Breaking News

မောင်လူပေ - ဝေလမင်းသားကိုု ကိုရိုနာကိုုုုက်ပြီီ (၂၅/၀၃/၂၀၂၀)



 မောင်လူပေ - ဝေလမင်းသားကိုု ကိုရိုနာကိုုုုက်ပြီီ (၂၅/၀၃/၂၀၂၀)

(မိုုုုုုးမခ) မတ် ၂၆၊ ၂၀၂၀

အင်္ဂလန် အိမ်ရှေ့မင်းသား ချားလ်မှာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့အတွက် သီးသန့်နေထိုင်ပြီး ကုသနေပါတယ်။

ရောဂါကြောင့် လူသေဆုံးမှုမှာ စပိန်နိုင်ငံဟာ တရုတ်ပြည်ကို ကျော်တက်သွားပါတယ်။ မနေ့က တစ်ရက်ထဲ လူလေးရာကျော် အသက်ဆုံးခဲ့ရလို့ သေဆုံးသူ စုစုပေါင်းသုံးထောင့်လေးရာကျော်ရှိသွားပါပြီ။ တရုတ်ပြည်မှာ သုံးထောင့်နှစ်ရာကျော်သေဆုံးခဲ့တယ်။ ကူးစက်ခံရသူ ငါးသောင်းနီးပါးရှိနေပြီ။ စပိန်မှာ ရောဂါကို မထိန်းချုပ်နိုင်ခဲ့တာကတော့ အစိုးရရဲ့ကိုင်တွယ်မှုနောက်ကျခဲ့တာရယ်၊ စပိန်လူမျိုးတို့ရဲ့ ညမှာအပြင်ထွက်ပြီး ပျော်တတ်တဲ့ဓလေ့ကြောင့် အစိုးရရဲ့တားမြစ်ချက်ကို မလိုက်နာခဲ့ကြတာရယ်ကြောင့် ဖြစ်တယ်။

အီတလီနိုင်ငံမှာကူးစက်ခံရသူ ခုနှစ်သောင်းခွဲခန့်နှင့် သေဆုံးသူ ခြောက်ထောင့်ရှစ်ရာကျော်ခန့် ရှိတယ်။


အမေရိကန်ပြည်ထောင်စုမှာလည်း ကူးစက်ခံရသူ ခြောက်သောင်းခန့်နဲ့ သေဆုံးသူ ရှစ်ရာကျော် ရှိပြီ။ နယူးယော့ခ်မြို့က အဆိုးဆုံးကူးစက်မှုခံနေရသဖြင့် မကြာခင်က နယူးယော့ခ်ကို သွားခဲ့သူများ၊ လာခဲ့သူများ နှစ်ပတ်သီးသန့်နေကြပါရန် တောင်းပန်ထားသည်။ ဟာဝါရီ၊ အလာစကာစသည့်ပြည်နယ်အချို့က နယူးယော့ခ်၊ နယူးဂျာစီတို့မှလာသူများကို နှစ်ပတ်သီးခြားနေရမည်ဟု အမိန့်ထုတ်ထားသည်။ နယူးယော့ခ်မြို့ရှိ လမ်းမအချို့ကို လမ်းလျှောက်သူအတွက်သာ၊ ကားမမောင်းရဟု အမိန့်ထုတ်လိုက်သည်။

စီးပွားရေးအခြေအနေကျဆင်းမှုကို ကယ်တင်ရန်အတွက် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က ဒေါ်လာနှစ်ထရီလီယံ သုံးစွဲရန် အတည်ပြုလိုက်သည်။ အထက်လွှတ်တော်က မကြာခင် အတည်ပြုမည်။ ပြည်သူများနှင့် လုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးမည်။ ဒီသတင်းကြောင့် ဇောက်ထိုးဆင်းနေသော စတော့များပြန်တက်လာသည်။ နှစ်ရက်အတွင်း Dow Jones အညွှန်းကိန်း သုံးထောင်ကျော် ပြန်တက်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း(၁၉၆)နိုင်ငံမှ လူပေါင်းလေးသိန်းခွဲကျော်ကူးစက်ခံရပြီး နှစ်သောင်းကျော် သေဆုံးခဲ့ပြီ။

ဂရုပြုပြီးနေကြပါ။

ကိုရိုနာကာကွယ်ဖို့ အိမ်မှာသာ နေကြစို့


ရိုမန်ကက်သလစ်ရဟန်းမင်းကြီး ဖရန့်စစ်က ကမ္ဘာပေါ်ရှိ ခရစ်ယာန်အားလုံးကို ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်ဒါဏ်ခံနေရတဲ့ လူသားတွေအတွက် သနားကြင်နာခြင်းပေးဖို့ ထာဝရဘုရားထံမှာ ဆုတောင်းခဲ့တယ်။

ရဟန်းမင်းရုံးစိုက်တဲ့ ဗာတီကန်ရှိရာ အီတလီနိုင်ငံမှာ ရောဂါဒါဏ်အပြင်းအထန်ခံနေရသလို ဗာတီကန်မှာလည်း ရောဂါရှိသူလေးဦးတွေ့ရှိထားတယ်။ ရဟန်းမင်းကြီးကိုယ်တိုင်လည်း အများနဲ့ထိတွေ့မှုမလုပ်နိုင်တော့ဘူး။ ဗာတီကန်ရဲ့ ဝတ်ပြုဆုတောင်းတဲ့နေရာများကိုလည်း ပိတ်ထားရတယ်။ အခုဆုတောင်းမှုကိုလည်း ရဟန်းမင်းကြီက စာကြည့်တိုက်အတွင်းမှာ တစ်ဦးတည်း ပြုလုပ်ခဲ့တာဖြစ်တယ်။ အီတလီမှာ နိုင်ငံတစ်ခုလုံးပိတ်ပြီး ကာကွယ်နေရတဲ့အတွက် ဘုရားကျောင်းတွေ ပိတ်ထားပါတယ်။


ဆော်ဒီအာရေဗျနိုင်ငံမှာလည်း လူကိုးရာကျော်ကို ကိုရိုနာဗိုင်းရပ်ကူးစက်ခဲ့ပြီ။ ဒုတိယမြောက်သေဆုံးသူဟာ ဘာသာရေးအထွဋ်အမြတ်မြို့တော် မက္ကာမြို့က ဖြစ်တယ်။ ဒါကြောင့် မက္ကာ၊ မဒီနာ နဲ့ မြို့တော်ရီရာ့ဒ်တို့ကို အဝင်အထွက် ပိတ်လိုက်ပါပြီ။ မည်သူမျှ အဝင်အထွက်မရှိစေရ။ ညမထွက်ရအမိန့်ကိုလည်း ည(၇)နာရီကနေ ညနေ(၃)နာရီကို တိုးလိုက်ပါတယ်။ ဗလီအားလုံးကို ပိတ်ထားလိုက်ပြီး အိမ်မှာသာ ဝတ်ပြုကြဖို့ အမိန့်ထုတ်ထားတယ်။

ဂါရာမြို့ရှိရာ အိန္ဒိယနိုင်ငံကြီးလည်း နိုင်ငံတစ်ခုလုံးကို မည်သူမျှ အဝင်အထွက်မရှိစေရ အမိန့်နဲ့ ပိတ်ဆို့ပြီး ကာကွယ်နေတယ်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က အပြင်မထွက်ရအမိန့်ကို ပိုမိုတင်းကျပ်လိုက်ပြီး ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ပြောထားတယ်။

"ကိုရိုနာကာကွယ်ဖို့
အိမ်မှာသာ နေကြပါဗျို့။ "