Breaking News

မောင်အောင်မွန် - ဒဂုန်တာရာ၏ မေဝတ္ထုနှင့် ဖာ


မောင်အောင်မွန် - ဒဂုန်တာရာ၏ မေဝတ္ထုနှင့် ဖာ

ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁၆)
မေ ၁၁၊ ၂၀၁၉

(၁)
စမ်းချောင်း ဖျာပုံလမ်းတွင်နေသော စာရေးဆရာ မြသန်းတင့်သည် ပုသိမ်လမ်းတွင်နေသော ကျွန်တာ့်အိမ်သို့ တစ်မနက်ပေါက်လာပြီး၊ ဒဂုန်တာရာဆီသွားမလို့ လိုက်မလားဟုမေး၍ ကောက်လိုက်ခဲ့၏။ သည်လိုနှင့် ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေဝင်း၊ ခင်မာလာတို့နေအိမ်သို့ နှစ်ယောက်သား ရောက်သွားကြ၏။
မြသန်းတင့်က ဒါ စာရေးဆရာ မောင်အောင်မွန်ဟု မိတ်ဆက်ပေးရာ ဒဂုန်တာရာကခေါင်းညိတ်၏။
အပြင်ဘက်တွင် ပထမဆုံး လူချင်းဆုံဖူးသော သမိုင်းဝင်ဆရာကြီး၏ မေ ၀တ္ထု၊ တာရာမဂ္ဂဇင်းများ၊ လူကိုလေ့လာခြင်း ဆောင်းပါးများ ကျွန်တော့်ခေါင်းထဲ အစီအရီပေါ်လာလေပြီ။ သူတို့နှစ်ယောက်ပြောဆိုနေပုံ ဘေးကထိုင်နားထောင်နေသူ ကျွန်တော့်အား ဒဂုန်တာရာက တစ်ချက်တစ်ချက် လှမ်းမေး၍ဖြေရသော်လည်း မဝံ့မရဲပါ။

ပြန်ခါနီးတော့ ဒဂုန်တာရာက အသက်အရွယ်၊ စာပေဝါ ကွာကြပေမဲ့ (၃)ယောက်စလုံး စာရေးကြလို့ (၂)ယောက်ပြောနေတာ ကျန်တစ်ယောက်က ဘေးဖယ်နေလို့ဘယ်ဖြစ်ပါ့မလဲဟုပြောသည်။ ပြောရမယ်၊ ဆိုရမယ်၊ ငြင်းရမယ်၊ ခုံရမယ်--အဲဒါစာရေးရာအလုပ်ဟု ဆက်ပြောသေး၏။
စတွေ့သောနေ့မှာကတည်းက ရဲရင့်ပွင့်လင်းဖို့ လိုင်စင် ဒဂုန်တာရာကပေးလိုက်သည်။
(၂)
ထို့နောက် ဒဂုန်တာရာနှင့် အကြိမ်ကြိမ် တွေ့ခွင်ရ စကားပြောခွင်ရ၏။ မြသန်းတင့်အိမ်မှာ၊ ကောလိပ်ဂျင်နေဝင်းအိမ်မှာ--၊ မြန်မာ့အသံသို့ပင်လာ၍ ကျွန်တော်အားတွေ့သည်ကို မယုံနိုင်၊ အံ့သြမိ၏။ ခင်ဗျားနဲ့စကားပြောချင်တော့ ခင်ဗျားရှိရာကို လာရတာပေါ့ဟု ခပ်အေးအေးပြောသည်။ VOA မြန်မာပိုင်းတွင် အလုပ်လုပ်ရင်း Washington DC ကနေ ဆရာ့ထံ အကြိမ်ပေါင်းများစွာ တယ်လီဖုန်းဆက် စကားပြောဖြစ်၏။
ကျွန်တော့်ထံတွင် ၁၉၄၆ ခု၊ ဌေးမြိုင်စာပေတိုက်ထုတ် မေ ၀တ္ထုရှိ၍ သူလိုချင်ကြောင်းပြောရာ ပေးမည်ဟုဆိုလိုက်သည်။ နောက်ပိုင်းထုတ် မေ ၀တ္ထုစာအုပ်များတွင် ဟိုဟာဖြုတ် ဒီဟာပြင်နှင့်မို့ အင်မတန် စိတ်ပျက်ရကြောင်း ဆရာကညည်း၏။ ကိုဗဟိန်းရေးသောအမှာစာကို သို့မဟုတ် သမဂ္ဂဥက္ကဋ္ဌကို ဖြုတ်ရ၏။ ဖာ ကို ပြည့်တန်ဆာဟု ပြင်ပေးရသည်။ စာပေဖက်ဆစ်တို့၏ အနိုင်ကျင့်မှု--။
မွေးတုန်း အကောင်းလေး--၊ အရွယ်ရောက်လာတော့မှ ကိုယ်အင်္ဂ ါမစုံဖြစ်ရသကိုး။
(၃)
မေ ဟုဆိုလိုက်လျှင် မပါမဖြစ် မပြောမရသည်ကား သခင်ဗဟိန်း၏ အမှာစာဖြစ်သည်။

မေ ၀တ္ထုကိုဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့်တူလေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အရသာမှာ အခြားအစာအာဟာရများလို ဒါချည်း--ဒါချည်းမဟုတ်ဘဲ၊ ထူးထူးကဲကဲ ရှိန်းခနဲ ဖိန်းခနဲဖြစ်သွားသောကြောင့်ဖြစ်သည်၊ သူ့ကိုလျှာပေါ်တင်လိုက်ကတည်းက ဆန်းသစ်သောဝေဒနာကို တွေ့ရသည်ဟု  ...  
အမှာစာကစပြီး++++++++++၊
မေ၏ပုံကားသည် ရှေ့တွင် အခိုးအငွေ့များသဖွယ် လိပ်၍လိပ်၍သဏ္ဍာန်ဝတ္ထုတစ်ခု ဖြစ်ပေါ်နေပေလိမ့်မည်။ထိုပုံသဏ္ဍာန်သည် မေ ၀တ္ထုဖြစ်၍၊ အရက်လိုမူးပြီးလာရန်မှာ နိဒါန်းကိုကျော်၍ ရှေ့ဆက် ၀တ္ထုကိုဖတ်ဖို့ပင်ဖြစ်လေသည်။
သခင်ဗဟိန်း
တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများအသင်း ဥက္ကဋ္ဌဟောင်း
၈-၈-၄၁
နဂါးနီစာပေတိုက်အတိုင်းဟု ဆရာဒဂုန်တာရာကပြောသည်။ ကျွန်တော်တို့ကျောင်းသားဘဝကနေ ယခုအသက်(၈၃) နှစ်အရွယ် ပြန်ဖတ်တော့မှ သခင်ဗဟိန်းအမှာစာရေးသော ၈-၈-၄၁ ကနေ (၄၇)နှစ်တိတိ အကြာ၌ မြန်မာပြည်တွင် ၈-၈-၈၈ လူထုအုံကြွမှုကြပေါ်လာသည်ကို သတိထားမိ၏။

(၄)
၀တ္ထုထဲက မေ၏ ဉာဏ်ဆိုးနှင့် အကျင်စရိုက်ကို ကြည့်ကြပါစို့။

မေ့ကိုသဘောကျ၍ ဆိုကာနမ်းသော ဦးဘေမောင်ထံမှ ငွေ ၃၀၀ိ/-ညှစ်နိုင်ခဲ့သော်လည်း ပါးရိုက်ခံရ၊ မေ့အချစ်ဆုံးသူငယ်ချင်း မခင်စီနှင့် မေ့ကိုမြတ်နိုးလက်ထပ်ယူမည့် ကိုကျော်မြင့်တို့ဆီ တန်းမသွားပဲ YWCA တွင်နေရင်း ဖာတို့၏(၃၇) လမ်းမှ ညစ်ပေသော အခန်းနေ ဘသိန်းနှင့်တစ်ညလုံးပျော်ပါးခဲ့၊ ကိုကျော်မြင့်ထက် ငွေရနိုင်သည်ဟုထင်ကာ ဦးဘညွန့်နှင့်ဆက်ပြန်၊ ညဘက်လူအုပ်ကြား ကိုကျော်မြင့်တို့ထံမှ ရုန်းထွက်ကာ-- လျှောက်သွားရင်း ဘသိန်းနှင့်တွေ့ လမ်းဘေးတွင်ပျော်ပါး မျက်လုံးဖွင့်ကြည့်တော့ ဘသိန်းကပစ်ထားခဲ့၊ နောက် အမျိုးသမီးတစ်ဦး၏ စိန်ဆွဲကြိုးကိုလုပြေးခဲ့၊ လက်ထပ်ပြီး ကောင်းစွာနေရပါလျက် ဖေါက်ပြန်နိုင်ရန် စနစ်တကျစီမံလုပ်ဆောင်ခဲ့၊သားလေး၏မိခင်ဖြစ်လာပြီ၊ မေ--ကောင်းတော့မည်၊သို့သော်မြေဆိုးများနှင့်ကစားပုံ ဘွားကနဲပေါ်လာသောအခါ--မေပြောင်းလဲလာပြီကို မယုံတော့ပြီမို့ လင်နှင့်သားလေးတို့ထံကနေ--ဘသိန်းထံ မေရောက်ရပြန်၏။

ဇာတ်ရှိန်အတက်ဆုံးတွင် ဒဂုန်တာရာက မေဝတ္ထုကို အကောင်းကိုရှာ၏။အကောင်းကား မရှိတော့။ ဟု ရုတ်တရက် ဇာတ်သိမ်းလိုက်ခြင်း (abrupt ending) မှာ အံ့ဖွယ်ကောင်းလှပါဘိ။

(၅)
နောက်တော့ ဖာ ဟူသောစကားလုံး--။
ဖာဆိုသည်မှာ မိန်းမတစ်ယောက်သည် သူစိမ်းယောကျ်ားများနှင့် အခကြေးငွေယူကာ လိင်ဆက်ဆံသူ ဟုသိထားကြပြီး ကျယ်ပြန့်စွာသုံးစွဲသော စကားလုံးဖြစ်၏။ သတင်းစာများ၊ တရားရုံးများတွင်လည်းသုံးကြ၏။ ဖာ ကိုအခြေခံ၍ ဖာခေါင်း၊ ဖာဆွယ်၊ ဖာအိမ်၊ဖာခန်း စသဖြင့် ဆင့်ပွါးစကားလုံးများရှိကြသုံးကြပါ၏။ ယနေ့ သတ်ပုံကျမ်းများ၊ အဘိဓာန်များတွင်လည်း အနက်ဖွင့် ဖော်ပြနေကြခြင်းမှာ ထိုစကားလုံးကိုသုံးကြသောကြောင့် မဟုတ်ပါလား။
ဒဂုန်တာရာ ထွင်သောစကားလုံးမဟုတ်ပါ။
သူ့ကိုမမွေးမီကတည်းကပင် ရှိခဲ့၍ သုံးနေကြ၍ လိုက်သုံးခြင်းမျှသာဖြစ်ပါ၏။ ----ဒီလိုလူတကာနှင့် ပလူးရသည့် ဖာသည်ဘဝသာ သူ့နဂိုစရိုက်နှင့် ကိုက်ညီလှသည်-- ဟု မေဝတ္ထုအဆုံးတွင်ရေးခြင်းဖြင့် အင်မတန်ထိရောက်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်းပုံနှိပ်သောအခါ ဖာ ကိုသုံးခွင့်မရတော့။
ဒဂုန်တာရာက သူ့မေဝတ္ထုထဲတွင် သုံးခဲ့ပြီးသော ဖာ ကိုပိတ်ပင်သူများသည် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် နာမည်ကြီးမိန့်ခွန်းထဲက--- ဟိုလူ့ကိုလည်းမျက်နှာချိုသွေးရ--ဒီလူ့ကိုလည်းမျက်နှာချိုသွေးရနဲ့-- ဖာသည်လိုနိုင်ငံ ဖြစ်နေမှာပဲ--- ဆိုသည်ကိုကော၊ ဗိုလ်ချုပ်အောင်ဆန်းအား ပြန်လည်အသက်သွင်းပြီး မိန့်ခွန်း ပြန်ပြင်ပြောခိုင်းမလား--၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပေါင်းချုပ် စာအုပ်ထဲက ဖာသည်ကို ဘယ်နှယ်လုပ်ပါ့။
(၆)
ဆိုဗီယက်ယူနီယံ Radio Moscow တွင် အလုပ်စဉ် နိုင်ငံရေး ဝေဖန်ချက်များ၌စကားတစ်လုံး၏အား အလွန်အရေးကြီး၍ ရွေးပြီးတစ်ကြိမ်သာ ထည့်ရဟုသိခဲ့ရပုံ ပြောသောအခါ ဒဂုန်တာရာနှင့် မြသန်းတင့်တို့ ရှင်းလင်းဆွေးနွေးပြရာကနေ မေ ၀တ္ထုက ဖာ ကိစ္စဆီရောက်သွားသည်။
အမေရိကန်စာရေးဆရာ Ernest Hemingway ရေးသည့် The Old Man and The Sea ကို ၁၉၅၃ ခုနှစ် အတွက် နိုဘဲလ်စာပေဆုပေးသောအခါ၊ ဒီဝတ္ထုထဲက စာလုံးလေးတစ်လုံး ထုတ်လိုက်လျှင် အရသာပေါ့ပျက်သွား နိုင်သလို၊ စာလုံးတစ်လုံးလောက်ထပ်တိုးလိုက်ပြန်လျှင်လည်း လေးအီသွားနိုင်ကြောင်း၊ ရွေးချယ်ရေးကော်မတီ အစီရင်ခံစာထဲ ဖော်ပြထားပုံကို ကျနော် ၁၇ နှစ်သားအရွယ်မှာ ဖတ်ခဲ့ရဟု ပြောလိုက်ရာ ဒဂုန်တာရာက သြော် ကိုအောင်မွန်က မှတ်မိတယ်နော်ဟူ၍ပြောဖူးကြောင်း မိုးမခ တွင်ရေးခဲ့သည်။

မေဝတ္ထုဖတ်ပြီးလျှင် အပြောများသည်ကား အဖွင့်စကားလုံး--လေနုအေးသည်၊ တနွဲ့နွဲ့နော့နေဆဲကို-၊ သခင်ဗဟိန်းအမှာစာထဲက ရှန်ပိန်အရက်၊ ထို့နောက် ဖာ--၊ အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့--တို့ဖြစ်ဟု ကျွန်တော်ထင်ပါသည်။
ဖာ နေရာမှာ ပြည့်တန်ဆာဟု အစားထိုးရုံနှင့် မေ့ဘဝ ပြန်ကောင်သွားမှာလားဟု ဆိုရာ ဒဂုန်တာရာက အေးဗျာ--အဲဒီလူတွေကိုသွားမေးဖို့ကောင်းတယ်ဟူ၍ ရယ်ပြီးဆို၏။
မေဝတ္ထုဖတ်ပြီး မကြိုက်သူက မေ့ထားလိုက်မည်။ ကြိုက်သူတွေ၌မူ ပြောစရာတွေရှိလာမည်၊ ထပ်ဖတ် ထပ်ပြောနှင့်--၊ ကျွန်တော်လည်း (၁၇)နှစ်သားကဖတ်ခဲ့ရာကနေ ယခုအသက်(၈၃)နှစ်တွင် ထပ်ဖတ်ရပြန်ပြီ။

(၇)
ဆရာ ဒဂုန်တာရာ အမှုတစ်ရာမကြုံဘဲ၊ အသက်တစ်ရာကျော်ရှည်ပါစေ၊ ရာပြည့်ပွဲသို့လာရောက်ကာ ဆရာအင်မတန်လိုချင်နေတဲ့ မေ(ဒုတိယပုံနှိပ်ခြင်း) ကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ကာ ဆရာဧည့်ခံမည့် အောင်ပန်းလိမ္မော်သီးလည်း စားရလိုပါ၏ မွေးနေ့ဆုတောင်းရေးခဲ့ဖူး၏။
ယခု သူမရှိတော့၊ အသက်(၁၀၀)ပြည့် မွေးနေ့ပွဲ ကျင်းပနေကြလေပြီ။
သူအင်မတန်လိုချင်နေသော၊ ကျွန်တော်ကလည်း အင်မတန်ပေးချင်နေသော မေ(ဒုတိယပုံနှိပ်ခြင်း)စာအုပ်ကို ငေးကြည့်ရင်း မြန်မာပြည်တွင် ရသစာပေမဆိတ်သုဉ်းသေးသရွေ့ မေဝတ္ထု ကမူရှင်နေဦးမည်ဟု တွေးမိကြောင်းပါ။
(မှတ်ချက်။ ။ လက်နှင့်ပင်အထိမခံနိုင်လောက်အောင် ဆွေးမြေ့နေသည့်ကြား စာဖတ်သူများထံ တင်ပြနိုင်ရန် ဓာတ်ပုံရိုက်ပေးသူ ကဗျာဆရာ ထိုက်သူနိုင်အား ကျေးဇူးအထူးတင်ပါသည်)
၂၀၁၉ ခု၊ မေလ (၁၇)ရက် (ဆရာ ဒဂုန်တာရာ အသက် ၁၀၀ ပြည့်မွေးနေ့)
မောင်အောင်မွန်