Breaking News

စမ်းစမ်းတင် - လမ်းခွဲရတော့မယ့် ပလတ်စတစ်



Greenpeace in the Philippines came up with a creative and powerful artwork to catch the public’s attention and encourage a recycling campaign.

စမ်းစမ်းတင် - လမ်းခွဲရတော့မယ့် ပလတ်စတစ်

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၉
(စာရေးသူဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

လွယ်လွယ်ကူကူသက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး ရှိပေမဲ့ သုံးဖို့ခက်သွားတာက ပလတ်စတစ်ပါပဲ။ စျေးဝယ်ဝယ်၊ ပစ္စည်းသယ်သယ်၊ ပလတ်စတစ်အိတ်က အဆင်အပြေဆုံးမို့ ဒီနေ့လူသားတွေ အတွက် သူက ဘဝတစိတ်တပိုင်းလိုလိုဖြစ်လာတာမို့ ကမ္ဘာမှာ တမိနစ်တိုင်း ပလတ်စတစ်အိတ် ၁၀ သန်း သုံးနေတာဆိုပဲ။
ဒါပေမဲ့ ဒီလိုဒီနည်းအတိုင်း ဖောဖောသီသီ သုံးနေလို့ မဖြစ်တော့ဘူးဆိုတာ ကမ္ဘာက သိလာတဲ့တနေ့မှာ ပလတ်စတစ်အိတ်နဲ့ လူသား လမ်းခွဲမှ ဖြစ်တော့မယ်လို့ စဉ်းစားလာတဲ့အခါ တချို့က တကယ်လမ်းခွဲဖို့ ဆုံးလည်းဆုံးဖြတ် ပြတ်ပြတ် သားသားလည်း လုပ်တော့တာရယ်။ 

ကြည့်ပါ။ ပလတ်စတစ်အိတ်ဟာ ရထားလက်မှတ်၊ ကားလက်မှတ်လိုပါပဲ။ လိုတဲ့ အချိန်အသုံးတည့်ပေမဲ့ သုံးပြီးရင်လွှင့်ပစ်လိုက်တာများပါတယ်။ ဒါေ ပမဲ့ သူကတော့ ရထားလက်မှတ်လို ကားလက်မှတ်လို ဆွေးမြေ့ပျောက်ကွယ် သွားတာမဟုတ်တဲ့အတွက် ကမ္ဘာမှာခေါင်းခဲရတဲ့ အမှိုက်ပြဿနာကြီးကို ဖြစ်လာပါရော။
ပလတ်စတစ်က ကုန်းရော၊ ရေမှာပါ ဆွေးမြေ့ပျောက်ပျက်မသွားတဲ့ အရာမို့လည်း ကမ္ဘာ့မြေပြင်နဲ့ ရေပြင် အညစ်ညမ်းကြီးညစ်ညမ်း စေတော့တာပါပဲ။
နောက် ပြန်လည် အစားထိုးလို့မရတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကနေထုတ်ယူ ရတဲ့ polyethylene ပိုလီရက်သလင်း ဖြစ်တာမို့ ပလတ်စတစ်ထုတ်လုပ်ဖို့ ရုပ်ကြွင်းလောင်စာလည်းသုံး။ စက်ရုံလည်ပတ်ဖို့ စွမ်းအင်လည်းသုံးရတဲ့အတွက် ရာသီဥတုပြောင်းလဲတာကို သူက အားပေးပြန်။
ပလတ်စတစ်ဟာ အနှစ် တထောင်နေလို့မှ ဆွေးမြေ့ပျောက်ပျက်သွားတဲ့ အရာမဟုတ်နိုင်တာကလည်း သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာ၊
ပလတ်စတစ်ကို အစာမှတ်ပြီး ကုန်းနဲ့ ရေနေ သတ္တဝါတွေစားမိတဲ့အတွက် ဒီ သတ္တဝါတွေအတွက်အန္တရာယ်ရှိရုံမက အစာကွင်းဆက် သဘောတရားအရ ဒီသတ္တဝါတွေစားမိတဲ့ လူသားကိုယ်ခန္ဓာတွင်းမှာပါ ပလတ်စတစ်အစအနရှိနေတဲ့အတွက် ကျန်းမာရေးအန္တရာယ်ကလည်း ရှိပြန်၊
ပလတ်စတစ်ဟာ စက္ကူလို recycle လို့ပြောတဲ့ သုံးပြီးပစ္စည်း ပြန်သုံးလို့ ရအောင် လုပ်ဖို့မလွယ်တဲ့အတွက် ပစ်စရာ အမှိုက်ပဲဖြစ်သွားတာကိုက မလွယ်တဲ့ ကိစ္စ၊
သူ့ရှင်းမယ်ဆို စရိတ်စကက ပိုများတာလည်း စစ်တမ်းကောက်ထားပါတယ်။
ပလစ်စတစ်အိတ်တလုံးဖြစ်လာဖို့ ကုန်ကျစရိတ်က အမေရိကန် ငွေ ၃။၄။၅ ဆင့်ရှိပြီး လမ်းမှာ တွေ့ကရာပစ်လို့ဖြစ်ဖြစ်။ အမှိုက်ပုံကလွှင့်လာလို့ဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ရင် ပလတ်စတစ်တအိတ်လမ်းပေါ်ကရှင်းသွားဖို့ ၁၇ ဆင့်လောက် ကုန်ကျပါတယ်တဲ့။ အဲဒါက အလုပ်သမားခ၊ သန့်ရှင်းရေး ပစ္စည်း ကိရိယာ။ ယာဉ်… စတာတွေ အရပ်ရပ်ပေါင်း တွက်ချက်တဲ့အခါ ထွက်လာတဲ့ အဖြေပါ။
ဒီအကြောင်းတွေကြောင့်ပဲ နိုင်ငံအစိုးရတွေဟာ ပလတ်စတစ်အသုံးလျှော့ဖို့အသိပညာပေးရုံမက အစားထိုးပစ္စည်းတွေ ကြံဆရင်း အနည်းဆုံး ၁၂၇ နိုင်ငံဟာ ပလတ်စတစ်သုံးခွင့် ပိတ်ပင်နေပြီလို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်အဖွဲ့နဲ့ WRI World Resources Institute ကမ္ဘာ့သယံဇာတ အဖွဲ့ က စာရင်းထုတ်ပြန်ထားပါတယ်။
တခြားဝေးဝေးလံလံ မဟုတ်- မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာတင်ပဲ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကစလို့ စျေးဝယ်လာသူတွေကို ပလတ်စတစ်အိတ်နဲ့ ပစ္စည်းထည့်မပေးတော့ပါဘူး။ အစိုးရကိုယ်တိုင်က ပလတ်စတစ်အသုံး တင်းကျပ်လိုက်တာဖြစ်ပြီး ဒီနှစ်အကုန်မှာ ပလတ်စတစ်ပစ္စည်းသုံးမျိုးကို စ ပိတ်ပါမယ်။ microbeads ဆိုတဲ့ အလှကုန်ပစ္စည်းတွေမှာထည့်သုံးတဲ့ ထု တစ်မီလီမီတာတောင်မရှိတဲ့ ပလတ်စတစ်စလေးတွေ၊ စျေးဝယ်တိုင်း လက်လွတ်စပယ်သုံးတဲ့ ကျွတ်ကျွတ်အိတ်နဲ့ ပလစ်စတစ်နဲ့ လုပ်တဲ့ အဖုံးတွေကို အရင်ဆုံး ပိတ်ပစ်မယ်တဲ့။
၂၀၂၂ အရောက်မှာ တခါသုံး ပလတ်စတစ်တွေဖြစ်တဲ့ ပလတ်စတစ်အိတ်။ အစားအစာထည့်တဲ့ ပလတ်စတစ်ဘူးပျော့၊ ပလတ်စတစ်ခွက်နဲ့ ပလတ်စတစ် straw - အချိုရည်သောက်ပိုက် စတာတွေပါ ထိုင်းမှာ မသုံးတော့ပါဘူး။
တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ပိတ်ပင်နတာမို့ ဒီလို မသုံးရရင် ပစ္စည်းတွေ အစားအသောက်တွေကို ဘာမှထည့်ကြမလဲ စဉ်းစားတဲ့အခါ ဇီဝပစ္စည်းတွေဘက်လှည့်ပြန်ရောက်လာပါတော့တယ်။
ကမ္ဘာမှာတချို့နိုင်ငံတွေနဲ့ တချို့ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ bioplastic ဆိုတဲ့ ဇီဝပလတ်စတစ်လို့ ဘာသာပြန်ရင်ရတဲ့ ပစ္စည်းတွေ သုံးလို့တောင်နေပါပြီ။
လွယ်လွယ်ရှင်းရှင်း မျက်စိထဲ ထင်သာမြင်သာရှိအောင် ပြောရရင် ပစ္စည်းတွေကို စက္ကူအိတ်နဲ့ထည့်၊ ငှက်ပျောဖက်။ အင်ရွက် စတာတွေနဲ့ မုန့်စိမ်းပေါင်း။ ကောက်ညှင်းပေါင်း ထည့်ရောင်းတာမျိုးရယ်။
ဒါပေမဲ့ ဖက်ကိုဖက်အတိုင်းသုံးတာမဟုတ်ဘဲ ထုပ်ပိုးပစ္စည်းအဖြစ် အိတ်တွေ၊ ဘူးတွေကို သေသေသပ်သပ်ထုတ်လုပ်တော့ အမြင်လည်းလှပါ့။
ဒီလိုနဲ့ ဂဏန်းခွံ၊ ငါးအကြေးခွံ၊ ခရုခွံ။ လွှစာမှုန့်၊ ဂျုံ။ပြောင်း၊ ရေညှိ၊ သစ်ခေါက်၊ ကြက်မွှေး၊ ငှက်မွှေးစတဲ့ ပြန်လည်လည်းအစားထိုးနိုင်၊ အလိုလိုလည်းဆွေးမြေ့နိုင်တဲ့ အရာတွေကို ဇီဝပလတ်စတစ်အဖြစ် အသွင်ပြောင်းတဲ့အခါ ပလတ်စတစ်နဲ့ လမ်းခွဲပြီးသား ဖြစ်သွားပါရော။

မြန်မာ့နောက်အိမ်နီးချင်း အိန္ဒိယနိုင်ငံဟာ ထိုင်းနိုင်ငံထက်စောပြီး တခါသုံး ပလတ်စတစ်တွေကို ၂၀၁၉ အောက်တိုဘာလကတည်း ပိတ်ပင်ထားတာရယ်။
သူကတော့ ကြံဖတ်ကထုတ်လုပ်တဲ့ ခွက်တွေ၊ ပန်းကန်ပြားတွေကို သုံးနေတာများ နိုင်ငံတဝန်းက လေဆိပ်တွေ၊ စားသောက်ဆိုင်တွေ၊ စားသောက်ဆိုင်တန်းတွေ အကုန်လုံးမှာ။

bioplastic တွေကို ဘယ်ကစမ်းသပ်တီထွင်လဲဆိုတော့ ဓာတုကုမ္ပဏီကြီးတွေ၊ ထုပ်ပိုးစက်ရုံတွေ၊ တက္ကသိုလ်ဓာတ်ခန်းခွဲတွေကပါ။
ဒီလို စမ်းသပ်တီထွင်ထုတ်လုပ်တဲ့ထဲ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေတဲ့ Total ပြင်သစ် ရေနံကုမ္ပဏီကြီးလည်းပါပါ့။ သူကတော့ ကြံဖတ်ကလုပ်တဲ့ bioplastic တွေသုံးဖို့ ပွဲစားပါ လုပ်တာ။ မြန်မာပြည်မှာ တိုတယ်က ပလတ်စတစ်နဲ့ လမ်းခွဲဖို့ ပွဲစားလုပ်မလုပ်တော့မသိ အိန္ဒိယနိုင်ငံကတော့ တိုတယ်ရေနံကုမ္ပဏီကြီး ဖက်စပ်ပါဝင်တဲ့ လုပ်ငန်းကထုတ်လုပ်တဲ့ bioplastic သုံးနေတာ အောက်တိုဘာလကတည်းက ဆိုပါစို့။