Breaking News

သားကြီမောင်ဇေယျ - လက်ဆေးမယ်၊ ဦးနှောက်ဆေးမယ်၊ နှလုံးသားကိုဆေးမယ်



သားကြီမောင်ဇေယျ - လက်ဆေးမယ်၊ ဦးနှောက်ဆေးမယ်၊ နှလုံးသားကိုဆေးမယ်

(မိုးမခ) မတ််၂၆၊ ၂၀၂၀ 


ကိုဗစ် – ၁၉ ရောဂါ ကာကွယ်တဲ့ အနေနဲ့ ကျွန်တော် အိမ်မှာနေတယ်။ ကျန်းမာရေးဂရုစိုက်ပြီး အိပ်ရေး၀ အောင်အိပ်တယ်။ အားရပါးရ အပျင်းထူတယ်။ ပျင်းရမှာ ပျင်းလာတဲ့အထိ အပျင်းထူတယ်။ တခါတလေ ပျင်းရတာ ပင်ပမ်းရင် လက်ဆေးတယ်။ ဦးနှောက်ဆေးတယ်။ နှလုံးသား ဆေးတယ်။

လက်ကိုဆပ်ပြာနဲ့ဆေးတယ်။

ဦးနှောက်ကို အတွေးအမြင်စာအုပ်တွေ နဲ့ဆေးတယ်။ ဒသန နဲ့ဆေးတယ်။

နုလုံးသားကို တရားဓမ္မနဲ့ဆေးတယ်။ ဘ၀ နဲ့ ဆေးတယ်။ မေတ္တာနဲ့ဆေးတယ်။

အချိန်နဲ့ တပြေးညီ ဆိုတဲ့ စကားနဲ့ က ကျွန်တော်တို့ကို စတ္ထုထ စက်မှုတော်လှန်ရေးထဲ မောင်းထည့်နေတယ်် လို့တွေးမိတယ်။ အသက်ရှင်ဖို့ လိုအပ်သလိုလို၊ အိပ်မက်လှလှတွေ မက်ဖို့ လိုလို။ အရှိတရားနဲ့ လောက မာယာတွေ ကြား ဗျာများပြေးလွှားခဲ့တာတွေ ကိုပြန်မြင်လာတယ်။

လွန်ခဲ့တဲ့ နှစ် လေးဆယ်ကျော် ကာလ အင်စိန်ထောင်မှာ တိုက်ပိတ်ခံရတုန်းက ဒီလိုခံစားမှုမျိုး ခံစားခဲ့ရဖူးတယ်။ အတော်ကလေးတူနေတယ် လို ထင်မိတယ်။

အဲဒီတုန်းက စက်မှုတက္ကသိုလ်ကျောင်းသား ကိုဦးလှစောက

ကိုယ် /စိတ်ကျန်းမာရေး အတွက် ၈ ပေ ၁၂ ပေ တိုက်ခန်းထဲ ဘယ်လို နေထိုင် လေ့ကျင့်ရမယ်ဆိုတာသင်ပေးတယ်။ သီချင်းဘယ်လို ဆိုရတယ် ဆိုတာပြောပြတယ်။ ရေဦး သား ကိုပြည်ကျော်က တရားဘယ်လို ထိုင်ရတယ်ဆိုတာ နည်းပေးတယ်။ ကိုသန်းလွင်က မကျီးသီးနဲ့ ဘယ်လိုရောဂါတွေကို ကာကွယ် ကုသနိုင်သလဲ ဆိုတာ ပညာပေးရင်း ကျွန်တော့်ကျန်းမာရေးကိုစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်တော်ကလည်း သူတို့ကိုကျေးဇူးဆပ်တဲ့ အနေနဲ့ တနေ့အိပ်ချိန်ကို ၈ နာရီ က ၁၂ နာရီ ထိ တိုးလိုက်ရင် ထောင်ကျရက် တွေ ဘယ်လောက်လျှော့ကျသွားတယ် ဆိုတာ တွက်ပြပြီး အိပ်ရေး ၀၀ အိပ်နည်းနဲ့ အပျင်းထူနည်းတွေ ကို လက်ချာပေးခဲ့တယ်။

အဲဒီလို နဲ့ အခန်းကျဉ်းကလေးထဲမှာ နေထိုင်အသက်ရှင်နည်းကို ကျွန်တော်တို့ အားလုံး သင်ယူတတ်မြောက်ခဲ့တယ်။

အခုလို ကိုဗစ် – ၁၉ ဗိုင်းရပ်ကာကွယ်ရေးအတွက် လေယဉ်ကွင်းတွေပိတ် ။ နယ်စပ်ဖြတ်ကျော် လမ်းတွေပိတ်။ ဆိုင်တံခါးတွေပိတ်။ ပွဲ လမ်း တွေပိတ်တဲ့ အခါ ကျွန်တော် မတုန်လှုပ်မိ။

အေးဆေးပါ။

ဘယ်ကိုမှ သဝေမထိုးရတော့လည်း အိမ်မှာ အမှိုက်တွေသိမ်း၊ စာအုပ်တွေ ရှင်းပေါ့။ လိမ္မာခွင့် ရတုန်းလေး လိမ္မာ လိုက်ဦးမယ်။

လိမ္မာတဲ့ အကျိုးကတော့ စာအုပ်တွေရှင်းရင်း စာအုပ်သေတ္တာထဲက ပန်းချီကားတချပ်ပြန်တွေ့တာပါပဲ။ ဗဂျီအောင်စိုးရဲ့ ပန်းချီကားတချပ်။ ဖေဖေ့ကို လက်ဆောင်ပေးထားတာ။ အေဖိုးစာရွက်ပေါ်မှာ တရုတ်မှင်နဲ့ ရေးထားတာ။ စာရွက်က ဝါနေပြီ။ ဆွေးနေပြီ။ ပန်းချီကျော်ဖြူစံက မှန်ဘောင်ထဲ ထည့်ပေးထားလို့ မပျက်စီးသေး။

ပုံက လူမျက်နှာပုံလိုလို၊ ဘုရားပုံလိုလို၊ နတ်မင်းတပါးပါးရဲ့ ပုံလိုလို။ စက္ကူပေါ် မှင် နဲ့ပက်။ နောက်ပြီး မျက်လုံး၊ နှာခေါင်း ပါးစပ် တွေကို ရေးထား။ နဖူးမှာ သင်းကျစ် လိုလို အမှတ်အသားတခုလည်းရေးထား။ ခေါင်းပေါ်မှာ သရဖူ လိုလို ခေါင်းဆောင်းတခုလည်းပါရဲ့။

ဗဂျီအောင်စိုးနဲ့ ဖေဖေ တို့က သူငယ်ချင်းတွေ ၊ အနုပညာ မိတ်ဆွေတွေ ဖြစ်သလို ကို မြင့်စိုး ( ဗဂျီအောင်စိုးသားအကြီး) နဲ့ ကျနော်တို့ကလည်း တကျောင်းထဲနေသူငယ်ချင်းတွေ။ ကျောင်းနံရံ့ကပ်စာစောင်လုပ်ရင်း ခင်ကြသူတွေ။ ဦးလေး ဦးအောင်စိုးက အသက် ငါးဆယ်လောက် ၊ ကျွန်တော်တို့က ဆယ်ခြောက် ဆယ်ခွန် လောက်။ တပါတ်တခါ ကျောက်မြောင်းက သူ့အိမ်မှာ ပန်းချီ သင် ကြတယ်။

ဦးလေးက ကျွန်တော်တို့ကို ပန်းချီရေးခိုင်းတာထက် သူ့ရဲ့ ပန်းချီကားတွေကို ထုတ်ပြပြီး အဲဒီပန်းချီကားတွေ ဘာကြောင့်ရေးရတယ်၊ ဘယ်လိုစိတ်ကူးရတယ်၊ ဆိုတာတွေကိုပြောပြတာများပါတယ်။ သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ ပန်းရောင်းတဲ့ အဖွားအိုအကြောင်း၊ နတ်က တဲ့ အရာရှိကတော်တစ်ယောက်အကြောင်း၊ စာရေးဆရာ မောင်နေဝင်းရဲ့ မငွေရီ အကြောင်း တွေ ပါသလို တခါတရံ သဲပွင့်ကို အနုကြည့်မှန်ဘီလူးနဲ့ ကြည်ပြီး အရောင်ဖွဲ့စည်းပုံ အသစ်တွေနဲ့ ရေးထားတဲ့ ပုံတွေ အကြောင်း တွေလည်း ပါ ပါတယ်။ အဲဒီတုန်းက ဦးလေးအိမ်ကို ပန်းချီမောင်ညိုဝင်း၊ တင်လှဝင်းထင်၊ ကိုဆန်နီငြိမ်း ၊ ပန်းချီမောင်ဒီ ၊ ကိုဗလ( သုမောင်) ၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ တို့ကို မကြာခဏတွေ့ုရတတ်ပါတယ်။ အထူးခြားဆုံးတွေ့ရသူကတော့ ဓမ္မိက ဦးဘသန်းပါ။ သူက ကျွန်တော်တို့ကို သုည ဝါဒအကြောင်း ပြောပြလေ့ရှိပါတယ်။ ကျောင်စာကလွဲပြီး အားလုံးကိုစိတ်ဝင်စားတဲ့ ကျောင်းသားပီပီ သူတို့ပြောတာတွေကို စိတ်ဝင်တစား နားထောင်ခဲ့ရပါတယ်။ ကျွန်တော့်ဘ၀ ကိုလည်း အဲဒီဗဂျီ အိမ်ကလေးက ရတဲ့ အတွေးတွေကပဲ လွမ်းမိုးနေတာကို ကျွန်တော် အသက်ကြီးလာလေလေ သတိပြုမိလေလေပါပဲ။ ဥပမာပြောရရင် ဖေဖေ့ကိုလက်ဆောင်ပေးခဲ့တဲ့ ပန်းချီကားကလေး က အစ ပြုလို့ပေါ့။

အဲဒီပန်းချီကားကလေးဟာ အေဖိုး စက္ကူပေါ်မှာ အပေါစားမှင်နဲ့ ရေးခဲ့တဲ့ ပန်းချီကားကလေးမို့ လူအတော်များများက ဘာတွေရေးထားတာလဲ ၊ ဘာအဓိပ္ပါယ်လဲ ၊ ဘာမှန်းလည်းမသိဘူးလို့ တွေးရင်း ကျော်သွားကြမယ်ဆိုတာ ကျွန်တော်သိပါတယ်။

ဒါပေမယ့် အဲဒီပန်းချီကို ကျွန်တော် သိပါတယ်။ ကျွန်တော့်ဘ၀ ကို လွမ်းမိုးခဲ့ တဲ့ အတွေးတခု ကို ပေးခဲ့တဲ့ ပန်းချီမို့ပါ။

ဦးလေးဟာ ပန်းချီရေးတဲ့အခါ စုတ်တံကို သုံး တတ်သလို၊ တခါတလေ ဆော့ဖ် ပင်နဲ့ လည်း ရေးတတ်ပါတယ်။ တခါတရံ တော့ မှင်ကို စက္ကူပေါ် လောင်းချပြီးမှ ဟိုတို့ ဒီတို့ ဟိုခြစ် ဒီခြစ်နဲ့ ပန်းပွင့်လေးဖြစ်လိုက်၊ ရူခင်းကလေးဖြစ်လိုက်၊ လူပုံကလေးလိုလိုဖြစ်လိုက်၊ လှေကလေးနဲ့ ငှက်ကလေးတွေဖြစ်လိုက်နဲ့ ပါ။ ဆေးစက်ကျရာ အရုပ်ဖြစ်တယ် ဆိုတဲ့ စကားဟာ ဒီလိုရေးတာမျိုးကိုခေါ်တယ်ထင်ပါတယ်။

မင်းတို့ ငါတို့ကို ဘုရားသခင်ကပဲဖြစ်ဖြစ်၊ ကံကြမ္မာ က ပဲဖြစ်ဖြစ် လူလောကကြီးထဲကို ပစ်ချ လိုက်တာကွ၊ စက္ကူပေါ် ဆေးစက်တွေ ပစ်ချ လိုက်သလိုမျိုးပေါ့။ ငါတို့ကလည်း အပစ်ချခံ ဆေးစက်တွေ ပေါ်မူတည်ပြီး စိတ်ထဲက အကောင်းဆုံး အလှဆုံး ရေးချက်တွေနဲ့ အတူ ပန်းချီကား လှလှကလေးဖြစ်အောင် ဖန်တည်းကြရတာပေါ့။

ဦးလေးပြောတဲ့ စကားဟာ ကျွန်တော့်ကို အတွေးတွေပွားစေပါတယ်။

အဲဒီအတွေးဟာ ကျွန်တော့်ဘ၀ တခုလုံးလွှမ်းသွားပါတယ်။ အခုထက်ထိပါ။ ငါဘယ်နေရာရောက်ရောက် ဘယ်အခြေအနေရောက်ရောက် ငါဘ၀ ရဲ့ ပန်းချီကားကလေး ကို အလှဆုံး ဖြစ်အောင် ရေးမယ်ဆိုတဲ့ အတွေးနဲ့ ရှင်သန်ပါတယ်။ အဲဒီတော့ အသက်ရှုရတာ အေးမြတယ်။ အားရတယ်။ ၀ ၀ လင်လင်ရှိပါတယ်။

အလွန်ကျဉ်းကြပ် ရက်စက်ပါတယ် ဆိုတဲ့ အင်းစိန်ထောင်ထဲကို ကျောင်းသားဆိုးဘ၀ နဲ့ ကံကြမ္မာက ပစ်ချ လိုက်တုန်းကလည်း မိတ်ဆွေကောင်းတွေနဲ့ အတူ ရှင်သန်ခဲ့ရတယ်။ ထောင်ထဲက ရတဲ့ သင်္ခဏ်းစာတွေ၊ ဒသန တွေနဲ့ အကောင်းဆုံး အလှဆုံး ဘ၀ ပန်းချီတွေကို ရေးနိုင်ခဲ့ပါတယ်။

အခုတော့ ကံကြမ္မာက လူသားတိုင်း ကြောက်လန့်နေတဲ့ ကိုဗစ် – ၁၉ ကပ်ရောဂါကြီး နဲ့ ကျွန်တော်တို့ကို ကမ္ဘာကြီးပေါ် အတူတူ ပစ်ချလိုက်ပါပြီ။

တကမ္ဘာလုံးက မိတ်ဆွေကောင်းတွေနဲ့ အတူ တူ လက်တွဲပြီး ကျန်းမာရေးကို ဂရုစိုက်မယ်၊ လက် ဆေးမယ်။ သံသယ တွေ လွှမ်းမိုးတဲ့ ဦးနှောက်တွေကို ဒသန ကောင်းတွေ ၊ လန်းဆန်းတဲ့ မျှော်လင့်ခြင်း နဲ့ ဆေးကြောမယ်။ အမုန်းနဲ့ အာဃာတ တွေကို မေတ္တာနဲ့ဆေးမယ်။

အိမ်မှာ နားနားပြီး အိပ်ရတာ ပင်ပမ်းလာလို့ ၊ အပျင်းထူရတာ ပျင်းလာလို့ ဒီ စာ လေး ကိုရေးလိုက်တာပါ။

ကဲ မိတ်ဆွေတို့ လက်ဆေးကြမယ်။ ဦးနှောက်ဆေးကြမယ်။ နှလုံးသားကိုဆေးကြမယ်။ ကိုဗစ် သံသယ နဲ့ အတူပေါ့။

သားကြီးမောင်ဇေယျ ( ၂၂-၀၃-၂၀၂၀)