Breaking News

ဧရာ (မန္တလေး) - စာဖတ်သူများ



ဧရာ (မန္တလေး) - စာဖတ်သူများ

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀

“စာဖတ်ခြင်းသည် ပြည့်ဝစေ၏” ဟု ဖရန်စစ် ဘေကွန်က “စာပေ လေ့လာခြင်း” အမည်ရှိ စာတမ်းတွင် ရေးခဲ့ဖူးသည်။ စာဖတ်ခြင်းက လူကို အမှန်တကယ် ပြည့်ဝစေပါသလား။ အင်္ဂလိပ် အတွေးအခေါ်ပညာရှင် သောမတ်စ် ဟော့ဗ်ကတော့ “ကျွန်တော်သာ အခြားသူတွေလို စာတွေ အများကြီး ဖတ်ထားခဲ့ရင် သူတို့လို ခပ်တုံးတုံးကောင်ပဲ ဖြစ်နေမှာပါ” ဟု မှတ်ချက် ပေးခဲ့ဖူးသည်။ စာများများ ဖတ်ခြင်းသည် အသိဉာဏ်ကို ပိတ်ဆို့စေပါသလား။ စာဖတ်ခြင်းတွင် အရည်အတွက်ထက် အရည်အချင်းက ပို၍ အရေးကြီးသည်။ စာကို ကောင်းကောင်း မဖတ်နိုင်ပါက၊ စာအများအပြား ဖတ်ထားသည့်တိုင် ပြည့်ဝသူ တစ်ဦး ဖြစ်မလာဘဲ၊ စာ စားပိုးနင့်နေသူ တစ်ဦးသာ ဖြစ်နေနိုင်သည်။ ထို့ကြောင့် စာဖတ်ခြင်းဖြင့် ပြည့်ဝရင့်ကျက်လိုသူများသည် “စာဖတ်ခြင်း အတတ်ပညာ” ကို လေ့လာ သင်ယူထားရန် လိုအပ်လာပါသည်။

စာကောင်းကောင်း ဖတ်တတ်လိုသူများ အတွက် စာဖတ်နည်း လမ်းညွှန် စာအုပ်များ ရှိသည်။ ဤဆောင်းပါးတွင် ဆရာဦးရွှေအောင်၏ “စာဖတ်သူများ” နှင့် မော်တီမာ အက်ဒလာ၏ “How to Read a Book” စာအုပ်တို့ကို မိတ်ဆက်ပေးလိုပါသည်။ ဤစာအုပ် နှစ်အုပ်က သဘောသဘာဝခြင်းတော့ မတူပါ။ ဆရာဦးရွှေအောင်က ရှေးခေတ် ဘုန်းတော်ကြီးကျောင်း စာပေ သင်ကြားပို့ချနည်းများကို စာဖတ်နည်းအဖြစ် မိတ်ဆက်ပေးထားသည်။ အက်ဒလာကမူ အနောက်တိုင်း လစ်ဘရယ်ပညာရေး ရှုထောင့်မှ စာဖတ်နည်းကို ချဉ်းကပ် တင်ပြထားခြင်း ဖြစ်သည်။

🔸 ပါမောက္ခ အက်ဒလာ၏ စာဖတ်နည်း

“ဒီစာအုပ်က စာမဖတ်တတ်သေးသူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီလိုဆိုတော့ မရည်ရွယ်ပေမယ့်လည်း နည်းနည်း ရိုင်းရာကျမယ် တူတယ်” ဟု အက်ဒလာက သူ့စာအုပ်ကို နိဒါန်းပျိုးထားသည်။ သူကိုယ်တိုင် ကိုလံဗီယာတက္ကသိုလ်တွင် ဆရာပြန်လုပ်သောအခါမှ ယခင်က စာကောင်းကောင်း မဖတ်တတ်သေးသည်ကို သတိပြုမိကြောင်း ဝန်ခံထားသည်။ သူသည် ကိုလံဗီယာတက္ကသိုလ် ဂုဏ်ထူးတန်း ဘာသာရပ်တစ်ခုတွင် နှစ်နှစ်ခန့် ဂန္ထဝင်စာပေများကို လေ့လာ သင်ယူခဲ့ဖူး၏။ အပတ်စဉ် ဟောပြောပွဲ ပုံစံဖြင့်ရော အလွတ်သဘောဖြင့်ပါ စာပေရေးရာတို့ကို ဆရာများနှင့် ဆွေးနွေးနိုင်ခဲ့သည်။ စာမေးပွဲတွင်လည်း အမှတ်ကောင်းကောင်း ရအောင် ဖြေဆိုနိုင်ခဲ့သည်။ ထိုစဉ်က စာကောင်းပေမွန်များကို သင်ယူခွင့်ရခဲ့သည်ကို ရွှေအိုးကောက်ရသူကဲ့သို့ အားရဝမ်းသာ ဖြစ်ခဲ့သည်။ ပညာရွှေအိုးကို သူပိုင်ပြီဟုပင် အထင်ရောက်ခဲ့သည်။ အကယ်၍သာ ကျောင်းပြီးသည့်နောက် ဆရာပြန် မလုပ်ဖြစ်ဘဲ၊ စီးပွားရေး လုပ်ငန်းတခုခုတွင် ဖြစ်စေ၊ အခြားနယ်ပယ်တခုခုတွင် ဖြစ်စေ လုပ်ကိုင်ဖြစ်ခဲ့ပါက သူ့အထင်တခွဲသားက ပြုတ်တော့မည် မဟုတ်။ ဆရာအဖြစ်ဖြင့် ထိုဘာသာရပ်ကို ပြန်လည် ပို့ချရသောအခါမှ၊ စာကောင်းကောင်း မဖတ်တတ်သေးကြောင်း အလန့်တကြား သတိပြုမိတော့သည်ဟု အက်ဒလာက သူ့အတွေ့အကြုံများကို မျှဝေကာ “စာဖတ်ခြင်း အတတ်ပညာ” ကို မိတ်ဆက်ပေးသည်။

အပျင်းပြေ ဖျော်ဖြေရေးသက်သက် စာဖတ်ခြင်း၊ သတင်းအချက်အလက်သိရန် ဗဟုသုတရရန် စာဖတ်ခြင်း၊ အသိဉာဏ်ပွင့်လင်းရန် စာဖတ်ခြင်း စသဖြင့် စာဖတ်ခြင်း အမျိုးမျိုး ရှိကြသည်။ ဗဟုသုတရရန် ဖတ်ခြင်းက သာမာန် အပျော်တမ်း စာဖတ်ခြင်းထက် ပို၍ ခက်သည်။ ဗဟုသုတရရန် ဖတ်ခြင်းထက် အသိအမြင်တိုးပွားရန် စာဖတ်ခြင်းက ပို၍ ခက်ပြန်ပါသည်။ တစုံတခုကို မှတ်မိခြင်းနှင့် ယင်းကို နားလည်သဘောပေါက်ခြင်းတို့သည် မတူကြ။ စာဖတ်ပြီး စာရေးသူ ဘာပြောသွားသည်ကို မှတ်မိသည် ဆိုလျှင် စာမှတဆင့် တစုံတရာကို သင်ယူလိုက်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် သုတမယ အဆင့်၌သာ ရှိပါသေးသည်။ စာရေးသူပြောသည့် စကားများက မိမိ၏ မှတ်ဉာဏ် အတွင်းသို့ ရောက်သွားရုံသာ ရှိပါသေးသည်။ စာရေးသူက ဘာပြောသည်ကို သိရုံသာမက၊ သူဘာကို ဆိုလိုသည်၊ ဘာကြောင့် ဤသို့ ဆိုရသည်ကို နားလည်ရန်လည်း အားထုတ်ရပါသည်။ ဆင်ခြင်ရပါသည်။ အချက်အလက်တို့သာမက ယင်းတို့၏ အရေးပါမှုနှင့် အဓိပ္ပါယ်များ၊ အချင်းအချင်း ဆက်စပ်နေပုံများကို နားလည်သဘောပေါက်သော အခါမှသာ အသိဉာဏ် ပွင့်လင်းသော အဆင့်သို့ ရောက်ပါသည်။

သို့သော် စာတိုင်းကို ဤသို့ အားထုတ်၍ ဖတ်နေရန် မလိုပါ။ ဘေကွန်၏ စာတမ်းကို ပြန်၍ ကိုးကားရလျှင် “အချို့စာတို့ကို မြည်းစမ်းကြည့်ရုံသာ ဖတ်ရသည်။ အချို့စာတို့ကို မျိုချရသည်။ အချို့စာ အနည်းစုကိုမူ ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသို့ ကျေညက်အောင် ဖတ်ရှုရသည်။ […] ထိုစာမျိုးကို လုံ့လ ဝီရိယဖြင့် အာရုံစိုက်၍ ခြုံငုံမိအောင် ဖတ်ရှုရန်လိုအပ်ပါသည်”။ ဤသို့သော စာကောင်းများကို ဗဟုသုတ ရရုံ၊ မှတ်မိရုံမျှ ဖတ်ရှုနေမည်ဆိုပါက အဖိုးတန်ဖောင်တိန်ကို ကြမ်းပိုး ကော်ရန်သုံးနေသည်နှင့် တူပါလိမ့်မည်ဟု အက်ဒလာက ဆိုသည်။

1⃣ ထို့နောက် အက်ဒလာက စာဖတ်နည်းကို အဆင့် သုံးဆင့်ခွဲ၍ ရှင်းပြထားသည်။ ပထမအဆင့်သည် စာအုပ်၏ ဖွဲ့စည်းပုံကို သရုပ်ခွဲ၍ ဖတ်ရသော စာဖတ်နည်း (structural or analytical reading) ဖြစ်သည်။ မည်သည့် အကြောင်းကို ရေးထားသည်၊ မည်သို့သော စာအုပ် အမျိုးအစား ဖြစ်သည်၊ မည်သို့ ဖွဲ့စည်းထားသည်ကို သရုပ်ခွဲကြည့်ရသည်။ စာရေးသူက မည်သည့် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းထားသည်ကို နားလည်ရန် အားထုတ်ရသည်။ စာအုပ်တအုပ်လုံး၏ အနှစ်ချုပ် အာဘော်ကို မိမိ၏ ကိုယ်ပိုင်စကားဖြင့် တိုတိုတုတ်တုတ် ပြန်ပြောနိုင်ရန် လေ့ကျင့်ရသည်။

2⃣ ဒုတိယအဆင့်ဖြစ်သည့် အနက်အဓိပ္ပါယ်ဖော်သည့် စာဖတ်နည်း (interpretative reading) တွင် စာထဲမှ ပဓာနကျသည့် စကားလုံးများကို ရှာဖွေကာ၊ ထိုစကားလုံးများကို စာရေးသူက မည်သည့် အနက်အဓိပ္ပါယ်ဖြင့် သုံးနှုန်းသည်ကို နားလည်ရန် စူးစမ်းရသည်။ စာရေးသူနှင့် စာဖတ်သူ အကြား စကားလုံးများဖြင့်သာ ဆက်သွယ်ထားခြင်း ဖြစ်သဖြင့် စကားလုံးများသည် ပေါင်းကူးတံတား ဖြစ်သလို၊ တဖက်တွင်လည်း စာရေးသူနှင့် စာဖတ်သူကို တားဆီးထားသည့် အဟန့်အတားလည်း ဖြစ်နေပါသည်။ ထို့ကြောင့် ထိုပဓာနကျသည့် ဝေါဟာရများကို စာရေးသူ သုံးနှုန်းသွားသည့် အနက်အဓိပ္ပါယ်အတိုင်း နားလည်နိုင်မှသာ ထိုအဟန့်အတားကို ကျော်လွန်ပြီး၊ စာရေးသူ၏ ဆိုလိုရင်း အာဘော်ကို မိနိုင်ပါသည်။ ထို့အတူပင် စာမှ အရေးပါသည့် ဝါကျများ၊ အဆိုအမိန့်များကို ကောက်နှုတ်၍ အဓိပ္ပါယ် ဖော်ရပါသည်။ စာရေးသူ၏ တင်ပြ ဆွေးနွေးချက်များက ကြောင်းကျိုးဆီလျော်မှု ရှိ-မရှိ၊ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း ရှိ-မရှိ ဝေဖန်ဆန်းစစ်ရသည်။

3⃣ တတိယအဆင့်မှာ စာရေးသူ၏ တင်ပြချက်ကို လက်ခံသဘောတူခြင်း ရှိ-မရှိ ဝေဖန် ဆုံးဖြတ် သုံးသပ်သည့် ဖတ်ရှုနည်း (critical reading) ဖြစ်သည်။ သို့သော် စာရေးသူ၏ ဆိုလိုရင်း အာဘော်ကို သဘောပေါက်ခြင်း မရှိသေးဘဲ၊ အလောတကြီး ဝေဖန်သုံးသပ်မှုမျိုး မပြုသင့်။ ဤနေရာတွင် စာရေးသူကို “ကန့်လိုက်တိုက် ငြင်းပယ်ရန် စာဖတ်ခြင်း မပြုပါနှင့်။ ပြောသမျှ ယုံကြည်လက်ခံရန်လည်း စာဖတ်ခြင်း မပြုပါနှင့်။ စကားဝိုင်းတွင် ပါဝင် ဆွေးနွေးနိုင်ရန်မျှလည်း စာဖတ်ခြင်း မပြုပါနှင့်။ ခြင့်ချိန် ဆင်ခြင်နိုင်ရန် အတွက်သာ စာဖတ်ခြင်း ပြုပါ” ဆိုသည့် ဘေကွန်၏ အမှာစကားကို သတိပြုသင့်၏။

🔹 လစ်ဘရယ်ပညာရေး

အက်ဒလာ၏ စာဖတ်နည်း သုံးဆင့်သည် သုံးပွင့်ဆိုင်ပညာရေး (trivium learning) ဟု ခေါ်သည့် အနောက်တိုင်း လစ်ဘရယ်ပညာရေး၏ အခြေခံအတတ်ပညာ သုံးခုနှင့် ဆက်စပ်နေပါသည်။ ယနေ့ခေတ်တွင် (အနောက်တိုင်းသားများ အပါအဝင်) အတော်များများက လစ်ဘရယ်ပညာရေးနှင့် နိုင်ငံရေးမှ လစ်ဘရယ်ဝါဒတို့ ရောထွေး နေတတ်ကြပါသည်။ ထို့ကြောင့် ဤနေရာတွင် လစ်ဘရယ်ပညာရေးလာ စာဖတ်နည်းကို အနည်းငယ် မိတ်ဆက်ပေးလိုပါသည်။

1⃣လစ်ဘရယ်ပညာရေးစနစ်တွင် မူလတန်းအဆင့်၌ သဒ္ဒါအတတ် (Grammar) ကို ဦးစားပေး သင်ကြားသည်။ သဒ္ဒါအတတ်ဆိုရာတွင် အင်္ဂလိပ်သဒ္ဒါ၊ မြန်မာသဒ္ဒါ စသည့် ဘာသာစကား တခုခု၏ သဒ္ဒါမျိုးထက် ပိုသည်။ ဘာသာစကား အားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျသဒ္ဒါ (General Grammar) သဘောတရားမျိုး ဖြစ်သည်။ အက္ခရာတို့ဖြင့် သင်္ကေတပြု၍ ရေးထားသော စာတို့ကို မှန်မှန်ကန်ကန် အနက်ပြန်တတ်၊ ရေးသားသုံးစွဲတတ်ရန် သင်ကြားပေးပါသည်။ ဤအဆင့်တွင် အလွတ်ကျက်မှတ်ခြင်း၊ ထပ်ဖန်တလဲလဲ ရွတ်ဆိုရေးသား လေ့ကျင့်ခြင်းများလည်း လိုအပ်လှပါသည်။ သဒ္ဒါအတတ်ကို တတ်မြောက်လျှင် စာကို သတင်းအချက်အလက် ရရန်၊ ဗဟုသုတ ရရန်အတွက် ဖတ်ရှုနိုင်ပြီ ဖြစ်သည်။

2⃣ အလယ်တန်းအဆင့်တွင် စဉ်စားဆင်ခြင် ဆွေးနွေးမှုအတတ် (Logic) ကို အလေးပေး သင်ကြားသည်။ သဒ္ဒါအဆင့်သည် စာ၏ သင်္ကေတ၊ ပုံသဏ္ဌာန်၊ အရေးအသားတို့နှင့် သက်ဆိုင်သည်ဟု ဆိုပါက စဉ်စားဆင်ခြင်မှုအဆင့်သည် ယင်းသင်္ကေတတို့ဖြင့် ကိုယ်စားပြုထားသည်တို့၏ အနက်အဓိပ္ပါယ်ကို နားလည်ခြင်းနှင့် သက်ဆိုင်ပါသည်။ သဒ္ဒါအဆင့် စာဖတ်နည်းဖြင့် ဖတ်ရှု၍ ရလာသည့် အချက်အလက်၊ အကြောင်းအရာများသည် ယုတ္တိ ရှိ-မရှိ၊ စာရေးသူ တင်ပြဆွေးနွေးပုံသည် ကြောင်းကျိုးဆီလျော်မှု ရှိ-မရှိ စသည်တို့ကို ဆန်းစစ် ဝေဖန် ဆွေးနွေးတတ်ရန် သင်ကြားပေးခြင်း ဖြစ်သည်။ ဤအဆင့်သို့ ရောက်သောအခါ စာ၏ အနက်သဘောကို မှန်မှန်ကန်ကန် ဖတ်ရှုနိုင်လာပါသည်။

3⃣ တတိယအဆင့်တွင် စကားပြောဆိုမှုအတတ် (Rhetoric) ကို အလေးပေး သင်ကြားသည်။ စာရေးသူ ဆိုလိုသည့် စာ၏ အနက်သဘောကို စာရေးသူ ဆိုလိုသည့်အတိုင်း နားလည်ပြီးနောက်၊ ဤတတိယအဆင့်သို့ ရောက်သောအခါတွင် စာရေးသူ၏ တင်ပြမှုကို မိမိ သဘောတူ လက်ခံခြင်း ရှိ-မရှိကို ဝေဖန်သုံးသပ်ရပါသည်။ ဤအဆင့်တွင် မတူကွဲပြားသော အမြင်များကို စာနာစိတ်ဖြင့် နားလည်နိုင်စွမ်း ရှိလာပြီး၊ အဂတိကင်းစွာ ဝေဖန် သုံးသပ်နိုင်စွမ်း ရှိလာသည်။ မိမိ၏ အမြင်နှင့် သုံးသပ်ချက်များကို သူတပါး နားဝင်အောင် ရှင်းလင်းပြေပြစ်စွာ ဖြောင်းဖျ ပြောဆိုနိုင်စွမ်း ရှိလာပါသည်။

အဆင့်သုံးဆင့် ခွဲ၍ ဆိုခဲ့သော်လည်း သဒ္ဒါအတတ်၊ တွေးခေါ်ဆင်ခြင်မှုအတတ်၊ စကားပြောဆိုမှုအတတ် ၃-မျိုးလုံးကို မူလတန်းမှ အထက်တန်းအထိ အတန်းတိုင်းတွင် တွဲ၍ သင်ကြားပါသည်။ အသက်အရွယ်အလိုက် အတိမ်အနက်နှင့် အလေးပေးမှုသာ ကွာခြားသွားသည်။ “ပျောက်ဆုံးသွားသည့် သင်ကြားနည်းများ” (The Lost Tools of Learning) ဆိုသည့် စာအုပ်တွင် ဒေါ်ရသီ ဆေယားစ် (Dorothy Sayers) က ပထမအဆင့်ကို ကြက်တူရွေး နှုတ်တိုက် အရွယ် (Poll-parrot age)၊ ဒုတိယအဆင့်ကို ပါးနပ်လိမ္မာသည့် အရွယ် (Pert age)၊ တတိယအဆင့်ကိုတော့ ကဗျာဆန်သည့် အရွယ် (Poetic age) ဟု အမည်ပေးထားပါသည်။

ကြက်တူရွေးနှုတ်တိုက် သင်ကြားမှုကို ပညာရေး နိမ့်ကျမှု၏ တရားခံအဖြစ် ဝေဖန်ကြသည်လည်း ရှိပါသည်။ စင်စစ် အလွတ်ကျက်ပညာရေးက ပြဿနာ၏ အရင်းအမြစ် မဟုတ်ပါ။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် အတန်းများ ရောက်သည်အထိ အလွတ်ကျက်ပညာရေး အဆင့်မှ မတက်နိုင်သည်ကသာ တရားခံအစစ် ဖြစ်သည်။ အသိဉာဏ်နုနယ်သေးသည့် ကလေးများကို နက်နက်နဲနဲ စဉ်းစားဝေဖန်တတ်ရန် သင်ကြား၍ မရနိုင်သေးပါ။ တဖန် စဉ်းစားတွေးခေါ်နိုင်ရန် အတွက် စဉ်းစားတွေးခေါ်စရာ ကုန်ကြမ်း လိုပါသည်။ ကုန်ကြမ်းနှင့်တူသည့် အခြေခံဗဟုသုတ ချို့တဲ့နေပါကလည်း အသက်အရွယ်ကြီးလာသည့်တိုင် မှန်မှန်ကန်ကန် တွေးခေါ်နိုင်စွမ်း ရှိမည် မဟုတ်ပါ။ လစ်ဘရယ်ပညာရေး၏ သုံးပွင့်ဆိုင်စာသင်နည်းက ဖတ်တတ်၊ မှတ်တတ်၊ စဉ်းစားဝေဖန်တတ်ရန် သာမက၊ မိမိသိမြင်နားလည်ထားသည်ကို တဆင့် ပြန်လည် ရှင်းလင်း ပြောဆိုတတ်ရန်လည်း ရည်ရွယ်ပါသည်။

အက်ဒလာ၏ စာဖတ်နည်း၊ လစ်ဘရယ်ပညာရေးလာ စာဖတ်နည်းတို့သည် အနောက်တိုင်း ဂန္ထဝင်စာပေများကို ဖတ်ရှုတတ်စေရန် လမ်းညွှန်ထားခြင်း ဖြစ်သည်။ အက်ဒလာ၏ စာအုပ်နိဂုံးတွင် သူနှင့် သူ့မိတ်ဆွေ ရောဘတ် ဟတ်ချင်းစ် (Robert Hutchins) တို့ တည်းဖြတ်ကာ ဗြိတိသျှစွယ်စုံကျမ်း ထုတ်ဝေသူများက ထုတ်ဝေခဲ့သည့် အနောက်တိုင်း ဂန္ထဝင်စာအုပ်များကို ဖတ်ရှုရန် ညွှန်းထားသည်။ သူညွှန်းခဲ့သည့် စာအုပ်စာရင်းတွင် ရှေးဂရိခေတ်မှ ၂၀-ရာစုခေတ် အထိ ထင်ရှားကျော်ကြားခဲသည့် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ သမိုင်း၊ အတွေးအခေါ်နှင့် သိပ္ပံ စသည့် နယ်ပယ်စုံမှ စာအုပ်ပေါင်း ၁၀၀ ကျော်ခန့် ပါဝင်သည်။

🔸 ဆရာ ဦးရွှေအောင်၏ စာဖတ်သူများ

ဆရာဦးရွှေအောင်၏ “စာဖတ်သူများ” တွင် မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက် အရှင်ကုမာရ၏ “ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း”၊ မဟာဂန္ဓာရုံဆရာတော်၏ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” နှင့် “အနာဂတ်သာသနာရေး” စသည့် ဘာသာရေးစာအုပ်များကို ဖတ်ရှုရန် ညွှန်းထားသည်။ ဘုန်းတော်ကြီး ကျောင်းများတွင် သင်ကြားသည့် နေတ္တိနည်း၊ အလင်္ကာနည်း၊ ကျမ်းတက်နည်းများကို အသုံးပြုကာ စာကို မည်ကဲ့သို့ ဖတ်ရှု ရမည်ကို လမ်းညွှန်ထားသည်။ ဘာသာရေးစာပေများ ဖတ်ရှုတတ်စေရန် အဓိက ရည်ရွယ်သော်လည်း၊ ကဗျာ ဝတ္ထုများ ဖတ်ရာတွင် အလျဉ်းသင့်သလို ယူ၍ သုံးသွားနိုင်သည်ကို တွေ့ရပါသည်။

ဆရာဦးရွှေအောင်က စာဖတ်သူများကို “စာကို နောက်ကလိုက်၍ ဖတ်သူ၊ စာကို ရင်ပေါင်တန်း၍ ဖတ်သူ၊ စာကို ရှေ့ကကြိုပြီး ဖတ်သူ” ဟု အဆင့် သုံးဆင့် ခွဲပြသည်။ စာ၏ သဒ္ဒါအနက်ကိုသာ သိ၍ သဒ္ဒါအနက်အတိုင်းသာ ခံယူကျင့်သုံးကြသူများသည် ပထမအဆင့် စာဖတ်သူများ ဖြစ်သည်။ စာရေးသူ၏ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို သိပြီးနောက် ယင်းအတိုင်း ခံယူကျင့်သုံးကြသူများသည် ဒုတိယအဆင့် စာဖတ်သူများ ဖြစ်သည်။ တတိယအဆင့် စာဖတ်သူများကတော့ စာရေးသူ၏ စေတနာ၊ ရည်ရွယ်ချက်၊ နှလုံးသွင်းကို ထိုးဖောက် သိရုံသာမဘဲ၊ စာ၏ အနတ္တအနက်ကိုပါ သိမြင်နိုင်စွမ်းရှိသူများ ဖြစ်သည်ဟု ဆရာဦးရွှေအောင်က သတ်မှတ်ပါသည်။

ဤအဆင့်သုံးဆင့်ကို ဝါစ္စတ္ထ၊ လက္ချတ္ထ၊ ဗျင်္ဂျတ္ထ ဆိုသည့် အနက်သုံးမျိုးဖြင့် ဆရာဦးရွှေအောင်က ရှင်းလင်း တင်ပြထားသည်။ ဤဝေါဟာရများကို အိန္ဒိယနိုင်ငံမှ ရသစာပေအဖွင့်ကျမ်းများ ဖြစ်သည့် မမ္မဋ၏ ကာဗျပကာသကျမ်းနှင့် ဝိသွနာထ၏ သာဟိတဒပ္ပဏကျမ်းတို့တွင်လည်း တွေ့ရပါသည်။ ဆရာဦးရွှေအောင်က ထိုကျမ်းနှစ်စောင်ကို ပေါင်းပြီး “ရသစာပေ၏ ရသ” ဆိုသည့် အမည်ဖြင့် စာအုပ်တစ်အုပ် ရေးခဲ့ဖူးသည်။ ထိုစာအုပ်တွင် ဝါစ္စတ္ထကို တိုက်ရိုက်အနက်၊ လက္ချတ္ထကို တင်စားအနက်၊ ဗျင်္ဂျတ္ထကို သိဆက်အနက်ဟု ဘာသာပြန်ထားပါသည်။ တိုက်ရိုက်အနက်သည် စာတွင်ပါသည့် စကားများကို အဘိဓာန်က အနက်ဖွင့်၍ သဒ္ဒါကျမ်းများက လမ်းညွှန်သည့် အတိုင်း တိုက်ရိုက် နားလည်သည့် အနက်ဖြစ်သည်။ စာတွင် တိုက်ရိုက်မလာသော်လည်း စာရေးသူ၏ စေတနာနှင့် နှလုံးသွင်းကို ထောက်၍ သိရသည့် အနက်မျိုးကို တင်စားအနက်ဟု ခေါ်သည်။ စာရေးသူ ရေးသားဖော်ပြထားသည်များအပြင် စာရေးသူ မြုတ်ထားသည်များနှင့် စာရေးသူ ပြောမထားသည်များကိုပါ ဆက်စပ် တွေးယူပြီး ရလိုက်သည့် အသိမျိုးကိုတော့ သိဆက်အနက်ဟု ခေါ်ပါသည်။ စာဖတ်သူက သိဆက်အနက် တခုခု ရသွားအောင် ရေးနိုင်ပါမှလည်း စာက အနုပညာလက်ရာမြောက်သည်ဟု ရှေးပညာရှိတို့က သတ်မှတ်ခဲ့ကြသည်။

သို့ဖြစ်၍ စာဖတ်သူများကို “စာဖတ်ခြင်း အတတ်ပညာ” အလိုက် အဆင့်ခွဲ၍ ကြည့်လိုက်လျှင်၊ အချို့ စာဖတ်သူများသည် စာရေးသူ၏ ဆိုလိုရင်းကို သဘောမပေါက်ဘဲ စကားလုံးများသာ ရသွားတတ်ကြသည်လည်း ရှိသည်။ ထိုသို့ စာဖတ်သူများကို စာကိုနောက်က လိုက်၍ ဖတ်ရသည့် ကြက်တူရွေးနှုတ်တိုက် စာဖတ်သူများဟု ခေါ်နိုင်ပါသည်။ အချို့စာဖတ်သူများကမူ စကားများကို ကျော်လွန်ကာ စာ၏ အနက်သဘော၊ စာရေးသူ၏ နှလုံးသားကို မြင်နိုင်စွမ်း ရှိကြပါသည်။ ထိုစာဖတ်သူမျိုးကိုတော့ စာကို ရင်ပေါင်တန်း၍ ဖတ်သူ၊ ပါးနပ်လိမ္မာသော စာဖတ်သူဟု ခေါ်နိုင်သည်။ အချို့စာဖတ်သူ အနည်းစုက စာ၏ ဆိုလိုရင်းနှင့် စာရေးသူ၏ နှလုံးသားကို သဘောပေါက် နားလည်ရုံသာမက၊ လောကသဘာဝကိုပါ ထိုးဖောက်သိမြင်နိုင်စွမ်း ရှိကြပါသည်။

ထိုအခါတွင် စာဖတ်ခြင်းကြောင့် ရရှိလာသည့် အသိအမြင်တို့က စာဖတ်သူ၏ စိတ်ကို ပွင့်လင်း ရင့်ကျက်စေသည်။ ပွင့်လင်းရင့်ကျက်သည့် စိတ်က ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေခြင်းဟူသည့် အဂတိတရားတို့မှ လွတ်မြောက်အောင် တွေးခေါ်နိုင်စွမ်း ရှိပါသည်။ အဂတိတရား ကင်းသည့် အလျောက် ဝေဖန်ဆွေးနွေးရာတွင်လည်း တဖက်သားကို နားလည်သည်းခံ၍ စာနာမှုအပြည့်ဖြင့် ယဉ်ကျေးစွာ ဆွေးနွေးနိုင်စွမ်း ရှိကြသည်။ ထိုသို့သော စာဖတ်သူများကို ရင့်ကျက်ပြည့်ဝသည့် စာဖတ်သူများဟု သတ်မှတ်ရပါမည်။

ထို့ကြောင့် “စာဖတ်ခြင်းက လူကို အမှန်တကယ် ပြည့်ဝစေပါသလား” ဟူသည့် အမေးစကား ပြန်၍ ကောက်ရလျှင် စာဖတ်သူတိုင်း ပြည့်ဝလာမည် မဟုတ်သော်လည်း၊ စာကို နည်းလမ်းမှန်ကန်စွာ ဖတ်ရှုပါက တစတစ ရင့်ကျက် ပြည့်ဝသူများ ဖြစ်လာနိုင်သည်ဟု ဆိုချင်ပါသည်။ စာဖတ်ခြင်း အတတ်ပညာကို သင်ယူလေ့လာ လိုသူများသည် ဆရာဦးရွှေအောင်၏ “စာဖတ်သူများ”၊ အက်ဒလာ၏ “How to Read a Book” စသည့် စာဖတ်နည်းလမ်းညွှန် စာအုပ်များကို ဖတ်ရှုရန် တိုက်တွန်းလိုပါသည်။

ဧရာ (မန္တလေး)
၁၃၊ ဒီဇင်ဘာလ၊ ၂၀၁၇