Breaking News

ရဲဘော်ဦးတင် (ဗိုလ်ချုပ်ကျော်ဇော) နှစ်တရာပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း



ရဲဘော်ဦးတင် (ဗိုလ်ချုပ်ကျော်ဇော) နှစ်တရာပြည့်ကာလကို အထိမ်းအမှတ်ပြုခြင်း 

(အတ္ထုပ္ပတ္တိအကျဉ်းချုပ်)

ရဲဘော်သိန်းဝင်း

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၉

ဒီနှစ် ၂၀၁၉ ခုနှစ်ဟာ ရဲဘော်ဦးတင်(ဗိုလ်ချုပ်ကျော်ဇော) ရဲ့ နှစ်တရာပြည့် မင်္ဂလာအခါသမယဖြစ်တယ်။ သူဟာ ဗမာပြည် အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ၁၃၀ဝ ပြည့်အရေးတော်ပုံ၊ ဗမာပြည် ခေတ်မီ လက်နက်ကိုင်တပ်တည်ဆောက်ရေး၊ ဗမာပြည် ဂျပန် ဖက်ဆစ်တော်လှန်ရေး၊ ဗမာပြည်လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ ဆိုရှယ်လစ်ရေးစတဲ့ အနီးခေတ် ဗမာပြည် အရေးတော်ပုံများအတွင်းမှ ပေါ်ထွက်လာတဲ့ ဗမာပြည်ပထမမျိုးဆက်ရဲ့ တိုးတက်တဲ့ နိုင်ငံရေးသမားတဦးဖြစ်တယ်။

ကျွန်တော်ကတော့ ၁၉၆၂ ဗိုလ်နေဝင်းစစ်အစိုးရ ပေါ်ပေါက်လာပြီးနောက်၊ မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ် လက်ခံ ယုံကြည်တဲ့ လက်ဝဲနိုင်ငံရေးအင်အားစုရဲ့ နယ်ချဲ့စနစ်ဆန့်ကျင်ရေး၊ ပဒေသရာဇ်မြေရှင် စနစ်ဆန့်ကျင်ရေး၊ စစ်ဗျူရိုကရက်အရင်းရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအတွင်းက ပေါ်ပေါက်လာတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယ မျိုးဆက်ဖြစ်တယ်။ ၇၀ ခုနှစ်များ နှောင်းပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးဒေသထဲကို ဆင်းလာပြီး ပါတီဦးဆောင်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ အဲဒီမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌသခင်ဗသိန်းတင်စတဲ့ ပထမမျိုး ဆက် ပါတီခေါင်းဆောင်များနဲ့ ရဲဘော်ဦးတင်(ဗိုလ်ချုပ်ကျော်ဇော) တို့ကို လူကိုယ်တိုင်တွေ့မြင်ခွင့်ရပြီး သူတို့ရဲ့ တိုက်ရိုက်ခေါင်းဆောင်မှု အောက်မှာ တော်လှန်ရေးထဲပါဝင်ဖြတ်သန်းခွင့် ကြုံတွေ့ခဲ့ရတာပါ။ 

ဒီနေရာမှာ အထူးဖော်ပြလိုတာက ကျွန်တော်တို့ တတိယမျိုးဆက် များဟာလည်း ဒုတိယကွန်ဂရက် ခေါင်းဆောင်များအနက်မှ သခင်ဗသိန်းတင်၊ ရဲဘော်ဦးတင်(ဗိုလ်ကျော်ဇော)နဲ့ ရဲဘော်မောင်မောင်စိန် (၇၅ ဗဟိုကော်မတီ) တို့ကိုသာ ဆုံစည်းခွင့် ရခဲ့ပါတယ်။ ကျန်တဲ့ ၇၅ ဗဟိုကော်မတီနဲ့ တတိယကွန်ဂရက် ဗဟိုကော်မတီ အများတကာ့ အများစုမှာလည်း ၁၃၀ဝ ပြည့်အရေးတော်ပုံ၊ ဂျပန်တော်လှန်ရေးနဲ့ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည်လွတ်လပ်ရေး လှုပ်ရှားမှုအတွင်းက ပေါ်ထွက်လာတဲ့ ပထမမျိုးဆက် နိုင်ငံရေးသမားများဖြစ်ကြပါတယ်။ ဒါပေမဲ့ ယခုအခါ တတိယကွန်ဂရက် ပါတီ ဗဟိုကော်မတီနဲ့ ကွန်ဂရက်ကိုယ်စားလှယ်ဆိုလို့လည်း များများစားစား မကျန်တော့တာကို ဝမ်းနည်းဖွယ် သတိ ထားမိလိုက်ပါတယ်။

တကယ်တော့ ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော) ဟာ သူအသက် ၂၀ အရွယ်၊ ၁၉၃၈ ခုနှစ် (၁၃၀ဝ ပြည့်) အရေးတော်ပုံကစတင်ပြီး ဗမာပြည်နိုင်ငံရေးထဲ ပါဝင်လှုပ်ရှားခဲ့ပြီး သူအသက် ၉၂ အရွယ်၊ (၂၀၁၁ ဇွန်လ၊ လွတ်လပ်တဲ့အာရှအသံ RFA နဲ့ နောက်ဆုံးအင်တာဗျူး) အထိ သူ့တသက်တာလုံး တိုင်းပြည်လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ ဆိုရှယ်လစ်ရေးဆိုတဲ့ အဲဒီခေတ် ဗမာပြည်နိုင်ငံရေးရဲ့ ပထမ မျိုးဆက်များချမှတ်ခဲ့တဲ့ အထက်ပါ လုပ်ငန်းတာဝန် ၃ ရပ်အတွက် မနားမနေ လုံးပန်းတိုက်ခိုက်သူ ဖြစ်တယ်။ သူရဲ့ ဒီတော်လှန်တဲ့ တသက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာတမ်းလေးကို ပြုစုလိုက်တာဖြစ်ပါတယ်။

(၁) မွေးဖွားလာခြင်း

ဗမာပြည်အောက်ပိုင်း သာယာဝတီခရိုင်၊ သုံးဆယ်မြို့နယ်၊ ဆိုင်းစုကျေးရွာနေ လယ်သမားကြီး ဦးပန်း၊ ဒေါ်တင့်တို့ရဲ့ သားသမီး ၆ ယောက်အနက် ဒုတိယမြောက်ဖြစ်ပြီး ၁၉၁၉ ခုနှစ်၊ ဒီဇင် ဘာ (၃) ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တယ်။ ငယ်မည်မှာ မောင်ရွှေ။

(၂) ပညာသင်ယူခြင်း

ငယ်စဉ်က ဆိုင်းစုနဲ့ သုံးဆယ်မြို့အကြား ရွာမရွာရှိ၊ မြန်မာမူလတန်းကျောင်းမှာ စတင်ပညာသင်ယူ။ အဲဒီနောက် ရွာရဲ့တဖက်ကမ်းရှိ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်းဝတ်။ ကိုရင်ဘဝမှ ထွက်ပြီးနောက် အဲဒီမှာပဲ နှစ်တန်းမှခြောက်တန်းအထိ ပညာသင် ယူတယ်။ တဖက်မှာလည်း မိုးရာသီ ဝါတွင်းကာလမှာ သင်္ကန်းပြန်ဆီးခဲ့ရာ နှစ်တန်းမှ ခြောက်တန်းအောင်သည်အထိ ငါးနှစ်ငါးဝါ ဝါဆို သင်္ကန်းဝတ်။ ခုနစ်တန်းကို သုံးဆယ်မြို့၊ ထိပ်အင်းရွာ ဆရာကြီး ဦးအုန်းရဲ့ အလယ်တန်းကျောင်းမှ အောင်မြင်တယ်။ ၁၉၃၇ ခုနှစ် လောက်မှာ ရန်ကုန်ပုဇွန်တောင်၊ မြူနီစီပယ်အထက်တန်းကျောင်းမှ မြန်မာဆယ်တန်းအောင်မြင်ခဲ့။ မြန်မာစာသက်သက်နဲ့ ဆယ်တန်း အောင်သူများ တက္ကသိုလ်တက်ရန် နောက်ထပ်အင်္ဂလိပ်ဘာသာ တဘာသာနဲ့ ဆယ်တန်းအောင်ဖို့လိုပါတယ်။ ဒါကြောင့် တက္ကသိုလ်တက် ဆက်လက်ပညာသင်ယူလိုပေမယ့် အဆင်မပြေပါ။ ဟိုက်ရားဂရိတ်ခေါ် ဆရာဖြစ်သင်တန်းကို ဆက်လက်သင်ယူရန် သာရှိတော့လို့ နောက်ဆုံး (၁၉၃၈-၃၉)မှာ ကြည့်မြင်တိုင်၊ အထက်တန်းဆရာဖြစ်သင်တန်းကျောင်းတက်။ ကျောင်းမှာ ကျောင်းသား သမဂ္ဂမရှိလို့ မိမိဘာသာ ဦးဆောင် ဖွဲ့ခဲ့ပြီး မောင်ရွှေဟာ အတွင်းရေးမှူးတာဝန် ယူခဲ့တယ်။

(၃) စာဖတ်ဝါသနာနဲ့ စစ်ဘက်ဝါသနာ

မိဘနဲ့ အဒေါ်အပျိုကြီးရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းခဲ့ရပြီး အဒေါ်အပျိုကြီးရဲ့ ကွပ်ညှပ်မှုမှာ အတော်တင်းကျပ်လို့ ပိပိရိရိနေထိုင်ခဲ့ရပြီး စာဖတ်တတ်ချိန်ကစကာ စာဖတ်ခြင်းနဲ့ အချိန်ကုန်ခဲ့ရလို့ စာဖတ်ဝါသနာရခဲ့တယ်။ ငယ်စဉ်က ဗန္ဓုလအကြောင်းစာအုပ်ဖတ်မိရာက စစ် ဘက်ဆိုင်ရာ ဝါသနာသန္ဓေတည်ခဲ့တယ်လို့ ဆိုပါတယ်။

(၄) မျိုးချစ်စိတ်အခြေခံများ ပေါက်ဖွားလာခြင်း

ငယ်စဉ် စာဖတ်တတ်ခါစက စွဲလမ်းမိတဲ့ စာအုပ်မှာ ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည် စာအုပ်ဖြစ်ပြီး ငယ်စဉ်ကတည်းက မျိုးချစ်စိတ် ဝင်ခဲ့ဟန်တူပါတယ်။ အဲဒီနောက် မဟာဆွေရဲ့ ဝတ္ထုများက သူ့ကို မျိုးချစ်စိတ်ရင့်သန်လာစေတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ ပုဇွန်တောင် မြူနီစပယ် အထက်တန်းကျောင်းမှာ ပညာသင်ယူစဉ်က ၎င်းကျောင်းမှ ဆရာအချို့မှာ သခင်အသင်းဝင်များဖြစ်ကြပြီး ကျောင်းသားများ ကို အခွင့်ကြုံတိုင်း မျိုးချစ်စိတ်သွင်းပေးတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ မျိုးချစ်စိတ် တဆင့်တက်သွားခဲ့ရတယ်။ ငယ်စဉ်က စစ်ဘက် ဝါသနာပါလာခဲ့လို့ အရပ်ထဲမှာ ဦးမောင်ကြီး ရဲတပ်ဗိုလ်များဖြစ်တဲ့ ဆရာဦးဘစိန်၊ ဦးမြစိန်တို့နဲ့ ရင်းနှီးနေခဲ့ရာက ၎င်းတို့ရဲ့ ရဲတပ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရန်ကုန်မှာ ၁၉၃၇ ခုနှစ် အမျိုးသားအောင်ပွဲနေ့ လှည့်လည်ပွဲမှာ ရဲတပ်သားဝတ်စုံဖြင့် ပါဝင်လှည့်လည်ခဲ့တယ်။

(၅) ၁၃၀ဝ ပြည့်အရေးတော်ပုံတပ်သားဖြစ်လာခြင်း

၁၃၀ဝ ပြည့်အရေးတော်ပုံဆိုတာ ဗမာပြည်အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ အရေးကြီးမှတ်တိုင်တခုဖြစ်တယ်။ ၁၃၀ဝ ပြည့်နှစ်(၁၉၃၈ ဒီဇင်ဘာ ၂၀ရက်) မှာ ရန်ကုန်မြို့ ကျောင်းသူကျောင်းသားများက အင်္ဂလိပ်အစိုးရရဲ့ ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးကြီးကို ဝိုင်းဝန်းပိတ်ဆို့ သပိတ်တားသည့် အရေးအခင်းကြီးဖြစ်ပေါ်ခဲ့တယ်။ ဒီအရေးခင်းမှာ မောင်ရွှေခေါင်းဆောင်တဲ့ ကြည့်မြင်တိုင် ဆရာဖြစ် သင်ကျောင်းသားများလည်း ပါဝင်ခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီလက်ကိုင်တုတ် ဂေါ်ရာပုလိပ်များရဲ့ လက်ချက်ကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတယ်။ အများအပြားဒဏ်ရာရခဲ့တယ်။ မောင်ရွှေအပါအဝင် ကြည့်မြင်တိုင် ဆရာအတတ်သင် ကျောင်းသား ၁၀ ယောက်လောက်ဒဏ်ရာရခဲ့တယ်။ အတွင်းဝန်ရုံးဆန္ဒပြမှု ရိုက်နှက်ဖြိုခွင်းခံလိုက်ရပြီးနောက် အကျိုးဆက်အဖြစ် တပြည်လုံးမှာ ကျောင်းသားသပိတ်မှောက်မှုကြီး ဖြစ်ပေါ်လာတော့တယ်။ 

မောင်ရွှေဟာ အရေးတော်ပုံတပ်သားအဖြစ် ရန်ကုန်မြို့မ၊ ကျောင်းသပိတ်စခန်းမှာ ပါဝင်ခဲ့သလို အဲဒီနောက် ရန်ကုန်ကျောင်းသားခေါင်းဆောင်များက ကျောင်းသားအရေး ဒုတိယခြေလှမ်းအဖြစ် အရေးအခင်း ဖြစ်ပျက်ပုံကို နိုင်ငံတဝန်းလှည့်လည် ပြည်သူလူထုအား တိုင်ကြားဟောပြောရန် စီစဉ်ကြတော့လည်း တခြားကျောင်းသား ၂ ဦးနဲ့အတူ ပုသိမ်ခရိုင်သွားဖို့ တာဝန်ကျတယ်။ ပုသိမ်ခရိုင် ကျောင်းသားအဖွဲ့ရဲ့ အစီအစဉ်ဖြင့် ပုသိမ်အပါအဝင် အခြားမြို့ ၄ မြို့ လောက်ကို လှည့်လည်ဟောပြောရာမှ ရန်ကုန် ပြန်ရောက်လာပြီး သပိတ်မမှောက်သေးတဲ့ ကျောင်းများသို့သွားကာ သပိတ်တားရေး လုပ်ရပြန်တယ်။ အဲဒီနောက် တဆင့်တက်ပြီး အစာငတ်ခံဆန္ဒပြတဲ့အဆင့် တက်လိုက်တယ်။ ဒီအခါ အင်္ဂလိပ်အစိုးရက ကျောင်းသား များရဲ့ တောင်းဆိုချက်များအပေါ် ဆွေးနွေးရန် ဖိတ်ခေါ်လာတဲ့အတွက် ရက်အချို့ နှစ်ဖက် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းရာမှ ကျောင်း သားများ ကျေနပ်ပြီး သပိတ်လှန်ခဲ့တယ်။ 

ဒါပေမဲ့ မောင်ရွှေကတော့ မကျေနပ်တဲ့ ကျောင်း ၄- ၅ ကျောင်းက ခေါင်းဆောင်များနဲ့ အတူ ဆက်လက်သပိတ်မှောက်ခဲ့ရာမှ နောက်ဆုံးမှာ လူထုကလည်းမထောက်ခံ ဘာမှလည်း ဆက်လုပ်လို့ မရဖြစ်လို့ သပိတ်လှန်ခဲ့တယ်။ သပိတ်တိုက်ပွဲ လက်တွေ့ကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ မြန်မာမျိုးချစ်တို့ရဲ့ တာဝန်မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ် ရေးကို တိုက်ယူမှရတော့မယ်ဆိုတဲ့ နိုင်ငံရေးအသိ တဆင့်တက်သိရှိနားလည်လိုက်ခြင်းပါပဲ။

(၆) တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်ဖြစ်လာခြင်း

သပိတ်တိုက်ပွဲလက်တွေ့က မိမိရဲ့ နိုင်ငံရေးအသိကို မြှင့်တင်ပေးလိုက်တဲ့အလျောက် မိမိကိုယ်တိုင် နိုင်ငံရေးပါတီတခုခုမှာ ပါဝင်ဆင်နွှဲ သွားရမယ် ဆိုတဲ့အသိတခု တိုးလာခဲ့တယ်။ အဲဒီခေတ်က တိုင်းပြည်လွတ်လပ်ရေးအတွက် စိတ်အချရဆုံး နိုင်ငံရေးပါတီမှာ “တို့ဗမာ အစည်းအရုံးအဖွဲ့” သာရှိလို့ တို့ဗမာအစည်းအရုံးဌာနချုပ်သွားကာ သူငယ်ချင်းတဦးနဲ့အတူ ငွေတမတ်စီပေးပြီး တို့ဗမာအစည်းအရုံး အဖွဲ့ဝင်ခဲ့လို့ “သခင်ရွှေ”ဖြစ်လာတယ်။ 

တို့ဗမာအစည်းအရုံး အဖွဲ့ဝင်ဖြစ်လာပြီးနောက် သာယာဝတီမြို့ တို့ဗမာအစည်းအရုံး လူထုတရား ပွဲများကို ပါဝင်တက်ရောက်တယ်။ အဲဒီကာလက တရားပွဲများကို စီစဉ်နေတဲ့ သခင်ခင်အောင်အား သခင်ရွှေက မိမိကိုယ်ကိုယ် မိမိ ဘာသာမိတ်ဆက်ပေးပြီး သာယာဝတီ သခင်တရားပွဲကို ကူညီလိုကြောင်းတင်ပြလိုက်ရာမှ သခင်ခင်အောင်က လူထုနဲ့ မိတ်ဆက်ပေးပြီး တရားဟောရေး တာဝန်ပါပေးအပ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သခင်ခင်အောင်တို့နဲ့ပေါင်းပြီး တို့ဗမာအစည်းအရုံး သခင်ပါတီရဲ့ ဗမာ့လက်ရုံးတပ်ကလေးတခုကို လူ ၁၄-၅ ယောက်လောက်နဲ့ ထူထောင်ခဲ့တယ်။ စစ်သင်တန်းလည်း မတက်ဖူးလို့ သခင်ခင်အောင် တို့ဆီ အကူအညီ တောင်းရာမှ သခင်သန်းတင်ခေါ် ရဲဘော်တယောက်ကို လွှတ်ပြီး စစ်သင်တန်းပေးစေခဲ့တယ်။

(၇) ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဖြစ်လာခြင်း

၁၉၄၁ ခုနှစ် ဧပြီလဆန်း ဂ ရက်။ သခင်ရွှေ ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်း သွားရောက်တက်နေစဉ် အိမ်ကို လမ်းလျှောက်အပြန်မှာ ရဲတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ရေး တာဝန်ခံ ကိုညိုလို့ခေါ်တဲ့သူဟာ လက်ဖက်ရည်ဆိုင်တဆိုင်မှ လမ်းဆုံကို ထွက်လာပြီး ပြုံးရွှင်စွာ နှုတ် ဆက်ကာ လူရှင်းတဲ့လမ်းထောင့်တနေရာကို ခေါ်သွားပြီး “ကျုပ်တို့ ဗမာပြည်အရေးတော့ ပေါ်လာပြီ ခင်ဗျား ဗမာပြည်လွတ်လပ်ရေး အတွက် ဘာမဆို လုပ်မယ်မဟုတ်လား” လို့ ဆိုင်းမဆင့် ဗုံအဆင့်မေးလာပါတယ်။ သခင်ရွှေထံမှ လုပ်မယ်ဆိုတဲ့ အဖြေရလိုက်တာနဲ့ သူက “ကျွန်တော်တို့ အင်္ဂလိပ်ကိုတိုက်ဖို့ စစ်ပညာကို ဂျပန်က သင်ပေးမယ်ဆိုလို့ ဂျပန်ပြည်ကို မျိုးချစ်လူငယ်တွေစေလွှတ်မယ်။ ခင်ဗျား လိုက်မယ် မဟုတ်လား” လို့ ဆက်မေးပြန်ပါတယ်။ သခင်ရွှေကိုယ်တိုင်က ၁၃၀ဝ ပြည့်အရေးတော်ပုံက ပေးခဲ့တဲ့ သင်ခန်းစာကို နက်နက်နဲနဲ နားလည်သိရှိထားသူဖြစ်နေလို့ ၂ ရက်အတွင်း အဖြေပေးမယ်လို့ ဖြေကြားလိုက်တယ်။ 

ဒီတော့ ဒီလုပ်ငန်းတာဝန်ကို ဘယ်လိုပါတီကနေ စီစဉ်ပေးနေတာလဲ ရှင်းအောင်၊ လုံခြုံရေးနဲ့လျှို့ဝှက်ရေးကို မထိခိုက်အောင် စုံစမ်းဖို့လိုလာတယ်။ စုံစမ်းရင်းနဲ့ သခင်မြထံရောက်သွားပြီး စုံစမ်းခဲ့ရာမှ သူတို့လုပ်နေကြောင်း အတိအလင်းရှင်းပြကာ ဂျပန်ကို လိုက်သွားဖို့ တိုက်တွန်းလိုက်ပြီး ကိုညိုနဲ့ ဆက်လက်ဆောင် ရွက်ဖို့လည်း မှာကြားလိုက်တယ်။ ဒီလိုနဲ့ စီစဉ်မှုတွေပြီးလို့ သခင်ရွှေနဲ့အတူ နောင်ရဲဘော် သုံးကျိပ်ဝင်ဖြစ်လာမယ် သခင် (၇) ယောက်အုပ်စု လိုက်ပါသွားမယ့် သင်္ဘောဟာ ၁၉၄၁ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့မှာ ရန်ကုန်မြစ်အတွင်းမှ စတင်ခုတ်မောင်း ထွက်ခွာလာတယ်၊ 

သင်္ဘောအမည်မှာ “ကိုုင်ရိုမာရူး” ဖြစ်တယ်။ ဧပြီ ၂၈ မှာ ဒီအစုဟာ ဂျပန်ပြည် ‘အိုဆာကာ’ သင်္ဘောဆိပ်ကမ်း ရောက်တယ်။ သူတို့အုပ်စုဟာ စစ်ရေးလေ့ကျင့်ရမယ့် ဟိုင်နန်ကျွန်း စန်းယရွာကို မေလ ၁၀ ရက်မှာ ရောက်တယ်။ ဟိုင်နန်ကျွန်းသို့ စစ်ပညာ သင်ယူရန် ဗမာမျိုးချစ်လူငယ်များ တသုတ်ပြီးတသုတ် ရောက်လာရာ အားလုံး ၄ သုတ်ရှိတယ်။

 ကျောင်းသား အဖွဲ့မှ (၃) ယောက် အပါအဝင် သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးအဖွဲ့မှ သခင်စုစုပေါင်း (၂၁) ယောက်ပါဝင်ကာ၊ သခင်ဗစိန်၊ သခင် ထွန်းအုပ် တို့ဗမာအစည်းအရုံးမှ (၈) ယောက်နဲ့ ဂျပန်ပြည်ကို ရက်ကန်းပညာသင်ရောက်နေတဲ့ တသီးပုဂ္ဂလိတဦးနဲ့ စုစုပေါင်း လူ (၃၀) ရှိလို့ ဂျပန် စစ်ပညာသင်ပြန် ရဲဘော်သုံးကျိပ်လို့ သမိုင်းမှာ ထင်ရှားခဲ့တယ်။ ဂျပန်စစ်ပညာသင် ရဲဘော်သုံးကျိပ်ရဲ့ စစ်ပညာသင်တန်းကို ၁၉၄၁ ခု မေလအလယ်လောက်မှာ စတင်ခဲ့ကြပြီး အမေရိကန်စစ်သံမှူးကတဆင့် အာရှတိုက်သားလူငယ်တချို့ကို ဂျပန်က စစ်သင် တန်းပေးနေတယ်ဆိုပြီး သတင်းပေါက်ကြားသွားလို့ ဟိုင်နန်ကျွန်းမှ ဖော်မိုဆာကျွန်းသို့ နေရာရွှေ့ပြီးမှ စစ်ပညာဆက်လက် သင်ယူ ခဲ့ရသေးတယ်။

(၈) ဗမာ့မျိုးချစ်တပ်မတော် (BIA) ပေါ်ပေါက်လာခြင်း

ဒီလိုပြောင်းရွှေ့မှု မတိုင်မီ ၁၉၄၁ စက်တင်ဘာလောက်ကစတင်ပြီး ဗမာပြည် ပြန်ရေးကို အသုတ်လိုက်ခွဲပြင်ဆင်ခဲ့တယ်။ ထိုင်း-ဂျပန် မဟာမိတ်စာချုပ်ကို ၁၉၄၁ ဒီဇင်ဘာ ၂၁ မှာလက်မှတ် ရေးထိုးနိုင်လိုက်လို့ တိုင်းပြည်အပြန်ခရီး ဆေးဂုံသို့ ရောက်နေတဲ့ ရဲဘော်သုံး ကျိပ်ဝင်များဟာ ထိုင်းနိုင်ငံဘန်ကောက်ကို တသုတ်ပြီးတသုတ် ပြန်ရောက်သွားတယ်။ အဲဒီဂျပန်ပြန် ရဲဘော်သုံးကျိပ်ဟာ ၁၉၄၁ ဒီဇင် ဘာ ၂၆၊ ထိုင်းနိုင်ငံမှာ လက်မောင်းသွေးဖောက် သစ္စာရေသောက် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြဖို့ ဗမာ့လွတ်လပ်ရေးတပ်မ တော် (BIA) ကို ဖွဲ့စည်းခဲ့ကြတယ်။ တချိန်တည်းမှာ စစ်သားစုဆောင်းကြတယ်။ ဗမာများ၊ ထိုင်းများ၊ ရှမ်းနဲ့ ထိုင်းရှမ်းကပြား ရာအချို့ စုဆောင်းရရှိခဲ့တယ်။ အဲဒီလူများကို စစ်သားသစ်အဖြစ် စစ်တပ်စည်းကမ်း၊ စစ်ဥပဒေများ၊ စစ်အတတ်ပညာကို တတ်သိနားလည်ရေး အတွက် ရက်တိုသင်တန်းပေးရန် ဗိုလ်ကျော်ဇောကို တာဝန်ပေးအပ်ခဲ့တယ်။ တပ်မတော်စတင် သန္ဓေတည်လိုက်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်ကျော်ဇောကို တပ်သားသစ်များ သင်တန်းပေးရေးတာဝန်ကို ယုံကြည်စွာအပ်နှင်းလိုက်တာ စတင်တွေ့နိုင်တယ်။ (BIA) ဌာနချုပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဗြိတိသျှ ဘိုနီယိုကုမ္ပဏီ အဆောက်အအုံမှာ ဖွင့်လှစ်ခဲ့တယ်။ လက်မောင်းသွေးဖောက် သစ္စာရေသောက် (BIA) တပ်ဖွဲ့ပြီးနောက် ရဲ ဘော်သုံးကျိပ်ဝင်များဟာ မိမိဘာသာ ဗိုလ်အမည်ပြောင်းလဲခံယူကာ နောက်တနေ့က စတင်ပြီး တပ်တချို့ စတင်ထွက်ခွာခဲ့ပါတယ်။ သခင်ရွှေဟာ အဲဒီနေ့က စတင်ပြီး ဗိုလ်ကျော်ဇောဖြစ်လာတယ်။

(၉) ဗိုလ်ကျော်ဇောအဖြစ် တိုင်းပြည်ပြန်ရောက်လာခြင်း

ဒီနောက် ဘီအိုင်အေတပ်ဖွဲ့များဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ၁၉၄၂ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗဟိုဌာန ချုပ်က ရှေးဦးစွာ ဝင်ရောက်သွားပြီးတဲ့နောက် မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီစစ်ကြောင်း၊ အတွင်း သူပုန် တပ်ဖွဲ့စစ်ကြောင်းစတဲ့ စစ်သည်စစ်ကြောင်းများဖွဲ့ပြီး တသုတ်ပြီးတသုတ် ပြည်တွင်းပြန်ဝင်ခဲ့ကြတယ်။ အဲဒီလို ဝင်ရောက်နိုင်ရေး အတွက် ဗိုလ်ကျော်ဇော လေ့ကျင့် ပေးလိုက်တဲ့ တပ်သာများကို ခွဲဝေပေးလိုက်တယ်။ 

နောက်ဆုံးကျန်နေတဲ့ (၄၀) ကို အခြေခံပြီး ဗိုလ်ကျော်ဇော တပ်အဖြစ် ဖွဲ့စည်းတယ်။ ထိုင်းနိုင်ငံရောက် ဗမာမျိုးချစ်အိမ်ထောင်စုမှ ဆင်းသက်လာသူ တပ်သားကြီး ဗိုလ်အုံးခိုင်ရဲ့ အကူအညီနဲ့ စစ်သားစုဆောင်းလိုက်ရာ အင်အား(၁၀ဝ) ခန့်အထိ ဖြစ်လာတယ်။ ဗိုလ်ကျော်ဇောတပ်ဖွဲ့ဟာ နောက်ခံတပ်ဖွဲ့အဖြစ် နောက်ဆုံးမှ ပြည်တွင်းဝင်ရောက်ရတဲ့ အဖွဲ့ဖြစ်တယ်။ အဲလိုဝင်ရောက်လာရာ ၃-၄ ရက်အကြာမှာ ထိုင်းတပ်စုမှူးနဲ့ ထိုင်းရှမ်းကပြား တပ်စုမှူး ၂ ယောက် ပူးပေါင်းကာ ဗိုလ်ကျော်ဇောကို လုပ်ကြံသတ်ဖြတ် တပ်ကိုအပိုင်စီးကာ ဓားပြတိုက်လုယက်စားသောက်သွားရေး အကြံအစည် ကို သိရှိရလို့ တပ်စုမှူး ၂ ဦးကို သေဒဏ်အပြစ်ပေးကာ မိမိတပ်တွင်းလုပ်ကြံမှု အစီအစဉ်ကို လက်ဦးမှုယူ ဖြေရှင်းပစ်လိုက်တယ်။

 အဲဒီနောက် ဆက်လက်ချီတက် လာရာ ဗိုလ်စောနောင်တပ်ဖွဲ့နဲ့တွေ့ပြီး ပူးပေါင်းကာ တပ်နှစ်တပ်ကို ကော်လံတပ်ဖွဲ့တခုအဖြစ် ဖွဲ့လိုက်ပြီး ဗိုလ်ကျော်ဇောက ဦးဆောင် ချီတက်လာခဲ့တယ်။ ဗမာပြည်အတွင်းပိုင်း သံလွင်မြစ်အရှေ့ဘက်ရောက်တော့ ရွာသားများက အင်္ဂလိပ် တပ်ဖွဲ့တဖွဲ့ ရောက်နေကြောင်း သတင်းပေးလို့ တိုက်ခိုက်လိုစိတ်နဲ့ အမြန်လိုက်ကြပေမယ့် အင်္ဂလိပ်တပ်က ကြောက်လန့်ဆုတ်ခွာ ထွက်ပြေးသွားလို့ မတိုက်လိုက်ရပါ။ ‘ဖာပွန်’ အောက်ဘက်မှ ဆက်လက်ချီတက်လာရာ စစ်တောင်းမြစ်ဘေးရှိ ‘ကွင်းဆိပ်’ဆိုတဲ့ ဗမာရွာတရွာကို ရောက်တယ်။ ရွာသားများကလည်း ကောင်းမွန်စွာ ကြိုဆိုချက်ပြုတ်ကျွေးမွေးဧည့်ခံတယ်။ ဆက်လက် ချီတက်ရာ ပဲခူး-မန္တလေးကားလမ်းပေါ်ရှိ ‘တာဆုံ’ရွာ ရောက်တယ်။ ပဲခူးမှာ ညအိပ်ပြီး ဆက်လက်ချီတက်လာရာ ‘လှည်းကူး’ ရောက်တယ်။ အဲဒီတုန်းက ဗမာပြည်မှာစစ်ဖြစ်နေလို့ မော်တော်ကား ပြေးဆွဲခြင်း မရှိသလောက်ဖြစ်နေပါပြီ။ ဆက်လက်ချီတက်ရာ နောက်ဆုံးရန်ကုန်ရောက်ပြီး၊ ကန်တော်ကြီး ‘ဘုတ်ကလပ်’ မှာ တပ်စွဲ လိုက်ပါတယ်။ ၁၉၄၁ ခုနှစ်၊ နှစ်လယ်လောက်က ဗမာပြည်မှ ထွက်လာပြီး ၁၉၄၂ ခုနှစ်မှာ ဗမာပြည်ကို တော်လှန်ရေးတပ်ဖွဲ့နဲ့အတူ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တာမို့ များစွာဝမ်းသာမိတယ်။ ရန်ကုန်ရောက်ပြီးနောက် ဘီအိုင် အေတပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းက တပ်မ (၁)၊ တပ်မ (၂) အဖြစ် အစပထမဖွဲ့စည်းခဲ့တယ်။

(၁၀) ရန်ကုန်ရောက်ပြီး (BIA) တပ်မှူးအဖြစ် ဗိုလ်ကျော်ဇောရဲ့ လှုပ်ရှားမှုများ

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်ဇေယျနဲ့ ဗိုလ်နေဝင်းတို့ ဦးစီးတဲ့ BIA တပ်မ ၂ ခုကို ရှေ့ဆောင်ပြီး အင်္ဂလိပ်တပ်များနောက်သို့ လိုက်တိုက် ခိုက်ရန် အထက်ဗမာပြည်သို့ ချီတက်သွားတယ်။

ရန်ကုန်မှာ ဗိုလ်ကျော်ဇောရဲ့တပ်သာ ချန်ထားပြီး၊ အောက်ဗမာပြည် BIA တပ်ဖွဲ့များကို အုပ်ချုပ်ထိန်းသိမ်းရန်နဲ့ ရန်ကုန်တွင် ဗိုလ်သင် တန်းဖွင့်ကာ စစ်ဗိုလ်လောင်းများကို သင်တန်းပေးပြီး နောင်တပ်သစ်များဖွဲ့တဲ့အခါ ဗိုလ်လောင်းများရရှိအောင် စုဆောင်းထားရေးတာဝန် ကို ပေးအပ်ခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူ့တပ်ကို ကြည့်မြင်တိုင်မှာ တပ်စွဲထားပြီး အောက်ဗမာပြည် BIA ဌာနချုပ်ရုံးကိုတော့ ရန်ကုန် မှာ ဖွင့်လှစ်ထားတယ်။ တဖက်မှာ ဗိုလ်လောင်းသင်တန်းကိုတော့ ဂေါ်ရာကုန်းမှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ နံနက်ခင်းမှာ ဗိုလ်ကျော်ဇောက ဗိုလ်လောင်းသင်တန်းမှာ ကိုယ်တိုင်သင်တန်းပေးပြီး၊ နေ့လည်နဲ့ ညနေမှာ အောက်ဗမာပြည် BIA တပ်ဖွဲ့များ အုပ်ချုပ် ရေးကို လုပ်ဆောင်ရတယ်။ ညဘက်မှာ နောက်နေ့သင်တန်းပေးရေးအတွက် သင်ရိုးမှတ်စုများ ပြင်ဆင်ရခြင်းနဲ့ အလုပ်ကြွေးများ လုပ်ရင်းဖြင့် တနေ့တနေ့ မအားလပ်အောင်ဖြစ်နေရတယ်။

အဲဒီအချိန်မှာ အင်္ဂလိပ်ကို လိုလားအားကိုးကြတဲ့ ကရင်များရှိတဲ့ မြစ်ဝကျွန်းပေါ်မှာ အင်္ဂလိပ်က ဂျပန်တိုက်ရေး လှုံ့ဆော်ခဲ့လို့ ကရင် ပုန်ကန်မှုပေါ်ပေါက်လာတယ်။ အင်အား ၁၀ဝ လောက်ရှိပြီး မြောင်းမြမှာ ဂျပန်တပ်မရှိဘဲ ဒေသခံ BIA တပ်ကလေးသာ ရှိလို့ သူတို့ ကရင်သူပုန်ကို သွားရောက်နှိမ်နင်းပေမယ့် မနိုင်ပါဘူး။ ဒါကြောင့် မြောင်းမြမှာ ကရင်ရော ဗမာရော အပြန်အလှန် စိုးရိမ်ကြောက်လန့် နေပြီး မြောင်းမြ BIA အုပ်ချုပ်ရေးတာဝန်ခံများက ဗိုလ်ကျော်ဇောထံ အကူအညီတောင်းလာကြတယ်။ ဗိုလ်ကျော်ဇောထံ အမြဲလာ ရောက် အကူအညီပေးနေတဲ့ သခင်ဗိုလ်ဆိုတဲ့ သခင်တဦးနဲ့ တိုင်ပင်ကြည့်တော့ ဒီကိစ္စမျိုး စစ်တပ်မလွှတ်သင့်ဘဲ၊ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ အကြံပြုတဲ့အတွက် သူ့အကြံပေးတဲ့အတိုင်း BIA တပ်အင်အား ၃၀ လောက်နဲ့ ကရင်ဘုန်းတော်ကြီးကို ငြိမ်းချမ်းစွာ တရားလှည့်လည်ဟောပြော ဖြေရှင်းစေခဲ့တယ်။ အဲဒီအချိန်မှာ ကရင်သူပုန်ခေါင်းဆောင် ရွှေထွန်းကြာက တပ်မှူးနဲ့ တွေ့ချင်တယ်ဆိုလို့ တပ်သား ၂ ယောက်လွှတ်လိုက်ရာ သတ်ပစ်တယ်။ နောက်တကြိမ်တဦးလည်း ဒီလိုပဲသတ်ပစ်တယ်။ ဆရာတော်ဟာ စိတ်မပျက်ဘဲ ဆက်လက်ဟောပြောခဲ့ရာ အတော်အေးချမ်းစ ပြုလာတယ်။ 

ဒီအချိန်မှာ ဗိုလ်မိုးကြိုးနဲ့ သူ့လူဂျပန်တွေ သိသွားပြီး ဒီကိစ္စသူတို့ လုပ်မယ်ဆိုပြီး တရားဟောနေတဲ့ ကရင်ဘုန်းကြီးကို ဖယ်ထုတ်ကာ ဆရာတော်တရားဟောတဲ့ ဒေသများကို သွားကြပါတယ်။ တရက် မှာ မြောင်းမြဒေသမှာ လှည့်လည်သွားနေတဲ့ ဂျပန်တပ်မှူး ကာနယ်အီဂျီမား ကျဆုံးသွားပြီဆိုတဲ့ သတင်းကို နယူးဒေလီ အသံလွှင့်ဌာနရဲ့ အသံလွှင့်မှုအရ သိသွားပြီး ဒီကိစ္စအရေးယူရေး ဗိုလ်ကျော်ဇောကို ဗိုလ်မိုးကြိုးနဲ့လိုက်ပါဆောင်ရွက်ရေး ဆင့်ခေါ်လာလို့ တပ်ခွဲ ၃ ခွဲနဲ့ လိုက်ပါဆောင်ရွက်ရတယ်။

မြောင်းမြသွားပြီး တိုက်ပွဲဖြစ်တဲ့ ဒေသကို လှည့်လည်ပြီး ကျဆုံးသွားတဲ့ ဂျပန်ကာနယ်ရဲ့ အလောင်းကို ရှာဖွေရာ တွေ့ရှိလို့ မီးသင်္ဂြိုဟ် ကာ အရိုးပြာယူပါတယ်။ ဗိုလ်မိုးကြိုးက လက်စားချေတဲ့အနေနဲ့ ကရင်သူပုန်များအခြေစိုက်ရာ ရွာများကို နှစ်ပတ်မျှ ချီတက်သွားလာ လှုပ်ရှားကာ သူပုန်ရှိတယ်လို့ ထင်ရတဲ့ရွာများကို အတင်းတက်သိမ်းပိုက်ခိုင်းပြီး ခုခံရင် အားလုံးကို တိုက်ခိုက်သတ်ဖြတ်ဖို့ တိုက်ရိုက် အမိန့်ပေးပါတယ်။ အဲဒီကာလက ဗိုလ်မိုးကြိုးဟာ BIA ရဲ့ သေနာပတိချုပ်ဖြစ်ပြီး ဗိုလ်ကျော်ဇောမှာ သူ့ရဲ့စစ်ဦးစီးသာဖြစ်တယ်။ တိုက်ခိုက် နေစဉ်က သတ်ဖြတ်မှုဒီလောက်များလိမ့်မယ် မထင်ခဲ့ပါ။ နောင် ရန်ကုန်ပြန်ရောက်ပြီး အချိန်ကာလတခုကြာမှ ရွာသားများ အတော်သေ ကြေကြောင်း သိရပါတယ်။ ၁၉၄၂ ခုနှစ် အစောပိုင်း BIA ခေတ်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးပါ။ ဒီအတွက် မိမိမှာ တာဝန်ရှိကြောင်း နောင်BBC နဲ့ အင်တာဗျူးမှာ ဗိုလ်ကျော်ဇော ဖြေကြားခဲ့ဖူးတယ်။

(၁၁) စံပြတပ်ရင်း ထူထောင်လေ့ကျင့်ပေးရခြင်း

၁၉၄၃ ခုနှစ်လောက်မှာ ဘီအိုင်အေ တပ်မတော်ဟာ တပ်ရင်း သုံးရင်းသာ ရှိနေခဲ့ရာမှ အဲဒီနှစ်မှာပဲ တပ်ရင်း(၄)(၅)(၆) တို့ကို အသစ်တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြန်တယ်။ တပ်ရင်း (၄) ကို ဗိုလ်ကျော်ဇောအား တပ်ရင်းမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီကာလရဲ့ ကောင်းမွန် ချက်တခုမှာ တပ်မတော်ရဲ့ အရာရှိ အကြပ်တပ်သားအားလုံးဟာ စစ်ပညာကို သူ့ထက်ငါ အားတက်သရော လိုက်စားလေ့လာခြင်း ဖြစ်တယ်။ သိပ်မကြာခင်မှာ ဗမာ့တပ်မတော်အတွက် ဗိုလ်သင်တန်းဖွင့်လှစ်ရေး လိုအပ်ချက်အရ တပ်ရင်းအသီးသီးမှ သင့်တင့်ကောင်း မွန်တဲ့ အကြပ်တပ်သား (၂၀) စီပေးပို့ရန် အထက်မှ တောင်းဆိုလာတယ်။ အဲဒီအကြပ်တပ်သားများကို သက်ဆိုင်ရာမှ စစ်ဆေးကြ ရာမှာ ဗိုလ်ကျော်ဇောတပ်ရင်းမှ ရွေးချယ်စေလွှတ်ပေးလိုက်သူများဟာ ဘာသာရပ် (၁၃) ရပ်လုံးမှာ ဗိုလ်စွဲခဲ့ကြလို့ ဗိုလ်ကျော်ဇောရဲ့ တပ်ရင်း (၄) ဟာ နာမည်ကျော်ကြားခဲ့တယ်။ 

ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ အကြီးအမှူး(၂) ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ် လကျာ်တို့က တပ်မတော်တရပ်လုံး တပ်ရင်း(၄)လို စစ်ပညာ၊ စစ်စည်းကမ်း ကောင်းမွန်လာစေရန် စံပြတပ်ရင်း ထူထောင်ဖို့လို အပ်ကြောင်း သဘောပေါက်လာခဲ့ကြတယ်။ ဒီအတွက် တပ်ရင်းတိုင်းက ကောင်းမွန်တဲ့ အကြပ်တပ်သား (၂၀) စီကို စံပြတပ်ရင်းသို့ ရွေးချယ်ပေးပို့ခိုင်းပြီး (၆) လကြာ စစ်ပညာ၊ စစ်စည်းကမ်းများကို သင်ယူတတ်မြောက်စေပြီးနောက် မိမိတပ်ရင်းများသို့ ပြန်ပြီး တပ်ရင်း များကို တပ်အသစ်တည်ဆောက် ကြဖို့ဖြစ်ပါတယ်။ 

ဒီလိုနဲ့ ဗမာ့တပ်မတော်တည်ဆောက်ရေးအတွက် အရေးကြီး တာဝန် တရပ်ဖြစ်တဲ့ တပ်မှူးကောင်းအတော်များများကို စံပြတပ်မှ မွေးထုတ်ပေးနိုင်ခဲ့ပြီး စံပြလေ့ကျင့်ရေးတပ်ရင်း သင်တန်းလည်း ပြီးဆုံးခဲ့တယ်။ ဒါပေမဲ့ အဲဒီကာလမှာပဲ အခြေအနေရဲ့ တောင်းဆိုမှုအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက တပ်ရင်း(၃) ရင်း တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပြန်လို့ ၎င်းတပ်များ အပါအဝင် ရန်ကုန်မှာရှိနေတဲ့ ကရင်တပ်ခွဲအချို့ကို ကရင်တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းကာ စစ်ပညာသင်ကြားရေး အုပ်ချူပ်ကွပ်ကဲရေး တို့ကို ဗိုလ်ကျော်ဇောအား တာဝန်ပေးပြန်တယ်။

(၁၂) ဖတပလ ပေါ်ပေါက်ရေးတာဝန်ကို ထမ်းရွက်ရခြင်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်လာခြင်း

အဲဒီကာလမှာပဲ ဂျပန်တော်လှန်ရေးအတွက် အခိုင်အမာပြင်ဆင်နိုင်ရေး ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးတို့ တွေ့ဆုံညှိနှိုင်း တိုင်ပင်ဖို့ အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးမှုအရ သခင်သန်းထွန်းဆီ တက်တက်ကြွကြွ သွားခဲ့တယ်။ သခင်သန်းထွန်းက သခင်စိုးနဲ့ တွေ့ရေးကို စီစဉ်ပေးမယ့် ကွန်မြူနစ်ပါတီလူကြီးတဦးဖြစ်တဲ့ သခင်မြသွင်အိမ်သို့ သွားရန်လမ်းညွှန်လိုက်ပါတယ်။ စာတစောင်လည်း ပေးလိုက်ပါတယ်။ သခင်မြသွင်ရဲ့ အခိုင်အမာ စီစဉ်ပေးမှုအောက်မှာ သခင်စိုးကို ခေါ်ယူရန် သခင်စိုး ပုန်းအောင်း အလုပ်လုပ်နေတဲ့ ဒေးဒရဲမြို့နယ်၊ ဂွကလေးရွာကို ပဲခူးကိုကြီးမြင့်၊ ဒလဗိုလ်ထွန်းစိန်၊ ကိုကြီးမြင့် သူငယ်ချင်း ကိုဖေညွန့်၊ နောက်ထပ် ကိုကြီးမြင့် စည်းရုံး ထားသူ ဘီအိုင်အေ တပ်မှူးဟောင်းတယောက်တို့နဲ့အတူ မော်တော်ဖြင့် ရောက်သွားခဲ့တယ်။ အဲဒီမှာ သခင်စိုးက ဗိုလ်ချုပ်အောင်ဆန်း ထံ ခွင့်တောင်းပြီး ရောက်လာသူများအား ‘အနုပဋ္ဋိလောမ’ နဲ့ ‘မာက့်စ်ဝါဒ’ ဘာသာရပ် ၂ ခုကို သင်တန်းပေးပြီ စည်းရုံး သိမ်းသွင်းခဲ့ရာမှ ဂျပန်တော်လှန်ရေးမတိုင်မီ ၁၉၄၄ ခုနှစ်ထဲမှာ ကွန်မြူနစ်ပါတီဝင်တဦးဖြစ်ခဲ့တယ်။

“ဤနိုင်ငံရေးသင်တန်း၏ အဓိကအချက်မှာ ကျွန်တော်တို့၏ လူ့ဘဝအမြင်ကို အကြီးအကျယ် ပြောင်းလဲသွားစေခြင်းဖြစ်ပါသည်။

“ဤတန်းတူသော ချမ်းသာဝပြောသော၊ ဒီမိုကရေစီကျသော ငြိမ်းချမ်းသော ကွန်မြူနစ်လောကသာလျှင်ကမ္ဘာလူသားတို့၏ တော်လှန် သော ယဉ်ကျေးမှုနှင့် ကိုက်ညီပေသည်။ ဤသည်သာ ယဉ်ကျေးသောလူသားတို့၏ ဘဝဖြစ်ပေသည်ဟု ကျွန်တော်တို့ ကွန်မြူနစ်ဘဝ ကို နားလည်လာကြပါသည်။

“ထိုကြောင့် ဤကမ္ဘာကြီးကို ကွန်မြူနစ်ကမ္ဘာကြီးဖြစ်အောင် တော်လှန်ပြောင်းလဲရေးအတွက် ကြိုးစားရာတွင် ကျွန်တော်တို့ ပါဝင်ကြ မည်။ ကျွန်တော်တို့သည် မြန်မာပြည်သားများဖြစ်၍ ပထမဆုံး ကွန်မြူနစ်ဗမာပြည်ဖြစ်အောင် တော်လှန်ရေးလုပ်ရာတွင် မိမိတို့ ပါဝင်လုပ်ဆောင်ကြမည်။ လူ့ဘဝတွင် ကွန်မြူနစ်ဖြစ်ရခြင်းသည် အမွန်မြတ်ဆုံးသော ဘဝကြီးဖြစ်ပေသည်ဟု ယူဆလာကြခြင်းဖြစ်ပါ သည်” ဟု သူ့အတ္ထုပ္ပတ္တိတွင် ဗိုလ်ကျော်ဇောက သူကွန်မြူနစ်ပါတီဝင်ဖြစ်လာခြင်းနဲ့ ပတ်သက်လို့ ရှင်းလင်းရေးသားထားခဲ့တယ်။

(၁၃) အိမ်ထောင်ပြုရေး ဆုံးဖြတ်ချက်ကျခြင်း

ယခင်က တိုင်းပြည်လွတ်လပ်ရေးရပြီးမှ အိမ်ထောင်ပြုရေးကိစ္စကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ချက်ချထားရာမှ ၁၉၄၄ ခုနှစ်ကုန်ခါနီး ဒေးဒရဲသို့ သခင်စိုးအား လိုက်ပို့ပြီးနောက် ဂျပန်ခေတ် BDA တပ်မတော်ကာလတွင် မိမိရဲ့ လူမှုရေးဘဝ အပြောင်းအလဲလုပ်ရန် စိတ်ကူး ဆုံးဖြတ်လိုက်တော့တယ်။ အသက်အားဖြင့်လည်း ၂၅-၂၆ နှစ်ရှိသွားပါပြီ။ ဒီကိစ္စကို ဗိုလ်ကျော်ဇောက သူ့ရဲ့တော်လှန်ရေးရဲဘော် နှစ်ဦးဖြစ်တဲ့ ကိုကြီးမြင့်နဲ့ ကိုထွန်းစိန်တို့ကို ဖွင့်ဟတိုင်ပင်တဲ့အနေနဲ့ သူလက်ထပ်မယ့် သူ့ရည်းစားဟာ သာယာဝတီ အရေးပိုင် ရုံးအုပ်စာ ရေးကြီးရဲ့ တဦးတည်းသော သမီးအဖြစ် ချမ်းချမ်းသာသာ နေထိုင်ခံရသူအဖြစ် ပြောပြတဲ့အခါ ကွန်မြူနစ်တော်လှန်ရေးသမားတဦးရဲ့ ဇနီး အဖြစ် နောင်မှာ ဆင်းဆင်းရဲရဲနေထိုင်နိုင်ပါ့မလားလို့ စိုးရိမ်ပူပန်မှု အနည်းအကျဉ်းရှိကြပေမယ့် ငယ်ရည်းစားဖြစ်လို့ သဘောကျကြ တယ်။ ကိုကြီးမြင့်ကိုယ်တိုင်လည်း သုံးဆယ်မြို့အထိ သွားရောက် အကဲခတ်ပေးတယ်။ တကယ်တော့ ဗိုလ်ကျောဇောနဲ့ သူချစ်သူတို့ဟာ တူအရီးတော်စပ်သူတွေလည်း ဖြစ်ကြတယ်။

ဗိုလ်ကျော်ဇောက သူ့ကိုချစ်တဲ့ သူ့အဖေရဲ့ ညီအရင်းဦးလေးခန့်ကို သူတို့ချင်းမေတ္တာမျှနေတာမို့ တောင်းရမ်းပေးဖို့ ပြောပြတော့ ဗိုလ် ကျော်ဇောချစ်သူ မသန်းစိန်ရဲ့ အဖေကြီးက စစ်အတွင်းမှာမို့ ဘယ်နေ့သူ့သမီး မုဆိုးမဖြစ်မလဲဆိုပြီး ပူနေရမှာမို့ စစ်ပြီးမှပဲ လက်ထပ်ပေး နိုင်မယ်ပြောလိုက်လို့ ဦးလေးခန့်လည်း စိတ်ပျက်ပြန်လာရတော့တယ်။ ဒါပေမဲ့ မသန်းစိန်က မစောင့်တော့ဘဲ မောင်ခေါ်ရာ လိုက်တော့ မယ်ဆိုပြီး ဦးလေးခန့်ကို လိုက်ပို့ခိုင်းလို့ ဦးလေးခန့်က ဗိုလ်ကျော်ဇောရှိရာကို ခေါ်လာအပ်ထားပေးလိုက်တယ်။ ဒီလိုနဲ့ ဗိုလ်ကျော်ဇော လည်း BIA ခေတ်တလျှောက်လုံး မိမိစီးနေတဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဝန်ကြီးရုံးထောက်ပံ့ရေးမှူး ဗိုလ်မှူးထံ မိမိလက်ထပ်ရေး အတွက် ရောင်းလိုကြောင်းပြောပြရာ ထောက်ပံ့ရေးမှူး ဗိုလ်မှူးက မြန်မာကျပ်ငွေ ငါးသောင်းပေးလိုက်လို့ ဦးလေး၊ ဒေါ်လေးတို့ကို လက် ထပ်ပေးဖို့ အဲဒီငွေကို အပ်ထားလိုက်ပါတယ်။

အဲဒီနောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လကျာ်ကို ဇနီးလောင်းချစ်သူလိုက်လာလို့ လက်ထပ်တော့မယ့်အကြောင်းကို ပြောပြပြီး လက်ထပ်မယ့် အစီအစဉ်ကို ဗိုလ်လကျာ်နဲ့ တိုင်ပင်ဆွေးနွေးပါတယ်။ လက်ထပ်ပွဲကို ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြုလုပ် ပါတယ်။ ဗိုလ်လကျာ်စီစဉ်ပေးတဲ့အတိုင်း ခေါင်းဆောင်ကြီး သခင်မြအိမ်မှာ ပြုလုပ်ပါတယ်။ လက်ထပ်ပေးသူမှာ သခင်နုဇနီးမောင်နှံ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက မင်္ဂလာသြဘာစကား ပြောကြား ချီးမြှင့်ပေးပါတယ်။ လက်ထပ်ပွဲမှာ ခပ်ကျဉ်းကျဉ်းဖြစ်ပေ မယ့် သိုက်သိုက်မြိုက်မြိုက်ရှိပါတယ်။ ဗိုလ်ကျော်ဇောရဲ့ ခေါင်းဆောင်လူကြီးများ မိတ်ဆွေများ ရဲဘော်များတက်ရောက်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးဒေါ်ခင်ကြည်တို့လည်း တက်ရောက်ကြပါတယ်။ သုံးဆယ်မှ နှစ်ဖက်မိဘ ဆွေမျိုးများလည်း လာကြပါတယ်။ မင်္ဂလာပွဲမှာ ချောချောမောမောနဲ့ ပြီးဆုံးသွားပါတယ်။ လက်ထပ်ပြီးနောက် ဗိုလ်ကျော်ဇောရဲ့ ဦးဝိစာရလမ်းအိမ်ကို တပျော်တပါးကြီး ပြန်လာကြပါတယ်။

နောင်မှာ သူတို့ဇနီးမောင်နှံက သားသမီး ၅ ယောက်ထွန်းကားခဲ့တယ်။ အငယ်ဆုံးတယောက်သာ အသက် ၂၀ ဝန်းကျင်မှာ လူ့လောကကို စွန့်ခွာသွားပေမယ့် ကျန်သူများအားလုံးကို ခေတ်နဲ့ လျော်ညီစွာ ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။

(၁၄) ဖက်ဆစ်ဂျပန်တော်လှန်ရေး တိုင်း(၄) ရဲ့ တိုင်းမှူးဖြစ်လာခြင်း

၁၉၄၂ ခုနှစ်ကတည်း ဖက်ဆစ်ဂျပန်ဆန့်ကျင် တော်လှန်ရေးကို လျှို့ဝှက်စည်းရုံးလုပ်ကိုင်နေတဲ့ သခင်စိုးကို သခင်သန်းထွန်းရဲ့ တာဝန် ပေးချက်အရ ဗိုလ်ကျော်ဇောနဲ့ ရဲဘော်တသိ်ုက်က ခေါ်ယူလာတယ်။ သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဗိုလ်ကျော်ဇောရဲ့ ပဲခူး နေအိမ်မှာ ၁၉၄၄ သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ၃ ရက်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်။ အဲဒီလိုဆွေးနွေးအပြီးမှာ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ နောင်ဖဆပလ) ကို စတင်ဖွဲ့စည်းခဲ့လို့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင် လိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။ စတင်ဖွဲ့စည်းလိုက်စဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ)နဲ့ အာရှလူငယ်အဖွဲ့တို့ပါဝင်ခဲ့တယ်။ 

အဖွဲ့ချုပ်က ခေါင်းဆောင်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေး တပြည်လုံး ဆင်နွှဲသွားဖို့ အဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးကို ဗိုလ်ချုပ်အောင် ဆန်းရဲ့ ယခုနတ်မောက်လမ်းရှိနေအိမ်မှာ ၁၉၄၅ ခု မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (၃) ရက်ကြာ စုဝေးတိုင်ပင်ခဲ့ကြတယ်။ နောက်ဆုံးနေ့မှာ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲသွားဖို့ စစ်တိုင်း (၇) တိုင်းနဲ့ အထူးတိုင်း (၃) တိုင်း ဖွဲ့စည်းခဲ့တယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုအရ ဗိုလ်ကျော်ဇောဟာ တိုင်း (၄) ရဲ့ တိုင်းမှူးနဲ့ သခင်ချစ်(နောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့) က နိုင်ငံရေးမှူးဖြစ်လာတယ်။

(၁၅) ဂျပန်တော်လှန်ရေးရက် ပြင်ဆင်ရေးအတွက် အကြံပြုခြင်း

ဖက်ဆစ်ဂျပန်တော်လှန်ရေး ရက်သတ်မှတ်ရန်အတွက် တော်လှန်ရေးကောင်စီက ဗိုလ်ချုပ်အောင်ဆန်းကို တာဝန်ပေးထားရာ အရပ်ရပ် အခြေအနေများကို သုံးသပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေးရက်အဖြစ် ၁၉၄၅ ခုနှစ် မတ်လ ၂၅ ရက်၊ ည (၆) နာရီမှာ မိမိ တို့တပ်များ အဆင်သင့်ဖြစ်နေရေးကို ပထမဆုံးအကြိမ် ရက်ချိန်းသတ်မှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဂျပန်တပ်များရဲ့ အခြေအနေ အပြောင်းအလဲကြောင့် သတ်မှတ်ရက်ကို ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့၊ ည (၇) နာရီမှာ စတင်တော်လှန်ကြရန် ရက်ချိန်းကို ပြင်လိုက် ရတယ်။ ဒီကာလအတွင်း မိမိတို့တပ်ဖွဲ့များဟာ အိမ်ထောင်သည်များနဲ့ သားသမီးများကို လုံခြုံရာ ရန်ကုန်သို့ ရွှေ့ကြပြောင်းကြလုပ်ကြလို့ ရန်ကုန်နဲ့ ပဲခူးလူထုအတွင်း ဂျပန်ကိုတော်လှန်တိုက်ခိုက်တော့မယ့် သတင်းအစအနများ ပျံ့နှံ့နေတာကို တိုင်း (၄) ကော်မတီက သိရှိပြီး တော်လှန်ရေးတခုလုံး ထိခိုက်နိုင်လို့ ဘယ်လိုလုပ်သင့်သလဲ၊ အစည်းအဝေးထိုင် ညှိနှိုင်းတိုင်ပင်ကြတယ်။ 

တော်လှန်ရေးကို ဧပြီလ (၂) ရက်ထက်စောပြီး ဗိုလ်ချုပ်အောင်ဆန်းထံနဲ့ တပ်ဖွဲ့အသီးသီးသို့ ဆုံးဖြတ်ချက်သတင်း အစောဆုံးအရောက်ပို့နိုင်မယ့်ရက်ကို တော်လှန် ရေးရက်အဖြစ် ပြောင်းလဲသတ်မှတ်ကြရန် ယူဆမိပြီး တော်လှန်ရေးရက်ကို ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်၊ ည (၇) နာရီစတင်ရန်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ၎င်း ရက်ရွှေ့ဆိုင်းရတဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်ဖွဲ့အသီးသီးကို ချက်ချင်းအကြောင်းကြား ရန် ဆက်သားဖြင့် စီစဉ်ပို့ရတော့တယ်။ မိမိတို့ထင်မြင်ချက်နဲ့ မိမိတပ်ဖွဲ့ရဲ့ အကျပ်အတည်း(အ)ရ ဒီလို ရက်ရွှေ့ရေးကို တင်ပြလိုက်ရပေမယ့် ဗိုလ်ချုပ်တို့ရဲ့ အပြစ်တင်ပြောဆိုခံရလိမ့်ဦးမလားလို့ စိတ်ထဲတထင့်ထင့် ရှိနေခဲ့ရတယ်။ 

ဒါပေမဲ့ ဗမာပြည်သူလူထုရဲ့ သမိုင်းဝင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်၊ ည (၇) နာရီတွင် တပြည်လုံး မိမိတို့က လက်ဦးမှုရှိစွာ အောင်မြင်စွာ စတင်နိုင်ခဲ့တယ်။ နောင်တော်လှန်ရေး အောင်ပွဲခံပြီးစ ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မှာ ဗိုလ်ကျော်ဇောနဲ့ တွေ့တဲ့အခါ “တော်လှန်ရေး ရက်ဟာ အားလုံးဟန်ကျပြီး အားလုံးအံကိုက်ဖြစ်သွားတာပဲ” လို့ပြောဆိုခဲ့တာကို ဗိုလ်ကျော်ဇောက သူ့အတ္ထုပ္ပတ္တိ ရေးနေတဲ့ အသက် ၈၀ အရွယ်ထိ မမေ့နိုင်ဘဲ အမှတ်တရ ဖော်ပြထားခဲ့တယ်။

(၁၆) ဖက်ဆစ်တော်လှန်ရေးအတွင်း တိုင်း (၄) ရဲ့ စွမ်းဆောင်ချက်များ

တိုင်း (၄) က ဂျပန်ဖက်ဆစ်တော်လှန်ရေးစတင်လိုက်ကတည်းက နောက်ဆုံးဂျပန်လက်နက်ချသွားတဲ့အထိ တိုက်ခဲ့တဲ့ တိုက်ပွဲစုစုပေါင်း မှာ ၃၂၄ ပွဲဖြစ်ပြီး၊ ရန်သူ (၂၇၇၄) ယောက်သေ၊ (၁၁၈၄) ယောက်ဒဏ်ရာရကာ သုံ့ပန်း ၂၅ ယောက်ဖမ်းမိခဲ့တယ်။ ရန်သူ့လက်နက်ခဲ ယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သလို ရန်သူ့မီးရထားနဲ့ မော်တော်ကားများကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်မှာစတင်ခဲ့ပြီး (၅) လအကြာ သြဂုတ်လ (၁၄) ရက်နေ့မှာ တပြည်လုံး အောင်ပွဲခံခဲ့တယ်။ အခုလို အချိန်တိုတိုနဲ့ အောင်ပွဲခံလိုက်မှုအပေါ် ဗိုလ်ကျော်ဇောက အောက်ပါအတိုင်း သုံးသပ်ခဲ့တယ်။ 

(၁) တော်လှန် ရေးရဲ့ ခေါင်းဆောင်မှု ရဲရင့်မှန်ကန် ကောင်းမွန်ခြင်း။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးအရ ခေါင်းဆောင်မှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ရေးအရ ခေါင်းဆောင်မှုတို့အောက်တွင် သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်လမ်းစဉ်ချမှတ်မှုများ၊ လူထုစည်းရုံးမှုများ အလွန်ကောင်းမွန် မှန်ကန်ခြင်း 

(၂) တတိုင်းတပြည်လုံး စည်းလုံးညီညွတ်စွာဖြင့် (ဖတပလ) နောင် (ဖဆပလ) ဖက်ဆစ်တော်လှန်ရေး အမျိုးသားညီညွတ် ရေးတပ်ပေါင်းစု အဖွဲ့ချုပ်ကြီး ဖွဲ့စည်းပြီး လက်ဝဲလက်ယာ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ဘာသာရေး ရဟန်းသံဃာများ၊ လူမျိုးစုအဖွဲ့များ၊ အားလုံးသော လူထုကြီးတရပ်လုံး ပါဝင်လာအောင် စည်းရုံးဖွဲ့စည်းပြီး တော်လှန်နိုင်ခြင်း 

(၃) ဖက် ဆစ်တော်လှန်ရေး တိုက်ပွဲတွင် တော်လှန်သော ပြည်သူ့စစ်ပွဲ သဘောတရားနည်းနာများအတိုင်း လုပ်ဆောင်ခဲ့ခြင်း။ မိမိတို့ဘဝအသိဖြင့် ဖက်ဆစ်ဂျပန်တို့ကို တူးတူးခါးခါး ရွံရှာမုန်းတီးနေတဲ့ ပြည်သူတရပ်လုံးက အဖက်ဖက်က တိုက်ခိုက်ရေး၊ ထောက်ပံ့ကူညီရေး အမျိုး မျိုးတွင် ပြည်သူများက ပါဝင်ပေါင်းစပ်တဲ့ ပြည်သူ့စစ်ပွဲကြီးမှာ ပြည်သူအားလုံးဟာ ရဲရင့်တက်ကြွစွာ တိုက်ခိုက်ခဲ့ခြင်း 

(၄) ဖက်ဆစ် တော်လှန်ရေးဟာ မိမိနိုင်ငံ တနိုင်ငံတည်းမဟုတ် တကမ္ဘာလုံးက ဆန့်ကျင်တိုက်ခိုက်ကြတဲ့ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစု ကြီးထဲ ပါဝင်ပြီး ကမ္ဘာ့တော်လှန်ရေး ရေစီးကြောင်းကြီးထဲပါဝင်ဆင်နွဲခဲ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးမျိုးသော အထောက်အပံ့ အကူအညီများ ရရှိခဲ့ခြင်းတို့ကြောင့်ဖြစ်တယ်လို့ မှန်ကန်စွာ သုံးသပ်ခဲ့တယ်။

(၁ရ) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယအကြိမ်ကွန်ဂရက်နဲ့ ဗိုလ်ကျော်ဇော ဗဟိုကော်မတီဝင်ဖြစ်လာခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဂျပန်တော်လှန်ရေးရဲ့ အရှိန်အဟုန်မြင့်တက်လာပြီး အောင်ပွဲအကြိုကာလမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဟာ လူထုအကြားမှာ ဘွားကနဲပေါ်ပေါက်လာတယ်။ ၁၉၄၅ ခု၊ ဇူလိုင် (၂၀) ရက်မှာ ပါတီရဲ့ ဒုတိယအကြိမ်ကွန်ဂရက်ကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဗားကရာလမ်း၊ ပါတီဌာနချုပ်မှာ သခင်သန်းထွန်းနဲ့ သခင်စိုးတို့ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပလိုက်တယ်။ ကွန်ဂရက်သို့ ဂျပန်နဲ့ ရင်ဆိုင် တိုက်ခိုက်နေတဲ့ ဗမာ့တပ်မတော်အတွင်းမှ ပါတီဝင်များ၊ ပြောက်ကျားခေါင်းဆောင်ပါတီဝင်များ၊ စစ်တောင်းမြစ်တဖက်ကမ်း၊ ရန်သူ ဖက်ဆစ်ဂျပန်တို့ရဲ့ နောက်ကျောမှ တိုက်ခိုက်နေကြတဲ့ ပါတီဝင်တပ်သားများလည်း ပါဝင်တက်ရောက်ကြတယ်။ ဗိုလ်ကျော်ဇော လည်း ဖိတ်ကြားချက်အရ ဒီကွန်ဂရက်ကို တက်ရောက်ခဲ့တယ်။ 

ကွန်ဂရက်မှာ သဘာပတိအဖြစ် သခင်သန်းထွန်းက မိန့်ခွန်းပြောကြားခဲ့ ပြီး သူ့မိန့်ခွန်းမှာ “လွန်ခဲ့တဲ့ ၃ နှစ်ပတ်လုံး ပုန်းလျှိုးကွယ်လျှိုးနှင့် မြေအောက်ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့ရတဲ့ ကျုပ်တို့ပါတီဟာ ဂျပန် ဖက်ဆစ်တို့ကို ဗမာပြည်မှာ အောင်နိုင်ပြီး တိတိလင်းလင်း ပေါ်ထွက်လာပါပြီ။ ကျုပ်တို့ပါတီဟာ စစ်နိုင်တဲ့ပါတီအဖြစ်နဲ့ မားမားမတ်မတ် ကြီး ပေါ်ထွက်လာပါပြီ။ ကျုပ်တို့ အခုတွေ့ဆုံစည်းဝေးတာဟာ ပထမကွန်ဂရက်လို တထိတ်ထိတ်တလန့်လန့်နဲ့ စည်းဝေးတာမဟုတ်ဘဲ စစ်နိုင်သူတွေအနေနဲ့ တိတိလင်းလင်း မြေပေါ်မှာ စည်းဝေးကြတာဖြစ်တယ်” လို့ အောင်ပွဲကို ဂုဏ်ပြုပြောသွားခဲ့တယ်။ 

ကွန်ဂရက် နောက်ဆုံးနေ့မှာ ဗဟိုကော်မတီ ရွေးကောက်တင်မြှောက်ကြရာ ဗိုလ်ကျော်ဇောဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုရွေးကောက်တင်မြှောက်ခံရခြင်းနဲ့ ပတ်သက်လို့ “ကျွန်တော့်ကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဝင်လူကြီး တယောက်အဖြစ် တင်မြှောက်ကြခြင်းမှာ ကွန်ဂရက်တက်ရောက်လာသူ ရဲဘော်ရဲဘက်ကြီးများက ကျွန်တော် တိုင်းပြည်အတွက် လုပ်ကိုင်ခဲ့တာတွေ၊ အထူးသဖြင့် (၁၉၄၅) ခုနှစ်ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ကျွန်တော်၏ ဆောင်ရွက် ချက်တို့ကို သိမြင်ကြိုက် နှစ်သက်ကြ၍ ရွေးကောက်ကြသည် ထင်ပါတယ်” လို့ သူ့ရဲ့ အတ္ထုပ္ပတ္တိမှာ ရေးသားခဲ့ပါတယ်။

(၁၈) နေသူရိန်အစည်းအဝေးတက်ရောက်ခြင်း

နောက် ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီး မှတ်တိုင်တခုဖြစ်တဲ့ နေသူရိန်အစည်းအဝေးကို ၁၉၄၅ သြဂုတ်လ (၁၉) ရက် ရန်ကုန်၊ ဗဟန်းရှိ နေသူရိန်ရုပ်ရှင်ရုံမှာ ဖတပလက ဦးစီးကျင်းပတယ်။ အစည်းအဝေးသဘာပတိအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပြီး၊ အတွင်းရေးမှူးအဖြစ် သခင်သန်းထွန်းက ဆောင်ရွက်ကာ အခမ်းအနားမှူးအဖြစ် သခင်ချစ်က ဆောင်ရွက်ခဲ့တယ်။ ဂျပန်ဖက်ဆစ် တော်လှန်ရေး တိုင်း (၄)ရဲ့ တိုင်းမှူး ဗိုလ်ကျော်ဇောက တပ်မတော်ကိုယ်စားလှယ်အဖြစ်နဲ့ “တနိုင်ငံလုံး စည်းလုံးညီညွတ်ရေး” အဆိုကို အမှတ်(၃) အဆိုအဖြစ် တင်သွင်းခဲ့တယ်။ ဒီနေသူရိန်အစည်းအဝေးဟာ သမိုင်းတလျှောက်မှာ အလွန်ကြီးကျယ်ခမ်းနားတဲ့ အစည်း အဝေးကြီးဖြစ်ပြီး ပြည်သူလူထုကြီးတရပ်လုံး လွတ်လပ်ရေးတိုက်ပွဲမှာ နိုးကြားတက်ကြွစွာ ပါဝင်လာရန် လှုံ့ဆော်ပေးခဲ့တယ်။

(၁၉) ကန္ဒီအစည်းအဝေးကို တက်ရောက်ခြင်းနဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်းများ

ဗမာ့လွတ်ရေးသမိုင်းမှာ နောက်ထပ်အရေးကြီးတဲ့ မှတ်တိုင်တခုကတော့ ၁၉၄၅ ခုနှစ် စက်တင်ဘာ (၇) ရက်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ “ကန္ဒီအစည်းအဝေးနဲ့ ကန္ဒီစာချုပ်”ပါ။ အရှေ့တောင် အာရှဒေသဆိုင်ရာ မဟာမိတ်တပ်များရဲ့ စစ်သေနာပတိချုပ် မောင့်ဘက်တန်နဲ့ မျိုးချစ်ဗမာ့တပ်မတော်ကိစ္စကို တွေ့ဆုံဆွေးနွေးရန် ဖတပလအဖွဲ့ချုပ် အမှုဆောင်အဖွဲ့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်စတဲ့ တပ် မတော် ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဖတပလရဲ့ အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းတို့ ဦးစီးရှေ့ဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းစေလွှတ်ခဲ့တယ်။ အဖွဲ့ဝင်အဖြစ် ဗိုလ်ကျော်ဇောပါဝင်ခဲ့ရတယ်။ 

ဒီလို နှစ်ဖက်ဆွေးနွေးပွဲကို ကိုယ်စားလှယ် (၂၅) ဦးတက်ရောက်ပြီး ၁၉၄၅ စက်တင်ဘာ (၆-၇) ရက်များမှာ အခိုင်အမာ ဆွေးနွေးကာ (၇) ရက်နေ့မှာ ဗမာဘက်မှ သခင်သန်းထွန်းနဲ့ ဗြိတိသျှဘက်မှ မောင့်ဘက်တန်တို့ သဘောတူ လက်မှတ်ရေးထိုးပါတယ်။ 

စာချုပ်ရဲ့အနှစ်သာရကတော့ ဗမာ့လွတ်လပ်ရေးကို ငြိမ်း ချမ်းစွာတောင်းဆိုနိုင်တယ်ဆိုတဲ့ အယူအဆအောက်မှာ အင်အား (၂) သောင်း ကျော်ရှိတဲ့ မျိုးချစ် တပ်မတော်ကို ဖျက်သိမ်းကာ၊ ၎င်း အနက်မှ တပ်သား (၅၂၀ဝ) နဲ့ အရာရှိ (၂၀ဝ) ကို အမြဲတမ်းတပ်မတော်ထဲသို့ ပူးပေါင်းဖွဲ့စည်းသွားရေးဖြစ်ပါတယ်။ 

ဒါကြောင့် ဗမာ့သေနတ်ကိုင်တပ်ရင်း (၃) (၄) (၅) ဆိုတာ ပေါ်ပေါက် လာပြန်ပါတယ်။ ဗိုလ်ကျော်ဇောဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၃) ရဲ့ ဒုရင်းမှူးဖြစ်လာသလို ဗိုလ်နေဝင်းနဲ့ ဗိုလ်ဇေယျတို့မှာလည်း တပ်ရင်း (၄) (၅) တို့ရဲ့ ဒုရင်းမှူးများဖြစ်လာခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ အမြဲတမ်းတပ်မတော်သို့ ဝင်ရောက်ပြီး၊ မကြာမီမှာပဲ တပ်ရင်း (၃၊ ၄၊ ၅) မှ ဗိုလ်ကျော်ဇော၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျတို့ဦးစီးတဲ့ အရာရှိ (၁၀) ဦးစီနဲ့ ဗိုလ်အောင်ရွှေ ရှေ့ဆောင်တဲ့ မိတ္ထီလာနဲ့ မေမြို့မှ မြန်မာအရာရှိအချို့ဟာ အင်္ဂလိပ်များပို့ချတဲ့ အင်္ဂလိ်ပ်စစ်ပညာသင်တန်းကို (၃) လကြာ တက်ရောက်ရပြန်တယ်။ သင်တန်းသို့ ဗိုလ်မှူးလကျာ်လည်း အတူတက်ရောက် လေ့လာတယ်။

(၂၀) ဗိုလ်ကျော်ဇောတို့ တပ်ရင်း ရန်ကုန်လုံခြုံရေးအတွက် တာဝန်ယူရခြင်း

အထက်ပါ သင်တန်းပြီးဆုံးတဲ့အခါ ဗိုလ်ကျော်ဇောဟာ မိမိတပ်ရင်း(၃) အခြေစိုက်ရာဖြစ်တဲ့ သံလျင်သို့ ပြန်ရောက်လာတယ်။ အဲဒီ ကာလ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရလို့ အမှတ် (၃) တပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဒုဗိုလ် မှူးကြီး ဖရစ်ဇယ်က တပ်ရင်းအရာရှိအားလုံးကို ခေါ်ယူပြီး အဖြစ်အပျက်ကို ရှင်းပြတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုကြောင့် ပြည်သူများမှာ များစွာတုန်လှုပ်ပြီး၊ ဘယ်သူလုပ်ကြံတာလဲ၊ ဘာကြောင့်လုပ်ကြံတာလဲဆိုတာ အားလုံးသိချင်နေကြပြီး၊ တဖက်မှာ ဒေါသထွက်နေကြ သလို တဖက်မှာလည်း အလွန်ဝမ်းနည်း ကြေကွဲနေကြတယ်။ တပ်ရင်း(၃)ကို ရန်ကုန်မြို့ ဂေါ်ရခါးကုန်းသို့ အမြန်ပြောင်းကာ မတည် မငြိမ်ဖြစ်နေတဲ့ ရန်ကုန်မြို့ အခြေအနေကို ထိန်းသိမ်းသွားရေး တာဝန်ပေးအပ်ခဲ့လို့ တပ်ရင်း (၃) ဟာ ရန်ကုန် ရောက်ရှိ အခြေစိုက်ခဲ့ ရတယ်။ 

ဒီအချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးသခင်သန်းထွန်းက ဗိုလ်ချုပ်တို့ လုပ်ကြံခံရတာဟာ ဗြိတိသျှနယ်ချဲ့ သမား တို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ကြေညာလိုက်ရာ ပြည်သူများကို နိုင်ငံရေးအရများစွာ မျက်စိပွင့်သွားစေခဲ့တယ်။ ဗြိတိသျှအစိုးရဟာ လုပ်ကြံမှုရဲ့ လက်သည်အဖြစ် ဂဠုန်စောကို အရေးယူပြနေပေမယ့် ပြည်သူများဟာ တကယ့်အရင်းခံလက်သည်ဟာ ဗြိတိသျှနယ်ချဲ့ အစိုးရ ဖြစ်တယ်ဆိုတာ သိမြင်နားလည်းနေပြီး ဗြိတိသျှအစိုးရကို အလွန်မုန်းတီးလာကြတယ်လို့ ဗိုလ်ကျော်ဇောက သူ့အတ္ထုပ္ပတ္တိမှာ ရေးထားခဲ့တယ်။

(၂၁) လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်

လွတ်လပ်ရေးမရခင်ကတည်းက ရခိုင်ပြည်မှာ ပုန်ကန်မှုတွေ ပေါ်ပေါက်လာလို့ ဗိုလ်ကျော်ဇော သွားရောက်နှိမ်နင်းဖို့ တာဝန်ပေးလို့ သွားရောက်နှိမ်နင်းခဲ့တယ်။ အဲဒီကာလမှာ တိုင်းပြည်လွတ်လပ်ရေးရလာတယ်။ ကျန်းမာရေးမကောင်းလို့ ဗိုလ်ကျော်ဇော စစ်တွေက နေ ရန်ကုန်ပြန်ရောက်ခဲ့ရတယ်။ အဲဒီကာလအတွင်း ၁၉၄၈ လွတ်လပ်ရေးဟာ မစစ်မှန် မပြည့်စုံတဲ့ လွတ်လပ်ရေးအဖြစ် ဝေဖန် သုံးသပ်ကြတဲ့ အငြင်းအခုံများ ပေါ်ပေါက်လာခဲ့တယ်။ နောက်ဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖဆပလတွင်းမှ ဆိုရှယ်လစ်ပါတီတို့ အကြီးအကျယ်စကားများကြပြီး အာဏာရဆိုရှယ်လစ်ပါတီက ကွန်မြူနစ်ပါတီခေါင်းဆောင်များကို သိမ်းကျုံးဖမ်းဆီးလာလို့ ကွန်မြူ နစ်ခေါင်းဆောင်များက ဖိနှိပ်မှုကိုဆန့်ကျင်တော်လှန်တဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာခဲ့ရတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီက တပ်မ တော်အတွင်းရှိ ကွန်မြူနစ်ပါတီဝင်အားလုံး တောခိုကြရန် တောတွင်းမှ လက်နက်နှင့် ပြန်လည်ခုခံကြရန် ညွှန်ကြားလာလို့ တပ်မတော် အတွင်းရှိ ကွန်မြူနစ်ပါတီဝင်များ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ တောခိုသွားကြတယ်။

 ဗိုလ်ကျော်ဇောကတော့ ကျန်းမာရေးမကောင်းတော့ ပါတီညွှန်ကြားချက်အတိုင်း မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါနဲ့ ပတ်သက်လို့ “ပေးသည့်တာဝန်ကို မလုပ်နိုင်သည့် အခြေအနေကြောင့် မလုပ် ဆောင်နိုင်ကလည်း အရေးမကြီးလှဟု သာမန်နိုင်ငံရေးသမားတဦးလို တွေးခေါ်မိပါသည်။ အမှန်မှာ ဘာပဲဖြစ် ဖြစ် ညွှန်ကြားချက်အတိုင်း လိုက်နာရမည်ကို ဤမျှမလေးနက်ခဲ့ပေ။ ထို့ကြောင့်လည်း ကျွန်တော်သည် ထိုအမှားကို ကျူးလွန်မိခဲ့ခြင်းဖြစ်သည်” ဟုဝေဖန် သုံးသပ် ခဲ့တယ်။ 

အဲဒီနောက်တော့ ပါတီနဲ့ အဆက်ပြတ်သွားကာ ဗမာ့တပ်မတော်ရဲ့ မြောက်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်း စစ်တိုင်းမှူးတာဝန်ကို လှည့်လည်ထမ်းဆောင်ရင် ဗမာပြည်ပြည်တွင်းစစ်မှာ ပါဝင်ပတ်သက်ခဲ့ရတယ်။

ပြည်တွင်းစစ်နဲ့ ပတ်သက်လို့လည်း ဗိုလ်ကျော်ဇောက “ပြည်တွင်းစစ်ကြီးအတွင်းမှာ တချိန်က ဗမာ့လွတ်လပ်ရေးအတွက် အတူတိုက်ပွဲ ဝင်လာခဲ့ကြသူများ အချင်းချင်းအကြား ပြန်လည်တိုက်ခိုက်ကြရပြီး ဗမာ့သားကောင်းသမီးကောင်း မြောက်မြားစွာ သေကျေခဲ့ကြရ သည်။ တိုင်းပြည်အတွက် နှမြောတသစရာ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ အချင်းချင်းအကြားမတိုက်ကြဘဲ မသေဆုံးကုန်ကြဘဲ အားလုံး တိုင်းပြည်ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးများမှာသာ ဝိုင်းအလုပ်လုပ်ကြမည်ဆိုလျှင် တိုင်းပြည်အတွက် ဘယ်လောက် ကောင်းလိုက်မလဲဟုလည်း စဉ်းစားနေမိပါသည်။ ပြည်တွင်းစစ်သည် ကျွန်တော်တို့တိုင်းပြည် တိုးတက်ရေးအတွက် အနှောင့်အ ယှက်ဖြစ်စေခဲ့သော အကြောင်းဆိုးကြီးဖြစ်စေခဲ့သည်ဟု ကျွန်တော့်စိတ်တွင်ထင်မြင်မိသည်” ဟု ရှင်းရှင်းလင်းလင်း ဝေဖန်သုံးသပ်ခဲ့ တယ်။

တချိန်တည်းမှာလည်း စစ်နဲ့ပတ်သက်လို့ “စစ်ဆိုသည်မှာ အနိဋ္ဌာရုံဖြစ်၍ ကျွန်တော်တို့ စစ်အားလုံးကို မုန်းတီးဆန့်ကျင်ရန် မသင့်ပေ။ စစ်ဆိုသည်မှာ လူတန်းစားတိုက်ပွဲပင်ဖြစ်၍ အဆိုးအကောင်း တရားတဲ့စစ် မတရားတဲ့စစ် ဟူ၍နှစ်မျိုးနှစ်စား အမြဲရှိနေပေသည်။ ကျွန် တော်တို့သည် မတရားသောစစ်ကို မုန်းတီးဆန့်ကျင်ရမည်ဖြစ်သော်လည်း တရားသောစစ်ကိုမူ ထောက်ခံအားပေးရမည် ဖြစ်ပေသည်။ သို့မှသာ ကမ္ဘာကြီးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆိုသည်မှာ လူ့သမိုင်းဖြစ်ပေါ်တိုးတက်မှုနှင့် မကင်းနိ်ုင်၊ ထို့ကြောင့်ပင် ကျွန်တော်တို့သည် တရားသောစစ်ကို ထောက်ခံအားပေးပြီး မတရားသောစစ်ကို ဆန့်ကျင်ရှုတ်ချရပေမည်” ဟု ခွဲခြမ်းစိတ်ဖြာလမ်းညွှန် ခဲ့တယ်။

(၂၂) လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းခြင်းနဲ့ ကူမင်တန်ကျူးကျော်မှုကိုတိုက်ထုတ်ခြင်း

၁၉၄၉ ခုနှစ်အကုန် ၁၉၅၀ လောက်ကစတင်ပြီး ယူနန်ပြည်နယ်မှ ကွန်မြူနစ်ဆန့်ကျင်ရေးသမား ဂျင်နရယ်လီမီ ဦးဆောင်တဲ့ ကူမင် တန်တပ်များဟာ ကျိုင်းတုံခရိုင်ဘက်ဝင်လာပြီး မိုင်းဆတ်မှာ အခြေချတယ်။ အဲဒီကနေ သံလွင်မြစ်အရှေ့ခြမ်းတခုလုံးသို့ ပျံ့နှံ့သွားပြီး မြောက်ပိုင်း‘ဝ’နယ်၊ ကိုးကန့်နဲ့ သိန္ဒီအထိလည်းကောင်း၊ ၁၉၅၂ ခုနှစ်မှာ မြောက်ပိုင်းကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်မှစကာ တောင်ပိုင်း မွန်ပြည်နယ်၊ မော်လမြိုင်ဘက်အထိ ထိုးဖောက်ကျူးကျော်တယ်။ တပ်သားစုဆောင်းရေးမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ တရုတ်များသာမက ယိုးဒယားရှိတရုတ်များကိုပါ စုဆောင်းတယ်။ အဲဒီနှစ်တနှစ်လုံး ဗမာပြည်အတွင်းပိုင်း ဝင်ရောက်ရေးကို အရှိန် အဟုန်နဲ့ လုပ်လာတယ်။ ဗမာပြည်တွင်းမှာ ပုန်ကန်ထကြွနေတဲ့ အစိတ်အပိုင်းများကို ဖျားယောင်းသွေးဆောင် စည်းရုံးတယ်။ ၎င်းတို့ ဟာ စီအိုင်အေရဲ့ ပူးပေါင်းကူညီမှုနဲ့ ထိုင်းဗမာနယ်စပ်မှာ အင်အားစုဆောင်းတိုးချဲ့ကာ တရုတ်ဗမာနယ်စပ်မှ တရုတ်ပြည်ကို ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးရေး အသေးစားစစ်ဆင်ရေးများလုပ်သလို ထိုင်ဝမ်မှ ကေဒါများ လက်နက်ခဲယမ်းများကို ပင်လယ်ရေကြောင်းမှ တိုက်ရိုက်ပို့ရေးနဲ့ ဗမာပြည်မှဘိန်းများကို ထိုင်းပုလိပ်များမှ တဆင့်ရောင်းနေခြင်းထက် ပင်လယ်ရေလမ်းမှ တိုက်ရိုက်လုပ်နိုင်လျှင် ပိုမိုအကျိုးအမြတ် ရနိုင်ကြောင်း သိရှိလာကာ ကရင်၊ မွန်သူပုန် များနဲ့ ဆက်သွယ်ကာ ပင်လယ်လမ်းကြောင်းဖွင့်ရေးကို ကြိုးစားခဲ့တယ်။ ထိုင်းနယ်စပ်ဟာ ရှမ်းပြည်နယ်နဲ့သာမက ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတို့နဲ့ပါ ဆက်စပ်နေပြီး ကူမင်တန်တပ်များမှာ တောင်ငူ၊ သံတောင် တဝိုက်အထိရောက်နေလို့ ဗမာပြည်အတွက်အန္တရာယ်ရှိနေပါတယ်။ ဒါကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီကလည်း ပြည်တွင်းစစ်ရပ်ပြီး ကူမင်တန် တရုတ်ဖြူအန္တရာယ်တွန်းလှန် ရေးကို တင်ပြလာနေပါတယ်။

ခေတ်ကလည်း ပါလီမန်ဒီမိုကရေစီခေတ်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်လည်း တစုံတရာ ရှိနေလို့ တိုးတက်တဲ့ အယူအဆရှိတဲ့ စာ စောင်များ၊ လက်ဝဲစာစောင်များ ထုတ်ဝေနေတာမို့ ပြည်သူလူထုက နိုးကြားနေကာ အထက်ပါ တရုတ်ဖြူကူမင်တန် ကျူးကျော်မှု ပြဿနာဖြေရှင်းရေးကို တင်ပြတောင်းဆိုလာတယ်။ 

အဲဒီကာလဟာ ဗမာ့တပ်မတော်အတွင်းမှာ ဆိုရှယ်လစ်များ အလွန်ခြေရှုပ်နေ ချိန်ဖြစ်တယ်။ တရုတ်ဖြူအန္တရာယ်ကို ကုလသမဂ္ဂ တိုင်ကြားရာမှာ နိုင်ငံခြားတပ်များ ရုပ်သိမ်းပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်နိုင်လို့ တရုတ်ဖြူများကို အလွယ်တကူမောင်းထုတ်နိုင်မယ်လို့ ထင်နေကြတယ်။ ဒါကြောင့်ပင် ဆိုရှယ်လစ်တပ်မှူးများထဲက အမာခံတဦးဖြစ်တဲ့ ဗိုလ်ကျော်စိုး(နောင် မဆလခေတ် ပြည်ထဲရေးဝန်ကြီး)ကို စစ်ဆင်ရေးမှူးချုပ်ခန့်ပြီး ‘နဂါးနိိုင်စစ်ဆင်ရေး’လို့ နာမည်ပေးကာ တရုတ်ဖြူ ကျူးကျော်မှုတိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့တယ်။ တချိန်တည်းမှာ ကုလသမဂ္ဂက ဖွဲ့စည်းပေးတဲ့ အမေရိကန်၊ ထိုင်ဝမ်၊ ထိ်ုင်း၊ မြန်မာ (၄) နိုင်ငံ စစ်ကော်မရှင်မှာ ဗိုလ်အောင်ကြီးက မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ခဲ့ပါတယ်။ နဂါးနိုင် စစ်ဆင်ရေးရှုံးနိမ့်ပြီး (၄) နိုင်ငံ စစ်ကော် မရှင်အစည်းအဝေးကလည်း ဘာမှမဖြေရှင်းနိုင်ခဲ့တဲ့အဆုံးမှာ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လမှာ ဗိုလ်ကျော်ဇောကို တရုတ်ဖြူအန္တ ရာယ်တွန်းလှန် တိုက်ခိုက်ရေးအတွက် မြောက်ပိုင်းတိုင်း၊ တိုင်းမှူးတာဝန်ပေးအပ် ပြောင်းရွှေ့ပေးလိုက်တယ်။ 

လွတ်လပ်ရေး ထိန်းသိမ်း ကာကွယ်ရေး ကူမင်တန်ကျူးကျော်မှုတိုက်ဖျက်ရေးအတွက် ဗိုလ်ကျော်ဇော ဦးဆောင်ပြီး ဘုရင်နောင်စစ်ဆင်ရေး(၁၉၅၄ မတ်လ ၁ ရက်မှ မေလကုန် အထိ) လည်းကောင်း၊ ရန်ကြီးအောင် စစ်ဆင်ရေးကို (၁၉၅၅ ဖေဖော်ဝါရီ မှ ဧပြီ ၂၂ ရက်အထိ) ဆင်နွှဲကာ တရုတ်ဖြူများကို အောင်မြင် စွာ မောင်းထုတ်နိုင်ခဲ့တယ်။

(၂၃) ဗမာ့တပ်မတော်မှ အနားယူပင်စင်ပေးခံရခြင်း

တရုတ်ဖြူမောင်းထုတ်ရေး တိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်ခိုက်လိုက်ပြီးနောက် ၁၉၅၅ ခုနှစ်မှ စတင်ကာ ဗိုလ်ကျော်ဇောရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာဟာ တပ်တွင်းသာမက တပ်ပြင်ပြည်သူများအကြားနဲ့ နိုင်ငံခြားအထိပါ ကျော်ကြားလာခဲ့ရုံမက ဒုဦးစီးချုပ်တာဝန် ပေးရေး ပြောဆိုသံများလည်း ထွက်ခဲ့တယ်။

အဲဒီအချိန်မှာ “အောင်မာဃစစ်ဆင်ရေးမှ ဖမ်းဆီးရရှိခဲ့တဲ့ ဗိုလ်ကျော်ဇောနဲ့ ပတ်သက်တဲ့ ဖိုင်တွဲကိစ္စ”ဆိုတာ ပေါ်ပေါက်လာတယ်။ ဒီစစ်ဆင်ရေးအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ်မှ စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကာ အဲဒီထဲမှာ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ ထိပ်တန်းလျှို့ ဝှက်ဖိုင်တွဲ ပါရှိလာတယ်။ ဖိုင်တွဲတွင်ပါရှိတဲ့ စာအချို့မှ အချက်အလက်များမှာ သခင်သန်းထွန်းထံ ဗိုလ်ကျော်ဇောက ရေးပေးတာလို့ ထင်ရတဲ့ အကြောင်းအချက်များ ပါရှိနေတယ်။ ဒါ့အပြင် တပ်တွင်းမှာ ဆိုရှယ်လစ်ပါတီကို ဆန့်ကျင်ကြတဲ့ တပ်မှူးများ လည်း ရှိနေသေးတော့ အဲဒီအင်အားစုနဲ့ ဗိုလ်ကျော်ဇောပေါင်းမိပြီး သူတို့ကို ဆန့်ကျင်လာမှာ ဆိုရှယ်လစ်တပ်မှူးများ စိုးရိမ်ကြောက် လန့်လာတယ်။ အဲဒီအကြောင်းပြချက်များဖြင့် ဗိုလ်ကျော်ဇောကို အရေးယူရန် တပ်တွင်းတပ်ပြင် ဆိုရှယ်လစ်များ စီစဉ်ကြတော့တယ်။


ဒီလိုသံသယဝင်ရခြင်းမှာလည်း အဓိကအားဖြင့် ဗိုလ်ကျော်ဇောက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်ဝါဒအပေါ် ဆန့်ကျင်ခြင်း၊ ရှုတ်ချတိုက်ခိုက်ခြင်း ဘယ်တုန်းကမှ လုပ်လေ့မရှိတဲ့ သဘောထားနဲ့ အပြုအမူကြောင့်လည်း ဖြစ်တယ်။

ဒါကြောင့် ၁၉၅၆ ခုနှစ် စက်တင်ဘာလမှာကျင်းပတဲ့ တပ်မှူးများညီလာခံတက်ဖို့ မင်္ဂလာဒုံရောက်နေတဲ့ ဗိုလ်ကျော်ဇောကို အိမ်အကျယ် ချုပ်ချလိုက်တော့တယ်။ ပထမအစီအစဉ်မှာ စစ်ခုံရုံးဖွဲ့၊ ရုံးတင်စစ်ဆေး အကြီးအကျယ် အပြစ်ပေးအရေးယူပြီး နောက်မှ ထောက်ထားလို့ ဆိုတဲ့ နာမည်နဲ့ ပင်စင်ပေးလိုက်ဖို့ ဖြစ်ပါတယ်။

လက်တွေ့အရ တရားရုံးအနေနဲ့ စစ်ဆေးရန် ဘာအထောက်အထားမှ မရှိတဲ့အတွက် တရက်သာစစ်ဆေးပြီး ဆက်မစစ်ဆေးတော့ဘဲ အမှုကို ရပ်ပစ်လိုက်ရတယ်။ စစ်ဦးစီးချုပ်ဗိုလ်နေဝင်းကနေ အုပ်ချုပ်ခွင့်အာဏာနဲ့ မိမိမကြိုက်သူကို အလုပ်ကထုတ်ပစ် ဖယ်ရှားနိုင်တဲ့ ဥပဒေဖြင့် ဗိုလ်ကျော်ဇောကို သူပုန်နဲ့ဆက်သွယ်သတင်းပေးနေတယ်လို့ သံသယဖြစ်စရာရှိနေပြီး မယုံကြည်ရတာကြောင့် တပ်က ထုတ်ပစ်ဖယ်ရှား လိုက်ရတယ်လို့ ကြေညာလိုက်တော့တယ်။ ဒီလိုနဲ့ ဗိုလ်ကျော်ဇောဟာ ၁၉၅၇ ခုနှစ် ဧပြီလ၊ သူ့အသက် ၃၈ နှစ်၊ စစ်မှုထမ်းသက် ၁၉၄၁ ခုနှစ်က စတွက်ရင် ၁၆ နှစ်အရမှာ တပ်မတော်မှ အငြိမ်းစားပေးခြင်း ခံလိုက်ရတော့တယ်။


(၂၄) ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခြင်း

တရုတ်ဖြူကျူးကျော်မှုကို မောင်းထုတ်လိုက်နိုင်တဲ့ ပြည်ချစ်တပ်မှူးတဦးအဖြစ် ပြည်သူလူထုအကြားမှာ ရေပန်းစားနေခဲ့ရာမှ တပ်မ တော်မှ အငြိမ်းစားပေး မောင်းထုတ်လိုက်တဲ့အခါ လူထုအကြားမှ ပျောက်ကွယ်မသွားတဲ့အပြင် ဗိုလ်ကျော်ဇောဟာ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းများမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လက်ရုံးတဆူအဖြစ် ပေါ်ပေါက်လာခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ ၁၉၅၉ ခုနှစ်က ပျက်သွားတဲ့ ပထမ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့အစား ဒုတိယအကြိမ် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရန် နိုင်ငံရေး ခေါင်းဆောင်အချို့ နဲ့တိုင်ပင်ပြီး “ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ရေးအဖွဲ့”ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး၊ အဖွဲ့ဝင်အဖြစ် ဗိုလ်ကျော် ဇော(အကြံပေး)၊ ဦးဘသော်၊ ဦးကျော်၊ လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်၊ ဦးသန့်ဇင် (တော်ဘုရားကလေး)တို့နဲ့ ဖွဲ့စည်းလိုက်တယ်။

၁၉၆၁ ခုနှစ်မှာ အမျိုးသားရေးပြဿနာတခု ပေါ်ပေါက်လာတယ်။ ၁၉၆၁ ဇန်နဝါရီလအတွင်း ဗမာ့တပ်မတော်ရဲ့ တရုတ်ဖြူတိုက်ခိုက်ရေး မဲခေါင် စစ်ဆင်ရေးအတွင်း တရုတ်ဖြူစစ်ဌာနချုပ်အတွင်းမှာ အမေရိကန်လုပ်လက်နက်များ ဖမ်းဆီးရမိခြင်းနဲ့ အမေရိကန်ရဲ့ တိုက်ရိုက် ဝင်ရောက်စွက်ဖက်နေမှုကြောင့် ဗမာ့တိုက်လေယာဉ်တစင်း ပျက်ကျသွားခဲ့သလို လေယာဉ်မှူးလည်း ကျဆုံးသွားခဲ့တယ်။ ဒါကြောင့် ဗမာပြည်မှာ တရုတ်ဖြူအရေးအခင်း ထပ်မံပေါ်ပေါက်လာပြီး လူထုကြီးက အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့တယ်။ ၁၉၆၁ ဖေဖော်ဝါရီ ၂၇ ရက်မှာ၊ စုရုံးဆွေးနွေးတိုင်ပင်ကြပြီး “ဗမာပြည် တရုတ်ဖြူ ကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီကြီး” ကို ဖွဲ့စည်းလိုက်တယ်။ လူမှုနယ်ပယ်အသီးသီးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း ၂၉ ဖွဲ့နဲ့ တသီးပုဂ္ဂလများပါဝင်တယ်။ အဲဒီအဖွဲ့မှာ ဗိုလ်ကျော်ဇော ကို ဥက္ကဋ္ဌအဖြစ်ထားကာ၊ ဒုဥက္ကဋ္ဌများအဖြစ် ဗိုလ်အုန်းတင်၊ ဗန်းမော်တင်အောင်စသူတို့ပါဝင်တယ်။

၎င်းကော်မတီကပဲ မတ်လ ၂၁ ရက်နေ့မှာ တိုင်းပြည်သို့ နှိုးဆော်ပန်ကြားလွှာတစောင် ထုတ်ဝေပြီး တရုတ်ဖြူကျူးကျော်မှုနောက်က ကြိုးကိုင်နေတဲ့ အမေရိကန်နယ်ချဲ့ရဲ့ အကြံအစည်ကို ဖော်ထုတ်ရှင်းလင်းပြီး တမျိုးသားလုံး စည်းလုံးညီညွတ်စွာ အုံကြွဆန့်ကျင်ရန် နှိုး ဆော်ခဲ့တယ်။ ဒီကော်မတီရဲ့ ရုံးကို ဗိုလ်ကျော်ဇောရဲ့ စမ်းချောင်း၊ ဆီဆုံလမ်း၊ အိမ်အမှတ် ၃၆ မှာ ဖွင့်လှစ်ထားခဲ့တယ်။ ၎င်း အမျိုးသားကော်မတီကပဲ ဧပြီလ ၉ ရက်နေ့၊ ကန်တော်မင်ပန်းခြံမှာ မြို့လုံးကျွတ်ဆန္ဒပြပွဲကြီး စည်းရုံးလှုံ့ဆော်ကျင်းပခဲ့ရာ လူထုသိန်းချီ တက်ခဲ့လို့ လွတ်လပ်ရေးကြိုးပမ်းစဉ် ၄၆-၄၇ ခုနှစ်များနောက်မှာ အကြီးမားဆုံးလူထုဆန္ဒပြပွဲကြီးလို့ ဆိုပါတယ်။

၁၉၆၁ ခုနှစ် မတ်လ ၉ ရက်နေ့၊ ဆရာကြီးမှိုင်းရဲ့ စမ်းချောင်း၊ ချမ်းသာလမ်း၊ အမှတ် ၅ နေအိမ်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒုတိယအဖွဲ့ ကို ထူထောင်လိုက်ပါတယ်။ ဆရာကြီးမှိုင်းက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကျော်ဇောက ဒုဥက္ကဋ္ဌအဖြစ်နဲ့ အဖွဲ့ဝင် ၈ ဦးပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဖြစ်တယ်။ တဆက်တည်း ဒီပြည်တွင်းငြိမ်းချမ်းရေး ဒုတိယအဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့တယ်။ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ မုံရွာတင်ရွှေ စသူတို့ ဒီကော်မရှင်မှာပါဝင်ခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ၁၉၆၀ ခုနှစ်၊ မေလမှစတင်ပြီး လာရောက်စည်းရုံး ဟောပြောပေးရန်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ခွဲများ ဖွဲ့စည်းပေးရန် နယ်မြို့အသီးသီးမှ ဖိတ်ကြားကြပါတော့တယ်။ ပုသိမ်မြို့က စတင်ဖိတ်ကြားလာပြီး မြစ်ဝကျွန်းပေါ်ဒေသ မအူပင်၊ ကျိုက် လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန်စတဲ့မြိုးများသို့လည်းကောင်း၊ ပဲခူးတိုင်းအတွင်း ပဲခူး၊ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ ကြို့ပင်ကောက်၊ မင်းလှ၊ သာယာ ဝတီ၊ လက်ပံတန်းစတဲ့မြို့များသို့လည်းကောင်း၊ မန္တလေးတိုင်းအတွင်း မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းစတဲ့မြိုများသို့လည်းကောင်း၊ ဗမာပြည်တောင်ပိုင်း မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့မြို့များသို့လည်းကောင်း ၁၉၆၀ ခုနှစ်၊ မေလမှ ၁၉၆၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ တပြည်လုံးအနှံ့ မရပ်မနား ဖိတ်ကြားချက်အရ အဖွဲ့ဝင်များဟာ လှည့်လည် ဟော ပြောခဲ့ကြတယ်။ ဒီလိုနဲ့ ရန်ကုန်ခရိုင် ပြည်တွင်းငြိမ်းချမ်းရေး အင်အားပြပွဲကြီးလုပ်ရန် တာစူနေစဉ် ၁၉၆၂ ခုနှစ် မတ်လ ဗိုလ်နေဝင်းရဲ့ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်း မှုပေါ်ပေါက်လာပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ယာယီရပ်ဆိုင်းသွားခဲ့ပြန်တယ်။

(၂၅) တော်လှန်ရေးကောင်စီခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုနဲ့ ဗိုလ်ကျော်ဇော

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်နေဝင်းအာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာတော့တယ်။ ၁၉၆၂ ဇူလိုင် ၇ ရက်မှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီဝင်များက သမိုင်းမှာ မရှိဘူးတဲ့ ‘ဇူလိုင် ၇ ရက် လူသတ်ပွဲ’ကို ကျူးလွန်ခဲ့ကြ တယ်။ ဇူလိုင် ၈ ရက်မှာတော့ ဗမာ့လွတ်လပ်ရေးသမိုင်းဝင် အဆောက်အအုံဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို ဒိုက်နမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးပစ်လိုက်တဲ့ သမိုင်းမှာကြီးလေးတဲ့ အမှားကြီးကိုလည်း ဆက်လက်ကျူးလွန်လိုက်ပြန်တယ်။ ဒီဖြစ်ရပ်များရဲ့ တနှစ်ပြည့်ဖြစ်တဲ့ ၁၉၆၃ ခုနှစ် ဇူလိုင် ၇ ရက်မှာ ကျောင်းသားများက ဖြိုချဖျက်ဆီးခံလိုက်ရတဲ့ သမဂ္ဂအဆောက်အအုံ နေရာမှာ ကျောက်တိုင်ငယ်လေးတတိုင်စိုက်ထူပြီး ဓာတ်ပုံပြပွဲများ၊ အထိမ်းအမှတ်အခမ်းအနားများ လုပ်လာကြပါတယ်။ ကျောင်း သားများရဲ့လှုပ်ရှားမှု အရှိန်မြင့်တက်လာပြီး တညမှာတော့ အဆောင်တံခါးများပိတ်၊ တောင်းဆိုချက်များတင်ကာ ဆန္ဒပြပွဲစတင် လိုက်ပါ တော့တယ်။ ဒီဆန္ဒပြပွဲဟာ နှစ်ဖက်တင်းမာလာပြီး အာဏာပိုင်များဘက်က စစ်တပ်နဲ့ အတင်းအကျပ် ဝင်ရောက်စီးနင်းဖြိုခွဲမယ့် လက္ခ ဏာပေါ်ပေါက်လာလို့ ဗိုလ်ကျော်ဇောဟာ ရှေ့နေဦးထွန်းတင်နဲ့ ဆရာကြီးထံသွားကာ အကျိုးအကြောင်းတင်ပြပြီး ကျောင်း သားအရေးကို ဆရာကြီးရဲ့ ညွှန်ကြားချက်နဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ နှစ်ဖက်တင်းမာမှုဟာ ပြေလည်သွားပြီး သွေးထွက်သံယိုမရှိဘဲ ပြီးဆုံးသွားကာ မနက်လင်းအားကြီးမှာ ဗိုလ်ကျော်ဇောတို့ နှစ်ယောက်ဆရာကြီးထံ ပြန်ရောက်လာတယ်။ ကယ်ထုတ်လာတဲ့ ကျောင်း သားခေါင်းဆောင်လည်း ၂ ရက်လောက်အကြာမှာ လူတချို့က လာရောက်ခေါ်ယူသွားခဲ့တယ်။ နောင်မှာ သူဟာ NLD ရဲ့ ထိပ်တန်း ခေါင်းဆောင် ခရမ်းကိုတင်မောင်ဝင်းဆိုသူဖြစ်နိုင်တယ်လို့ ဗိုလ်ကျော်ဇောက မှတ်ယူထားပါတယ်။

(၂၆) ၆၃ ပြည်တွင်းငြိမ်းချမ်းရေး၊ ဆရာကြီးမှိုင်းနဲ့ ဗိုလ်ကျော်ဇော

ဗိုလ်နေဝင်း စစ်အစိုးရဟာ ‘၆၂ ဇူလိုင် ၇ ရက် ကျောင်းသားလူသတ်ပွဲ’ နဲ့ ‘ဇူလိုင် ၈ ရက် သမိုင်းဝင် အဆောက်အအုံဖြစ်တဲ့ ကျောင်း သားသမဂ္ဂ အဆောက်အအုံ ဒိုက်နမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခြင်း’ ဆိုတဲ့ ရာဇဝတ်ပြစ်မှုကြီး ၂ ခုကို ကျူးလွန်ပြီးနောက် မိမိရဲ့ ပုံရိပ်ကောင်းလာရေးအတွက် ၁၉၆၃ ခုနှစ်၊ ဇွန်လမှာ တောတွင်းလက်နက်ကိုင်အင်အားစုများသို့ ‘ငြိမ်းချမ်းရေးကမ်းလှမ်းချက်’ ကို ထုတ်ပြန်လိုက်ပါတယ်။ တချိန်တည်းမှာလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ ဗိုလ်ကျော်ဇောတို့ ငြိမ်းချမ်းရေးအဖွဲ့ကို သူတို့နဲ့အတူ တက်တက်ကြွကြွပါဝင် ဖိတ်ခေါ်သွားရေးကို လုပ်ဆောင်ပေးဖို့ ပြောဆိုမှုများရှိခဲ့ပေမယ့် ဆရာကြီးအပါအဝင် ငြိမ်းချမ်းရေး အဖွဲ့ဝင်များဟာ စစ်အုပ်စုရဲ့ ကောက်ကျစ် လှည့်ဖြားတတ်တဲ့ အမူအကျင့်ကို သတိရှိ သတိထားမိလို့ ရဲရဲကြီးရှေ့ထွက် ဖိတ်ခေါ်ခြင်းမပြုဘဲ ခပ်မှန်မှန်ရပ်တည်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးအဖွဲ့ဝင်များဟာ လက်နက်ကိုင်တောတွင်းအဖွဲ့ဝင်များကို ဗိုလ်နေဝင်းလက်သို့ ဝကွက်ပေးအပ် လိုက်သလိုဖြစ်မယ့် သမိုင်းကြွေးတင်မှာမျိုးကို အလွန်စိုးရိမ်ခဲ့ကြလို့ ဗိုလ်နေဝင်းတို့ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို သတိထားစောင့် ကြည့် ခဲ့ကြတယ်။

တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်လို့ စေ့စပ်ဆွေးနွေးဖို့ တောတွင်းအဖွဲ့အစည်းများ တသုတ်ပြီးတသုတ် ရောက်ရှိလာကြတယ်။ ရောက်လာတဲ့အဖွဲ့တိုင်းလောက်ကလည်း ဆရားကြီးမှိုင်းကို ဦးစွာပထမ လာရောက်တွေ့ဆုံနှုတ်ဆက်ကြလို့ ဗိုလ်ကျော်ဇောတို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ဝင်များမှာလည်း မအားလပ်နိုင်လောက်အောင် အလုပ်များခဲ့ကြရတယ်။

၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပဏာမ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကိုရောက်လာတယ်။ ရဲဘော်ဌေးခေါင်းဆောင်ပြီး ဗိုလ်ဇေယျလည်းပါလာတယ်။ သြဂုတ်လ ၃၀ ရက်နေ့မှာ ဆရာကြီးကို လာရောက်တွေ့ဆုံမယ်လို့ ထောက်လှမ်းရေးက အကြောင်းကြားလာတယ်။ ဗိ်ုလ်ကျော်ဇောနဲ့ ဦးထွန်းတင်အပါအဝင် လူအချို့ ဆရာကြီးအိမ်က လာရောက်စောင့်ကြ ပါတယ်။ ကိုယ်စားလှယ်အဖွဲ့က ဆရာကြီးအား ဦးသုံးကြိမ်ချ ဦးခိုက်ကန်တော့ကြပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောကြတယ်။ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ် အထူးသဖြင့် ဗိုလ်ကျော်ဇောနဲ့ ဗိုလ်ဇေယျတို့ တဦးကို တဦးဖက်ပြီး မျက်ရည်ကျမိကြနေပုံကို သတင်း ထောက်တဦးက တွေ့မြင်ဓာတ်ပုံမှတ်တမ်းတင်ရိုက်ယူပြီး နောက်နေ့သတင်းစာမှာ ထည့်လိုက်လို့ လူတိုင်းစိတ်ထိခိုက်ရတဲ့ မှတ်တမ်းဝင် ဓာတ်ပုံ ဖြစ်ခဲ့တယ်။ အဲဒီကာလမှာ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ကျော်ဇောက သူ့အိမ်ဖိတ်ကြားပြီး ထမင်းတနပ်ကျွေး ဧည့်ခံပါတယ်။ ဥက္ကဋ္ဌသခင်သန်းထွန်းကလည်း ဗိ်ုလ်ကျော်ဇောထံ ပုဂ္ဂိုလ်ရေးစာတစောင်ပါလာရာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထား များ၊ အဓိက ဆွေးနွေးမယ့်အကြောင်းအရာများကို ထည့်သွင်းရေးသား ပြောပြထားပါတယ်။ ဒါ့အပြင် ဗိုလ်ကျော်ဇောဇနီးအား နှုတ်ဆက် ကြောင်းနဲ့ ပါတီကြောင့် ဗိုလ်ကျော်ဇောမိသားစု ဒုက္ခရောက်ခဲ့ရမှုကို တောင်းပန်ကြောင်းလည်း ရေးသားဖော်ပြထားပါ တယ်။


ဒီကာလအတွင်း ပြည်သူလူထုကို တစုံတရာလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီပေးထားရလို့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးဟာ ပြည်တွင်းငြိမ်း ချမ်းရေးတောင်းဆိုတဲ့လှုပ်ရှားမှု ကျယ်ပြန့်ကြီးမားလာလို့တကြောင်း အထက်ဖော်ပြခဲ့သလို ဗိုလ်နေဝင်းအစိုးရဟာ ပြည်တွင်းငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ပုံရိပ်မကောင်းလှတဲ့ သူတို့အစိုးရရဲ့ ပုံရိပ်ကောင်းလာရေးလောက် ဟန်ပြသာလုပ်လိုတာကတကြောင်းမို့ စေ့စပ်ဆွေး နွေးပွဲကို ၄-၅ လအကြာမှာဖျက်သိမ်းပစ်လိုက်ပါတယ်။

တောတွင်းလက်နက်ကိုင်အဖွဲ့များမှ ဆွေးနွေးရေး ကိုယ်စားလှယ်များ ပြန်သွားပြီးနောက် အဲဒီကာလအတွင်း တက်တက်ကြွကြွ လှုပ်ရှား ခဲ့တဲ့ နိုင်ငံရေးသမားများကို ပိုက်စိပ်တိုက်ဖမ်းဆီးပါတော့တယ်။ ဆရာကြီးရှေ့ဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့လည်း လုပ်ငန်းအားလုံး ရပ် ဆိုင်းသွားပြီး ဆရာကြီးလည်း စိတ်ထိခိုက်ကာ အိပ်ရာထဲလဲပါတော့တယ်။

(၂၇) ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း

ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုကို တော်လှန်ရေးကောင်စီက တဖက်သတ်ဖျက်သိမ်းသွားပြီးနောက် ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ လမှာ အဖွဲ့အစည်းအားလုံးဖျက်သိမ်းရေး အမိန့်ဥပဒေပေါ်ထွက်လာလို့ ဆရာကြီးရှေ့ဆောင်ပြီး ဗိုလ်ကျော်ဇောတို့တတွေ အခိုင်အမာ လှုပ်ရှားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လည်း ဖျက်သိမ်းပစ်လိုက်ရပါတယ်။ ဒါပေမဲ့ ဆရာကြီးကို အသိမပေးဘဲ ဖုံးဖိထားခဲ့ပါတယ်။ ဆရာကြီးထံ ဝင်ထွက်သွားလာနေတဲ့ နိုင်ငံရေးသမားများလည်း အဖမ်းအဆီးခံသူခံရ၊ ရှောင်တိမ်းသူက ရှောင်တိမ်းနဲ့မို့ အဝင်အထွက် လျော့နည်းသွားပြီး ဗိုလ်ကျော်ဇော၊ ရှေ့နေဦးထွန်းတင်နဲ့ ဒေါက် တာဆင်ဖိုးတို့ ၃ ဦးသာ ပုံမှန်ဝင်ထွက်ကာ ဆရာကြီးနဲ့ ဆွေးနွေးမြဲဆွေး နွေး တိုင်ပင်မြဲတိုင်ပင်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ကွမ်းသီးထုပ်လာတဲ့ သတင်းစာစက္ကူကနေ အဖွဲ့အစည်းအားလုံးဖျက်သိမ်းလိုက်တဲ့ သတင်းကို ဆရာကြီးဟာ သိသွားပြီးနောက် “တိုင်းပြည်တော့ ပိုဆိုးတော့မှာပဲ” ဟုဆိုကာ အိပ်ရာထဲ လဲပါတော့တယ်။ အဲဒီနောက် ထူထူထောင်ထောင် ပြန်ဖြစ်မလာတော့ဘဲ ၁၉၆၄ ဇူလိုင် ၂၃ နံနက် ၁ နာရီအချိန်၊ ဗိုလ်ကျော်ဇောရဲ့လက်ပေါ်မှာ ကွယ်လွန်သွားခဲ့တယ်။ ဆရာကြီးအိမ်နားစောင့်နေတဲ့ ကြေးမုံသတင်းထောက်က ဆရာကြီးကွယ်လွန်တာကို သိသိချင်း သတင်းစာတိုက်ကို သတင်းပို့လိုက်လို့ နောက်နေ့ကြေးမုံသတင်းစာများမှာ ဆရာကြီးကွယ်လွန်သွားတဲ့ သတင်းကို မျက်နှာဖုံးပြည့် ဆရာကြီးပုံနဲ့ ကြေးမုံအထူးထုတ်ထွက်လာ ပါတယ်။ မြန်မာ့အသံကလည်း နံနက် ၈ နာရီသတင်းတွင် ဆရာကြီးကွယ်လွန်ကြောင်း ထုတ်ပြန်ပေးရာ တပြည်လုံးပျံ့နှံ့သွားပါတော့ တယ်။

ဆရာကြီးကွယ်လွန်သွားပြီဆိုတဲ့ သတင်းပျံ့နှံ့သွားပြီးနောက် ဆရာကြီးရဲ့ ချမ်းသာလမ်းအိမ်ကလေးမှာ လူအများလာရောက် ဂါရဝပြုကြ သူများနဲ့ ပြည့်နှက်နေပါတော့တယ်။ မန္တလေးမှ လူထုဦးလှဟာ ကွယ်လွန်တဲ့နေ့မှာပဲ ရောက်ချလာပါတယ်။ ဗိုလ်ချုပ်ကျော်ဇောတို့ဟာ ဆရာကြီးဦးယော(ဆရာဇေယျ)ကို အမှူးပြုကာ ဈာပနကော်မတီကို ဖွဲ့လိုက်ပါတယ်။ ဆရာကြီးအမှူးပြုတဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင်များမှာ တချို့လည်း အဖမ်းခံရ၊ တချို့လည်း ရှောင်တိမ်းနဲ့မို့ ဈာပနကော်မတီမှာ လူစုံတက်စုံ မပါနိုင်တော့ပါ။

ဆရာကြီးရဲ့ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် တော်လှန်ရေးကောင်စီက မလုပ်ဘဲ ဆရာကြီးရဲ့ဈာပန ကော်မတီကပဲ မိမိတို့ကြိုက်သလို စီစဉ်သွားဖို့နဲ့ လိုအပ်သလို အကူအညီပေးပါ့မယ်လို့ ကမ်းလှမ်းသွားတဲ့အတွက် ဈာပနကော်မတီကပဲ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပြည်သူ့ ဈာပနအဖြစ် ကျင်းပသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဆရာကြီးရဲ့ ဂူဗိမာန်ဆောက်လုပ်ရေးအတွက် ဗိုလ်ကျော်ဇောဟာ လူထုဦးလှ၊ ဝိဓူရ သခင်ချစ်မောင်တို့နဲ့အတူ ဆရာကြီးရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းလောကမှ လူများထံ အလှူခံ ထွက်ကြရာ ရက်ရက်ရောရော ပေးလှူကြပါတယ်။ လူထုသတင်းစာတိုက်နဲ့ ကြေးမုံသတင်းစာတိုက်တို့ကလည်း အလှူငွေများ လက်ခံ ပေးရာ နယ်များမှ အလှူငွေများ လည်း ရောက်ရှိလာလို့ တပတ်နှစ်ပတ်အတွင်း အလှူငွေ တသိန်းကျော် ရရှိခဲ့ပါတယ်။

ဆရာကြီးရုပ်ကလာပ်ကို ချမ်းသာလမ်းအိမ်မှာတပတ်ထားပြီး အစိုးရကပေးတဲ့ စမ်းချောင်းဘောလုံးကွင်းသို့ ဇူလိုင် ၂၉ ရက်မှာ ရွှေ့ပြောင်းလာပြီး တပြည်လုံး ပြည်သူပြည်သားများ ဂါရဝပြုနိုင်ဖို့ ၁၀ ရက်ထားပါတယ်။ ဘောလုံးကွင်းထဲမှာ ဈာပန မဏ္ဍပ်ဆောက်လုပ် ထားရာ အဖွဲ့အသီးသီးက လွမ်းသူ့ပန်းခွေများ လာရောက်ချကြပါတယ်။ အချို့အဖွဲ့များမှာ ဘယ်အချိန်က လာချသွားမှန်းမသိပါ။ လာချတုန်းကတော့ နာမည်တမျိုးနဲဲ့ဖြစ်ပြီး လူလစ်မှ အပေါ်ယံကပ်ထားတဲ့စက္ကူခွာလိုက်မှ အောက်မှာ မတရားသင်းအမည်ဖြစ်နေပါ တယ်။

ဈာပနမှာ လူထုတရပ်လုံး ပါဝင်လှုပ်ရှားတဲ့ ဈာပနကြီးဖြစ်ခဲ့တယ်။ ဆရာကြီး ရုပ်ကလာပ်ကို ခြေလျင်သယ်ဆောင်ရာ လမ်းတလျှောက် ဦးဝိစာရလမ်းတဖက်တချက်မှာရော၊ ရွှေတိဂုံကုန်းပေါ်မှာရော လူများကြိတ်ကြိတ်တိုးနေပြီး ကန်တော်မင်ပန်းခြံမှာတော့ ရုပ်ကလာပ် သယ်ဆောင်လို့မရအောင် လူတွေပြည့်လျှံနေပါတယ်။
သြဂုတ်လ ၈ ရက်နေ့မှာတော့ အစိုးရပေးတဲ့ကန်တော်မင်ပန်းခြံမှာ ဂူသွင်းမြှုပ်နှံပါတယ်။ ဈာပနကော်မတီက ၎င်းနေရာမှာ ယာယီ ဂူဗိမာန်ဆောက်ထားပြီး ၎င်းဂူဗိမာန်ပေါ်တွင် ဆရာကြီးရုပ်ကလာပ်ကို မြှုပ်နှံခဲ့ပါတယ်။

ဂူဗိမာန်အတွက် ဗိသုကာရှာရာ အမေရိကန်ပြန် ဗိသုကာ ဦးကျော်မင်းကို ရရှိခဲ့ပါတယ်။ သူက ဆရာကြီးရဲ့ ဘဝဖြတ်သန်းမှု၊ ဆရာကြီးရဲ့ စိတ်နေစိတ်ထားများပေါ်လွင်အောင်ပုံစံဆွဲကာ ကယားကျောက်ပြားများကအစ၊ ယွန်းရွှေချည်ထိုးများအဆုံး အစစအရာရာ အသေးစိတ် စီစဉ်ဆောင်ရွက်ပါတယ်။ ဂူဗိမာန်ရဲ့မျက်နှာစာမှာတော့ ဆရာကြီးရဲ့ ဂုဏ်အင်္ဂါ ၄ ရပ်ကိုဖော်ပြတဲ့ စာအုပ်တံဆိပ်၊ ဒေါင်းတံဆိပ်၊ ငြိမ်းချမ်းရေးချိုးဖြူ၊ တူတံစဉ်တံဆိပ်ကြီး ၄ ခုတပ်ဆင်ထားပါတယ်။ ဂူဗိမာန်ကြီးကို ဆရာကြီးရဲ့ ဂုဏ်သိက္ခာနဲ့ လိုက်လျောအောင်ပင် ခံ့ခံ့ညားညား တည်တည်ငြိမ်ငြိမ်ရှိလှပြီး ၁၉၆၆ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်လို့ ဆရာကြီးရဲ့ နောက်ဆုံးခရီးစဉ်ကို လက်ရင်းတပည့် လက်ရုံးတဆူဖြစ်တဲ့ ဗိုလ်ကျော်ဇောက သူ့အတ္ထုပ္ပတ္တိမှာ ရေးခဲ့တယ်။

(၂၈) မဆလခေတ် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများနဲ့ ဗိုလ်ကျော်ဇော

ဗိ်ုလ်ကျော်ဇောဟာ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တခု ရှိနေတာကြောင့်လည်းကောင်း၊ သူ့အိမ်က တယ်လီဖုန်းကို စောင့်နားထောင်မှန်း သိနေတာ ကြောင့်လည်းကောင်း နိုင်ငံရေးနဲ့ ကင်းနိုင်သမျှကင်းအောင်နေပါတယ်။ ဘယ်လိုပဲ နိုင်ငံရေးနဲ့ ကင်းအောင်နေနေ အဲဒီခေတ် ကာလ နိုင်ငံရေးမုန်တိုင်းများ ပြင်းထန်လာတဲ့အခါ တိုင်းချစ်ပြည်ချစ် မျိုးချစ်နိုင်ငံရေးသမားတယောက် အနေနဲ့ တကြောင်းမဟုတ် တကြောင်း ပတ်သက်လာရပါတယ်။

၁၉၇၄ နှစ်ကုန်ပိုင်း ဦးသန့်အရေးအခင်း ပေါ်လာတော့ အရေးအခင်းကို ခေါင်းဆောင်နေတဲ့ ကျောင်းသားခေါင်းဆောင်များက ဘွဲ့နှင်းသဘင်ခန်းမကနေ ဖုန်းဆက်အကြံဉာဏ်တောင်းလာကြတယ်။ ၁၉၇၆ မှိုင်းရာပြည့်အပြီးမှာတော့ ကျောင်းသားများနဲ့ ဗိုလ်ကျော် ဇော အဆက်အသွယ်ရှိတယ်ဆိုပြီး ထောက်လှမ်းရေးတာဝန်ခံ (မျက်မှန်) ဗိုလ်တင်ဦးက အခေါ်ခိုင်းလို့ဆိုပြီး ထောက်လှမ်းရေးနဲ့ အထူးစုံစမ်းစစ်ဆေးရေးက တာဝန်ရှိသူတို့က လာခေါ်ပါတယ်။ ဗိုလ်တင်ဦးနဲ့ တွေ့တဲ့အချိန်မှာ “မင်းတို့ ငါတယ်လီဖုန်းပြောသမျှတွေ တိပ်နဲ့ ဖမ်းထားတယ်လို့ ကြားတယ်။ အဲဒီမှာ အကုန်ရှိတာပဲ” လို့ ဗိုလ်ကျော်ဇောက တို့လိုက်တော့ ဗိုလ်တင်ဦးက “ဟာ -ကျွန်တော်တို့ အတတ်ပညာက ပြောသလောက် မဟုတ်ပါဘူး” လို့ ပြောကာ အဲဒီနေ့ နေ့လည်မှာပဲ ဗိုလ်ကျော်ဇောကို အိမ်ပြန်ပို့ပေးခဲ့တယ်။ ဒီလိုနဲ့ ဗိုလ်ကျော်ဇောဟာ သူ့တသက်တာ ရည်မှန်းချက်ကို ချောမောစွာ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့တယ်။

(၂၉) ဗိုလ်ကျော်ဇော တော်လှန်ရေးနယ်မြေသို့ ထွက်ခွာလာခြင်း (သို့မဟုတ်) မိမိအိမ်သို့ ပြန်ရောက်လာခြင်း

တပ်မတော်အတွင်းရှိ ကွန်မြူနစ်ပါတီဝင်များအားလုံး တောခိုကြရန် ညွှန်ကြားလိုက်လို့ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ တောခိုသွားကြပေ မယ့် ဗိုလ်ကျော်ဇောဟာ ကျန်းမာရေးမကောင်းလို့ တောမခိုဖြစ်ရာကစတင်ပြီး ပါတီနဲ့ အဆက်ပြတ်သွားတယ်။

ဒီကာလအတွင်း မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်တဲ့အခါ ဖဆပလအစိုးရ လက်အောက်မှာ အမှုထမ်းလိုစိတ် မရှိတော့သလို သင့်လည်းမသင့်လျော်ဟု သိမြင်လာပြီး ရှေ့ဘာဆက်လုပ်မလဲ စဉ်းစားတိုင်ပင်ဖို့ ပါတီနဲ့ကလည်း အဆက်ပြတ်နေ။ ကိစ္စကလည်း ကိစ္စကြီးဖြစ်နေလို့ တိုင်ပင်သင့်သူနဲ့ စိတ်ချလုံခြုံစွာ အကြံပြုနိုင်မယ့်သူကို စဉ်းစားတော့ ဂျပန်ခေတ်က တိုက်ဖော်တိုက်ဖက် ရဲ ဘော်ကြီးဖြစ်တဲ့ ကွန်မြူနစ်ပါတီမှ ကိုကြီးမြင့်ကို သတိရတယ်။ ဒါပေမဲ့ အဲဒီကာလက သူဟာ တောခိုသွားပြီး တောတွင်းတနေရာမှာ ဖမ်းမိလာပြီး ထောင်ချ ခံနေရတယ်။ ဒါကြောင့် လွတ်အောင်လုပ်ပေးပြီး တတ်နိုင်သမျှ ကူညီရမယ့် ဝတ္တရားလည်းရှိတယ်လို့ စဉ်းစားမိပြီး ဗိုလ်ချုပ်နေဝင်းကို လွှတ်ပေးဖို့ ပန်ကြားခဲ့တယ်။

၁၉၅၁ ခုနှစ်မှာ ထောင်ကလွတ်လာပြီး ဗိုလ်ကျော်ဇောအိမ်ရောက်လာကာ အပြင်မှာ မနေရဲတာကြောင့် ဗိုလ်ကျော်ဇောဆီမှာပဲ ဆက် လက် နေထိုင်တော့တယ်။ အဲဒီလို အတူနေထိုင်စဉ် ဗမာပြည်အစိုးရသတင်းများနဲ့ တပ်မတော်တပ်သစ်များ ဖွဲ့စည်းမယ့် သတင်းများကို ပြောပြရာ သူကဒီသတင်းတွေ အရေးကြီးတယ် သခင်သန်းထွန်းတို့ထံ အမြန်ပေးဖို့လိုတယ်ဆိုပြီး သူသိထားတဲ့ မြေအောက်အဆက် ဟောင်းများနဲ့ တောတွင်းသို့ သတင်းများ ပို့ပါတော့တယ်။ ကိုကြီးမြင့်က ကွန်မြူနစ်ဝါဒသဘောတရား လေ့လာရေးကို ညစဉ်ရှေ့ဆောင် ကူညီပေးသလို စာဖတ်ခန်းအတွင်း နှစ်ဦးသား ဆွေးနွေးပွဲလည်း ထိုင်လေ့ရှိပါတယ်။ ဒီလိုနဲ့ နှစ်ယောက်လုံး တောခိုကြရန် သဘော ပေါက်ပြီး သခင်သန်းထွန်းထံ တင်ပြရန်အစီရင်ခံကြရာကနေ ဗိုလ်ကျော်ဇောပါတီနဲ့ အဆက်အသွယ် ပြန်လည်ရရှိခဲ့တယ်။ နှစ်ယောက် လုံး ဒီအတိုင်း ဆက်လက်နေထိုင်သွားရန် ညွှန်ကြားလို့ ဆက်လက်နေထိုင်ခဲ့တယ်။

၁၉၇၀ ခုနှစ်များ ကျော်လာတော့ ဗမာပြည်နိုင်ငံရေး မုန်တိုင်းများ တလုံးပြီးတလုံးပေါ်လာပြီး မုန်တိုင်းများဟာ ပြင်းထန်သထက် ပြင်းထန်လာနေတယ်။ ဗိုလ်ကျော်ဇောအဖို့ လက်နက်ကိုင်တော်လှန်ရေးမှတပါး အခြားလုပ်စရာမရှိတော့ဘူးဆိုတာ သိပြီးမို့ ပါတီနဲ့ အဆက်ရအောင် ကြိုးစားပေမယ့် ဘယ်လိုမှမရပါ။

ဒါပေမဲ့ နိုင်ငံရေးမုန်တိုင်းများ ပြင်းထန်နေချိန် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှုများအပြီး ဇွန်လဆန်း တနင်္ဂနွေတညနေမှာ ဗိုလ်ကျော်ဇောရဲ့ သားငယ် ကျော်ဇောဦးက“ဖေဖေကျွန်တော့်ကို ပါတီက ဆုတ်ခိုင်းလို့ ကျွန်တော်သွားတော့မယ်” ဟုနှုတ်ဆက်လာတယ်။ ဒါနဲ့ အကျိုးအကြောင်းကို ကျော်ဇောဦးနဲ့ ဆက်မေးရင်းက “ဒါဆို….ငါ့ခေါ်တာဖြစ်မှာ။ ငါဆက်နေတာ ကြာပြီ။ ငါလည်းလိုက်မယ်” လို့ဆိုလိုက် တော့ ကျော်ဇောဦးက“ ကျွန်တော့်ဆီလာတဲ့ အကြောင်းကြားစာမှာ ဖေဖေအကြောင်း မပါဘူး၊ ဒါကြောင့် ကျွန်တော်အရင်သွားပြီး ပါတီ ဗဟိုကို ဖေဖေလာချင်ကြောင်း အစီရင်ခံမယ်။ ပြီးမှ လူလွတ်ပြီး ဖေဖေ့ကို လာခေါ်မယ်” လို့ ဆိုကာ သားအဖ အသေးစိတ်အစီအစဉ်များ ရေးဆွဲ လိုက်ပါတယ်။

သားငယ်ကျော်ဇောဦး ပါတီဆီဆင်းသွားပြီး တလလောက်အကြာ ဗိုလ်ကျော်ဇောကို ခေါ်ဖို့ ပါတီကလွှတ်လိုက်တဲ့ ဆက်သားဟာ သတ်မှတ်နေရာကို ရောက်ရှိလာတယ်။ မူလစီစဉ်ထားတဲ့အတိုင်း စီစဉ်စရာရှိတာ အားလုံးစီစဉ်ပြီး ဇနီးသည်ဒေါ်သန်းစိန်နဲ့ သမီးငယ် တို့ကို ကျော်ဇောဦး တောခိုသွားရာ လမ်းခရီးဖျားနာနေလို့ လိုက်ခေါ်မယ်ဆိုတာကို ပြောပြပေမယ့် ဗိုလ်ကျော်ဇောတို့ သားဖတတွေ ကြိတ်ကြံစည်နေတာကို ရိပ်မိနေလို့ မယုံရုံမက သူပါလိုက်မယ်ပြောနေလို့ သမီးလှကျော်ဇောက မေမေလိုက်လို့မဖြစ်ဘူး၊ မေမေက အိမ်မှာ ဟန်မပျက်ရှိနေမှ သမီးတို့ခရီးစဉ် ချောမောမယ်လို့ ဖျောင်းဖျပြောဆိုရတယ်။ သမီးငယ်ကတော့ ပြောတဲ့အတိုင်း လက်ခံယုံကြည် လို့ ဘာမှ အထူးပြောစရာမလိုဘဲ အဆင်ပြေသွားခဲ့တယ်။ 

ဒီလိုနဲ့ ဇူလိုင် ၁၉ ရက်နေ့ ညနေမှာ ဗိုလ်ကျော်ဇော၊ သမီးလှကျော်ဇော၊ သားကြီးအောင်ကျော်ဇော၊ လိုအပ်ရင်ကားကူမောင်းပေးဖို့နဲ့ ကားသမားကို စောင့်ကြည့်ဖို့ အဖော်ခေါ်လာတဲ့ သူငယ်ချင်းနဲ့ ပါတီဆက် သားတို့ ရန်ကုန်ကထွက်လာတယ်။ ကားကို နောက်ထပ်ဆက်သားနဲ့ ချိန်းထားတဲ့အတိုင်း မန္တလေးတောင်ခြေမောင်းခဲ့တယ်။ တောင်ခြေ ရောက်ခါနီးမှာ ကားပေါ်ကဆင်းပြီး ပါလာတဲ့မိတ်ဆွေကို ညနေမှ ပြန်ဆုံမယ်ချိန်းလိ်ုက်ပြီး ဆက်လျှောက်လာရာ ခဏအကြာ ကားတစီးနဲ့ စောင့်နေတဲ့ ဒုတိယဆက်သားနဲ့ ဆုံပါတယ်။ ကားပေါ်ကို ဆက်တက်ပြီး လာရှိုးကို ထွက်လာခဲ့တယ်။ လာရှိုးရောက်ခါနီးမှာ ကားပျက်လို့ အုပ်စု ၂ ခုခွဲပြီး ခရီးဆက်ခဲ့တယ်။ လာရှိုးအဝင်အထွက်ဂိတ်ဟာ အလွန်ကျပ်တယ်လို့ကြားထားလို့ ရင်တထိတ်ထိတ်ဖြင့်ဖြတ်ကျော်ကြရာ ချောမောသွားလို့ စိတ်အေးသွားခဲ့ရတယ်။ 

ဒီလိုနဲ့ လာရှိုးညမှာ နောက်နေ့အတွက် အချိန်းအချက်လုပ်ပြီး၊ ဗိုလ်ကျော်ဇောသားအဖက တဖွဲ့၊ အောင်ကျော်ဇောနဲ့ ပထမဆက်သားက တဖွဲ့၊ ဒုတိယဆက်သားက လိုအပ်မှုအရ သီးခြားတဖွဲ့။ ၃ ဖွဲ့ခွဲပြီး ဟော်တယ်များမှာ တည်းခို ညအိပ်လိုက်တယ်။ မနက်စောစော ၇ နာရီလောက်မှာ ညကခွဲသွားတဲ့ ဆက်သားရောက်လာပြီး ဟော်တယ်အနီးအနားက ဆိုင်တဆိုင်မှာ မနက်အစောစာစားပြီး နမ့်ခမ်းသို့ ခရီးဆက်ရေး ကားဂိတ်ကို ထွက်လာတယ်။ ကားဂိတ်မှာ အောင်ကျော်ဇောနဲ့ ဆက်သား လည်းရောက်နေပြီဖြစ်လို့ လက်မှတ်ဝယ်ကာ ၂ သုတ်ခွဲပြီး နမ့်ခမ်းကို ထွက်ခဲ့တယ်။ 

လမ်းမှာ နာမည်ကြီး AD ဂိတ်ကို ကျော်ဖြတ်ရသလို တံတားတိုင်း၊ မြို့အဝင်တိုင်းမှာ ကားပေါ်ကဆင်းပြီး ဂိတ်မှာထိုင်စောင့်စစ်ဆေးနေသူများရှေ့မှ ဖြတ်ကာ မှတ်ပုံတင် အစစ်ဆေးခံပြီးမှ ကားပေါ်ပြန်တက်ရပါတယ်။ အဲဒီနေ့က တနင်္လာနေ့ဖြစ်ပြီး ဂိတ်မှာစစ်ဆေးသူအားလုံးဟာ ရုံးပိတ်ရက်အပျော်ဓာတ်က မကုန်သေးလို့ စစ်ဆေးရာမှာ မတင်းကျပ်လှပါ။ ဒီလိုနဲ့ ခရီးနှင်လာခဲ့ရာ ကွတ်ခိုင်မှာ နေ့လည်စာ ဝင်စားပြီး နမ့်ခမ်းရောက်ခါနီး ၁၀ မိုင် လောက်အလိုမှာ ပါလာတဲ့ ဆက်သားလေးက ကားရပ်ခိ်ုင်းပြီး ကားပေါ်က ဆင်းကြပါတယ်။ စီးလာတဲ့ကား မျက်စိအောက်က ပျောက်သွားမှ လာရာ လမ်းပြန်လျှောက်ပြီး ကားလမ်းကိုဖြတ်ကာ ညာဘက်တောအုပ်ကလေးကိုဖြတ်ပြီး လူသွားလမ်းအတိုင်းဆက် လျှောက်လိုက်ပါတယ်။ ခဏအကြာ နယ်စပ်ချောင်းတခုရောက်သွားပြီး ကူးတို့လှေတစင်းလည်း ကပ်ထားတာတွေ့ရပါတယ်။ လှေသမား လည်း အဆင်သင့်ရှိ နေပါတယ်။ အသင့်တွေ့ရတဲ့ ကူးတို့လှေပေါ်တက်ပြီး ချောင်းကို ဖြတ်ကူးကာ ကမ်းပေါ်ထက်၊ တွေ့ရတဲ့လမ်းအတိုင်း လျှောက်လာရာမှ စပါးခင်းကြီးတခုဘေး လယ်ကန်သင်းပေါ် လျှောက်နေစဉ်မှာ “ဖေဖေရေ၊ ဖေဖေရေ” လို့ အော်ပြီး၊ လက်ကြီး ဝှေ့ရမ်းနေတဲ့ သားငယ်ကျော်ဇောဦးကို တွေ့လိုက်ရတယ်။ 

သူက တလခန့်စောပြီး ပါတီကို ထွက်ခွာသွားသူဖြစ်လို့ သူ့ကိုတွေ့လိုက် ရတော့ ပါတီထံ ချောမော လုံခြုံစွာ ရောက်ပါပြီဆိုတာခံစား သိရှိလိုက်ပါတယ်။ သူနဲ့ အတူပါလာတဲ့ ပါတီကေဒါကြီးနဲ့ ပြောဆို နှုတ်ဆက်နေစဉ်မှာ သားကြီးအောင်ကျော်ဇောနဲ့ ဆက်သားလည်း ချောမောစွာရောက်လာပါတယ်။

အဲဒီနေ့ဟာ ၁၉၇၆ ခုဇူလိုင် ၂၀ ရက်။ အခက်အခဲအမျိုးမျိုး အကွေ့အကောက်အမျိုးမျိုးကို ဖြတ်ကျော်ပြီး နှစ်ရှည်လများ ခွဲခွာခဲ့ရတဲ့ ‘အိမ်’ (ပါတီ) ထံ ဗိုလ်ကျော်ဇောဟာ သားသမီးများနဲ့အတူ ပြန်လည်ရောက်ရှိလာပါတော့တယ်။ အဲဒီနောက် မိမိကိုယ်ကိုယ် တော်လှန်ရေးရဲ ဘော်တယောက်အဖြစ် “ရဲဘော်ဦးတင်”လို့ အမည်ပြောင်းပြီး ပါတီရဲ့ခေါင်းဆောင်မှုအောက်မှာ ရဲဘော်များနဲ့ စိတ်တူကိုယ်တူ အေးအ တူပူအမျှ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ပါတော့တယ်။ သားသမီးများကိုလည်း သူတို့တတ်စွမ်းသမျှ ပါတီနဲ့ တော်လှန်ရေးတာ ဝန်များကို ထမ်းရွက်နိုင်ရေးအတွက် ပါတီထံအပ်နိုင်လိုက်ပြီး သားသမီးများကိုလည်း ဖခင်ဖြစ်သူ ရဲဘော်ဦးတင်နဲ့အတူမနေစေဘဲ မိမိ ကျရာ တော်လှန်ရေးတာဝန်များကို ထမ်ဆောင်ရေးအတွက် တာဝန်ရှိရာ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။

(၃၀) ရာသက်ပန်တော်လှန်ရေးသမားဘဝကို ခံယူသွားခြင်း

ဗိုလ်ကျော်ဇောဟာ အထက်မှာ ဖြော်ပထားသလို ပါတီနဲ့တော်လှန်ရေးဒေသကို ရောက်ရှိလာပြီးနောက် ၇၅ ဗဟိုခေါင်းဆောင်များက လှိုက်လှဲစွာကြိုဆိုဧည့်ခံပြီး ဗိုလ်ကျော်ဇောပါတီကို ရောက်လာပြီဖြစ်ကြောင်း ကြေညာတဲ့အနေနဲ့ ၁၉၇၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ “ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ တိုင်းပြည်သို့ တင်ပြချက်” မိန့်ခွန်းကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ အာဘော် ဗမာပြည် ပြည်သူ့အသံက တိုက်ရိုက်ထုတ်လွှင့်လိုက်ပါတယ်။

အဲဒီနောက် ဗိုလ်ကျော်ဇောကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်းကိုလည်း ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့အာဘော် ဗမာပြည်ပြည်သူ့အသံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီနောက် ရဲဘော်ဦးတင်ဟာ ဗဟိုစခန်း(ဝ၇၈၉) တပ်ဖွဲ့မှာ နေထိုင်ပြီး ပါတီပေးတာဝန်များကို မိမိစွမ်းအားရှိသမျှ ထမ်းဆောင်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ “ဗိ်ုလ်ကျော်ဇော(ရဲဘော်ဦးတင်) ဟာ ပါတီနဲ့ အချိန်တပိုင်း အဆက်ပြတ်ခဲ့တာရှိပေမယ့် ၁၉၅၂ ခုနှစ် သူ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ပြန်လည်အဆက်သွယ်ရရှိခဲ့ပြီးနောက် ပါတီဝင်လျှောက်လွှာပြန်တင်ပြခဲ့လို့ အဲဒီအချိန်ကစပြီးသူဟာ ပါတီဝင် ဆက်လက်ဖြစ်ခဲ့ကြောင်း” ပါတီဗဟိုက အသိအမှတ်ပြုခဲ့တယ်။ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် ဗဟိုစစ်ကော်မရှင်ရဲ့ တာဝန်ပေးချက်အရ စစ်ရေးတာဝန်များ ထမ်းဆောင်ခဲ့တယ်။ အချို့တိုက်ပွဲများမှာ ရှေ့တန်းအထိဆင်းပြီး စစ်ဆင်ရေးများကို ပါဝင် ကွပ်ကဲခဲ့တယ်။ ဒါ့အပြင် အရှေ့မြောက်နယ်စပ်အခြေခံဒေသရဲ့ မိမိစစ်စခန်းများကို လိုအပ်ရင်လိုအပ်သလို သွားရောက် စစ်ဆေးခြင်းနဲ့ တော်လှန်ရေးစစ်ပညာများကို ဆည်းပူးလေ့လာသုံးသပ်နိုင်ရေးအတွက် ပြောက်ကျားအခြေခံဒေသ အသီးသီးမှ ပန်ဆန်းဗဟို ဌာနချုပ်သို့ ရောက်ရှိလာသူများကို မဖြစ်မနေလိုက်လံ တွေ့ဆုံမေးမြန်း အခြေအနေများကို လေ့လာသုံးသပ်မှုတွေ လုပ်ပါတယ်။ တချိန် တည်းမှာ စစ်ရေးစာစောင်တွေ ရေးသားခဲ့သလို ဟောပြာချက်တွေ ဟောပြောပို့ချ ရေးသားခဲ့တယ်။ 

၁၉၇၉ ရန်သူ့မင်းရန်အောင် ထိုး စစ်နောက်ပိုင်းမှာ ပန်ဆန်းကာကွယ်ရေး လုပ်ငန်းတာဝန်ကို ဗဟိုရဲ့တာဝန်ပေးချက်အရ တလျှောက်လုံး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလို ဗဟိုစစ်ကော်မရှင်တာဝန်တွေ ထမ်းဆောင် နေစဉ်ကာလအတွင်းမှာ ဇနီးသည်ဒေါ်သန်းစိန်ဟာ ၁၉၈၀ ခုနှစ် နှောင်းပိုင်း အောက်တို ဘာလ ကုန်ခါနီးမှာ ရဲဘော်ဦးတင်ရှိရာ ပါတီဌာန ချုပ်ကိုရောက်လာလို့၊ ကွဲကွာနေတဲ့ မိသားစုဝင်များနဲ့ ပြန်လည်ဆုံစည်းမိတယ်။ ခင်ပွန်းသည်ကို ဖေးမကူညီ ပြုစုစောင့်ရှောက်ရင်း သားသမီး၊ ကျန်ရဲဘော်များနဲ့အတူ တော်လှန်ရေးခရီးကြမ်းမှာ မိမိတတ်စွမ်းသရွေ့ အားထုတ်လုပ်ဆောင်ကာ ခင်ပွန်းသည်နဲ့အတူ လိုက်ပါချီတက်ရင်း ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်၊ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့တယ်။ (မကွယ်လွန်မီမှာ မြိုပေါ်မှာ ကျန်နေပြီး ရှစ်လေးလုံးအရေးအခင်းအပြီးမှာ ၄၈၂၈ ကော်မတီနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးမှုနဲ့ အဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သမီးငယ် ‘စန်းကျော်ဇော’ နဲ့ ချမ်းမြေ့စွာ ပြန်လည်ဆုံးစည်းခဲ့တယ်။)

၁၉၈၅ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တတိယပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ရဲဘော်ဦးတင်ဟာ ဗဟိုကော်မတီအဖြစ် ရွေးကောက်ခံရပြီး ပါတီဗဟိုကော်မတီဝင် ပြန်လည်ဖြစ်လာပါတယ်။ တကယ်တော့ ပါတီရဲ့ ဒုတိယနဲ့ တတိယကွန်ဂရက် နှစ်ရပ်လုံးရဲ့ အရွေးခံ ဗဟို ကော်မတီအဖြစ် ဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ ဗိုလ်ကျော်ဇော(ရဲဘော်ဦးတင်)တို့ကိုသာ ကျွန်တော်တို့ ဆုံစည်းခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကွယ်လွန်သွားခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကြင်မောင်က “သခင် ဗသိန်းတင်တို့ ရဲဘော်ဦးတင်(ဗိုလ်ကျော်ဇော) တို့ဟာ ပြည်လုံးဆိုင်ရာ ခေါင်းဆောင်တွေဖြစ်ကြတယ်” လိို့ မြင့်မားစွာ တန်ဖိုးထား အကဲဖြတ်ကာ ကျွန်တော်တို့ မျိုးဆက်များကို မိတ်ဆက်ပေး သွားခဲ့ဖူးပါတယ်။ 

တကယ်လည်း ရဲဘော်ဦးတင်ဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါလှတဲ့ ၁၃၀ဝ ပြည့် အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ခေတ်မီဗမာ့တပ်မတော်ထူထောင်ရေး ရဲဘော်သုံးကျိပ်၊ ဂျပန်တော်လှန်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ ကူမင်တန် ကျူးကျော်မှုဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်စဲရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးစတဲ့ တိုင်းပြည်အရေးကိစ္စကြီး ပေါင်းများစွာမှာ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဗမာပြည်ရဲ့ ပထမမျိုးဆက်နိုင်ငံရေးသမားကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်များဟာ တိုင်းပြည်ရဲ့ သမိုင်းရေးကိစ္စများမှာ မရှင်းလင်းရင် ဒီမျိုး ဆက်များထံ မေးမြန်းစုံစမ်းရပါတယ်။၊ အထူးသဖြင့် ဗိုလ်ကျော်ဇော ရေးထားခဲ့တဲ့ စာတမ်းများကို ဖတ်ရှု၊ BBC, VOA, RFAစတဲ့ အသံလွှင်ဌာနများရဲ့ တွေ့ဆုံမေးမြန်းဖြေကြားမှုများကို နားထောင် အဖြေရှာခဲ့ရတာမို့ သူဟာ ကျွန်တော်မျိုးဆက်များရဲ့ သက်ရှိသမိုင်းများ အဖြစ် တလေးတစားတန်ဖိုးထား လေးစားချစ်ခင် အတုယူ လေ့လာခဲ့ရတဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့တယ်။

၁၉၈၉ ခုနှစ် သင်္ကြန်အပြီး နယ်စပ်အရေးအခင်းပေါ်ပေါက်လာပြီးနောက် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ပါတီဗဟိုရဲ့စီစဉ်နေရာချထားမှုအရ အကြံပေးဗဟိုကော်မတီ အဖွဲ့ဝင်များအဖြစ် ရဲဘော်ဦးတင်လည်း တရုတ်ပြည်တွင်းမှာ အနားယူနေထိုင်ခဲ့ရတယ်။ ဒီအတောအတွင်းမှာ အခွင့်အရေးရသလောက် မိမိရဲ့နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လာခဲ့ပါတယ်။ 
(၁) တော်လှန်ရေးဆက်လက်လုပ်ဆောင် နေတဲ့ ရဲဘော်များအတွက် လိုအပ်တဲ့ သမိုင်းဝင်အချက်အလက်များ၊ သမိုင်းသင်ခန်းစာများ၊ ရှေ့လုပ်ငန်းစဉ်များအတွက် အကြံဉာဏ် များ၊ အဆက်မပြတ်ရေးသားပေးပို့ခဲ့ပါတယ်။ 
(၂) ကိုယ်တိုင်ရေးအတ္ထုပွတ္တိကို အပိုင်းများခွဲပြီးရေးသားခဲ့ရာမှာ ၂၀ဝ၇(အ သက် ၈၈ နှစ်) မှာ အပိုင်း(၅) ၁၉၇၆ခုနှစ် ပါတီကိုပြန်ရောက်ချိန် အထိရေးသားပြီးစီးထုတ်ဝေနိုင်ခဲ့ပါတယ်။ 
(၃) အခွင့်ရရင်ရသလို နိုင်ငံခြားသတင်း ဌာနများနဲ့ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီး သမိုင်းသင်ခန်းစာများအထူးသဖြင့် ဗမာ့တပ်မတော်ပြုပြင်ပြောင်းလဲရေးအတွက် ပြောဆို တင်ပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုနဲ့ ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော) ဟာ သူ့အသက် ၂၀ အရွယ် (၁၉၃၈) ၁၃၀ဝ ပြည့်အရေးတော်ပုံမှ စတင်ကာ တိုင်းပြည် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေးတို့ကိ်ု ပြည်ချစ်စစ်သား၊ ကွန်မြူနစ်တယောက်အနေနဲ့ မိမိတိိုင်းပြည် ဆင်းရဲ ဒုက္ခမှ လွတ် ကင်း ချမ်းသာကြွယ်ဝလာရေးကို လိုလားသူပီပီ မနေမနား ကြိုပမ်းအားထုတ်လုပ်ဆောင်ရင်း၊ သူ့ အသက် ၉၂ အရွယ် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ 

ဒါပေမဲ့ ဒီနှစ်ဟာ ကျွန်တော်တို့ချစ်ခင်လေးစားခဲ့ရတဲ့ ကွန်မြူနစ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်ကျော်ဇော (ရဲဘော်ဦးတင်) ရဲ့ ရာပြည့်နှစ် အခါသမယဖြစ်တယ်။ မကြာမီ ကျရောက်လာတော့မယ့် ဗိုလ်ကျော်ဇော (ရဲဘော်ဦးတင်) ရဲ့ နှစ် ၁၀ဝ ပြည့် နေ့ထူးနေ့မြတ်ကို ဒီစာတမ်းငယ်နဲ့ အထိမ်းအမှတ်ပြုလိုက်ပါတယ်။

ဗိုလ်ကျော်ဇောအပါအဝင်ဖြစ်တဲ့ ဗမာပြည် ပထမနိုင်ငံရေး မျိုးဆက်များ ချမှတ်ခဲ့တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး လုပ်ငန်းတာဝန်ကြီး ၃ ရပ်အနက် မပြီးမြောက်သေးတဲ့ ဒီမိုကရေစီရေးနဲ့ ဆိုရှယ်လစ်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ် သွားကြ ပါစို့။

(၃၁) ဗိ်ုလ်ကျော်ဇော ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းများ

(၁) ပြည်တွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်များ 

  • (၁) ဖက်ဆစ်တော်လှန်ရေး - ၁၉၅၉ မေလ၊ မျိုးညွန့်ပုံနှိပ်တိုက် 
  • (၂) ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး - ၁၉၅၉ စက်တင်ဘာ၊ မျိုးညွန့်ပုံနှိပ်တိုက် 
  •  (၃) အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ - ၁၉၆၁ ဇန်နဝါရီ၊ လင်းထင်ဖြန့်ချိရေး 
  • (၄) တရုတ်ဖြူကျူးကျော်မှုနဲ့ နယ်ချဲ့အန္တရာယ် - ၁၉၆၁ မတ်လ၊ တိုင်းကျော်ပုံနှိပ်တိုက် 
  • (၅) ပြည်တွင်းငြိမ်းချမ်းရေး သဘောထား - ၁၉၆၁ စက်တင်ဘာလ၊ အောင်မျိုးစာပုံနှိပ်တိုက် 
  • (၆) ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ တိုင်းပြည်သို့ တင်ပြချက် (၁၀-၈-၇၆)

(၂) ပြည်ပမှ ထုတ်ဝေခဲ့တဲ့ စာအုပ်များ 

  • (၇) သမိုင်းမှန်ကူကွက်များ - ၁၉၉၆ မတ်လ၊ ပြည်သူ့ဘက်တော်သားများ 
  • (၈) တရားခံအစစ် ဘယ်သူလဲ(မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာတွဲ) - ၁၉၉၇၊ ပြည်သူ့ဘက်တော်သားများ 
  • (၉) ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် မီဒီယာလောက အင်တာဗျူးများ (၂၀ဝ၄ ဧပြီ၊ ဗဟိုဝါဒဖြန့်ချိရေးဌာန၊ ဗမာပြည်ကွန်မြူနစ်ပါတီ) 
  • (၁၀) အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ - ၂၀ဝ၄ သြဂုတ်လ၊ ပြည်သူ့ဘက်တော်သားများ 
  • (၁၁) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပထမတွဲ - ၂၀ဝ၆ သြဂုတ်လ၊ ဓူဝံစာပေ 
  • (၁၂) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ် - ၂၀ဝ၇၊ ဓူဝံစာပေ 

(၃) ၂၀၁၂ မှစတင်ပြီး ပြည်တွင်းမှာ ပြန်လည်ထုတ်ဝေခဲ့တဲ့ စာအုပ်များ 

  • (၁) အထက်ဖော်ပြပါ ပြည်တွင်းထုတ်စာအုပ်များ အပိုင်းပါ စာအုပ်များအားလုံးကို နေရီရီစာပေက ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေ ဖြန့်ချိခဲ့တယ်။ 
  • (၂) ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ်ကို ဖြိုးမောက်သာ စာပေနဲ့ ယဉ်မျိုးစာပေတို့က ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အဖြစ် ပြန်လည် ထုတ်ဝေဖြန့်ချိခဲ့ကြတယ်။
ဗိုလ်ကျော်ဇော တိုင်းပြည်နဲ့ လူမျိုးအပေါ် ပေးဆက်ခဲ့မှုအဝဝ ထာဝစဉ်ဥဒါန်းတွင်ပါစေ။
ရဲဘော်သိန်းဝင်း
 သြဂုတ် ၁၊ ၂၀၁၉။