Breaking News

မာန်သီဟထွန်း – မျိူးတုန်းခြင်း၊ စိုက်ပျိူးရေး ပြောင်းလဲမှု


 

မာန်သီဟထွန်း – မျိူးတုန်းခြင်း၊ စိုက်ပျိူးရေး ပြောင်းလဲမှု

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇွန် ၈ ၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens – 28
အာဖရိကပင်မတိုက်ကြီးရဲ့ အရှေ့ဘက် ကီလိုမီတာ ၄၀၀ က (Madagascar) မဒါဂတ်စ်ဂါကျွန်းကြီးဟာ ထင်ရှားတဲ့ ဥပမာတစ်ခုပါ။ နှစ်သန်းပေါင်းများစွာ သီးသန့်ရှိနေခဲ့တော့ အဲဒီကျွန်းပေါ်မှာ ထူးခြားတဲ့တိရိစ္ဆာန်တွေ အစုလိုက် ဆင့်ကဲပြောင်းလဲခဲ့ကြပါတယ်။ ဆင်ငှက်ကြီးတွေ၊ လီမာမျောက်ကြီးတွေ စသည်ဖြင့်ပေါ့။ ဆင်ငှက်တွေဟာ သုံးမီတာအမြင့်ရှိပြီး တစ်တန်နီးပါး အလေးချိန်ရှိပါတယ်။ သူတို့ဟာ မပျံနိုင်တဲ့ ကမ္ဘာအကြီးဆုံးငှက်တွေပါ။ လီမာမျောက်တွေကတော့ ကမ္ဘာ့အကြီးဆုံး ပရိုင်းမိတ်တွေပေါ့။ ဒီ ဆင်ငှက်တွေ၊ လီမာမျောက်ကြီးတွေနဲ့ မဒါဂတ်စ်ဂါကျွန်းပေါ်က တခြားသတ္တဝါကြီးတွေအများစုဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀၀ ခန့်က ရုတ်တရက် ပျောက်ကွယ်ကုန်ကြပါတယ်။ အဲဒီအချိန်ဟာ အဲဒီကျွန်းပေါ်ကို လူသားတွေ ပထမဆုံး ခြေချခဲ့တဲ့ အချိန်ပါပဲ။

ပစိဖိတ်သမုဒ္ဒရာမှာတော့ အဓိကမျိုးတုန်းမှုလှိုင်းလုံးဟာ ဘီစီ ၁၅၀၀ ခန့်က စတင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ပိုလီနီးရှန်းလယ်ယာလုပ်သူတွေ ဆော်လမွန်ကျွန်း၊ ဖီဂျီကျွန်းနှင့် နယူးကယ်လီဒိုးနီးယားကျွန်းတွေပေါ်ကို အခြေချခဲ့ကြတဲ့ အချိန်ပါ။ သူတို့ဟာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ရာနဲ့ချီတဲ့ ငှက်မျိုးစိတ်တွေ၊ အင်းဆက်တွေ၊ ခရုတွေ နှင့် တခြားဒေသတွင်း အကောင်တွေကို သတ်ခဲ့ကြတယ်။ အဲဒီနေရာကစပြီး မျိုးတုန်းမှုလှိုင်းလုံးဟာ အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက် စသည့်ဖြင့် ပစိဖိတ်သမုဒ္ဒရာ အလယ်ဗဟိုကို တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်သွားပါတော့တယ်။ အဲဒီလိုထိုးဖောက်ရင်းကပဲ ဘီစီ ၁၂၀၀ မှာ ဆာမိုအာကျွန်း နှင့် တွန်ဂါကျွန်း၊ အေဒီ ၁ မှာ မာခီးကျွန်းစု၊ အေဒီ ၅၀၀ မှာ အီစတာကျွန်း၊ ကွတ်ကျွန်းစု နှင့် ဟာဝိုင်အီ၊ နောက်ဆုံးမှာတော့ နယူးဇီလန်ကျွန်း စတဲ့နေရာတွေက ထူးခြားတဲ့သတ္တဝါတွေလည်း ပျက်သုန်းကုန်ပါတော့တယ်။

အတ်တလန်တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ နှင် မြေထဲပင်လယ်တို့ကို ပတ်ပတ်လည်ဝိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ကျွန်းတွေ တစ်ခုချင်းနီးပါးမှာလည်း အခုလို ဂေဟပတ်ဝန်းကျင်ပျက်စီးမှုတွေ တွေ့ခဲ့ရပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေ တွေ့ရှိတာက အသေးငယ်ဆုံးကျွန်းတွေမှာတောင်မှ လယ်ယာလုပ်သူတွေ ပထမဆုံးရောက်လာပြီဆိုရင် မျိုးဆက်ပေါင်းများစွာရှင်သန်ခဲ့တဲ့ ငှက်တွေ၊ အင်းဆက်တွေ၊ ခရုတွေ ပျောက်ကွယ်ကုန်ပါတယ်။ ဒါပေမယ့် အရမ်းဝေးလံခေါင်သီတဲ့ အစွန်အဖျားကျွန်းတစ်ချို့တော့ ယနေ့ခေတ်အထိ လူသားတွေမသိလိုက်ဘဲ ရှင်သန်ခဲ့ပါတယ်။ အဲ့လိုကျွန်းတွေမှာတော့ သူတို့ရဲ့ပတ်ဝန်းကျင်၊ တိရိစ္ဆာန်တွေ နဂိုအတိုင်းပဲ ရှိနေပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဂလားပါဂို့စ်ကျွန်းစုပါ။ ၁၉ရာစုအထိ လူသားတွေ အဲဒီကျွန်းပေါ် မရောက်ခဲ့ကြပါဘူး။ ဒါကြောင့် အဲဒီကျွန်းပေါ်က ထူးခြားတဲ့တိရိစ္ဆာန်စုတွေ ခုထိအသက်ရှင်နေကြတာပါ။ သူတို့ ကုန်းလိပ်ကြီးတွေကို ကြည့်ပေါ့…. ရှေးဒိုင်ပရိုတိုတွန်ကြီးတွေလိုပဲ လူကိုကြောက်ရမှန်း မသိကြဘူး။


ပထမဆုံးမျိုးတုန်းမှု လှိုင်းလုံးကတော့ ရှာဖွေစားသောက်သူတွေနဲ့အတူ ပြန့်သွားခဲ့တာပါ။ အဲဒီနောက် ဒုတိယလှိုင်းလုံးဟာ လယ်ယာလုပ်ကိုင်သူတွေနဲ့အတူ ပြန့်သွားပါတယ်။ ဒီအရာဟာ ကမ္ဘာမှာဒီနေ့အချိန်မှာဖြစ်နေတဲ့ တတိယမျိုးတုန်းမှုလှိုင်းလုံးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အမြင်တစ်ခု ကျွန်တော်တို့ကို ပေးပါတယ်။ သစ်ပင်ဖက်သူ (tree-huggers)တွေက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ သဘာဝနဲ့တသားတည်း နေထိုင်ခဲ့ကြတယ်လို့ ပြောတာ မယုံပါနဲ့။ စက်မှုထုတ်လုပ်ရေးပြောင်းလဲမှုကြီး မတိုင်ခင်ကဘဲ ဟိုမို ဆေပီယန်စ်တို့ဟာ သတ္တဝါအားလုံးထဲမှာ သစ်ပင်တွေ၊ သတ္တဝါတွေကို အများဆုံးမျိုးတုန်းအောင် မောင်းထုတ်တဲ့ သက်ရှိအဖြစ် မှတ်တမ်းဝင်ပြီးသားပါ။ ဇီဝသမိုင်းတစ်လျှောက် ကျွန်တော်တို့ဟာ မယုံနိုင်လောက်အောင် ကြောက်စရာအကောင်းဆုံးမျိုးစိတ်အဖြစ် ထင်ရှားပြီးသားပါ။

တကယ်လို့ လူတော်တော်များများသာ ပထမ နှင့် ဒုတိယ မျိုးတုန်းမှုလှိုင်းလုံးတွေ အကြောင်းသိခဲ့ကြမယ်ဆိုရင် အခုသူတို့ကြောင့်ဖြစ်နေတဲ့ တတိယလှိုင်းလုံးဟာ နည်းနည်းလျော့ပါး သွားမယ်ထင်တယ်။ ကျွန်တော်တို့တွေ သတ္တဝါမျိုးစိတ်ဘယ်နှစ်ခုတောင် ဖျောက်ဖျက်ခဲ့ပြီလဲဆိုတာ သိကြမယ်ဆိုရင် လက်ရှိရှင်သန်နေကြသေးတဲ့ဟာတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ ပိုစိတ်အားထက်သန်ကြမှာပဲ။ အဲဒါဟာ ခုချိန်မှာ ပင်လယ်သမုဒ္ဒရာနေသတ္တဝါတွေအတွက် အချိန်မီပါသေးတယ်။ ကုန်းပေါ်က သတ္တဝါများနဲ့မတူဘဲ ပင်လယ်နေသတ္တဝါတွေဟာ သိမြင်ခြင်းပြောင်းလဲမှုကြီး နှင့် စိုက်ပျိုးရေးပြောင်းလဲမှုကြီးတို့ရဲ့ဒဏ်ကို နည်းနည်းပါးပါးပဲ ခံခဲ့ရတာပါ။ ဒါပေမယ့် သူတို့အများစုဟာ စက်ရုံတွေရဲ့ အညစ်အကြေးနှင့် သမုဒ္ဒရာအရင်းမြစ်တွေကို လူတွေအလွန်အကျွံသုံးစွဲမှု စတဲ့အရာတွေကြောင့် မျိုးတုန်းလုမတတ် ဖြစ်နေပါပြီ။ လက်ရှိနှုန်းအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဝေလငါးတွေ၊ ငါးမန်းတွေ၊ တူနာငါးတွေ၊ လင်းပိုင်တွေဟာ ဒိုင်ပရိုတိုတွန်၊ မြေပြင်မျေက်မောင်းမတွေ နှင့် အမွှေးရှည်ဆင်ကြီးတွေရဲ့ နောက်လိုက်ပြီး ပျောက်ကွယ်သွားမှာပါ။ ကမ္ဘာပေါ်ကသတ္တဝါကြီးတွေထဲမှာ လူသားတွေရဲ့အစားအစာဆိုလို့ လူသားကိုယ်တိုင်သာ အသက်ရှင်ကျန်တော့တာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ နောဧရဲ့သင်္ဘောကြီးပေါ်က လှေလှော်ကျွန်တွေကို ကျွေးဖို့မွေးမြူထားတဲ့သတ္တဝါတွေဟာ လူသားတွေပဲဖြစ်လာပါလိမ့်မယ်။


အပိုင်း ၂စိုက်ပျိုးရေးပြောင်းလဲမှုကြီး


သမိုင်း၏ အဆိုးရွားဆုံးလွဲမှားမှုကြီး
လူသားတွေဟာ နှစ်သန်းပေါင်း ၂.၅ သန်းကျော်အထိ အပင်တွေ ရှာဖွေစားသောက်ရင်း၊ သူတို့ဘာမှ မလုပ်ရဘဲ သူ့ဟာသူ ရှင်သန်မျိုးပွားတဲ့ တိရိစ္ဆာန်တွေကို အမဲလိုက်ရင်း အသက်ရှင်လာခဲ့တယ်။ ဟိုမို အီရက်တပ်စ် (Homo erectus )၊ ဟိုမို အာဂတ်စတာ(Homo ergaster) နှင့် နီယန်ဒါသာလ်တို့ဟာ သဖန်းရိုင်းတွေခူးစား၊ သိုးရိုင်းတွေအမဲလိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သဖန်းပင်တော့ဖြင့် ဘယ်မှာပေါက်သင့်တယ်၊ ဘယ်မြက်ခင်းပြင်မှာတော့ သိုးအုပ်တွေကျောင်းသင့်တယ်၊ ဘယ်ဆိတ်ထီးနှင့်ဘယ်ဆိတ်မတော့ဖြင့် မိတ်လိုက်သင့်တယ် စသည့်ဖြင့် မဆုံးဖြတ်ခဲ့ကြပါဘူး။ ဟိုမို ဆေပီယန်စ်တို့ဟာ အာဖရိက အရှေ့ပိုင်းကနေ အရှေ့အလယ်ပိုင်းဒေသ၊ အဲဒီကနေတဆင့် ဥရောပ နှင့် အာရှ။ နောက်ဆုံး သြစတေးလျနှင့်အမေရိကကို ပျံ့နှံ့သွားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ပျံ့နှံ့ခဲ့တဲ့နေရာတိုင်းမှာ ဆေပီယန်စ်တွေလည်း အပင်ရိုင်းတွေရှာစား၊ တိရိစ္ဆာန်ရိုင်းတွေ အမဲလိုက်ရင်း ရှင်သန်ခဲ့ကြတာပါ။ ကိုယ့်ရဲ့ဘဝရှင်သန်မှုပုံစံဟာ လူမှုရေးဖွဲ့စည်းပုံ၊ ဘာသာရေး ယုံကြည်မှုတွေ၊ နိုင်ငံရေးအဖွဲ့အစည်းအမျိုးမျိုးနှင့် ပြည့်စုံကြွယ်ဝတဲ့ကမ္ဘာဖြစ်နေပြီဆိုရင် ဘာကြောင့်များ နောက်ထပ်တခြားအလုပ်တွေ လုပ်ဦးမှာလဲ။

ဒါပေမယ့် ဒါတွေအားလုံး လွန်ခဲ့တဲ့ နှစ် ၁၀,၀၀၀ လောက်ကစပြီး ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီအချိန်လောက်ကစပြီး ဆေပီယန်စ်တို့ဟာ တိရိစ္တာန်နှင့်အပင်မျိုးစိတ်တစ်ချို့ကို သူတို့လိုချင်တဲ့အတိုင်းဖြစ်အောင် လုပ်ယူတဲ့နေရာမှာပဲ သူတိုရဲ့အချိန်တွေ၊ အားထုတ်မှုတွေ အကုန်လုံးနီးပါးကို စတင်အသုံးချပါတော့တယ်။ နေထွက်ချိန်ကစလို့ နေဝင်ချိန်အထိ လူသားတွေဟာ မျိုးစေ့တွေစိုက်၊ အပင်တွေရေလောင်း၊ မြေပေါ်က ပေါင်းပင်တွေနှုတ်၊ သိုးအုပ်တွေ စားကျက်မြေထဲလွှတ်တာတွေ လုပ်ခဲ့ကြတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုများပြားတဲ့ သစ်သီး၊ ဆန်စပါး၊ အသားတွေ ရလာမယ်လို့ သူတို့ထင်ခဲ့ကြတယ်။ အဲဒါဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီး ဆိုတဲ့ လူသားတွေရဲ့ အသက်ရှင်နေထိုင်မှုပုံစံမှာ ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်ခဲ့တာပါ။

ဘီစီ ၉၅၀၀ - ၈၅၀၀ ဝန်းကျင်ကစပြီး တူရကီ အရှေ့တောင်ပိုင်း၊ အီရန် အနောက်ပိုင်း နှင့် မြေထဲပင်လယ်အရှေ့ပိုင်း လီဗန့်ဒေသက ကုန်းမြင့်နိုင်ငံတွေမှာ စိုက်ပျိုးရေးကို အသွင်ကူးပြောင်းမှု စတင်ခဲ့ပါတယ်။ အဲဒီ အကန့်အသတ်ရှိတဲ့ ပထဝီဒေသတွေမှာပဲ တဖြေးဖြေး စတင်ခဲ့တာပါ။ ဘီစီ ၉၀၀၀ လောက်မှာ ဂျုံနှင့်ဆိတ်တွေကို ယဉ်ပါးအောင် လုပ်ခဲ့ကြတယ်။ ပဲနှင့်ပဲနီလေးကိုတော့ ဘီစီ ၈၀၀၀ လောက်မှာပါ။ သံလွင်ပင်တွေကို ဘီစီ ၅၀၀၀ မှာ၊ မြင်းတွေကို ဘီစီ ၄၀၀၀ မှာ ဖြစ်ပြီး စပျစ်နွယ်တွေကိုတော့ ဘီစီ ၃၅၀၀ မှပါ။ ကုလားအုတ်တွေ၊ သီဟိုဋ္ဌ်စေ့ စတဲ့ အပင်တစ်ချို့နှင့်တိရိစ္ဆာန်တစ်ချို့ကို နောက်ပိုင်းမှ ယဉ်ပါးအောင်လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဘီစီ ၃၅၀၀ လောက်လည်းကျရော ယဉ်ပါးအောင်လုပ်ခြင်းအဓိကလှိုင်းလုံးကြီး အဆုံးသတ်သွားခဲ့တယ်။ ဒီနေ့အထိပဲ ကျွန်တော်တို့မှာ အဆင့်မြင့်ခေတ်လွန်နည်းပညာတွေရှိနေပေမယ့် လူသားထုကြီးတစ်ခုလုံးကို စားသုံးတဲ့ ၉၀% သော ကယ်လိုရီတွေဟာ ဂျုံ၊ စပါး၊ ပြောင်း၊ အာလူး၊ ဆပ်၊ ဘာလီ စတဲ့ လက်တဆုပ်စာ သီးနှံပင်တွေက ရတာပါ။ အဲဒီသီးနှံတွေကို ကျွန်တော်တို့ရဲ့ ရှေးဘိုးဘွားတွေက ဘီစီ ၉၅၀၀ နဲ့ ဘီစီ ၃၅၀၀ ကြားမှာ ယဉ်ပါးအောင် လုပ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အတွင်းမှာ ကျွန်တော်တို့ ယဉ်ပါးအောင် လုပ်နိုင်ခဲ့တဲ့ အပင်ထူး၊ တိရိစ္ဆာန်ထူးရယ်လို့ တစ်ခုမှ မရှိပါဘူး။ တကယ်လို့ အခုချိန်မှာ ကျွန်တော်တို့ရဲ့စိတ်တွေဟာ အမဲလိုက်ရှာဖွေစားသောက်သူတွေရဲ့ စိတ်မျိုးဖြစ်နေမယ်ဆိုရင် ကျနော်တို့အခုစားနေတဲ့ အစားအစာတွေဟာလည်း ရှေးခေတ်လယ်သမားအစားအစာတွေပဲ ဖြစ်ပါလိမ့်မယ်။


တစ်ချိန်တုန်းကတော့ ပညာရှင်တွေက စိုက်ပျိုးရေးဆိုတာ အရှေ့အလယ်ပိုင်းဒေသ တစ်နေရာတည်းမှာပဲ အစပြုပြီးမှ ကမ္ဘာ့အရပ်လေးမျက်နှာဆီကို ပျံ့နှံ့သွားတယ်လို့ ယုံကြည်ခဲ့ကြတာပါ။ ခုချိန်မှာတော့ အရှေ့အလယ်ပိုင်းလယ်သမားတွေက သူတို့ရဲ့စိုက်ပျိုးရေးပြောင်းလဲခြင်းကို တင်ပို့ခဲ့တာကြောင့်မဟုတ်ဘဲ ကမ္ဘာကြီးရဲ့ တခြားဒေသတွေမှာလည်း စိုက်ပျိုးရေးဆိုတာ သူ့ဟာသူ သီးသန့်ထွက်ပေါ်နေခဲ့တယ်လို့ ပညာရှင်တွေ သဘောတူကြပါတယ်။ ဂျုံနှင့်ပဲကို အရှေ့အလယ်ပိုင်းဒေသမှာ စိုက်ပျိုးထွန်ယက်နေကြောင်း ဘာမှမသိဘဲ အမေရိကတိုက်အလယ်ပိုင်းက လူတွေဟာ ပြောင်းနဲ့ပဲကို ယဉ်ပါးအောင် လုပ်ခဲ့ကြတယ်။ မက္ကဆီကို၊ မြေထဲပင်လယ်အရှေ့ပိုင်းလီဗန့်ဒေသ စတဲ့နေရာတွေမှာ ဘာဖြစ်နေမှန်းမသိခဲ့ပေမယ့် တောင်အမေရိကတိုက်ကလူတွေဟာ အာလူး နဲ့ လားမာကုလားအုတ်တွေကို ယဉ်ပါးအောင် မွေးမြူခဲ့ကြတယ်။ တရုတ်ရဲ့ ပထမဆုံးယဉ်ပါးအောင်ပြောင်းလဲမွေးမြူမှုကြီးလုပ်ရပ်မှာ စပါး၊ ဆပ် နှင့် ဝက် တွေပါ ပါတယ်။ မြောက်အမေရိကတိုက်က လယ်သမားတွေဟာ မြေကြီးအောက်က စားလို့ရတဲ့ဥတွေတူးရတာ စိတ်ကုန်လာလို့ ဖရုံသီးတွေ စတင်စိုက်ပျိုးခဲ့တဲ့လူတွေပါ။ နယူးဂီနီယာကလူတွေက ကြံပင် နှင် ငှက်ပျောပင်တွေကို ယဉ်ပါးအောင် လုပ်ခဲ့ကြတယ်။ အာဖရိကအနောက်ပိုင်းက ပထမဆုံးသောလယ်သမားတွေဟာ သူတို့ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အာဖရိကဆပ်၊ အာဖရိကစပါး၊ ပြောင်းနှံစားပင် နှင့် ဂျုံတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ ခုလိုမျိုး အခြေပြုရာကနေစပြီး စိုက်ပျိုးရေးဟာ ဝေးလံကျယ်ပြန့်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ အေဒီ ၁ ရာစုရောက်တော့ ကမ္ဘာကြီးရဲ့ ကြီးမားတဲ့လူဦးရေ အများစုဟာ စိုက်ပျိုးရေးသမားတွေ ဖြစ်နေခဲ့ပါပြီ။

စိုက်ပျိုးရေးပြောင်းလဲမှုကြီးတွေ ဘာကြောင့် အရှေ့အလယ်ပိုင်း၊ တရုတ် နှင့် အမေရိကတိုက်အလယ်ပိုင်းမှာပဲ ဖြစ်ခဲ့တာလဲ။ သြစတေးလျ၊ အလက်စကာ နှင့် တောင်အာဖရိကတို့မှာ ဘာလို့မဖြစ်ခဲ့တာလဲ။ အဖြေက ရှင်းပါတယ်။ အပင်နှင့်တိရိစ္ဆာန် အများစုဟာ ယဉ်ပါးအောင်လုပ်ယူလို့ မရပါဘူး။ ဆေပီယန်စ်တွေဟာ အရသာရှိလှတဲ့ မြေအောင်းမှိုကြီးတွေ တူးဆွနိုင်တယ်။ အမွှေးရှည်ဆင်ကြီးတွေကို အမဲလိုက်နိုင်တယ်။ ဒါပေမယ့် အဲဒီနှစ်မျိုးလုံးက ဘယ်တစ်ခုကိုမှ ယဉ်ပါးအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မှိုဆိုတာက ရှာရခက်လွန်းတယ်။ သားကောင်ကြီးတွေကလည်း ကြမ်းကြုတ်လွန်းတယ်။ ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ အမဲလိုက်ရှာဖွေစားသောက်ခဲ့တဲ့ ထောင်နဲ့ချီတဲ့မျိုးစိတ်တွေထဲက လယ်ယာအတွက်၊ ထိန်းကျောင်းဖို့အတွက် သင့်တော်တာဆိုလို့ နည်းနည်းလေးပဲရှိပါတယ်။ အဲဒီမျိုးစိတ်အနည်းငယ်ကလည်း ဒေသအချို့မှာပဲ ရှင်သန်ခဲ့ကြတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးတွေ ဖြစ်ခဲ့တာပါ။

ဘာသာပြန် - မာန်သီဟထွန်း