Breaking News

မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၄)

Khin Lunn FB


မင်နီရှဲလ် - လောကနိဗ္ဗာန် အခန်းဆက်များ (၄)

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀


(၁၁)

အဲ့ဒီနေ့ကဆရာတော်လဲကျောင်းမှာမရှိပါဘူး၊ မျက်စိဆရာဝန်ဆီသွားစစ်နေတာ စိုးစိုးလိုက်ပို့တယ်လေ။ အပြန်မှာကားဝင်လာတော့မှ လမ်းထဲမှာရဲကားတွေရော၊ လူနာတင်ကားရောရောက်နေတာ တွေ့ရတော့တာ၊ အဖိုးကြီးကသူ့အိမ်ကို လာရှင်းပေးနေကျအမျိုးသမီးကို ဖုန်းဆက်ခေါ်ထားသတဲ့။ အမျိုးသမီးကသွားတော့မှအလောင်းကို တွေ့ရလို့ရဲကိုဖုန်းဆက်ခေါ်ရတာ၊ ရဲကဆရာတော်ကိုမေးပေမယ့် ဆရာတော်လဲဘာသိမှာလဲ။ နှာမျောဖို့ကောင်းလိုက်တာ တကာကြီးရာ၊ လောကနိဗ္ဗာန်ဆိုတဲကျောင်းနဲ့ကပ်ရက်နေပေမယ့် တရားနဲ့ဝေးရရှာတယ်လို့ ဆရာတော်စဉ်းစားနေမိတယ်၊ ငါသာအင်္ဂလိပ်စကား ပိုပြောတတ်ရင်လဲတမျိုးဖြစ်မလားမသိဘူး လို့တွေးမိတယ်။ ဒါပေမယ့်အခုတော့ နောက်ကျသွားပြီ။

ဒင်နီရယ်လ်နဲ့ကပ်ရက်ခြံကအပျိုကြီး (သူ့ကိုကိုမျိုးကဟာကြူလီလို့ နာမည်ပေးထားတယ်) ကလည်းမရှိဘူး၊ သူ့တူမကကလေးမွေးတော့ မြေးချီရအောင်ဆို ပြီးခရီးထွက်သွားတယ်။ ဒင်နီရယ်လ်ပြောတာတော့ အဖိုးကြီးကသားနဲ့လဲအဆင်မပြေဘူး၊ စိတ်ဓာတ်ကျရောဂါလဲရှိပုံရတယ်။ ကင်ဆာလဲဖြစ်နေတယ်ဆိုလားပဲ။ သူလဲသေချာတော့မသိပါဘူး၊ သူ့ကြောင်တွေပျောက်သွားလို့ လိုက်ရှာရင်းနဲ့အဖိုးကြီးနဲ့တခါလောက် စကားပြောဖူးတာရှိတာပါ။ အဖိုးကြီးအိမ်ကိုနပ်စ်တွေဘာတွေ အဝင်အထွက်လုပ်နေတာတော့သိကြတယ်။

အာဂန္တုဦးဇင်းကလည်းလာလည်လို့ကတော့ သရဲပိုကြောက်တော့မှာသေချာတယ်လို့ ဆရာတော်ကတွေးနေမိတယ်။ မသင်းကတော့ကမ္မဝါဖတ်ရင် ကောင်းမယ်ထင်တယ်တဲ့။ ဇံဇံကတော့အလုပ်မှာဖိစီးမှူတွေများပြီး မြန်မာပြည်ကိုဗေကေးရှင်းခနပြန်သွားတယ်။ ကိုမျိုးကတော့ဒီလူတွေများရူးလိုက်တာ၊ ငါတို့မြန်မာတွေဆိုရင် ကိုယ့်ကိုကိုယ်အတော်ချစ်တဲ့လူမျိုး၊ သူများကိုသာသတ်ရင်သတ်မယ်၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ သတ်မသေဘူးလို့ပြောနေလေရဲ့။

ကြားရတဲ့လူတွေကလဲမယုံနိုင်ကြဘူး၊ မြန်မာထုံးစံအတိုင်း ဘာမှလဲသေချာမသိပဲအဖန်ငါးရာ၊ ငါးကမ္ဘာဆိုတဲ့စကားလုံးတွေသုံးတဲ့ သူကသုံးကြတယ်။ ဝဋ်ကျွတ်သွားတာပေါ့လေလို့ ပြောတဲ့သူကပြောကြတယ်၊ အဲ့ဒီအိမ်ကို ဘယ်သူရောက်လာမှာလဲ။ ဘယ်သူတွေဆက်နေကြမှာလဲ၊ သရဲခြောက်မှာလား စသဖြင့်လျောက်ပြောနေကြတယ်။ မြန်မာပီပီ ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်ကြတယ်။

(၁၂)

အဲ့ဒါတွေဖြစ်ပြီးနောက် အသက်လေးဆယ်ကျော်လောက်အရွယ် အမျိုးသမီးဂေးစုံတွဲတစ်တွဲ (ယောက်ျားလျာခေါ်ရမလား) ကျောင်းကိုရောက်လာတယ်။ တက္ကသိုလ်မှာအလုပ်လုပ်တဲ့ဒကာက ခေါ်လာတာ။ သူတို့စုံတွဲက ဗုဒ္ဓဘာသာအကြောင်းသိချင်နားလည်ချင်တယ်။ တရားထိုင်တာတွေဘာတွေ စမ်းကြည့်ချင်လို့တဲ့။ ကောင်းပါ့လေ။ တို့မြန်မာတွေထဲက အဲဒီလိုစူးစမ်းချင်တဲ့သူရှိရင် ဘယ်လောက်ကောင်းမလဲ။ သာရေး၊ နာရေးဖြစ်မှ၊ လောကဓံနဲ့ကြုံရမှ တရားဘက်လှည့်တဲ့သူကပိုများတယ်။

အဲ့ဒီဒကာမတွေကပြောသေးတယ်၊ အံမယ် ဘန္တေတဲ့ဒီမြို့ကလူတွေက အမြင်ကျယ်ကြပါတယ်တဲ့။ ဘ‌န္တေကို ဘာမှအန္တရယ်ပေးမှာမဟုတ်ဘူး။ ဖြစ်ချင်းဖြစ်ရင် တပည့်တော်တို့ကို အရင်သတ်ပြီးမှဘန္တေကိုသတ်မှာတဲ့။ သူတို့ပြောရမှာဝမ်းသာရမှာလား ဝမ်းနည်းရမှာလား။

ဒကာမကြီးတို့ရေ မထင်နဲ့လို့ ပြန်ပြောလိုက်ချင်တယ်။ နိုင်ငံခြားသားတွေကို ကြောက်ရတာမဟုတ်ဘူး၊ တို့မြန်မာတွေထဲမှာမှ ဘုန်းကြီးကိုလာမပင့်နိုင်ပဲ နှင်းတွေကျနေတဲ့ရာသီဥတုထဲမှာ ကားမောင်းပြီးဆွမ်းစားကြွခိုင်းတာ၊ ဘုန်းကြီးကိုတီဗွီမကြည့်ရ၊ သတင်းစာမဖတ်ရ၊ ဗီဇာသက်တမ်းမတိုးရဆိုပြီး ခြုတ်ချယ်တာ၊ ဘုန်းကြီးကိုလက်ညိုးငေါက်ငေါက်ထိုး ရန်တွေ့ပြီးဆူပူတာ၊ ဘုန်းကြီးအလှုခံလို့ရတဲ့နဝကမ္မအလှုငွေတွေကို ကျောင်းပိုင်ဆိုပြီးသိမ်းယူတာ၊ ဘုန်းကြီးငွေတွေကိုအပိုင်စီးတာ၊ ဘုန်းကြီးကြိတရားစွဲတာ၊ ကျောင်းကိုအပိုင်စီးတာ၊ အမလေးအစုံစုံကြုံဖူးတဲ့ဘန္တေတွေရှိပါတယ်ဗျား။

ဒီရက်တွေမှာဆရာတော်နေရထိုင်ရတာ သိပ်အဆင်မပြေဘူး၊ နှာစီးသလို၊ လည်ချောင်းယားသလို၊ မျက်စိယားသလိုဖြစ်တယ်၊ ဆရာဝန်တွေပြောတော့ပန်းတွေပွင့်လာ၊ ဝတ်မှုန်တွေပေါလာ၊ မြက်တွေပေါက်လာလို့ အယ်လာဂျီဖြစ်တာတဲ့။ အရင်တုန်းက အဲ့ဒီလိုမဖြစ်ဖူးပေါင်၊ သူတို့ပေးလိုက်တဲ့ဆေးတွေသုံးတော့ နဲနဲတော့သက်သာတယ်၊ ရာသီဥတုကောင်းလာလို့ အပြင်လမ်းထွက်လျှောက်ရမလား မှတ်ပါတယ်။

မေလထဲရောက်လာပြီဆိုတော့ ဗုဒ္ဓနေ့နီးလာပြီပေါ့နော်။ ကဆုန်လပြည့်နေ့ဆိုတာ မြတ်စွာဘုရားဗျာဗိတ်ပန်ဆင်တာ၊ ဖွားမြင်တာ၊ ဘုရားဖြစ်တာ၊ ပရိနိဗ္ဗာန်ပြုတာစတဲ့နေ့ပေါ့။ လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ပူဇော်ကို ခံယူတော်မှုတိုက်တဲ့၊ ပါရမီတွေကို ဘဝပေါင်းများစွာ ဖြည့်ခဲ့တဲ့၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးကို ဆရာမရှိပဲ အလိုလို သိမြင်နိုင်တဲ့ မြတ်စွာဘုရား မွေးဖွားတဲ့နေ့ပေါ့၊ မြတ်စ္စာ ဘုရားဆိုတာ တကယ်သမိုင်းမှာရှိခဲ့တယ်။ လူတွေကကြောက်လန့်ပြီး စိတ်ထဲမှာ ဖန်ဆင်းထားတဲ့ဘုရားမဟုတ်ဘူး၊ မြတ်စွာဘုရားကလဲလူတွေကို ဖန်ဆင်းထားတာမဟုတ်ဘူး၊ သတ္တဝါတွေရဲ့ အဝိဇ္ဇာကြောင်၊ ရှေးက အတိတ်က တွေကြောင့် ဖြစ်လာတာ။ ဒီလို အိုနာသေ နဲ့ အမြဲ အဆုံးသတ်ရမဲ့၊ သံသရာထဲက ထွက်နိုင်မဲ့ လမ်းကို ပြပေးတဲ့ ဆရာဖြစ်တဲ့ မြတ်စွာဘုရားကို ကျေးဇူးမတင်ထိုက်ဘူးလား၊ ခရစ်ယာန်ဘာသာ၀င်တွေဆိုရင် ယေရှုခရစ်တော် မွေးဖွားတဲ့ ခရစ်စမတ်နေ့ကို တခမ်းတနား ကြီးကြီးကျယ်ကျယ် ကျင်းပကြတယ်။

တို့ဒီကမြန်မာတွေကတော့ ဒီလိုမဟုတ်ပေါင်။ ဗုဒ္ဓနေ့ဆိုရင် ဘာမှ စိတ်ဝင်စားကြဘူး ။ ဗုဒ္ဓမြတ်စွာဘုရားကိုကျေးဇူးတင်ရကောင်းမုန်းလဲမသိကြဘူး၊ အေးလေ တရားကို မမြင်တော့ ဘုရားကိုလဲ ဘယ်မြင်ပါ့မလဲ။ တရားကိုမြင်မှ ဘုရားကို ကျေးဇူးတင်တတ်ကြရမှာပေါ့နော်။

ဆရာတော်ဦးဝိမလ ဟိုဟိုဒီဒီတွေလျောက် စဉ်းစားနေတယ်၊ ဆရာတော်ထင်တာလဲ မှန်နေတယ်။ ဗုဒ္ဓနေ့ကျတော့ ဘယ်သူမှသိပ်မလာဘူး၊ လာနေကျဒီလူလောက်ပဲ ချောက်တီးချောက်ချက်ရှိတာ။ ဘုရားကိုအားနာဖို့ကောင်းလိုက်တာဗျာ။ ဆရာတော် မွေးနေ့တုန်းကတော့ အကျွေးအမွေးကလဲရှိ၊ ပုဂ္ဂိုလ် ခင်တော့တရားမင် ဆိုသလိုပဲ၊ လူတွေက တော်တော်များများလာကြတယ်၊ လှုကြတယ်။ ကျေးဇူးရှင်အများကြီးရှိတဲ့ တို့မြတ်စွာဘုရား မွေးနေ့ကျတော့မေ့ထား၊ ပစ်ထားကြတယ်လေ။

အခုမေလက ရာသီဥတုကောင်းတော့ လူတွေကခန်းကြီးကျောင်းမလာပဲ လျှောက်လည်နေကြတာလဲပါမယ်။ အခုလိုမေလမှာ MOTHER'S DAY ရှိတော့ အဲ့ဒါနဲ့ တိုက်နေတာလဲပါမယ်။ ဆရာတော်ကျောင်းမှာ ဦးစိုးနိုးတို့ စုံတွဲ ကြောင့်ရန်ဖြစ်ကြဦးမှာလားဆိုပြီး လန့်ပြီးမလာကြတာလဲ ဖြစ်နိုင်တာပဲ၊ ခြံဘေးကအဖိုးကြီးသေတာကြောင့် မလာကြတာတော့ဟုတ်မယ်မထင်ပါဘူး၊အဲ့ဒီလောက် အယူမသည်းတတ်ကြ ကောင်းပါဘူး။

(၁၃)

ဗုဒ္ဓနေ့မှာရာသီဥတုတွေက အတော်သာယာတယ်။ ဆရာတော်တောင် ပန်းပွင့်တွေစစိုက်ဖို့စီစဉ်နေပြီ။ မြေတူး၊ မြေစွရမှာကတော့ ထုံးစံအတိုင်းစိုးစိုးပဲပေါ့။ သူက ပင်ပန်းပေမဲ့ မငြူစူရှာဘူး၊ သူများတွေ လိုငွေအများကြီး မလှုနိုင်တော့ လုပ်အား လှုတာပါတဲ့။ အလုပ်လုပ်တော့ကျန်းမာတာပေါ့တဲ့။ သူက အသက်ငယ်သေးတော့ အပင်ပန်းခံနိုင်သေးတယ်လေ။ ဆရာတော်ကတော့ ကျန်းမာပေမဲ့ ဇရာကစကားပြောလာပြီ။ အမောသိပ်မခံနိုင်တော့ဘူး။

မသင်းတို့မိသားစုကတစ်အိမ်လုံးလာတယ်၊ ကြာဇံကြော်တစ်ဗန်းယူလာတယ်။ လူပျိုကြီး ဇံဇံကတော့မြန်မာပြည် ပြန်ပုစွန်ခြောက်၊ ဘာလချောင်ကြော်၊ လဖက်၊ မုန်ဟင်းခါး ထုတ်စတာတွေဝေပေးနေလေရဲ့။ ရတဲ့သူတွေကလဲ ပြုံးလို့ ပျော်လို့ ဟုတ်တယ်လေ။ မြန်မာပြည်ကလက်ဆောင်ဆိုရင် လူတိုင်းကစားစရာပဲ လိုချင်ကြတာ များတယ်။ အဝတ်အထည်တွေဘာတွေက ဒီလောက်ကြီး ဘာမှအသုံးမဝင်လှဘူး။

ဇံဇံဆီကရတဲ့ သတင်းအရတော့ ဦးစိုးနိုင်ရဲ့ဟိုဒင်း ခင်စန်းလင်း(ခ)စတယ်လာက ရန်ကုန်မှာလဲခပ်ရှုပ်ရှုပ်ဆိုပဲ။ မရှင်းမရှင်းတွေများတယ်တဲ့။ မသင်းကနင့်ဟာတွေက ရှုပ်တာတွေရော၊ မရှင်းတာတွေရောစုံနေတာပဲ။ အသေချာပြောစမ်းပါဆိုတော့၊ ဇံဇံကကျွန်တော်လဲစိတ်မဝင်စားလို့သေချာနား‌မထောင်မိလို့မသိဘူး။ တူမတွေကတော့ပြောတာပဲတဲ့။ မသင်းကစိတ်ဝင်စားစရာ သတင်းတွေမရလို့မကျေနပ်ဘူး။

မာလာကဒီကောင်မနာမည်က စတယ်လာသာဆိုတယ်၊ နာမည်နဲ့လူနဲ့မလိုက်ဘူး၊ ကောင်းတဲ့အလုပ်တော့တစ်ခုမှမရှိဘူး၊ သားလေးမျက်နှာမထောက်ပဲ သူများယောကျာ်းမှ ခိုးယူချင်ရသလား။ တော်ကြာ ရန်ကုန်မှာတရားဝင်ယောကျာ်းတွေဘာတွေများ ရှိနေရင် ဦးစိုးနိုင်ဒုက္ခရောက်ဦးမယ်လို့ ကြံကြံဖန်ဖန်တွေးပြီးပူတယ်။ စတယ်လာ့အကြောင်းက ဘယ်သူမှသေချာသိကြရတာ မဟုတ်ဘူးလေ။

ဇံဇံနဲ့ကိုမျိုးကတော့ပြောစရာစကားတွေရနေကြတယ်။

‘ကိုမျိုးရာ မြန်မာပြည်ကလူတွေကမလွယ်ပါဘူးဗျာ၊ အိုင်ဖုန်းလေးတစ်လုံးလောက် ပို့ပေးပါဦးနဲ့။ ကျွန်တော့်ကိုပိုက်ဆံထွက်တဲ့ ငွေတွင်းများမှတ်နေသလားမသိဘူး။ ပိုက်ဆံကိုပင်ပင်ပန်းပန်းမရှာရတော့ ငွေတန်ဖိုးဆိုတာလဲမသိဘူး၊ အကုန်ပေါ့ပေါ့တန်တန်ပဲ သဘောထားကြတယ်။ နိုင်ငံခြားမှာအမျိုးရှိရင်ငါတို့တောင်းပိုင်ခွင့်ဆိုတဲ့ RIGHT ရှိတယ်လို့ယူဆကြပုံ ရတယ်။’

‘ဒါပေါ့ဇံဇံရာ၊ ကိုယ့်ဟာကိုကြိုးစားချင်စိတ်၊ ပင်ပန်းခံချင်စိတ်ရှိတဲ့သူတွေကရှားရှားလာတယ်။ ကျွန်တော့်တူတစ်ယောက်ဆိုရင်လဲ ဂျပန်သွားချင်တယ်ဆိုလို့ ငွေတစ်သောင်းနီးပါးလောက် ချေးလိုက်ရတယ်၊ ချေးတယ်ဆိုပေမယ့်အခုထိပြန်မရပါဘူး၊ အဲ့ဒီလိုတာဝန်ယူချင်စိတ်၊ ကတိတည်တဲ့အကျင့်၊ နဲနဲပါးပါးဖြစ်ဖြစ်တော့သူများပိုက်ဆံကို ပြန်ဆပ်မယ်ဆိုတဲ့စိတ်မရှိရင် ကိုယ့်ကိုဘယ်သူက နောက်ထပ်ယုံတော့မှာလဲ။

မသင်းကလဲစဉ်းစားနေတယ်၊ တစ်နေ့ကဟိုကောင်မတွေက လယ်သာဂျက်ကက်တဲ့ ၊ မှာပြန်ပြီ။ ဒီလောက်ပူတဲ့နိုင်ငံမှာ ဘာလုပ်ဖို့လဲတော့မသိဘူး၊ တို့ကနဖူးကချွေးခြေမကျအောင် ရှာရသလောက်ဒင်းတို့ကတော့ ခပ်ပေါ့ပေါ့ပဲ။ အေးလေ ပေါ့ပေါ့တန်တန်နေတဲ့သူတွေများတဲ့နိုင်ငံမို့ ဒီအခြေအနေရောက်နေတာလား။ အုပ်ချုပ်သူတွေညံ့ဖျင်းတာကို အပြစ်ပုံချရမှာလား။

ဇံဇံကမြန်မာပြည်ကပါလာတဲ့ ဘာလချောင်ကြော်တွေနဲ့ဆရာတော်ကိုဆွမ်းကပ်တယ်၊ ကျန်တာလူတွေချကျွေးပေါ့။ သူ့တိုက်ခန်းမှာတော့မကြော်ရဲပါဘူး၊ အခန်းနီးချင်းတွေက ရဲကိုဖုန်းဆက်ခေါ်လိမ့်မယ်။

မာလာကတော့ ဒီတစ်ခါလွယ်လွယ်ကူကူငါးဟင်းချက်လာတယ်၊ ကိုဖိုးမောင်ကတော့ ဆိုင်မှာအလုပ်လုပ်နေရတော့ မလာနိုင်ပေမဲ့ အန်တီအေးနဲ့လူကြုံ ကျောက်ကျောပါးလိုက်ရှာတယ်။ အန်တီအေးကလဲ လူတွေနဲ့တွေ့ရမှာဆိုးလို့လားမသိဘူး၊ ဆွမ်းကပ်ခါနီးမoက်သားဟင်းတစ်ခွက်နဲ့ ရောက်လာတယ်။ ဒါပေမယ့်လူတွေက သူ့ကိုဘာမှမမေးပါဘူး၊ အားနာလို့လား‌တော့မသိဘူး။

သတ္တဝါတွေရဲ့ကျေဇူးရှင် ဆရာသခင်မြတ်ဗုဒ္ဓရဲ့မွေးနေ့မှာ လူသိပ်မရှိပေမဲ့၊ ဟင်းသိပ်မများပေမဲ့၊ အဲ့ဒါကိုကပိုထမင်းစားကောင်းသေးတယ်။ အပူမိနေတဲ့အန်တီအေးတောင်ထမင်းစားလို့မြိန်တယ်။ ဆရာတော်ကလဲတရားကို ခပ်တိုတိုဟောပြီးဘုရားကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဆယ်မိနစ်တရားထိုင်ကြဆိုပြီးထို င်ခိုင်းထားလိုက်တယ်၊ ဘုရားကိုလက်တွေ့ကြည်ညိုဖို့၊ ကျေးဇူးဆပ်ဖို့ကအဓိကမဟုတ်လား။

မာမီညွှန့် ခေါ် ဇာနည်ညွှန့်တို့လဲသူ့အပေါင်းအသင်းတွေနဲ့ ရောက်လာတယ်။ သူတို့က စားစရာယူမလာပေမယ့် အပင်စိုက်တဲ့နေရာမှာ၊ သန့်ရှင်းရေးနေရာမှာတော့အားကိုးရတယ်။ ကိုမျိုးကတော့ ဒီကောင်တွေ HIVရောမှန်မှန်စစ်ကြရဲ့လားမသိဘူးလို့ စဉ်းစားနေတယ်။

သင်္ကြန်ကဧပြီအစား ရာသီဥတုပိုကောင်းတဲ့ ဇွန်လမှာ လုပ်ကြလေ့ရှိပေမဲ့ ဒီနှစ်မလုပ်ဖြစ်ပါဘူး။ အရင်နှစ်ကလဲမလုပ်ဖြစ်ဘူး၊ လူတွေမအားကြတာလဲပါတယ်။ ဦးစိုးနိုင်ကိစ္စတွေ ရှုပ်ထွေးနေတာလဲပါတယ်။ တမြန်မနှစ်ကတော့ ပန်းခြံတစ်ခုမှာနေရာဌားပြီးလုပ်ကြတယ်။ ကလေးရော၊ လူကြီးပါကပျော်ကြရတာပေါ့။ လူတွေကလဲဘုန်းကြီးကျောင်းတို့၊ ဗုဒ္ဓတို့သာမလာပဲနေကြမယ်။ သင်္ကြန်မှာကဲရမယ်ဆိုလို့ကတော့ အများကြီးပဲထွက်လာကြတယ်။ တချို့တွေကလဲ ကိုယ့်မိဘသားချင်းတွေကိုမှအားမနာ၊ ကိုယ့်အသက်မှအားမနာ စကတ်တိုတိုတွေနဲ့။ ဒီနှစ်တော့မလုပ်ဖြစ်တော့ဘူး၊ စီစဉ်ဖို့က‌ငွေအင်အားလိုတယ်၊ လူပင်ပန်းခံနိုင်ရမယ်၊ အစားအသောက်တွေ၊ ဖျော်ဖြေရေး၊ အဆိုအကတွေလိုတယ်လေ။

(၁၄)

ဒီနှစ်ဇွန်လမှာတော့ သင်္ကြန်ပွဲမရှိပေမယ့်၊ လူအများစိတ်ဝင်စားတာတစ်ခုတော့ရှိတယ်။ တခြားမဟုတ်ပါဘူး။ ချိုချိုစားသောက်ဆိုင်ပိုင်ရှင် ဒေါပြုံးကြည်ရဲ့သားအငယ်ဆုံး ညိုတုတ်မင်္ဂလာဆောင်မယ်လေ။ သူ့နာမည်အရင်းကို ဘယ်သူမှမခေါ်ကြပဲ ညိုတုတ်ပဲခေါ်ကြတယ်။ မင်္ဂလာဆောင်က အပျံစားဟော်တယ်မှာလုပ်မှာတဲ့။ ဟင်းတွေကလဲကောင်းမှကောင်း၊ ဂဏန်းကင်၊ ပုစွန်ကင်၊ ကြက်သားနဲ့ဟင်းသီးဟင်းရွက်၊ မှိုအစာသွတ်၊ ဟင်းသီးဟင်းရွက်သုပ်၊ အာလူးဟင်းထမင်း၊ ပေါင်မုန့်အစုံပါပဲ။ ကိုမျိုးကတော့သူတို့ဆိုင်မှာဘယ်လုပ်မှာလဲ၊ ဟင်းတွေကမှမကောင်းတာတဲ့။ မုန့်ဟင်းခါးဆိုရင် ဘာမှမပါပဲမုန့်ဖတ်နဲ့ဟင်းရည်နဲ့ဖြစ်ကလတ်ဆန်းတဲ့။ ပဲကြော်လေး လက်တစ်ဆုတ်စာလောက် ထည့်ပေးဖို့တောင်စေတနာမရှိဘူးတဲ့၊ ထုံးစံအတိုင်းအတင်းပြောတာလေ။

သူတို့အကြောင်းရေးတဲ့စာ ထွက်လာပြီးနောက် ဦးစိုးနိုင်တို့ စုံတွဲ ငြိမ်နေတယ်၊ ဘယ်မှာမှ သိပ်မတွေ့ရဘူး။ လူတွေက သူတို့ရဲ့ အပြုအမှုကို လက်မခံဘူး၊ ဒါမျိုးကို လွယ်လွယ်ကူကူ သဘောမထားဘူးဆိုတာ သူတို့သဘောပေါက်သွားပုံရတယ်။ ခါတိုင်းဆို မြန်မာတွေ အသွားများတဲ့ ကုန်တိုက်ကြီးတွေမှာ စားသောက်ဆိုင်တွေမှာလက်ချင်းတွဲလို့ တွေ့ရပါလိမ့်မယ်။ အကဲပိုတဲ့သဘောလား၊ လွတ်ထွက်သွားမှာကြောက်လို့ ဆုပ်ကိုင်ထားတဲ့သဘောလားတော့မသိဘူး။

ဆရာတော်ရဲ့ကျောင်းကိုတော့ ဘယ်သူမှ မရှိတဲ့ အချိန် ညဖက်ပိုင်း တွေဆိုင်သိမ်းပြီးချိန်တွေမှာ ခုနောက်ပိုင်းရောက်လာတယ်တယ်၊ ဆရာတော်ကလဲ အပြစ်လုပ်ထားတဲ့သူတွေဆိုတော့ ကုသိုလ်လေး ဘာလေး ဖြစ်အောင် ကျောင်းသန့်ရှင်းရေး ဘာညာ စသည် လုပ်ခိုင်းတယ်။ အဲ့ဒါကို ဦးစိုးနိုင်က မလျော့သေးဘူး တပည့်တော်က အပြစ်ရှိလို့လားဘုရား တဲ့ လုပ်ချင်သေးတယ်။ တပည့်တော်လဲ ကြိုးစားပြီးရှောင်သေးတာပဲ။ မရှောင်နိုင်လို့ ဒီလိုဖြစ်ရတာပါ ဘုရားတဲ့ လုပ်သေးတယ်။

သူ့ဟာမ စတယ်လာကအခုကျတော့ အချိန်ပိုင်းကောလိပ်တတ်ချင်တယ်သတဲ့။ သူ့ရည်ရွယ်ချက်ကအစထဲကအလုပ်လုပ်‌ ဝင်ငွေရှာရင်းကျောင်းတတ်ဖို့ကိုး။ သူများယောက်ျားခိုးဖို့တော့ ရည်ရွယ်ချက်ထဲမှာပါမယ်မထင်ပါဘူး၊ အဲပါချင်လဲပါမှာပေါ့လေ။ ခေတ်ကြီးကိုကခေတ်ပျက်ကြီးဖြစ်နေပြီမဟုတ်လား။ ဦးစိုးနိုင်ကတော့ ကျောင်းတက်ရင်ဒီကောင် မကျောင်းမှာတခြားသူတွေနဲ့ ဖြစ်မှာ စိုးရိမ်တယ်၊ သူကလဲအပြစ်လုပ်ပြီးမှဒါကြီးကိုပဲ ကောင်းပါတယ်ဆိုပြီး ဇွတ်မှိတ်လျှောက်ရမဲ့အခြေအနေ ဖြစ်နေတာကိုး။ အခုလိုညဖက် ဆရာတော် ကျောင်းကို လာတာတောင် သူ့ကောင်မ တပိုတပါးသွားတာတွေဘာတွေတောင်ကြာရင် စိတ်မချဘူး၊ ကျောင်းမှာ ကညဖက်ဆိုရင် တခါတလေ စိုးစိုးကရောက်နေတတ်တယ်။ ကျောင်းသန့်ရှင်းရေး လုပ်တာတို့၊ ဆရာတော် ခိုင်းလို့အခြောက် အခြမ်းစျေးဝယ်ပေးရတာတို့၊ မီးချောင်း အသစ်လဲရတာတို့က သူ့ပဲအားကိုးရတာကိုး။ ကျန်တဲ့လူတွေလဲ ခေါ်ခိုင်ရင်တော့ လာကြမှာပါ။ ဒါပေမယ့် သူ့လောက် စေတနာပါ ချင်မှပါမယ်။ ချက်ချင်းလာချင်မှ လာကြမယ်။

အခုညိုတုတ်ရဲ့ မင်္ဂလာဆောင်မှာလဲ ဦးစိုးနိုင်ဖိတ်စာမရဘူး၊ သူ့အလုပ်သမား ကိုဖိုးမောင်တောင်ရတယ်။ တကယ်တော့ ချိုချိုစားသောက်ဆိုင်ဆိုတာ စခါစ အခန်းကျဉ်းလေးမှာတုန်းက ဦးစိုးနိုင်ဆိုင်ကပစ္စည်းတွေဝယ်ပြီးစခဲ့တာပါ။ အခုသူတို့ကအောင်မြင်သွားပြီး မြို့ထဲပြောင်းသွားတော့မှ အဆက်အသွယ်သိပ်မရှိပဲဖြစ်သွားတာ။ အခုတော့ကိုယ့်ကိုမဖိတ်ဘူးဆိုတော့ ကိုယ့်ကိုမလေးစားသလို၊ ပစ်ပယ်ခံထားရသလို၊ ခံစားရတယ်။ ညိုဆုတ်ဆိုတာလဲ ကိုယ့်မျက်စိအောက်မှာကြီးသွားတဲ့ကလေးပဲ။ ဦးစိုးနိုင်ကသူများနေရာပေးတာ၊ လေးစားတာသိပ်ခံချင်တာ၊ အန်တီအေးနဲ့တုန်းကလဲ သူ့ခြေသူ့လက်ပဲလေ။ မအေးက သိပ်ရိုးတာအေးတာကိုး။ အခုရက်တွေမှာ ဦးစိုးနိုင်ညဖက်အရက်သောက်ဖြစ်တာများတယ်။ လူတွေကိုမကျေနပ်ဘူး၊ ကိုယ်ကလေးစားခံချင်တာ၊ နေရာပေးခံချင်တာ၊ လူတွေကိုဆရာကြီး လုပ်ချင်တာ၊ မင်္ဂလာပွဲမှာဆိုရင်ထိပ်ဆုံးစားပွဲမှာထိုင်ချင်တာ၊ အခုတော့သူလုပ်ခဲ့တဲ့အပြစ်ကြောင့် အပယ်ခံဘဝရောက်နေပြီ။ လူတွေကဆေးဖော်ကြောဖက်မလုပ်ချင်တော့ဘူး၊ နှုတ်ဆက်တဲ့သူတွေကျပြန်ရင်လဲ ငါ့ကိုဘာများစောင်းပြောမှာလဲဆိုတဲ့သံသယနဲ့ မယုံကြည်မှုကဝင်နေတယ်။

လူတွေကဦးစိုးနိုင်ကိုဘာမှ တဲ့တိုးကြီးမပြောကြပါဘူး၊ မသင်းတို့လိုစောင်းချိတ်ပြီး ပြောတာတော့ရှိရင်ရှိမှာပေါ့။ စာတွေဝေပြီးအပုတ်ချတာမျိုးတော့ရှိမှာပေါ့။ အများစုကတော့ရန်မလုပ်ကြပါဘူး။ မရိုင်းကြပါဘူး။ နဲနဲတော့ကြောင်တာပေါ့လေ။ ခါတိုင်းဆိုအန်တီအေးနဲ့တွဲပြီး တွေ့နေကျမဟုတ်လား။ ဦးစိုးနိုင်ကတော့ သူကျူးလွန်ထားတဲ့လူမှုရေးဖောက်ပြန်မှုကြောင့် စိတ်မလုံဘူးလို့ပဲပြောရမယ်။ အဲ့ဒီတော့လူတွေကြားထဲမဝင်ရဲဖြစ်သွားတာပေါ့။ နောက်ဆုံးသူ့ဆိုင်မှာခိုင်းထားတဲ့အလုပ်သမား ကိုဖိုးမောင်ကိုတောင် မယုံချင်သလိုဖြစ်လာတယ်။ ဒီကောင်လူတွေကို ဘာများလျှောက်ပြောနေမလဲပေါ့။ အမှန်ကကိုဖိုးမောင်က ဒီအလုပ်ပြုတ်မှာသိပ်ကြောက်ရှာတာ။ သူ့ဆရာအကြောင်းဘာမှမပြောပါဘူး။ သို့သော်ဦးစိုးနိုင်စိတ်ထဲမှာမလုံဘူး။ သူကဒီကိစ္စကို လွယ်လွယ်ကူကူထင်ခဲ့တာကိုး။ အန်တီအေးကလဲ ခွင့်လွှတ်ပြီးသူနဲ့ဆက်ပေါင်းလိမ့်မယ် ထင်ခဲ့တာကိုး။

မင်္ဂလာဆောင်က ဇွန်လထဲမှာဆိုတော့ ရာသီဥတုကလဲသာယာပါတယ်။ လူတွေကလဲပြုံးလို့ပျော်လို့။ အန်တီအေးကတော့ မင်္ဂလာဆောင်ဆိုရင်လုံးဝမသွားချင်ဘူး။ ဒါပေမယ့်သူနဲ့ခင်တဲ့ဒေါ်ပြုံးကြည်ကိုယ်တိုင်က လာဖိတ်တာရယ်၊ သမီးတွေကမြှောက်ပေးတာရယ်နဲ့ သမီးတစ်ယောက်ကိုအဖော်လုပ်ပြီးလာတယ်။ ကိုယ်ကအပြစ်လုပ်ထားတာ မဟုတ်တော့ လူတောတိုးရဲတယ်ဆိုပြီးပေါ့။ (အဲ့ဒါကြောင့်လဲ ဦးစိုးနိုင်ပိုပြီးစိတ်ဆိုးတာဖြစ်မယ်၊ သူ့ကိုဆေးဖော်ကြောဖက်မလုပ်ကြဘူး၊ မဖိတ်ကြဘူး၊ လူဆိုတာအရေးပေးခံချင်ကြတာပဲ။)

မသင်းနဲ့ (စကားမပြောတတ်တဲ့လူကြီးလို့ ကိုမျိုးကနာမည်ပြောင်ပေးထားတဲ့) ကိုလတ်တို့စုံတွဲလဲလာတယ်။ မသင်းကအကယ်ဒမီပေးပွဲကို လာတဲ့မင်းသမီးလိုမျိုးလှလို့ပလို့၊ သူ့ခန္ဓာကိုယ်ကြီးမှာ ပြိုးပြိုးပြက်ပြက်အရောင်စုံထွက်လို့၊ အေးလေသူများနိုင်ငံမှာ လာပြီးအထည်စက်ရုံမှာ ကျွန်ခံသလိုအလုပ်လုပ်နေရတာ အခုလိုရှိုးစမိုးလေးလဲထုတ်နိုင်ဦးမှပေါ့နော်။

လူပျိုကြီးဇံဇံကတော့ ဘာမှထူးထွေပြီးဝတ်စားမလာပါဘူး၊ သာမာန်ပါပဲ။ သူကဒါမျိုးပွဲတွေသိပ်စိတ်မဝင်စားပါဘူး။ (ဒါပေမယ့်အစားအသောက် ကောင်းကောင်းစားရတာကိုတော့ ကြိုက်တယ်။) သူအဖို့ကတော့ဒီလူတွေဟာ နောင်နှစ်ငါးဆယ်၊ တစ်ရာကြာရင် ဘယ်သူမှရှိတော့မှာမဟုတ်ဘူး၊ အားလုံးမမြဲတာတွေချည်းပဲ။ မင်္ဂလာဆောင်တာ အကျဉ်းချုံးလိုက်လဲပြီးတာပဲလို့တွေးတယ်။

မာလာကတော့ ဒီနေ့စနေနေ့လဲဆေးခန်းမှာ အလုပ်လုပ်ရလို့ဆေးခန်းစောစောပိတ်ပြီး ပြေးလာရတာဆိုတော့နဲနဲတော့မောတယ်။ ဒါပေမယ့်မသွားရင်လဲမကောင်းတာတစ်ကြောင်း၊ နဲနဲစပ်စုချင်တာက‌တစ်ကြောင်းကြောင့် ရေမိုးချိုး ၊ ဂါဝန်အကောင်းတစ်ထည်ကောက်စွပ်၊ မြက်ရိတ်ရလို့စိတ်တိုနေတဲ့ ကိုမျိုးကိုခေါ်ပြီးလာတယ်။

သတို့သမီးကမြန်မာပြည်က အရမ်းချမ်းသာတဲ့သူဌေးသမီးတဲ့၊ တချို့ကလဲအဲ့ဒီပိုက်ဆံတွေက သမာအာဇီဝမဟုတ်ပါဘူးကွာ၊ ပြည်သူတွေဆီကမတရားရထားတာပါတဲ့။ ကွယ်ရာမှာအတင်းအပြောကြတယ်။ မာလာတို့အတွက်ကတော့ ဆရာဝန်ဆိုတာ ချမ်းသာတယ်ပဲထားဦး၊ မတရားကြီးတော့ချမ်းသာဖို့မရှိဘူးလေ၊ တခြားစီးပွားရေးတွေဘာတွေ လုပ်ရင်တော့တစ်မျိုးပေါ့။

ကိုယ့်မှာအဲ့ဒီလောက်ချမ်းသာရင်လဲ ပရဟိတအလုပ်တွေအတွက် အများကြီးလှုဖြစ်မယ်ထင်ပါတယ်။ မြန်မာပြည်မှာအရမ်းချမ်းသာတဲ့သူတွေဟာ တကယ်ဆင်းရဲတဲ့သူတွေကို စာနာသနားတတ်ကြရဲ့လား၊ လူဝီဗူတန်အိတ်ကြီးတွေကို ( ဆင်းရဲသားတွေကို အားမနာပဲ) ဂုဏ်ဒြပ်ပြဖို့ ကိုင်ထားကြတဲ့သူတွေဟာ သူတို့ဘ၀မှာ အများကောင်းကျိုးအတွက် ဘယ်လောက်များ ကိုယ်ကျိုးစွန့်ဖူးပါလိမ့်။အေးလေ ချမ်းသာတဲ့သူတွေဟာ ကိုယ့်ပတ်ဝန်းကျင်ကိုမမြင်ပဲ မှန်ကိုပဲမြင်တတ်ကြတာများတယ်။

မာလာကလျှောက်စဉ်းစားနေတယ်၊ ကိုမျိုးသူငယ်ချင်း စန်းစန်းရှိန်တို့ကိုမြင်ရပေမယ့် သူတို့ကဟိုးချောင်ထဲက စားပွဲမှာ။ စန်းစန်းရှိန်ကမြန်မာပြည်မှာဆရာဝန်ပေမယ့် ဒီမှာဆရာဝန်မဖြစ်ရှာဘူး၊ ဒါပေမယ့်လူနာတွေသွေးဖောက်တဲ့ အလုပ်လေးရှိတော့ ပုံမှန်ဝင်ငွေလေးတော့ရှိသေးတယ်။ ဟိုတယ်ဝန်ထမ်းတွေရှိတော့ စိုးစိုးဘာမှသိပ်မလုပ်ရပါဘူး၊ ဒါပေမယ့်တချို့ကားမမောင်းနိုင်တဲ့လူကြီးတွေကို ကြိုပို့လုပ်ပေးရတယ်။ လက်ဖွဲ့ပစ္စည်းတွေ ကားပေါ်တင်ပေးရတယ်။ တောက်တိုမယ်ရခိုင်းတာတွေလုပ်ပေးရတယ်။

မင်္ဂလာဆောင်က ဘိသိက်ဆရာလဲပါတယ်၊ အကြာကြီးစကားမပြောလို့တော်သေးတယ်။ ‘ကျက်သရေထွန်းဖြာ မောင်ဥက္ကာ နှင့် တင့်မျိုးစုံညီ ခင်မာကြည်တို့ မင်္ဂလာချိန်ခါ’ စတာတွေပြောနေတော့ လူတွေကစိတ်မရှည်ကြတော့ဘူး၊ ကိုမျိုးကကျက်သရေဆိုတာ ကြက်တွေဆီမှာရှိတာလားတဲ့လျှောက်ပြောနေတယ်။

ဘိသိက်ဆရာအလှည့်ပြီးတော့ ဒီနိုင်ငံမှာနိုင်တီးဂွမ်းတီးထဲကရောက်နေတဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက်က သတိုးသားဖက်ကမင်္ဂလာစကားပြောတယ်။ သူကပရိသတ်ထဲကနိုင်ငံခြားသားတွေ ပါနားလည်စေချင်တော့ အင်္ဂလိပ်လို ရွှတ်ရှက်ဒွတ်ဒက်တွေပြောတာ၊ ဒါပေမယ့် စိတ်လှုပ်ရှားတာပဲလား၊ ကြိုတင်ပြင်ဆင်မှုမရှိတာလားတော့မသိဘူး၊ ကပေါက်တိကပေါက်ချာတွေဖြစ်၊ နွားအိုကြီးလှည်းနင်းထားသလိုဖြစ်နေတယ်။ တကယ်တော့မင်္ဂလာဆောင်မှာ စကားပြောမယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုတော့ရှိထားသင့်တာပေါ့။ ရှေ့ဆုံးနားက စားပွဲမှာထိုင်တဲ့ကိုမျိုးက တခွီးခွီးရီတော့မာလာကဆွဲဆိတ်ရတယ်။ အားနာစရာကြီး။ လူတွေကလဲမျက်နှာတွေက မသက်မသာဖြစ်လို့၊ ဘယ်တော့မှစားရပါ့မလဲဆိုတဲ့မျက်နှာတွေ။ ဂျနီဖာတို့လို ကောလိပ်ကျောင်းသူလေးတစ်ယောက်ကို ပြောခိုင်းရင်မှ ဒီထက်ပိုအဆင်ချောနေဦးမယ်။

မာလာကတော့စကားပြောတာ ဘယ်လိုမှအဆင်မချောတဲ့ဆရာဝန်အဖိုးကြီးကိုကြည့်ပြီး ရယ်လဲရယ်ချင်၊စိတ်လဲညစ်တယ်။ ပရိသတ်ကိုလဲအားနာတယ်၊ အဖိုးကြီးကဒီမြို့ခံကမဟုတ်ဘူး၊ ချီကာဂိုကဆိုလား၊ ဘာလားပဲ။ မာလာတို့တခါတလေဆရာဝန်အသင်း အစည်းအဝေးတွေ ဘာတွေသွားရင်လဲဒီလိုပဲ။တချို့ဆရာဝန်တွေများ ဒီကိုရောက်တာကြာလှပြီ။ အင်္ဂလိပ်စကားပြောအဆင်မချောလိုက်ပုံများ ဆရာဝန်လုပ်စားနေကြသလဲမသိဘူး။

ဇံဇံကလဲဆရာဝန်ကြီး မိန့်ခွန်းချွေတာကိုနားထောင်ပြီးရှုံမဲ့နေတယ်။ ဆရာတော်ဒီအချိန်မှာ ဘာလုပ်နေမလဲစဉ်းစားတယ်။ တပည့်တွေအားလုံးကဒီရောက်နေတာကိုး။ သူတို့ကဆရာတော်ကိုဖိတ်ပြီးချိုချိုထမင်းဆိုင်မှာပဲ မင်္ဂလာဆွမ်းကပ်တယ်လို့ကြားရတယ်။ ကိုကျော်ဇံလဲ တစ်ခါ၊ နှစ်ခါ လောက်မြန်မာပြည်ကဆရာတော်တွေကြွလာတော့ ထမင်းဆိုင်ကို ပင့်ပြီးဆွမ်းကပ်ဖူးပါတယ်။ ဆိုင်ကလူတွေကသံဃာတော်တွေကြွလာတယ်ဆိုပြီး လာပြီရှိခိုးကြ၊ ဂါရဝပြုကြပါရဲ့။ ဒါပေမယ့်ဆရာတော်တွေအတွက်ဆိုပြီး ဟင်းတစ်ပွဲကပ်မယ်ဆိုတာမျိုး လုံးဝမရှိပေါင်။ အေးလေ စီးပွားရေးသမားဆိုတာ ဒီလိုကပ်စေးနှဲလို့လဲကြီးပွားတာပေါ့။

ဇံဇံကကိုမျိုးနဲ့ထိုင်ပြီးအတင်းပြောချင်တာ၊ ဒါပေမဲ့အတူ နေရာမရဘူး။ ဇံဇံဘေးမှာကဒီနိုင်ငံက စီလီဘရတီတွေ၊ အနုပညာရှင်တွေ၊ မော်ဒယ်တွေရဲ့ နောက်ဆုံးပေါ်အတင်းအဖျင်းတွေ၊ လင်ယူသားမွေးသတင်းတွေ၊ နောက်မီးလင်းတာတွေ၊ အိမ်ထောင်ဆက်ဘယ်လောက်ရှိပြီလဲဆိုတာကို စေ့စေ့ပေါက်ပေါက်၊ ခရေစေ့တွင်းကျ၊ နှိုက်နှိုက်ချွတ်ချွတ်အသေးစိတ်ရေးတာ သိပ်ဝါသနာပါတဲ့ လီဆာမောင်ဆိုတဲ့အပျိုကြီးထိုင်နေတယ်။ အေးလေ သူလဲသူ့ဟာနဲ့သူဝါသနာပါရာနဲ့စိတ်ဖြေမှာပေါ့။ ဒီနိုင်ငံမှာလွတ်လပ်စွာရေးပိုင်ခွင့်ရှိနေတာပဲဟာ။ ဆရာတော်က အဲ့ဒါမျိုးတွေရေးတာအလကားပဲဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်တယ်။ သူတော်ကောင်းဆိုတာဒီလောက်တော့ရှိမှာပေါ့။ ဇံဇံရဲ့တခြားဖက်မှာတော့ အသက်ကြီးမှဘာသာခြားဖြစ်သွားရှာတဲ့ အဖွားကြီးထိုင်နေတယ်။ အရင်တုန်းကဘုန်းကြီးဆွမ်းကပ်၊ ပုတီးစိတ်၊ တရားထိုင်၊ သီလရှင်တွေ၊ ယောဂီတွေ ဘာတွေဝတ်ခဲ့တဲ့အဖွားကြီး၊ အခုတော့ဘယ်ကနေဘယ်လိုများ စိတ်ပြောင်းသွားသလဲမသိပါဘူး၊ သူများဘာသာထဲဝင်သွားပြီ။ သရဏဂုံပျက်တယ်ဆိုတာဘယ်လောက်များ နစ်နာသလဲဆိုတာသိရှာပုံမပေါ်ဘူး၊ အေးလေသူများကိုအပြစ်မြင်ဖို့မဟုတ်ဘူး၊ ကိုယ်လုပ်ရင် ကုသိုလ်ပဲဖြစ်ဖြစ် အကုသိုလ်ပဲဖြစ်ဖြစ်ခံစားရမှာပဲ။ ဒီတော့ကိုယ်ကမကောင်းတာတွေရှောင်ပြီး ကောင်းတာတွေလုပ်ဖို့ ပိုအရေးကြီးတယ်။

စကားပြောစရာလူမရှိတော့ ဇံဇံပျင်းလာတယ်။ ဗိုက်ဆာလာတယ်။ ဆရာဝန်အဖိုးကြီးကလဲလူတွေစိတ်ပျက်နေတာကို သဘော‌မပေါက်ပဲဆက်ပြောနေတယ်။

အန်တီအေးလဲဟန်ဆောင်ထားရပေမဲ့၊ ခန္ဓာကိုယ်ကမင်္ဂလာခန်းမထဲမှာဆိုပေမဲ့ စိတ်ကအတိတ်ကိုပြေးနေတယ်။ ကြိုးစားပြီးပစ္စုပ္ပန်မှာနေပေမဲ့ အခုလိုတိုက်ဆိုင်တာတွေရှိလာတော့သတိရတာပေါ့။ အန်တီအေးလဲ ငယ်ငယ်ကခုလိုပဲ ခမ်းခမ်းနားနားမင်္ဂလာဆောင်လက်ထပ်ခဲ့တာပေါ့။ အခုလိုတောင်ပြီးစလွယ်ဘယ်ဟုတ်မလဲ။ ဂုဏ်သရေရှိလူကြီးတွေက ငွေဖလားထဲလက်ချင်းဆက်ပေးတာတို့၊ ကြွလာတဲ့လူကြီးတွေနဲ့၊ ပရိသတ်တွေကိုကန်တော့ရတာတို့၊ ခရုသင်းနဲ့ပေါ်ပေါ်ပေါ်ဆိုပြီးမှုတ်တာတို့၊ ပန်းကုန်းစွပ်တာတို့အစုံပဲ။ အေးလေအနှစ်နှစ်အလလက တည်ဆောက်လာရတဲ့အိမ်ထောင်တစ်ခုဆိုပေမဲ့ ကံကုန်ရင်လမ်းခွဲရတာပဲပေါ့၊ ဘာတတ်နိုင်မှာလဲ။ အန်တီအေးကတော့ နောက်ဆုံးမြန်မာပြည်ပြန်နေမလားတောင်စိတ်ကူးတယ်၊ သမီးတွေကတော့ရယ်ကြတယ်။ အမေဟိုမှာ မီးမလာပဲ၊ အဲယားကွန်းမရှိပဲနဲ့ ဘယ်လိုနေနိုင်မှာလဲ၊ ဘာလုပ်စားမှာလဲတဲ့။ စိတ်ကူးတွေမယဉ်ပါနဲ့တဲ့။

ဆရာဝန်အဖိုးကြီးနှိပ်စက်တဲ့ဒဏ်ကိုခံပြီးတဲ့နောက်မှာတော့ ပရိသတ်တွေ ညနေစာစားကြဖို့တန်းစီကြတယ်။ ပြိုးပြိုးပြက်ပြက်အရောင်တွေထွက်နေတဲ့ မသင်းကိုခါတိုင်းနဲ့မတူပဲတွေ့ရတော့ ဇံဇံမနေနိုင်တော့ဘူး ၊ စ, ချင်လာတယ်။

‘ဟာ မသင်း ခင်ဗျားကိုတွေ့ရတာနတ်ပြည်က သိကြားမင်းဆင်းလာသလိုပဲ ဟဲဟဲ’ မသင်းကဘာမှမပြောပဲပြန်ကြည့်လိုက်တယ်။ လူပုံအလယ်မှာဆိုတော့ ကလော်တုတ်ဆဲလို့မရဘူး။ နိူ့မဟုတ်ရင်တော့ဘာပြောကောင်းမလဲ၊ မိုးမွှန်သွားမှာပေါ့။

မာလာကတော့အလိုက်မသိတတ်တဲ့ အသိတစ်ယာက်က ဇွတ်အတင်းစကားပြောနေတာနဲ့ မကောင်းတတ်လို့နားထောင်နေရတယ်။ အမှန်ကနေ့လည်က အသားညှပ်ပေါင်မုန့်လေးပဲ စားရလို့ဆာနေပြီ။ မင်္ဂလာဆောင်အဝင်ဝမှာ ကျွေးတဲ့မြေပဲတို့၊ ချိစ်တို့၊ ခရက်ကာတို့ကလဲ ဘယ်လောက်မှဗိုက်မပြည့်ဘူး။

အစားအသောက်တွေကလဲ ဟော်တယ်ကြီးမှာဆိုတော့ကောင်းပါ့။ လူတစ်ယောက်ကို ဒေါ်လာခုနှစ်ဆယ်၊ ရှစ်ဆယ်ဖိုးလောက်တော့ အသာလေးပေးရမယ်။ စားသောက်လို့ပြီးတော့သတို့သား၊ သတို့သမီးတွေကကိတ်မုန့်လှီးကြတယ်။ ဒီဂျေကလဲလူတွေကချင်၊ ခုန်ချင်တဲ့သီချင်းတွေဖွင့်ပေးနေပြီ။ လူငယ်တွေကလဲကချင်၊ ခုန်ချင်နေပြီ။

အန်တီအေးကိုလူတွေက ,ကပါလားလို့လာခေါ်တယ်။ ဒါပေမယ့်အန်တီအေးက ရှက်တတ်၊ ကြောက်တတ်တော့မကပါဘူး။ လူတွေကြားထဲမှာကရမှာ ဘော်လည်သလိုဘာလိုလိုနဲ့။ စိုးစိုးကအန်တီအေးကို ချစ်တော့ခင်တော့ဓာတ်ပုံအတူတွဲရိုက်တယ်၊ ပခုံးကိုဖက်လို့။ ကျန်တဲ့လူတွေကလဲ ဓာတ်ပုံတွေအများကြီးရိုက်ကြတယ်။ အမြဲသုန်မှုန်နေပြီး မြန်မာပြည်ကြီးရဲ့နိုင်ငံရေးအကြောင်းတွေ၊ ဒီမိုကရေစီရဖို့အရေးတွေကိုပြောတတ်တဲ့ ကိုဘာဘူတောင်သွားအဖြဲသားနဲ့ပြုံးလို့။ ကိုဖိုးမောင်ကမလာနိုင်ပေမဲ့ သူ့မိန်းမအေးရီကို လက်ဖွဲ့နဲ့လွှတ်လိုက်တယ်။ ထုံးစံအတိုင်းကားမောင်းတတ်ခြင်း ချွတ်ယွင်းချက်ရှိသူ များကိုစိုးစိုးက စုရပ်တစ်နေရာမှာသွားခေါ်ရတာပေါ့။ အသိမိတ်ဆွေတွေ လှလှပပဝတ်စားဆင်ယင်ပြီး အစားအသောက်တွေနဲ့ဧည့်ခံတဲ့ပွဲဆိုတော့ပျော်စရာပေါ့။ မင်္ဂလာဆောင်တယ်ဆိုတာ နှစ်ယောက်အတူဘဝတစ်ခုကိုတည်ထောင်တာပဲ။ အဆင်ပြေတာလဲရှိမယ်၊ မပြေတာလဲရှိမယ်။ အဆင်မပြေပဲနဲ့ဇွတ်မှိတ်ပြီး၊ ဆက်ပေါင်းနေတာကတော့ တကယ်ကိုမိုက်တာပဲလို့စဉ်းစားနေမိတယ်။ အန်တီအေးကရိုးတယ် အေးတယ်ဆိုပေမယ့် တိကနဲပြတ်နိုင်တာသတ္တိရှိတာပဲပေါ့နော်။ အခုလဲမင်္ဂလာဆောင်ကိုလာတယ်လေ။ ဟုတ်တာပေါ့၊ ကိုယ်ကခါတိုင်းလိုပဲ သာမာန်အတိုင်းနေနိုင်ရမှာပေါ့။ ကိုယ့်အိမ်ထောင်ရေးအဆင်မပြေတာနဲ့ မင်္ဂလာဆောင်ဆိုရင်တစ်သက်လုံးမသွားတော့ဘူး ဆိုလောက်အောင် ကြောင်တဲ့သူတွေလဲ မာလာတွေ့ဖူးတယ်လေ။

နောက်ရက်တွေကျတော့ အဲ့ဒီ့ဓာတ်ပုံတွေက အင်တာနက်ပေါ်မှာ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပလူပျံလောက်အောင်တွေ့ကြရပါတယ်။ အဲ့ဒီ့ဓာတ်ပုံတွေပြန်ကြည့်ပြီး စားမြုံ့ပြန်တဲ့သူကပြန်ကြတယ်။ သတို့သမီးကသူဌေးဆိုတော့ ဓာတ်ပုံတွေကမြန်မာပြည်ရော၊ စင်္ကာပူရော၊ ကယ်လီဖိုးနီးယားရောအကုန်ရောက်တယ်။

ဓာတ်ပုံတွေကြည့်ပြီး မပျော်နိုင်တာကတော့ကိုစိုးနိုင်ပဲ။ မပျော်နိုင်တာထက်ကို မနာလိုဝန်တိုစိတ်ဝင်နေတာဆိုရင်ပိုမှန်မယ်။ သူ့ကိုမဖိတ်တော့ရှက်တာ၊ စိတ်ဆိုးတာတွေလဲပါမှာပေါ့။ ဘယ်လိုပြောရမလဲ။ ပိုပိုပြီးမယုံသင်္ကာဖြစ်လာတယ်။ PARANOID ဖြစ်လာတယ်။ ဆိုင်မှာလိုရမယ်ရဆိုပြီးထားတဲ့သေနတ်ကို ခနခနထုတ်ကြည့်တယ်။ ဦးစိုးနိုင်ရဲ့ဆိုင်က သာမာန်ရပ်ကွက်တစ်ခုထဲမှာပါ၊ သိပ်အဆိုးကြီးမဟုတ်ပေမဲ့၊ သိပ်ပြီး ဆိတ်ငြိမ်နေတာတော့လဲမဟုတ်ဘူး၊ လူဖြူတွေ၊ ဟစ်စပင်န်နစ်တွေရယ်၊ လူမည်းတချို့နဲ့ စည်စည်ကားကားရှိတဲ့ရပ်ကွက်တစ်ခုပါ၊ ဆိုင်ဖွင့်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ဓားပြတိုက်တာတစ်ခါပဲကြုံဖူးပါတယ်။ ဓားပြတိုက်ခံရပြီးတဲ့နောက်တော့ သေနတ်တစ်လက်ဝယ်ထားလိုက်တယ်။ မအေးကတော့မကြိုက်ဘူးလေ။ လူသတ်နိုင်တဲ့လက်နတ်ဘာလို့ဝယ်ရမှာလဲတဲ့၊ ဓားပြလာတိုက်လဲ တစ်နေ့စာဝင်ငွေကိုပေးလိုက်တာပေါ့တဲ့။ လူမသေ၊ငွေမရှားပါဘူးတဲ့။ တခါတလေတော့လဲမအေးကိုသတိရမိသား၊ ဓာတ်ပုံထဲမှာစိုးစိုးကမအေးကို ပခုံးဖက်ထားတာလဲမနာလိုဘူး၊ ကိုဘာဘူကသွားအဖြဲသားနဲ့ (ဓာတ်ပုံထဲမှာသွားပဲမြင်ရတယ်။) ပြုံးနေတာလဲမနာလိုဘူး ဦးစိုးနိုင်မနာလိုရင်သာရှိမယ်၊ သူ့လုပ်ရက်တွေပြီးသွားပြီဆိုတော့ ပြန်ပြင်လို့တော့မရတော့ဘူး၊ တစ်တက်စားလဲကြက်သွန်၊ နှစ်တက်စားလဲကြက်သွန်ဆိုသလိုပေါ့။ အစကတည်းကတရားအခံမရှိတော့ ကိုယ့်ကိုတစ်ယောက်ယောက်က တစ်ခုခုပြောတယ်၊ လုပ်တယ်ထင်ရင်ကိုပဲဒေါသတွေထွက်နေပြီ။ ဒီတော့လဲအရက်ပိုသောက်ဖြစ်တယ်ပေါ့။

ဦးစိုးနိုင်အဖေလဲမြန်မာပြည်မှာ ဒီလိုပဲမယားငယ်ယူတာပဲ။ ဘယ်သူကဘာတတ်နိုင်လို့လဲ။ သူ့ကိုအားလုံးကြောက်ကြရတာပဲ၊ သူကနယ်တကာလှည့်ပြီး ပါးရိုက်လာတာဆိုတဲ့လူတွေလို ဘာမှမတတ်တဲ့လူမိုက်မျိုး၊ လူတွေကလဲပိုက်ဆံရှိတဲ့သူနဲ့မကင်းတော့ဆက်ဆံကြရတာပဲလေ။ ဦးစိုးနိုင်အလှည့်ကျတော့ သူ့ကိုအခုလိုလူတွေကပစ်ပယ်တော့စိတ်ဆိုးတာပေါ့။

(ဆက်ပါဦးမည်)