Breaking News

ခွန်ဆိုင်း - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၂ )

Eugene Ivanov/Shutterstock


ခွန်ဆိုင်း  - နောက်ကြောင်းပြန် သင်ပုန်းကြီးဖတ်စာ အိမ်စာ သင်ခန်းစာ နဲ့ ဝမ်းစာ ( ၂ )

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀


ကျောင်းသား ၃ ကိုယ်ခွဲ


၈၈ စစ်တပ် အာဏာသိမ်းအပြီး မှာ ဗကသအဖွဲ့ချုပ် သုံးကိုယ်ခွဲလိုက်တယ်လို့ ဆိုရင် ၈၈ မျိုးဆက်တွေ က ဘာကို ဆိုလို ချင်တာလဲ သိကြပါတယ်။ တကိုယ်က မြေပေါ်တဝက် မြေအောက်တဝက် ဗကသ တာဝန် ။ နောက် တကိုယ်က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တရားဝင် ထောင် ပြီး မြေပေါ်ကျောင်းသားပါတီတာဝန် ။ နောက်ထပ် တကိုယ်က မြေလျှိုးသွားတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်တာဝန် ။ အဲဒီ လို တချိန်က ၈၈ကျောင်းသား မျိုးဆက် ဟာ တာဝန်အသီးသီးခွဲ လို့ အသွင်ကွဲ -အဆင်တွေ မတူကြတဲ့တိုင် ဂုဏ်ဒြဗ်ကိုယ်စီ နဲ့ တင့်တင့်တယ်တယ် ရပ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာကို ကျွန်တော်တို့ မျိုးဆက် ဒေါင်းအိုကြီး တွေ သဘောကျ ချီးကျူး ဂုဏ်ယူမဆုံးခဲ့ပါဘူး ။

အေဘီ တာဝန်တွေနဲ့ ပြည်တွင်းပြန်ဝင်လာတုန်း ဖမ်းခံလိုက် ရလို့ သေဒဏ်- နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျလာတဲ့ ကိုမြင့်ဆွေ ၊ ကိုဘိုနီအောင် စတဲ့ လူငယ်တွေနဲ့ ထောင်ထဲမှာဆုံ အတူတူ နေခဲ့ရဖူးတယ်။ ကိုမြင့်ဆွေက လောင်ချာတွေ သယ်တဲ့ အမှုနဲ့ ။ ကိုဘိုနီအောင် က လက်ပစ်ဗုံးတွေကို ထားဝယ် ရန်ကုန် လေယာဥ် နဲ့ ရန်ကုန်အရောက် သယ်လာခဲ့တာ ။ ခုနေ ပြန်စဥ်းစားရင် တကယ်မကြံကောင်းမစီရာတွေပါ ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ တကယ် မဖြစ်လာခဲ့ရင် သူ့ တာဝန်က ခွဲရမှာ တဲ့။ အဲဒီခေတ် က သူတို့ စိတ်ဓါတ်- သူတို့အတွေးအခေါ် သူတို့ အတွေ့အကြုံ တွေဟာ ကာလအနေအထားကို ထင်ဟပ် ပုံဖေါ် ။ ကျွန်တော့်ဘဝအတွက် တသက် မမေ့စရာ ။ အသဲယားစရာ။ တည်ငြိမ်ခဲ့ကြပုံ ။ ဖြတ်သန်းခဲ့ကြပုံ ။ ရေးခွင့်များ ရရင် ပြည့်ပြည့်စုံစုံ ရေးချင်ပါသေးတယ်။ ဒါပေမယ့် စစ်ကြောရေးဒဏ် ၊ ထောင်စနစ်နဲ့ ဆိုးဝါးတဲ့ ကံကြမ္မာ တွေ အောက်မှာ သူတို့ ၂ယောက်လုံး ငယ်ငယ်ရွယ်ရွယ် အသက်ဆုံး ရှာခဲ့ကြပါတယ်။

လမ်းခွဲများ

ပါတီတွေ အဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပေါ်လစီ လမ်းစဥ် ရပ်တည်ချက် တိုက်ပွဲ အကွဲ အလွဲ အကွဲအပြဲတွေ အကြောင်း ပြောကြတဲ့ အခါ- ခင်ဗျား မှာ အမှတ်ရနေတဲ့ ပုဂ္ဂိုလ် ၂ယောက် လောက် ပြစမ်း ပါဆို တယောက်ကို ကာနယ်ကြည်မောင် ၊နောက်တယောက်ကို ၈၈ မကသ- ဥက္ကဌ ကိုမင်းဇေယျာ ။ နဲနဲ ဥပမာထား ပြရမှာပဲ ။

ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦး- ဗိုလ်မှူးချုပ်ဟောင်းဦးအောင်ကြီး ဒေါ်အောင်ဆန်းစုကြည် - ကြီး ၃ ကြီးစုစည်းလို့ ဒီချုပ် ကို စတင် တည်ဆောက်ခါ စ အချိန် မှာ ပဲ ဦးအောင်ကြီး က ပါတီကို ပစ်ခွါ ၊ လူထု အသဲကို ခွဲသွား ပါတယ် ။ ဒေါ်စုဖက်က ပါလာတဲ့ လူတွေထဲမှာ ကွန်မြူနစ်တွေ ပါနေလို့ လက်မတွဲနိုင်ဘူး ဆိုတဲ့ အကြောင်းနဲ့ နောက် ပါတီ တခုထပ် ထောင်တာ ။ အဲဒီလို ဇာက်မကခင် မှာ ဇာတ်ခေါင်းကွဲရ ချိန် ဦးအောင်ကြီး တစင်ထောင်ရာနောက် လိုက်မသွားပဲ ဒီချုပ်မှာ နေရစ်ခဲ့ တာက ကာနယ် ဦးကြည်မောင် ။ဦးတင်ဦး ဒေါ်စုတို့ အချုပ်အနှောင်ကျပြီး ပါတီကို ဦးမဆောင်နိုင်တဲ့ ကာလမှာ ဒီချုပ်ကို သူ ဦးဆောင် သွားတယ် ။ ၉၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ကို ပဲ့ကိုင်သွားတယ်။ အဲဒီလို တပ်မတော်ခေါင်းဆောင်ဟောင်းတယောက်ဟာ သမိုင်း လိုအပ်ချိန်မှာ ဒီချုပ်ရှေ့တန်း တိုက်စစ်မှူးကြီးအဖြစ် ထင်ရှား ခဲ့ဖူး တယ် ။

၈၈ ကာလမှာ ကိုမင်းဇေယျာဦးဆောင်ဖွဲ့စည်းလှုပ်ရှားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ( မကသ ) ကို ကျွန်တော်က သဘောမကျ ကြပါဘူး။ စစ် ထောက်လှမ်းရေး က မကသ အဖွဲ့ ကို မန္တလေးဆောင်မှာ ရုံးခန်း စီစဥ် ပေးတဲ့ အခါ ကျနော် ပို အမြင်စောင်းလာပါတယ်။ အဲဒီတုန်းက ကိုမင်းဇေယျာက အတော်လဲ ငယ်။ လည်ကတုံး အဖြူ -ဘန်ကောက် ပုဆိုးနဲ့ အတော်လဲ သပ်သပ်ယပ်ယပ် နဲ့ ။ ငါးသုံးလုံး စီးကရက်လေး ခဲပြီး ကိုယ်ပိုင် ကားပေါ်က ဆင်းလာတတ်တဲ့ အခါမျိုး ပို အမြင်စောင်း ( စောင်းမယ့်သာ စောင်းတာ ၊ သူတို့အုပ်စုက မတ်လ ဇွန်လ တံတားဖြူ တံတားနီ လှုပ်ရှားမှု တွေ ဖြတ်ပြီးကြပြီ - အင်းစိန်ထောင်မှာ နေရာသွားဦးပြီးကြပြီ ။ ပြန်ထွက်လာပြီးကြ ပြီ ။

၉၀ ခုနှစ် စက်တင်ဘာ ထောင်သပိတ်နဲ့ ကျွန်တော်တို့ ( နိုင်ငံရေးမှု ၁၀ယောက် -ရာဇဝတ်မှု ၁၀ယောက် ) လူ၂၀ ကို အချုပ်ကားပြာကြီးပေါ် တင်ပြီး သရက်ထောင်ကိုပို့တဲ့ အခါ တယောက်အနာ တယောက် ကြည့်ခွင့် ရကြတယ်။ အဲဒီအချိန်မှာ ကျွန်တော် အကြီးအကျယ် စိတ်ထိခိုက်ရတော့တာပါပဲ ။ တချိန်က အစာမကျေခဲ့တဲ့ ဒီ ဥပဒေကျောင်းသားကြီး - မွန်တိုင်းရင်းသား -ကိုမင်းဇေယျာရဲ့ ဖြူနု နေတဲ့ သူ့ ကျောတပြင် လုံး။ သူ့ တင်ပါးတပြင်လုံး ။ သူ့ ပေါင်နဲ့ ခြေသလုံး နေရာလပ်မကျန် အရိုက်ခံထားရတဲ့ နေရာတွေဆီက မီးလောင်ဖုလို အရည်တွေ သီးနေတဲ့ အနာဒဏ်ရာတွေနဲ့ ။ သပြေသီးလိုမဲညို ညစ်ပုတ် ယောင်ကိုင်း နေကြ ။ သူ့ ဒဏ်ရာတွေကို လက်နဲ့ ဖွဖွလိုက် စမ်းရင်း ..အော် ငါတို့က သာ သူ့လူ ကိုယ့်လူ ။ သူ့ဘက် ကိုယ့်ဘက် လုပ်နေတာ ။ အာဏာရှင် ကျတော့ မကသ - ဗကသ မ ရှိ ။ ချစရာ ရှိ - အကုန် ချတာပါလား လို့ အတွေး အလင်းရ ။ ကိုယ့် ကျဥ်းမြောင်း နုံနဲ ခဲ့မှုကို ကိုယ့်ဖာသာစိတ်မလုံ ကြေကွဲ ဝမ်းနည်းနေစေတော့တာပါ ပဲ ။

အန်အယ်ဒီ ရဲ့ ဖြတ်သန်းတဲ့ သက်တမ်းတလျောက် လမ်းပေါ်ထွက်မထွက်၊ အာဏာ ဖီဆန်မဆန် ၊ အမျိုးသားညီလာခံ တက်မတက် ။ ဒေါ်စုကို အဖွဲ့ချုပ်က ထုတ် မထုတ် ၊ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင် ၊ လက်မှတ်ထိုးပြီး ထောင်ထဲ က ထွက်မထွက် စတဲ့ နိုင်ငံရေး အဆုံးအဖြတ် ကိစ္စတွေမှာ အကွဲအလွဲတွေရှိ ခဲ့ ၊ အမတ်တွေ ပါတီဝင်တွေ အစုလိုက် ထွက်တာလဲရှိ။ ထုတ်ခံရတာလဲ ရှိ ။ တစင်ထောင်ကြတာလဲရှိ ။ ဒါတွေ နိုင်ငံရေးမှာ ဖြစ်လေ့ ဖြစ်ထ ။ အားလုံးကို ဒီချုပ် တည်တည်ငြိမ်ငြိမ်။ တခါတခါ သဘောထားကြီးကြီး ။ တခါတခါ သိပ်သိပ်သည်းသည်း ဖြတ်ကျော်ခဲ့တယ်။ ဥရောပ က သက်တမ်းရင့်ပါတီကြီးတွေ လဲ ဒီလိုပဲ ။ အင်္ဂလန်မှာ ကွန်ဆာဗေးတစ် လေဘာ စတဲ့ ပါတီကြီးတွေ ခဏခဏ ကွဲပြဲကြ ။ နှုတ်ထွက်ကြ ။ တသီးပုဂ္ဂလ ဖြစ်ကြ ။ ဒါတွေ ဓမ္မတာ ။

၁၉၉၀ တုန်းက ဒီချုပ် အောင်နိုင်ရေးကို ထမ်းရမယ် ရံရမယ်ဆိုတဲ့ ကျောင်းသားပါတီ လို့ လူထုကသိ ထားတဲ့ သမိုင်းထဲက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၅ အရောက်မှာ ( လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၊ လူ့ဘောင်သစ်ပါတီ ၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ ) ၃ဖွဲ့ ဖြစ်သွားပါတယ်။

အဖွဲ့ အစည်းတွေ သဘာဝ - နဝတ နအဖ စစ်တပ်ထဲ မှာလဲ အကွဲအလွဲ အတက်အကျ ရှိတာပါပဲ ။ ဥပမာ ဗိုလ်ချုပ်ထွန်းကြည်။ ဗိုလ်ချုပ်ကျော်ဘ ၊ ဗိုလ်ချုပ်ဝင်းမြင့် စတဲ့ တိုင်းမှူးတွေ ရုတ်တရက် နှုတ်ထွက်ရတာမျိုး ။ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အုပ်စုလိုက် ဖယ်ရှားခံရတာမျိုး ။ လုပ်ပိုင်ခွင့် အာဏာ ပေါ်လစီ တွေနဲ့ ပတ်သက်ရင် ဖြစ်လေ့ဖြစ်ထ ရှိတာ မဆန်းပါ ။

ပါဂျောင် စစ်ရာဇဝတ်မှု


အေဘီအက်စ် ဒီအက်ဖ်( ဗဟို ) ခေါင်းဆောင်မှု လဲ ၂ခြမ်းကွဲ ဖူးတယ်။ အေဘီ( မြောက်ပိုင်း) ပါဂျောင် မှာ ၁၉၉၁- ၉၂ က ဖြစ်ခဲ့တဲ့ အာဏာသိမ်းရင်း ကျောင်းသားအချင်းချင်း သတ်ဖြတ်ဖြေရှင်းပွဲ ကတော့ အတော် အကျည်းတန် ဆိုးဝါး စိတ်ထိခိုက်ရတဲ့ သမိုင်းတခုပါ ။ တပ်ဖွဲ့ဝင် ဦးရေ ၂၀ စစ်ကြောရေးမှာ သေဆုံး ၊ ၁၅ ဦး ကွက်မျက် ခံရတယ်။ အယောက် ၈၀လောက်က ဖမ်းဆီးနှိပ်စက်စစ်ကြော နေတာကို အကြာကြီး ခံ နေကြ ရ ပြီးမှ ကံကြီးလှစွာ ထွက်ပြေးလွတ်မြောက်သွားကြတဲ့ အဖြစ် ။ အမှု သမိုင်းမှန်ဖြစ်ဘို့ စတင် ကြိုးစား စေ့ငုထား တဲ့ ၊ အေဘီက တာဝန်ရှိသူတွေ ထုတ်ဝေထားတဲ့ ဂုဏ်သိက္ခာ ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးသလို ၊ ပါဂျောင်က မသေလို့ လွတ်လာတဲ့ မြောက်ပိုင်းပြန်ရဲဘော်ရဲမေတွေ ရေးတဲ့ စာတွေလဲ ဖတ်ဖူးခဲ့တယ်။

၂၀၁၈ ဧပြီလ ထဲမှာနိုင်ငံတော်သမတက လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အခါ ပါဂျောင် ကိစ္စ မှာ အဓိက တာဝန်ရှိခဲ့တဲ့ ခေါင်းဆောင် စစ်ကော်မရှင် ဥက္ကဌ ကို သံချောင်းလဲ လွတ်တဲ့ အထဲမှာ ပါ ။ သာယာဝတီထောင်က လွတ်ပါတယ်။ SSA ( South ) ရှမ်းပြည်( တောင်ပိုင်း ) တပ်မတော် မှာ ၂၀၀၆တုန်းက တာဝန်ထမ်းဆောင်နေတုန်း သူ့ကို စစ်တပ်က ဖမ်းမိလာပြီး ထောင် ၆၈ နှစ် ချထားတာ ။ အခုလို နိုင်ငံတော် သမတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင် က လွတ်သွားတဲ့ အခါ တရားမျှတမှု နဲ့ အမှန်တရားအတွက် ပါဂျောင်ပြဿနာ ကို သူ ဖြေရှင်းရမယ့် အချိန်အခါ ပေါ့ ။ ဒါပေမယ့် ဖြေရှင်း ခြင်းမရှိပဲ သူ့ မူလ တပ်ဖွဲ့ ရှိရာ ရှမ်းပြည်ကိုပဲ ပြန်သွားပါတယ်။ အခု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS ) မှာ တာဝန်ထမ်းဆောင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ စစ်ရာဇဝတ်မှု ဖြစ်တဲ့ အခါ တပ်ဖွဲ့ ဝင်တယောက်ကို တရားဥပဒေအောက်ရောက်နိုင်ဘို့ ၊ ဥပဒေနဲ့ အညီ စစ်ဆေးဘို့ ၊ တရားစီရင်ဘို့ဆိုတာ အလွယ်တကူ မဖြစ်နိုင်တဲ့ အကြောင်း ၂၇ နှစ် အကြာ ပါဂျောင် အမှုက ဥပမာ တခုပါပဲ ။

သမ္မတကြီး ဦးသိန်းစိန်


၂၀၁၀ ရွေးကောက်ပွဲမှာအဓိက ပြိုင်ဘက်မရှိ အနိုင်ရသွား တဲ့ ကြံံခိုင်ဖွံ့ဖြိုးရေး ပါတီ -သမတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာစီးပွါးရေးဖြစ်ထွန်းတိုးတက်တယ်လို့ နိုင်ငံတကာ ကိန်းဂဏန်းများက ဖေါ်ပြကြပါတယ်။ သူ့လက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စအတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ ဆွေးနွေးတာတွေလုပ်တယ်။ ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ရပ်တန့်စေခဲ့တယ်။ ကေအိုင်အေနဲ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကို လဲ ရပ်တန့်နိုင်ဘို့ သူ ကြိုးစားပါတယ်။ ဒါပေမယ့် ကချင်စစ်ပွဲတွေ ကို သူ ရုတ်တရက် ရပ်တန့်နိုင်ခြင်း မရှိပါ။

၂၀၁၃ ဖေဖဝါရီမှာ ထဲမှာ ထိုင်းအခြေစိုက် အန်ဂျီအိုတခုဖြစ်တဲ့ Kachin Women's Association Thailand (KWAT) က ထုတ်ပြန်တဲ့ စာရင်းတွေ အရ ကချင်ပြည်နယ် ရွာပေါင်း၃၆၄ ရွာက ရွာသားတွေဟာ ၂၀၁၁ ကတည်းက သူတို့ ရွာတွေ အိုးအိမ်တွေ ကို စွန့်ခွါထွက်ပြေးရပြီး လူ တသိန်းလောက် စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေရ တယ် လို့ ထုတ်ပြန်ပါတယ်။ အပစ်အခတ်ရပ်စဲနိုင်ဘို့ တရုတ်နဲ့ ကုလသမဂ္ဂက အထူးအကြံပေးအရာရှိ Vijay Nambiar, ဗီဂျေနမ်းဘီးယားတို့ လဲ ကြားဝင် စေ့စပ် ဆောင်ရွက်ခဲ့ ကြပါတယ်။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးလို့ ၂၀၁၄ရောက်တဲ့ အခါ မှာ တော့ တပြည်လုံးအပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်မူကြမ်း ရေးဆွဲနိုင်ပြီး ၂၀၁၅ အောက်တိုဘာမှာ မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ Nationwide Ceasefire Agreement ( NCA ) ကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ သမတကြီး ဦးသိန်းစိန်ကို နိုင်ငံတကာ အကဲခတ်တွေက ( -ရိုဟင်ဂျာ ကိစ္စ-ချွင်းချက် က လွဲပြီး ) ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အလယ်အလတ် သမားလို့ ရှုမြင်ကြပါသတဲ့ ။


၂၀၀၈ ခြေဥအောက်က နိုင်ငံရေး၊ စစ်အုပ်စုလက်ထဲက နိုင်ငံရေး

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ မဝင်ဘူး ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတော့ ဝင် အရွေးခံတယ်။ အဲဒီမှာ မဲဆန္ဒနယ် အားလုံးနီးပါး အနိုင်ရ သွား လို့ လွှတ်တော်အတွင်း စတင် ဝင်ရောက် သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအောက် ရောက်သွားပြီ။ ဘာမှ လုပ်မရဘူး- မှားတာပဲ လို့ နိုင်ငံရေးအင်အားစု တချို့က မကြာခဏ ပြောတတ် ကြ ပါတယ်။ လက်နက်မကိုင်တဲ့ နိုင်ငံရေး မျိုးဟာ အတော် သိမ်မွေ့ ၊ အတော်လဲ ရှုပ်ထွေး၊ တခါတခါ အတော်လဲ လမ်းထွင်ရ စွန့်စားရ စမ်းတဝါးဝါး ဖြစ်နေရတာတွေလဲ ရှိစမြဲပါ။

ပြီးခဲ့တဲ့ တပတ် ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌ ဦးခင်မောင်မြင့် ကွယ်လွန်ခြင်း ၂၇ နှစ်မြောက် အခန်းအနား အခွေကို ကျွန်တော် နားထောင်ရင်း စဥ်းစားနေမိပါတယ် ။ အဲဒီမှာ တက်ရောက်လာသူ တဦးက ဆရာ ဦးခင်မောင်မြင့်ဟာ ၁၉၈၉ ပီသုံးလုံး ပါတီ စတင်ဖွဲ့စည်းကြ- ပါတီ တွေ မှတ်ပုံတင်ကြတဲ့အခါ သူ့ ပါတီ အလုပ်အမှုဆောင်တွေကို မှာကြားခဲ့ တဲ့ စကား ကို အမှတ်တရ ပြန်ပြောပါတယ် ။

ပီသုံးလုံး အမှုဆောင် အားလုံးလိုလို ဟာ ကွန်မြူနစ်ဝါဒကို ယုံကြည်တဲ့ ကိုးကိုးကျွန်းပြန် နိုင်ငံရေး အရင့်အမာကြီးတွေကို လူကြီးအရာထားဖွဲ့ထားခဲ့တာမို့ နဝတစစ်အစိုးရ လက်ထက် မှာ ပီသုံးလုံး ပါတီ ထောင်တာ ဟာ ( အဖမ်းခံရဘို့ ) လူ တန်းစီ ပြထားသလို ဖြစ်တဲ့ အကြောင်း၊ ဒါကြောင့် အခု မြေပေါ် တရားဝင် ပါတီနိုင်ငံရေးလုပ်ကြတော့မယ့် အချိန်မှာ ယူဂျီ လို့ခေါ်တဲ့ မြေအောက်နိုင်ငံရေး ကို မလုပ်ကြဖို့ ၊ ယူဂျီနဲ့ မဆက်စပ်ကြဘို့ ဦးခင်မောင်မြင့်က မှာတဲ့ အကြောင်း ပြန်ပြောပါတယ် ။

တကယ်လဲ စစ်အစိုးရအုပ်ချုပ်မှု အောက် မှာ တရားဝင်ပါတီထောင်ခဲ့တဲ့ ကိစ္စဟာ ပီသုံးလုံးပါတီဝင်တွေအတွက် မဟာစွန့်စားခြင်းတရပ်လုပ်ရတာပါပဲ ။ မာကျောတဲ့ အတိုက်အခံမှန်သမျှ စတင် ဖြိုခွင်းတဲ့ အချိန် သူတို့ ပါတီ အမှုဆောင်အကုန်လုံးကို ( ပြေးချိန်ရသူ တဦး နှစ်ဦး က လွဲလို့ ) ကို နတတက ဖမ်း ပြီး နှစ်ရှည်လများ ထိမ်းသိမ်းထား ခဲ့ လိုက်တာ ။ ဘာအကြောင်း မှမပြ ။ တရားစွဲတင်စရာ ဘာ အမှုမှ မရှိ ။ သက်သက်ထိမ်းသိမ်းခံကြရတာမို့ ဥက္ကဌ ဦးခင်မောင်မြင့် ထောင်ထဲမှာပဲ ကျဆုံးသွား ပါတယ်။

ခုနေ ကျွန်တော် ပြန်စဥ်းစားတော့ အဲလို ပါတီထောင်ခဲ့တာဟာ မှန်သလား မှားသလားတောင် အတော်ဝေခွဲရခက်ပါတယ်။ ဒါပေမယ့် ယုံကြည်ချက် ရည်မှန်းချက် ထားတဲ့ နိုင်ငံရေးသမား ဆိုတာ တားမရ ။ သူ့ ရည်မှန်းချက်အတွက် မဖြစ်မနေ လှုပ်ရှား ခရီးဆက်တတ်ကြမြဲ ပါ ။

ဘာသာရေးအဓိကရုန်းများ


ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အရပ်သားတပိုင်း အစိုးရလက်ထက် ၂၀၁၂အရောက် မှာ ဆိုး ဝါးတဲ့ ရာဇဝတ်မှု တခုကို အကြောင်းပြုလို့ ရခိုင်ပြည်နယ်မှာ ဘာသာရေးလူမျိုးရေး အဓိကရုန်း အကြီးအကျယ် ဖြစ်တယ်။ တခြားမြို့နယ်တွေကိုပါ ကူးစက်ပျံ့နှံ့တယ်။ မူဆလင်ဘာသာဝင်များကို လုံခြုံမှု မပေးနိုင်ဘူးဆိုပြီး ရခိုင် ပြည်နယ်ဟာ နိုင်ငံတကာ သတင်းမီဒီယာမှာ ရုတ်တရက် အာရုံစိုက်စရာဖြစ်လာပါတယ်။ ပြည်တွင်းထဲ မှာလဲ မဘသ လှုပ်ရှားမှု မြင့်တက်လာပြီး ထူးထူးခြားခြား အမျိူးဘာသာ သာသနာခေါင်းစဥ် ကျယ်လောင်လာခဲ့သလို အမုန်းတရား များတဲ့ တရားခွေများ ပြန့်နှံ့လာတာကိုလဲ အစိုးရက ပိတ်ပင်တားဆီးအရေးယူတာတွေ မလုပ်နိုင်ခဲ့ပါဘူး ။ ၂၀၁၃ မတ်လ မိတ္ထီလာမှာ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုဖြစ်ပြီး မြန်မာဒီမိုကရေစီ ကူးပြောင်းရေး ကို အကျည်းတန်စေ အမဲစက်ထင်စေ နိုင်ငံတကာဆက်ဆံရေး မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ဇူလိုင်မှာတော့ ဦးဝီရသူ မျက်နှာဖုံးနဲ့ တိုင်းမဂ္ဂဇင်းက ဆောင်းပါး ဖေါ်ပြလိုက်တဲ့ အခါ နိုင်ငံတကာ မှာ မြန်မာဟာ အထူးအာရုံစိုက်စရာဖြစ်ရပါတော့တယ်။

အဲလို အဆိုးတွေကြားကပဲ အကြောင်းကောင်းကို ရွေးပြောရရင် ၂၀၁၅ ရွေးကောက်ပွဲ ရောက်လာတဲ့ အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လူထုထောက်ခံမှု အပြည့်နဲ့ သောင်ပြိုကမ်းပြို အနိုင်ရ- မြန်မာ့သမိုင်း အနှစ် ၅၀ ကျော်မှာ စစ်သား သမတ ဦးသိန်းစိန်က အရပ်သားသမတ ဦးထင်ကျော် လက်ထဲကို သမတ အာဏာ သိက္ခာရှိစွာ - ညင်သာစွာ ကူးပြောင်းပေးခဲ့တာကို ပြောရမှာပါ ။

ဆက်ပါဦးမယ်

ခွန်ဆိုင်း ( ၂၁-၀၂ -၂၀၂၀ )