Breaking News

ဇင်လင်း - တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာများ အကောင်အထည် ဖေါ်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နဲ့ ညီစေလိုသည်



ဇင်လင်း - တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာများ အကောင်အထည် ဖေါ်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နဲ့ ညီစေလိုသည်

(မိုုုုုုးမခ) ဖေဖော်ဝါရီ ၂ ၊ ၂၀၂၀ 

အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့မှာ ၁၉၅၄ ခုနှစ်က ညီလာခံ တစ်ရပ် ကျင်းပခဲ့တယ်။ အဲဒီ ညီလာခံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူးတို့ ပူးပေါင်းပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက် ကို အဆိုပြုတင်သွင်းခဲ့ကြတယ်။ ‘ဘန်ဒေါင်း ညီလာခံ’ က လက်ခံအတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို ယနေ့တိုင် လက်ခံ ကျင့်သုံးနေကြတယ်။ ထူးခြားချက်ကတော့ ဘန်ဒေါင်းမူ (၅) ချက်ကို မြန်မာနိုင်ငံက စတင် ဆွေးနွေးတင်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူစရာ အချက်ဖြစ်တယ်။ 

ဘန်ဒေါင်းမူ (၅) ချက် အရ - “နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မကျူး ကျော်ရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်နိမိတ်ကို အပြန်အလှန်လေးစားရေး၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့်မပြုရေး၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုသောအချက်များ” ပါဝင်ပါတယ်။ လက်ရှိ တရုတ်-မြန်မာ စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးရာ ဆက်ဆံကြတဲ့အခါ မြန်မာနိုင်ငံက အလျှော့ပေး ဆက်ဆံနေတယ်လို့ ဝေဖန်သုံးသပ်ချက်တွေရှိနေတဲ့အတွက် ဘန်ဒေါင်းမူအကြောင်း မြန်မာပြည်သူများနဲ့ အစိုးရပိုင်းက တာဝန်ရှိသူများ သတိမူနိုင်ရေးအတွက် နှိုးဆော်ဖေါ်ပြလိုခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင်းဖျင် (Xi Jinping) ဟာ ဇန္နဝါရီ ၁၇-၁၈ အတွင်း မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ လာရောက် လည် ပတ်ခဲ့တယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီမှု ၃၃ ခု လက်မှတ်ရေးထိုး သွားခဲ့တယ်။ တရုတ်သမ္မတ ရှီကျင်းဖျင် က နေပြည်တော် သမ္မတအိမ်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်၂ ဦးရှေ့မှာ ၂ နိုင်ငံကြား နားလည်မှု စာချွန်လွှာ (MoU) ၃၃ ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့သတင်းေတွအရ သိရတယ်။ 

နားလည်မှု စာချွန်လွှာ တွေထဲမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ အစုရှယ်ယာများနှင့် သက်ဆိုင်ရာ သဘောတူစာချုပ်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ် အပါအဝင် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ လွှဲပြောင်း ပေးအပ်ခြင်း စာလွှာ၊ ရန်ကုန်မြို့တော် မြို့ပြ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းတို့လည်း ပါဝင်ကြောင်း သိရတယ်။ ဒီ့ အပြင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန် တိုးတက် စေရေး နားလည်မှုစာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့ စီးပွားရေးစင်္ကြန် ပူးတွဲ တည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ စသဖြင့် ပါဝင် ကြောင်း အစိုးရသတင်းတွေမှာ ဖေါ်ပြခဲ့တယ်။

အဲဒီ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ် မှုတွေရှိနေတယ်လို့ကြားရတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက််််််ပြီး တိုင်းရင်းသားပါတီတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ဖက်ဒရယ် ဒီကရက်တစ် အင်အားစုက ဦးစီးပြီး ဇန္နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြောင်း အာအက်ဖ်အေ သတင်းအရ သိရတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ တိုင်းရင်းပါတီတွေ စုပေါင်း ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှု ရရှိရေးအတွက် ဇန်နဝါရီ ၂၀-၂၁ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးပွဲ သဘောထား ရလဒ်တွေကို နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုမှ ဦးမြအေးက ပြောခဲ့ကြောင်း သိရတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇-၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ခရီးစဉ်မှာ မြန်မာ အစိုးရနဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေ အနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ဆိုတယ်။ တိုင်းရင်းသားဒေသတွေမှာ လုပ်ဆောင်မယ့် စီမံကိန်းတွေအနက် တရုတ်နိုင်ငံ နဲ့သဘောတူလက်မှတ်ထိုးခဲ့တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမျိုးဆိုရင် ရခိုင်ပြည်သူလူထုတွေက လိုးလာမှု မရှိဘူးလို့ဆိုတယ်။ ရခိုင်ပြည်နယ်မှာ လာရောက်လုပ်ကိုင်တဲ့ တရုတ်စီမံကိန်းတွေဟာ ရခိုင်ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ဆောင်ပေးတာ မရှိကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြော ပြခဲ့ပါတယ်။

တရုတ်သမ္မတ ခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံမှုခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ကူညီ ထောက်ပံ့မှု မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းဖျင်က ပြောခဲ့ကြောင်း သိရတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်း ရေးမှာ ကူညီဆောင်ရွက်ပေးနေပေမယ့် တစ်ဖက်မှာ သူ့အကျိုးစီးပွားအတွက် အဓိက လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာ့ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ အနောက်နိုင်ငံက အမေရိကန်တို့ပါဝင်လာမယ် ဆိုရင်တော့ ပိုမိုခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိလာ နိုင်ကြောင်း ကချင်ဒီမို ကရက်တစ်ပါတီ ဥက္ကဋ္ဌဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောခဲ့တယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ကိုင်နေတာဟာ တရုတ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေး မှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ပိုကြီးလာနိုင်တယ်လို့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်း က ဆွေးနွေးပွဲမျာ ပြောခဲ့တယ်။ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေ အနေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပါတီတွေနဲ့ တွေ့ဆုံ ဖို့လိုအပ်ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ အသံကို အစိုးရအနေနဲ့ နားထောင် ဖို့ လိုကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းတွေအရ သိရတယ်။ ဆွေးနွေးပွဲကို တိုင်းရင်းသားဒေသတွေက ပါတီ တွေအပြင် အခြားပါတီတွေကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ပါတီပေါင်း ၃၉ ပါတီ တက်ရောက်ခဲ့ကြောင်း သိရတယ်။

တရုတ်ရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ် မှုတွေရှိနေတယ်လို့ကြားရပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုကြောင်း ကြေညာချက် တွေ အသီးသီးထုတ်ပြန်ခဲ့တယ်။ UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ခေတ်သစ်ပိုးလမ်းမစီမံကိန်း Belt-and-Road Initiative (BRI) ကို လက်ခံကြိုဆိုကြောင်း ဖေါ်ပြခဲ့ကြတယ်။ တရုတ်စီမံကိန်းတွေဟာ မြန်မာပြည်အတွက် အကျိုးဖြစ် ထွန်း လိမ့်မယ်လို့ ယူဆကြောင်း UWSA၊ AA နဲ့ TNLA အဖွဲ့တွေက ဆိုတယ်။ ဒါပေမယ့် KIA က တော့ တရုတ် စီမံကိန်း တွေကိစ္စ ဘာမှ မပြောခဲ့ဘူးလို့ဆိုတယ်။

ဒါပေမယ့် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ သူတို့ဒေသတွင်း ပြုလုပ်မယ့် အကြီးစား တရုတ်စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုနေကြကြောင်း သိရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက တရုတ်-မြန်မာသဘောတူ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် အစိုးရချင်းသဘောတူညီချက်နဲ့ ဆောင်ရွက်တာမျိုး မဟုတ်ဘဲ ဒေသခံတွေရဲ့ သဘောထားကို အရင်ဆုံး တောင်းခံဖို့၊ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ပွင့်ပွင့် လင်းလင်းရှင်းပြဖို့၊ ဗဟို အစိုးရ တစ်ဖွဲ့တည်းက ချုပ်ကိုင်တာမျိုး မလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုစီးပွား ထိခိုက်မှုတွေကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စသဖြင့် တောင်းဆိုနေကြပါတယ်။

ရက္ခိုင့်တပ်တော် AA က တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားကြောင်း ပြောကြားခဲ့တယ်။ UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က BRI စီမံကိန်းဟာ မြန်မာ နိုင်ငံ မြောက်ပိုင်းရဲ့ ခေတ်နောက်ကျနေတဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ အခြေခံဆောက်လုပ်ရေး ကဏ္ဍတွေမှာ အကျိုး သက်ရောက်မှုရှိလိမ့်မယ်လို့ဆိုတယ်။ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ကလည်း BRI စီမံကိန်းတွေ အောင်မြင်ပြီး ပြည်သူအကျိုးကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့တယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ထုတ်ပြန်ချက်မှာ ပိုးလမ်းမစီမံကိန်းအကြောင်း ထည့်သွင်း ပြောကြားတာမရှိ ဘူး။ နှစ်နိုင်ငံ သဘောတူညီချက်ဟာ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ သာ KIA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတယ်။ ဒါ့အပြင် အဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေဟာ မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနိုင်တဲ့အတွက် တရုတ်သမ္မတကြီးအနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခံစားချက်ကို နားလည်ပေး စေလိုပြီး၊ လိုအပ်တဲ့ အကူအညီတွေပေးစေလိုကြောင်း မေတ္တာရပ်ခံထားတယ်လို့ KIO က ဆိုတယ်။ ဒါပေမဲ့ KIA ရဲ့ ထုတ်ပြန်ချက်မှာ အများပြည်သူ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ KIA ရဲ့ သဘောထား ဘယ်လိုရှိတယ် ဆိုတာ ထည့်သွင်းပြောတာ မရှိကြောင်း၊ အလားတူ AA ကလည်း တရုတ်သမ္မတ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောတာမရှိကြောင်း RFA သတင်းအရ သိရတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်(SNLD)က တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တွေအပေါ် ဇန္နဝါရီ ၁၇ ရက်နေ့စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရတယ်။ တိုင်းရင်းသား ဒေသတွေ မှာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေနဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေရဲ့ သဘောထား ရယူပြီးမှ ဆောင်ရွက်ဖို့၊ ဗဟိုအစိုးရက လွှမ်းမိုးချုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ဒေသတွင်း ပဋိပက္ခတွေ ပိုများလာမယ်လို့ ဖေါ်ပြထားပါတယ်။ တရုတ်ရဲ့ စီးပွားရေးစီမံကိန်း အကောင်ထည်ဖော်ရာမှာ မြေယာပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိ ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းလိတ် က RFA သတင်း သို့ပြောကြားခဲ့တယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ကတော့ တရုတ်နဲ့ပတ်သက်တဲ့ ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်းကို ကန့်ကွက်ခဲ့တယ်လို့ဆိုတယ်။ ဒီစီမံကိန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ဒေသတွင်း ပဋိပက္ခတွေ ရှိလာနိုင်တယ်လို့ သတိပေးထားကြောင်း RFA သတင်းအရ သိရတယ်။ ကျောက်ဖြူ-ယူနန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတည်ဆောက်စဉ်က ပိုက်လိုင်းတစ်လျောက် ဒေသခံတို့ရဲ့ လယ်ယာမြေ သိမ်းယူခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ပြည်သူတွေ လျော်ကြေး မရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေ သိရှိနားလည်စေဖို့ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပြောဆို ရှင်းပြတာမျိုး မရှိခဲ့ဘူးလို့သိရတယ်။ ဒါကြောင့် ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ခဲ့ဖူးတယ်။ ဒေသအာဏာပိုင်တို့ရဲ့မတရားမှုတွေကို မကျေနပ် တဲ့ ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့ ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြဖူးပါတယ်။ ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ Environmental Impact Assessment – (EIA) နဲ့ Social Impact Assessment – (SIA) တွေကို ဒေသခံတွေ သိရှိအောင် ထုတ်ဖော်ပြောကြား တာမျိုးလည်း မရှိခဲ့ဘူး။ အခု ရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက ဘာမှ မသိရဘူးလို့ ဆိုကြပါတယ်။ အမှန်တော့ ဒီလို ကိစ္စရပ်တွေမှာ ဒေသခံလူထုကို ကြိုတင် အသိပေးရုံမက၊ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒေသခံတွေ ရဲ့ အသံတွေကို နားထောင်ဖို့လည်း လိုပါတယ်။ ကွင်းဆင်း လေ့လာမှုလည်း လုပ်သင့်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း နဲ့ ပတ်သက်ျပီး “ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ‘ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးေရးအသင်း’ က ထုတ်ပြန်ခဲ့ကြောင်း RFA သတင်း မှာ ဖေါ်ပြခဲ့ဖူးတယ်။ ဒေသခံများရဲ့ အခွင့်အရေးကို အလေးထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ဖြစ်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည် က ပြောခဲ့ဖူးတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးထက် တရုတ်နိုင်ငံအတွက် အဓိက အကျိုးပြုမယ့် စီမံကိန်းဖြစ်နေတယ်လို့ အဆိုပါအစီရင်ခံစာထဲမှာ ရေးသားဖေါ်ပြထားတယ်လို့ ဆိုတယ်။ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း မစတင်မီက သက်ဆိုင်ရာ အာဏာပိုင်များနဲ့ စီမံကိန်းအကောင်အထည်ဖော်တဲ့ ကုမ္ပဏီများက အလားတူ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမယ်လို့ ပြောခဲ့ကြပေမယ် လက်တွေ့မှာ ဖြစ်မလာခဲ့ဘဲ၊ မြေယာဆုံးရှုံးမှု၊ အခွင့်အရေးချိုး ဖောက်မှုများနှင့်သာ ကြုံတွေ့ရတယ်။ ဒါကြောင့် ဒေသခံတွေအကြား ယုံကြည်မှု နည်းပါး နေတယ်လို့ ဖော်ပြထားတယ်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံမှာ ဥပဒေ အလုံအလောက် မရှိသေးဘူး လို့ ပညာရှင်တွေက ထောက်ပြထားကြတယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုကို အကျိုးပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ နဲ့ ဥပဒေများ ပြဌာန်းပြီးမှသာ အကောင်အထည်ဖော်သင့်တယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားတယ်။

စီမံကိန်းကြောင့် အလုပ်အကိုင်ရရှိမှု ဒေသဖွံ့ဖြိုးမှု အတိုင်းအတာ တခုအထိ ရရှိနိုင်ပေမယ့် အရင်းအနှီးထည့်ဝင်မှု နည်းပါးတဲ့အတွက် မြန်မာဘက်က ရရှိမယ့် အကျိုးအမြတ် နည်းနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ဝေဖန်သုံးသပ်ကြောင်း ဘီဘီစီ ရဲ့ ၂၀၁၈ မေလ ၂၇ သတင်းအရ သိရတယ်။ စီမံကိန်းကို ဘယ်လို ပုံဖော်မယ်၊ ဘယ်သူ က ထိန်းချုပ်လုပ်ကိုင်မယ် ဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ဆိုတယ်။ ဒီ့အပြင် ရေနက်ဆိပ်ကမ်းနဲ့စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံထားပြီးတဲ့နောက် အကျိုးအမြတ် ဘယ်ရွေ့ဘယ်မျှ ပြန်ရမလဲ ဆိုတဲ့ ကိစ္စကလည်း မြန်မာပြည်အတွက် စွန့်စားမှု တခု ဖြစ်နေတယ်လို့ သူက ဆိုတယ်။ အတိုးနှုန်းသက်သာမယ့်နေရာမှ ချေးယူနိုင်မည်ဆိုရင်၊ အကြွေးဆပ်ရမယ့် တာဝန် သက်သာမယ်လို့ ဒေါက်တာ စိန်မင်းက သုံးသပ်ခဲ့တယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်က အကြွေးနဲ့ သိမ်းယူခွင့် မရှိတဲ့ နည်းလမ်းကို ရှာဖို့လည်း လိုတယ်လို့ ဆိုတယ်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီ တွေဟာ စီးပွားရေးဆိုင်ရာ နိုင်ငံတကာကျင့်ဝတ် စည်းကမ်းကို စောင့်ထိန်းလိုက်နာမှု အလွန် အားနည်းတဲ့ကိစ္စ သတင်းများ မကြာ မကြာ ကြားသိနေရတယ်။ အဲဒီလို တရုတ်နိုင်ငံဘက်က ထင်ရာစိုင်းခွင့် မရှိစေရေးအတွက် အစိုးရအနေနဲ့ တရုတ် မြန်မာ စီးပွားရေး-ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ပတ်သက်ျပီး ဆက်ဆံ ညှိနှိုင်းရာမှာ အလျော့ပေးဆက်ဆံခြင်း မလုပ်ဘဲ၊ နိုင်ငံတကာ စံချိန်စံညွှန်း ကျင့်ဝတ်စည်းကမ်းများနဲ့ အညီ တန်းတူဆက်ဆံခွင့် ရရှိဖို့လိုပါလိမ့်မယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရာမှာ ဥပဒေစည်းမျဉ်းတွေနဲ့အညီ ရဲဝံ့တည်ငြိမ်စွာ တန်းတူဆက်ဆံရေးကို ထူထောင်ကျင့်သုံး ဖို့လိုပါ တယ်။ တရုတ်-မြန်မာ စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖေါ်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်” Five Principles of Peaceful Co-existence အရ အပြန်အလှန် တန်းတူညီမျှ လေးစားမှု ရရှိအောင် အစိုးရအနေနဲ့ နိုင်ငံ့ အကျိုးစီးပွား၊ နိုင်ငံ့ ဂုဏ်သိက္ခာတို့ကို ရှေးရှုဆောင်ရွက်ဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်။။။။