Breaking News

ဆောင်းယွန်းလ - "ကိုဗစ်ကို တွေးတောမိခြင်းများ"



ဆောင်းယွန်းလ - "ကိုဗစ်ကို တွေးတောမိခြင်းများ"

(မိုးမခ) မတ် ၂၆၊ ၂၀၂၀

နှာခေါင်းနှစ်ပေါက်နဲ့
အသက်ရှူကြတာချင်း အတူတူ
လူနဲ့လူချင်းမတူကြဘူးလို့ဆိုခဲ့ကြတယ်
ခေတ်အဆက်ဆက် ပေါ့
အခုတော့
အားလုံးရဲ့ အပူချင်းအတူတူဘဲ
အိမ်ထဲမှာငြိမ်ငြိမ်လေးနေကြရင်း
ဟက်ပီဘတ်ဒေးသီချင်းနဲ့လက်တွေဆေးကြ
ဘဝဟာမမျှတဘူးလို့ ဘယ်သူတွေပြောကြတာလဲ

ရောဂါကိုမျှဝေခံစားဖို့အဆင်သင့်မဖြစ်သေးရင်
ခဏတာပိတ်ဆို့မှုကိုတော့ မျှဝေခံစားကြရမှာဘဲ
ဦးဆောင်သူတွေက မထိန်းသိမ်းနိူင်ရင်
မြို့ကြီးတွေနဲ့တိုက်ကြီးတွေကျန်ခဲ့ပြီး
လူသားတမျိုးနွယ်လုံး မီးလောင်ကျွမ်းပြာကျသွားမယ့်ကိန်းပေါ့

စစ်စရိတ် ကိန်းဂဏန်းတွေကြီးပြီး
ဆေးရုံမှာ ကယ်ဆယ်ရေးကိရိယာတွေမလုံလောက်ဘူးဆိုတဲ့
ကမ္ဘာ့အင်အားကြီးနိူင်ငံတွေရဲ့အကြောင်းကို
ကိုဗစ်ရဲ့ လက်တွေ့သက်သေထူနိူင်ခဲ့ပုံဟာ
မယုံကြည်နိုင်စရာဘဲ။

အခုတော့ ငါတို့မှာ
အသက်ရှူလုံခြုံဖို့အတွက် မျက်နှာဖုံးတွေလိုတယ်
လက်ကိုသန့်သန့်ရှင်းရှင်းထားနိူင်ဖို့ ဟန်းဂျယ်လ်တွေလိုတယ်
ဆန်ဆီဆေးဝါးနဲ့ အိမ်သာသုံးစက္ကူများလည်းလိုတယ်

ချစ်သူတွေ
တယောက်ကိုတစ်ယောက် ခြောက်ပေအကွာကနမ်းနိူင်မယ့်
နှုတ်ခမ်းတွေလည်းလိုတယ်
လက်တွေကို မကြာမကြာဆေးကြောနေသလိုမျိုး
ဦးနှောက်တွေကို ဆေးကြောပေးဖို့လည်းလိုတယ်။

ဆောင်းယွန်းလ