Breaking News

လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၅



လှကျော်ဇော - ဝူဟန့်မှပုံပြင်များ - ၅

(မိိုးမခ) မတ် ၂၆၊ ၂၀၂၀

သက်ရှိမဟာတံတိုင်း

တရုတ်ပြည်သူတွေက တရုတ်ပြည်သူလွတ်မြောက်ရေးတပ်ကြီး (တနည်း) တရုတ်တပ်မတော်ကို သူတို့ရဲ့သက်ရှိမဟာတံတိုင်းကြီးလို့ တင်စား ခေါ်ဝေါ်လေ့ရှိပါတယ်။

တရုတ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးအတွက် အဓိကဦးစားပေးလုပ်ငန်း အဖြစ် သဘောထားပြီး တပ်တည်ဆောက်ရေးကို ဘက်ပေါင်းစုံက လုပ်ဆောင်နေတာနဲ့တပြိုင်နက် ပြည်သူတွေ မကြာခဏကြုံရလေ့ရှိတဲ့ သဘာဝဘေးအန္တာရာယ်အမျိုးမျိုးကိုလည်း အမြဲမပြတ်ရှေ့တန်းက ဝင်ရောက်ကူညီဖြေရှင်းပေးတတ်ပါတယ်။

တပ်နဲ့ပြည်သူ ရေနဲ့ငါးပမာ ဆိုတဲ့တော်လှန်ရေးကာလ တရုတ်ကွန်မြူနစ်များရဲ့ဆောင်ပုဒ်ကို ဆက်လက်ကိုင်စွဲ ထားခဲ့ကြပါတယ်။ အခုလည်း သဘာဝကပ်ဘေးကျရောက်ချိန်မှ ာပါဝင်ထမ်းဆောင်ခဲ့တဲ့ အခန်းကဏ္ဍကို ကြည့်ရအောင်ပါ။

တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ (၂၄) ရက်နေ့ (ဝူဟန့်ကိုပိတ်ဆို့တဲ့ အမိန့်ထုတ်ပြီးနောက်နေ့) တရုတ်တပ်မတော်ကို ဝူဟန့်မှာဖြစ်ပွားနေတဲ့ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ပါဝင်ကူညီဖို့ ညွှန်ကြားလိုက်ပါတယ်။ အဲဒီအချိန်ဟာ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလပါ။စစ်ဆေးရုံတွေက ဆေးဝန်ထမ်းအတော်များများ နေရပ်ပြန်ကုန်ကြပါပီ။ မိသားစုတွေပြန်ဆုံဖို့ မင်္ဂလာဆောင်ဖို့၊ တချို့လည်းဆွေပြမျိုးပြ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့။ သက်ဆိုင်ရာဆေးရုံတွေက ဆေးရုံဝန်ထမ်းတွေကို လုပ်အားပေးနိုင်ရင် ပေးကြဖို့ အကြောင်းကြားပါတယ်။ အကြောင်းကြားစာရသူတိုင်း (ရာနှုံးပြည့်နီးပါး) အချိန်မဆိုင်း မိမိတို့တာဝန်ကျရာဆေးရုံများကို ရရာနည်းလမ်းနဲ့ ပြန်လာခဲ့ကြပါတယ်။ ကိုယ့်ကားနဲ့ကိုယ် ခရီးထွက်သူများအတွက် အဆင်ပြေပေမယ့် ကျန်သူများ အထူးသဖြင့် ဟူပေတို့ ဝူဟန့်တို့ လူတွေအတွက် (သယ်ယူပို့ဆောင်ရေးမျာ းအကုန်ပိတ်ချလိုက်ပြီဖြစ်လို့) ကုန်းတတန် ရေတတန် လှည့်ပတ်ပြီး (တချို့ဆို မော်တော်ဆိုင်ကယ်တွေဌားလို့၊ တချို့ဆို ဒေသဆိုင်ရဲကားကို အကူအညီတောင်းပြီး) ရောက်အောင်ပြန်လာကြပြီး လုပ်အားပေးဖို့ စာရင်းတင်ကြပါတယ်။ ဒီလိုနဲ့ လူအင်အားအပြည့် ပြန်ရောက်လာခဲ့ကြပါတယ်။

ဇန်နဝါရီ(၂၄)ရက်ကစလို့ လေတပ်က သယ်ယူပို့ဆောင်ရေးလေယာဉ်သုံးစီးနဲ့ ဆေးဝန်ထမ်း(၄၅၀) ကိုရော၊ဆေးဝါးပစ္စည်းများကိုပါ ဝူဟန့်ကို စတင်ပို့ဆောင်ပါတယ်။ တနိုင်ငံလုံးရှိ လေတပ်စခန်းများကလည်းအလားတူပဲ လေယျာဉ်များနဲ့ မိမိတို့ဒေသကဆေးဝန်ထမ်းများနဲ့ ရသမျှဆေးပစ္စည်းများကို အခေါက်ပေါင်းများစွာနဲ့ ဝူဟန့်ဆီပို့ပေးခဲ့ကြပါတယ်။ အထူးသုံးနှာခေါင်းစည်း ၄ သိန်းနဲ့ အကာအကွယ်ဝတ်စုံ ၈ထောင်နဲ့တခြားဆေးရုံသုံးပစ္စည်းများ ပါဝင်ပါတယ်။

တရုတ်လေတပ်သမိုင်းတလျှောက် စစ်ရေးနဲ့မပတ်သက်တဲ့ အကြီးဆုံးစစ်ဆင်ရေးကြီးတရပ် ဖြစ်ပါတယ်။စစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေးစွမ်းရည်ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်း အရေးပေါ်အကြီးစား လှုပ်ရှားနိုင်စွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဝူဟန့်မှာရှိတဲ့ စစ်တပ်က တာဝန်ယူတဲ့ ဆေးရုံကြီး(၃)ရုံမှာ မတ်လ(၁)ရက်နေ့ စာရင်းအရ အပြင်းအထန်လူနာပေါင်း (၃၄၆၇) ကို ကုသပေးခဲ့ပြီး အဲဒီထဲက (၆၈၉) ယောက် ဆေးရုံက ဆင်းသွားနိုင်ခဲ့ပါပြီ။ ဒါ့အပြင်တနိုင်ငံလုံးက စစ်ဆေးရုံ (၆၃) ရုံ (ကုတင်ပေါင်း ၃၀၀၀ ကျော်) ကို ဒီရောဂါအထူးကုဆေးရုံအဖြစ်သတ်မှတ်ပေးခဲ့ပြီး ဆေးဝန်ထမ်းပေါင်း (၁၀,၀၀၀) ကျော်နဲ့ လူနာများကို လက်ခံကုသလာရာမှာ (မတ် ၁ ရက်နေ့ အထိ) လူနာ (၄၄၅၀) ကို ကုသပေးခဲ့ပြီး ၁,၀၀၀ နီးပါး ပျောက်ကင်းပြီး ဆေးရုံက ဆင်းသွားကြပါပြီ။ ဘယ်ဆေးဝန်ထမ်းမှ ကူးစက်ခံရခြင်းမရှိပါဘူး။ (ဒီအချက်ဟာ အရေးပေါ်ကုသရေးစနစ်မှာ အရေးကြီးပါတယ်။) ဒီတိုက်ပွဲကြီးမှာ စစ်တပ်က ဆေးဝန်ထမ်းပေါင်း ၁ သောင်းကျော် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလကုန်ပိုင်းကစလို့ တနိုင်ငံလုံး ဒီရောဂါတိုက်ဖျက်ရေးအတွက် ပိတ်ဆို့မှုများကိုလုပ်ဆောင်ရတဲ့အတွက် မြို့အတော်များများရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်ကုန်ပါတယ်။ ဒီအခါ တပ်က  လူအားရော ဝန်ဆောင်မှုအားရော ရှိသမျှသွန်ပြီး မြို့များအတွင်း အစားအသောက်အသွားအလာ ဆေးဝါးနဲ့ တခြားနေ့စဉ်သုံးကုန်ပစ္စည်းအမျိုးမျိုး စီးဆင်းမှုမပြတ်အောင် တပ်သုံး ကုန်ကားကြီးများ အသုံးပြုလုပ်ဆောင်ပေးခဲံကြရပါတယ်။ တချို့နေရာတွေမှာဆိုရင် စခန်းချထားတဲ့ တပ်များက သယ်ယူပို့ဆောင်ရေးကူညီရေးအဖွဲ့ ဆိုတာတွေ ဖွဲ့စည်းပြီး ဒေသကုမွဏီများကို ကုန်များပို့ပေးခဲ့ပါတယ်။

ဥပမာ - တနေ့တည်းမှာပဲ ဝူးဟန့်မြို့တွင်းက စူပါမာကက်များဆီကို တန် (၂၀၀) ရှိ ကုန်ပစ္စည်းများကိုထရပ်ကား (၅၀) နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါက နေ့စဉ်လုပ်ငန်းပါ။

ဝူဟန့်မြို့သူမြို့သားများကတော့ ဒီတပ်သားတွေ နေရာအမျိုးမျိုးမှာ ဝင်ကူနေတာတွေ့ရလို့ ကျေးဇူးလည်းသိပ်တင်တယ်။ အားလည်း သိပ်ရှိတယ် ... တဲ့။ တကယ်တော့ တရုတ်တပ်သားများဟာ ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားပြီး အချိန်မရွေးနေရာမရွေး ပြည်သူလူထုအတွက် တာဝန်ထမ်းဖို့ စိတ်ဓာတ်သွင်းပြီး လေ့ကျင့်ထားတဲ့ ပြည်သူ့တပ်သားများဖြစ်ကြပြီး ဒါကိုလည်း အကြိမ်ကြိမ်သက်သေပြပြီးပါပြီ။

(တရုတ်ပြည်အတွင်း ပေါ်ပေါက်ခဲ့တဲ့ သဘာဝဘေးတွေဖြစ်တဲ့ ငလျင်ဘေး၊ ​ရေဘေေး စတာများတွင်သာမက ကုလသမဂ္ဂက ဦးစီးတဲ့ ငြိမ်းချမ်းရေးစောင့်လုပ်ငန်းများမှာပါ နာမည်ကောင်းတွေ ရထားတာပါ။)

စစ်သူနာပြုမလေးတယောက် သူ့အတွေ့အကြုံကို ပြန်ပြောထားတာကတော့ ... ကျွန်မက ဒါမျိုးမကြုံဘူးတော့ အစမှာ နည်းနည်း ကြောက်ပါတယ် ။ လေယာဉ်ပေါ်မှာ အားလုံးဝိုင်းပြီး နိုင်ငံတော်သီချင်းကို ဆိုလိုက်ချိန်မှာတော့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားပါတယ်။ ကျွန်မတို့တာဝန်ကျတဲ့ဆေးရုံကို လူအိုရုံတရုံက
ကရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသူ လူနာတွေ တအုပ်ကြီးရောက်လာပါတယ်။ အခြေခံရောဂါအစုံ ပါပါတယ်။လေဖြတ်ထားသူတွေ၊ အဲဇမ်းမားရောဂါရှိသူတွေ အစုံပါပဲ။ သူတို့အတွက်အညစ်အကြေးကိစ္စတွေ အပါ တကိုယ်ရည်သန့်ရှင်းရေးကအစ လုပ်ပေးရတာပါ။ ပေကျံနေလို့မဖြစ်ဘူးလေ။ တချို့ဆိုရင် အော်ဟစ်ဆူပူမှုတွေလည်း ရှိပါတယ်။ သတ်သေချင်တဲ့စိတ်တွေလည်း ပေါ်နေကြပါတယ်။ နွေးနွေးထွေးထွေးနဲ့ ဖျောင်းဖျောင်းဖျဖျနဲ့ အိမ်သူအိမ်သားတွေလို သဘောထားလာအောင် ပြောရတာတွေလည်း ရှိပါတယ်။ တချို့ကစိတ် ကစဉ့်ကလျားဖြစ်နေကြတာ။

ဟိုပြောဒီပြောပြောရင်းက ကျွန်မတို့ဟာ စစ်သားတွေဆိုတာ သိကုန်ကြပါတယ်။ တနေ့မနက် တာဝန်စဝင်တဲ့အချိန် အသက် (၉၀) ကျော် လူနာကြီးတဦးကို ... 'ဖိုးဖိုး ဘယ်လိုလဲ။ ဒီနေ့ နေကောင်းတယ် မဟုတ်လား' လို့ မေးလိုက်မိတာ။ အဲဒီ လူနာအဘိုးကြီးကလေ သူလက်လှီလှီလေးကို တုန်တုန်ချည့်ချည့်နဲ့ စောင်အောက်က ထုတ်ပြီး ကျွန်မကို အလေးပြုတယ်။ အို... ပင်ပန်းထားသမျှ အကုန်ပျောက်သွားတာပါပဲ ... တဲ့။

တရုတ်ပြည်သူများနဲ့ သူတို့က သူတို့ရဲ့သက်ရှိတံတိုင်းကြီးလို့ တင်စားခေါ်ဝေါ်တဲ့ တရုတ်တပ်မတာ်သားများအကြား ဆက်ဆံရေးအချို့ပါ။

လှကျော်ဇော
၂၄-၃-၂၀၂၀