိတ်နဲ့ ဆက်ခံလိုက်တယ်။ တဆက်ထဲ အင်းစိန်မီးရထား စက်ခေါင်းအလုပ်ရုံ၊ အုတ်ကျင်းဂုံနီစက်၊ သမိုင်းချည်စက်ရုံကြီးတွေဆီ ကူးဆက်လာတယ်။ ဇွန်လ (၃) ရက်နေ့မှာ အင်းစိန်ဖော့ကန်က ကိုနိုင်ဝင်း၊ ကိုတင်ငွေ (နီဟိန်း၊ ကိုလှကြည် (ကြည်နိုင်) တို့နဲ့အတူ) အင်းစိန်မီးရထားစက်ခေါင်းရုံကို သွားကြည့်လိုက်တော့ မိုးထဲလေထဲမှာ အလုပ်သမား၊ အလုပ်သမတွေ မိုးကာအကျႌကြီးတွေ ခြုံပြီးတက်ကြွဟစ်ကြွေးနေတာကို တွေ့လိုက်ရတယ်။ ဆန်လုံလောက်စွာ ရရှိရေး ဒို့အရေး . . ဒို့အရေး တဲ့၊ လုပ်ခလစာ တိုးမြှင့်ရေး . . ဒို့အရေး . . . ဒို့အရေးတဲ့၊ ဖေါက်ပြန်တဲ့ အခြေခံကောင်စီ . . အလိုမရှိ၊ အလိုမရှိတဲ့။ တိုက်ပွဲရဲ့ အရှိန်အဟုန်ကို ဟန့်တားနှောက်ယှက်ဖို့ ကြိုးစားလာတဲ့ မဆလရဲ့ အခြေခံအလုပ်သမား ကောင်စီဆိုတာတွေနဲ့ အလုပ်သမားတွေ ထိပ်တိုက်တွေ့နေကြပါရောလား။ အလုပ်သမားတွေဖက်က တော့ တည်တည်ငြိမ်ငြိမ်ပါဘဲ။ ဖေါက်ပြန်ယုတ်မာတဲ့ အခြေခံအလုပ်သမားကောင်စီဝင်ဆိုသူတွေကို ဖမ်းဆီးပြီး စက်ရုံထဲမှာဘဲ ချုပ်နှောင်ထားလိုက်ပါတယ်။ ‘စစ်မှန်သော ဆိုရှယ်လစ်စနစ်’ အောင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အလုပ်သမား လူတန်းစားတစ်ရပ်လုံးရဲ့ လိုလားမျှောင်လင့်ချက်ကိုလဲ ဟစ်ကြွေးဖော်ထုတ်လိုက်ကြပါသေးတယ်။ ဒီလိုနဲ့ဘဲ ၁၉၆၂ မတ်လကနေ အာဏာသိမ်းတက်လာခဲ့တဲ့ စစ်အုပ်စုရဲ့ မဆလ အတုအယောင်ကို အရေခွံ ဆွဲချွတ်ချပြလိုက်ကြတာပါဘဲ။ ဒါဟာ အစစ်အမှန်ပါ။ ဒီကြွေးကြော်သံ၊ ဆန္ဒဖော်ထုတ်ချက်ကို စက်ရုံအလုပ်ရုံအားလုံး တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံးလူထုသာမက တပြည်လုံးရှိ လူတန်းစား၊ လူ့အလွှာစုံ ပြည်သူလူထုကြီးကပါ ထောက်ခံတယ်ဆိုတာကို နောက်ပိုင်းဆက်တိုက်ဖြစ်လာတဲ့ လှုပ်ရှားမှု အခန်းဆက်တွေက ဖေါ်ပြနေပါတယ်။

၁၉၇၄ တုန်းကဖြစ်စဉ်တွေဟာ တကဲ့ကို တောမီးလောင်သလိုပါဘဲ။ စက်ရုံအလုပ်ရုံမှန်သမျှ ပြည်သူပိုင်ဆိုတဲ့ တံဆိပ်ကပ်ပြီး စစ်အုပ်စုပိုင်လုပ်ထားခဲ့တဲ့ ဗိုလ်နေဝင်း မဆလဟာ တဖြေးဖြေး မျက်ခုံးပင့်လာရပါတယ်။ ဇွန်လ (၆) ရက်နေ့မနက် သမိုင်းချည်စက်ရှေ့ရောက်တဲ့အခါ စက်ရုံကို သိမ်းပိုက်ပြီး ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက တစ်ယောက်က ပြည်လမ်းမဖက်ကို စပီကာလှည့်ထားပြီး “နွားကိုမွေးပြီး ခိုင်းစားရင် မြက်ကျွေးရတယ်။ လူကိုမွေးပြီး ခိုင်းစားချင်ရင်တော့ ထမင်းကျွေးရမှာဘဲ” လို့အော်ပြောလိုက်တာကို ကြားလိုက်ရပါတယ်။ ဒါဟာအလုပ်သမား တိုက်ပွဲတစ်ခုလုံးရဲ့ အခြေခံဒဿနပါဘဲ။ အင်မတန် ရိုးရှင်းတဲ့ ဒဿနပါ။ အင်မတန်လဲလှပ၊ ခွန်အားကြီးမားတဲ့ ဒဿနပါဘဲ။ စစ်မှုထမ်းဟောင်းတွေ ကိုယ်တိုင်ပါဝင်နေတာများတဲ့ စက်ရုံတွေနဲ့ ကာကွယ်ရေးဌာနနဲ့ ဆိုင်တဲ့ စစ်တပ်ပိုင်စက်တပ်ပိုင် စက်ရုံတွေ တချို့ကလွဲရင် တပြည်လုံးရှိ ‘ပြည်သူပိုင်’ စက်ရုံတွေအားလုံးလောက်က ဆန္ဒပြတိုက်ပွဲဝင်နေကြတာပါ။

ဇွန်လ (၆) ရက်နေ့မနက်ပိုင်း သမိုင်းအထည်စက်ကို အတူသွားကြည့်ခဲ့တဲ့ သူငယ်ချင်း ကိုဝင်းအောင်ဟာ နေ့လယ်ပိုင်းမှာ “ကျွန်တော်တော့ ထပ်သွားဦးမယ်ဗျာ နေလို့မရတော့ဘူး” ဆိုပြီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်ထွက်သွားပါတယ်။ ကျနော်ကတော့ မြောက်ဥက္ကလာက ဘူမိဗေဒ ဘာသာယူတဲ့ သူငယ်ချင်းကို စောင့်နေရတာကြောင့် သူနဲ့အတူ ထပ်မလိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ညနေ (၃) နာရီလောက် ကျနော်တို့ လူစုံလို့ထွက်မယ်လုပ်တော့ ပြည်လမ်းမကြီးတစ်ခုလုံး ကားတွေအထပ်ထပ်နဲ့ ပိတ်ကြပ်ထားလိုက်ပါပြီ။ ချောင်ချောင်လည်လည်သွားလို့မရတော့ပါဘူး။ ဒါနဲ့ဘဲ ကျနော်တို့လဲ တက္ကသိုလ်ဝင်းထဲပြန်လာ ဦးချစ်လ္ဘက်ရည်ဆိုင်မှာ ထိုင်လိုက်ကြပါတယ်။ ညနေလေးနာရီလောက်ကျတော့ ပတ်ဝန်းကျင်က လူတွေလဲ ရုတ်ရုတ်သဲသဲဖြစ်လာပြီး အင်းစိန်ဖက်က မောင်းလာတဲ့ ကားလေးတစ်စင်းပေါ်မှာ သွေးနီရောင် အစွန်းအကွက်တွေနဲ့ အကျႌတထည်ကို ဝှေ့ရမ်းပြီး “ပစ်ကုန်ပြီ” “ပစ်ကုန်ပြီ” အလုပ်သမားတွေကို ပစ်ကုန်ပြီလို့ အော်ဟစ်သွားတဲ့အသံကို ကြားလိုက်ကြရပါတယ်။

 တကယ်ပါဘဲ ဧပြီ-မေ လောက်က စခဲ့တဲ့ အလုပ်သမား သပိတ်တိုက်ပွဲကြီးဟာ စစ်အစိုးရတိုက်ရိုက်စိုးမိုးရာ ဗဟိုအချက်အခြာ ရန်ကုန်ကို အရောက် ၁၉၇၄ ဇွန်လ ၆ ရက်နေ့ညနေ လေးနာရီလောက်မှာ ပစ်ခတ်ဖြိုခွဲတာ ခံလိုက်ရပါတယ်။ ကျနော်တို့လဲ နီးစပ်ရာ သူငယ်ချင်းတွေ စုပြီး ဘာဆက်လုပ်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ ဆိုတာကို အပူတပြင်းတိုင်ပင် စဉ်းစားကြည့်ကြပါတယ်။ ညနေ မိုးချုပ်လာတဲ့အထိ အဖြေတိတိကျကျ မရနိုင်ကြပါဘူး။ ဒါပေမယ့် ညနေဖက်ကနေ ညဦးပိုင်းရောက်လာ၊ မှောင်လာတဲ့အခါမှာ ရုတ်တရက် ‘ဒို့အရေး’ ဟစ်ကြွေးသံကြီးနဲ့အတူ လှည်းတန်း ရပ်ကွက်ထဲက လူတချို့ ကျောင်းထဲဝင်လာကြပါတယ်။ ကျနော်တို့လဲ ဒီလူအုပ်ကြီးရှိရာကို အပြေးအလွှားသွားရောက် ပူးပေါင်းလိုက်ကြပြီး ကျောင်းဝင်းထဲကို လှည့်ပတ်လိုက်ကြတယ်။ ကျောင်းအာဏာပိုင်တွေက အဆောင်တံခါးတွေ အားလုံးကို သော့ခတ်လိုက်ကြပါပြီ။ ဒဂုံဆောင် - ရွှေဘိုဆောင် - စစ်ကိုင်းဆောင် - အင်းဝဆောင်နဲ့ သထုံဆောင်ဖက် ရောက်အောင်လှည့်လည်ကြွေးကြော် ဟောပြောပေမဲ့လဲ တဆောင်မှ တယောက်မှ ထွက်လာပူးပေါင်းတာ မရှိတော့ပါဘူး။

ကျနော်တို့ စစ်ကိုင်းဆောင်မှာတော့ သူငယ်ချင်း ကျောင်းသားတွေဟာ အဆောင်အပေါ်ထပ် ဝရန်တာကနေထွက်ပြီး အားပေးတာ မဆလ စစ်အစိုးရရဲ့ “ဖွဲ့စည်းအုပ်ချုပ်ပုံ တတိယမူကြမ်း” ဆိုတဲ့ ပြဋ္ဌာန်းစာအုပ်တွေ မီးရှို့ပြီး အားပေးထောက်ခံတာတော့ ရှိပါတယ်။ ဒါဟာလဲ ငယ်ရွယ်နုနယ်လှသေးတဲ့ ခွပ်ဒေါင်းပျိုလေးများရဲ့ ခွန်းဆင့်သံ စတင်လိုက်ခဲ့ကြတာပါဘဲ။ ကျနော်တို့ကတော့ ကျောင်းဝင်းတစ်ခုလုံး လှည့်ပတ်ကြွေးကြော်လှုံဆော်တာတောင် ထင်သလောက် အင်အားတိုးမလာတဲ့အတွက် ဟံသာဝတီအဝိုင်းက “မြန်မာ့အသံ” အသံလွှင့်ရုံကို သွားမယ်ဆိုပြီး ရာမည ဆောင်ကို ပြန်ထွက်လာခဲ့ကြပါတယ်။ ကြွေးကြော်သံတိုင်ရင်း၊ ဟောပြောလှံုဆော်ရင်း တဖြေးဖြေးရှေ့ဆုံးရောက်လာတဲ့ ကျနော့်ရင်ဘတ်ကို သေနတ်ပြောင်းနဲ့ ထိုးရင်း ခပ်ကြမ်းကြမ်းဟိန်းဖောက်လိုက်တဲ့ အသံကို အဲဒီတော့မှ ကြားလိုက်ရတာပါဘဲ။ ဒီတုံးမှာ နောက်ကလူတွေ တရှပ်ရှပ်ပြေးထွက်သွားသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျနော့် နောက်မှာ တယောက်မှ မရှိတော့ပါဘူး။ ကျနော်လဲ ညာဖက်ချိုးပြီး ဦးချစ်လ္ဘက်ရည်ဆိုင် ပတ်လည်က ငှက်ပျောတောထဲ ဝင်လိုက်၊ အဲဒီကမှတစ်ဆင့် စစ်ကိုင်းလမ်းပေါ်ပြန်တက်၊ စိတ္တလမ်းမဖက်လျှောက်လာကာ နောက်ဆုံးဂျပ်ဆင် မျှော်စင်အောက်တဆင့် ခြံစည်းရိုးကျော်ပြီး ပြန်ထွက်လာခဲ့ရပါတော့တယ်။

အဲဒီညမှာဘဲ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်အုန်းက ရန်ကုန် တက္ကသိုလ်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းနဲ့ ပုဒ်မ ၁၄၄ ထုတ်လိုက်ကြောင်း ကျေညာလိုက်ပါတယ်။ ကျနော်တို့လဲ “ကျောင်းကြီးဖွင့်လိုက်ပါတော့ မောင်မောင်ရင်မောလှပါတယ်” ဆိုတဲ့ သီချင်းကိုသာ မချိတင်ကဲ ဟစ်အော်ရင်း နေရပ်ကို ပြန်ခဲ့ရပါတော့တယ်။

နောက်ပိုင်းကျောင်းပြန်ဖွင့်လို့ သူငယ်ချင်းတွေ ပြန်ဆုံရတော့မှဘဲ အဲဒီညက ကျနော်နဲ့အတူ ဦးချစ်လ္ဘက်ရည်ဆိုင် မှာ အတူတူထိုင်နေခဲ့တဲ့ သူငယ်ချင်း စိုးဝင်းဟာ ရာမည ဆောင်ရှေ့ကနေ အင်းလျားကန်စောင်းရောက်ပြီး အဖမ်းခံရ ကမာရွှတ် ရဲစခန်းကို ခေါ်လာ ကျောင်းသားကဒ်ပြတော့မှ ပြန်လွှတ်ပေးလိုက်တယ်။ နေ့လယ်က သမိုင်းချည်စက်ကို ထပ်သွားမှဖြစ်မယ်ဆိုတဲ့ ဥပဒေဘာသာကဘဲ အတန်းတူသူငယ်ချင်း မလှိုင်က ကိုဝင်းအောင်ကတော့ ဆန်စက် ရှေ့ပစ်ခတ်မှုမှာပဲ မဆလ ကျည်ဆန် ထိမှန်ပြီး သေဆုံး ကျဆုံးခဲ့ရပါတယ်။ အဲဒီတုံးက ချည်စက်ရှေ့ကတ္တရာလမ်းပေါ်မှာ သွေးနဲ့ရေးခဲ့တဲ့ “ဒို့များအသက်ပစ်သတ်ရက်တယ်။ တသက်မကြေ၊ လက်စားချေမည်” ဆိုတဲ့ ကဗျာဟာ အဲဒီကိုဝင်းအောင် ဘဲရေးခဲ့တာလား ဆိုတာတော့ မသိတော့ပါဘူး။

ဇွန်လ (၆) ရက်ည (အာရုံတက်ချိန်) မှာဘဲ သမိုင်းက ချည်စက်သာမက အုတ်ကျင်းက စက်ရုံနဲ့ ဆင်မလိုက်သင်္ဘောကျင်း တို့ကိုပါ အားလုံး အကြမ်းဖက်ဖြိုခွဲခံခဲ့ကြရပါတယ်။ ဒီလိုနဲ့ဘဲ သမိုင်းမှာထွန်းပြောင်ခဲ့ရတဲ့ ၁၉၇၄ မေ-ဇွန် အလုပ်သမား သပိတ်ကြီးဟာ ကြွေးကြော်သံတွေ၊ တောင်းဆိုချက် ဟစ်ကြွေးသံတွေ တိတ်ဆိတ်ခဲ့ရပါတော့တယ်။ ဒါပေမဲ့ ၁၉၇၄ လောက်ဆီက ဟစ်ကြွေးသံ၊ ကြွေးကြော်သံ၊ တောင်းဆိုသံတွေဟာ ဒီနေ့ကာလအထိ တပြည်လုံး ပြည်သူထူထုကြီးရဲ့ ရင်ထဲမှာတော့ အကြိမ်ကြိမ်အထပ်ထပ် မြည်ဟိန်းနေတုံးပါဘဲ။ ။

လရောင်လင်း (သူ၏ ကလောင်အမည်)
၂၀၁၃ မေ ၂၇ ရက် မန္တလေး