Breaking News

ဧရာ(မန္တလေး) - ကိန်းဂဏန်းတွေနောက်က သင်ခန်းစာ


ဧရာ(မန္တလေး) - ကိန်းဂဏန်းတွေနောက်က သင်ခန်းစာ

(မိုးမခ) မတ် ၂၆၊ ၂၀၂၀

ဒီအချိန်မှာ ကိန်းဂဏန်းတွေကို ကြည့်ရတာ စိတ်မသက်သာစရာ ကောင်းပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေရဲ့ နောက်မှာ သင်ခန်းစာယူစရာတွေ ရှိနေပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်ကို ပထမဆုံး စတွေ့တဲ့ အချိန်ကနေ လူတစ်သိန်းထိ ကူးစက်ဖို့ အချိန် ၆၇-ရက်ကြာပါတယ်။ နောက်ထပ် လူ တစ်သိန်း ထပ်ကူးဖို့ အတွက် ၁၁-ရက်ပဲ ကြာပါတော့တယ်။ ကူးစက်ခံရသူ ၃-သိန်းပြည့်ဖို့အတွက် ၄-ရက်ပဲ ကြာတော့တယ်။ အလွန် လျှင်မြန်တဲ့ ဆပွားနှုန်းနဲ့ ကူးစက်နေတာကို တွေ့နိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးက သူ့ဟာသူ အပြင်မှာ ကြာကြာ မနေနိုင်ပါဘူး။ ဒါပေမယ့် ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်က အဆုတ်ထဲကို ရောက်သွားရင်တော့ တစ်ကောင်ကနေ နှစ်ကောင်၊ နှစ်ကောင်ကနေ လေးကောင် ဒီလို ဆပွားနှုန်းနဲ့ ပြန့်ပွားပါတယ်။ အကယ်၍ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတွေက ဗိုင်းရပ်စ်ကို နိုင်နင်းအောင် တိုက်ဖျက်နိုင်စွမ်း မရှိရင်, ရောဂါလက္ခဏာတွေ ပြလာပါမယ်။ ဗိုင်းရပ်စ်နဲ့ ကိုယ်ခံအားတို့ တိုက်ခိုက်ကြတဲ့ တိုက်ပွဲက ပြင်းထန်လာရင်၊ ကိုယ်ခံအားရဲ့ ကာမေကာဇေလို အသေခံတပ်သားတွေရဲ့ တိုက်ခိုက်မှူကြောင့် ကူးစက်ခံရတဲ့ ဆဲလ်တွေသာမက အပြစ်မဲ့ ဆဲလ်ကောင်းတွေပါ မြေဇာပင်ဖြစ်ကုန်ပါတယ်။ အဆုတ်ရဲ့ လေအိတ် ဆဲလ်တွေကို ထိလိုက်ခံရတာလို့ အသက်ရှူကြပ်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကံမကောင်းလို့ ကူးစက်ခံရသူက ရောဂါအခံရှိသူ ဖြစ်ရင်, ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်နေရင်, ဒါမှမဟုတ် အသက်ရှူစက် စတဲ့ ဆေးဝါးကိရိယာ အကူအညီတွေ အလုံအလောက် မရခဲ့ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားအချက်အရ ပျမ်းမျှ အသေပျောက်နှုန်းက ကူးစက်ခံရသူရဲ့ ၄.၄% ရှိတယ်လို့ ဆိုပါတယ်။ သာမာန်ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ တုတ်ကွေးမျိုးက အသေအပျောက် ၀.၁% ပဲ ရှိလို့၊ အချို့နိုင်ငံကြီးတွေက ဒီရောဂါကို သာမန်တုတ်ကွေးသာသာ သဘောထားခဲ့ကြတာက အဆင်ခြင်မဲ့ရာ ရောက်ပါတယ်။ သေနှုန်း ၄.၄% ဆိုရာမှာလည်း နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံတော့ မတူပါဘူး။ ကူးစက်သူ ၉၀၀၀ အထက်ရှိတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယား, ဆွစ်ဇာလန်, ဂျာမနီ စတဲ့ နိုင်ငံတွေမှာ အသေအပျောက်နှုန်း အလွန်နည်းပြီး၊ အီတလီ, စပိန်နဲ့ အီရန်နိုင်ငံတွေမှာတော့ အသေအပျောက်နှုန်း အလွန်မြင့်ပါတယ်။ အီတလီမှာ အသေအပျောက်များရတဲ့ အကြောင်းရင်း တခုက နိုင်ငံလူဦးရေရဲ့ ၂၃% က အသက် ၆၅-နှစ်အထက် သက်ကြီးရွယ်အိုတွေ ဖြစ်နေလို့ပါ။ ဒါကလည်း ပဓာန အကြောင်းရင်းတော့ မဟုတ်သေးပါဘူး။ ဂျာမနီနိုင်ငံမှာလည်း သက်ကြီးရွယ်အို ၂၁% (အီတလီလောက် နီးနီး) ရှိပါတယ်။

အီတလီက တရုတ်ပြီးတဲ့ နောက် ဒုတိယမြောက် ကပ်ရောဂါ ဖြစ်ပွားတဲ့ နိုင်ငံဖြစ်လို့ ပြင်ဆင်ချိန် အလုံလောက်မရခဲ့တာဟာ အကြောင်းရင်း တခုပါ။ ဒီထက်ပို အရေးကြီးတာကတော့ တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံတွေမှာ ရောဂါလက္ခဏာ သိပ်မပြသေးတဲ့ သံသယလူနာတိုင်းနီးပါးကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရောဂါ ရှိမရှိ စစ်ဆေးနိုင်တာပါပဲ။ နောက် ပထမဆုံး ရောဂါပိုး တွေ့ရှိတဲ့ လူနာကစ ရောဂါပိုးရှိသူတိုင်းရဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံတဲ့ သူတွေကို ခြေရာခံပြီး (Contact Tracing) စစ်ဆေးတာ၊ အသွားအလာ ကန့်သတ်တာ၊ သီးခြားခွဲထားတာတွေကို ထိထိ ရောက်ရောက်လုပ်နိုင်တာပါပဲ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ရောဂါကူးစက်သူတွေ တဟုန်ထိုးတက်လာမျိုး မဖြစ်အောင် ထိန်းချုပ်လိုက်ရာရောက်ပြီး၊ ဆေးရုံရောက်လာသူတွေကို ဆေးဝါးကိရိယာ, ကျန်းမာရေးဝန်ထမ်း ပြည့်ပြည့်စုံစုံနဲ့ ကုသခွင့်ရကြပါတယ်။ အီတလီနိုင်ငံမှာတော့ ရောဂါကူးစက်နှုန်းကို အချိန်မီ မထိန်းသိမ်းနိုင်တဲ့ အတွက် ဆေးရုံရောက်လာသူတွေ အတွက် နေရာ, အသက်ရှူစက်, ကျန်းမာရေးဝန်ထမ်းတွေ လုံလုံလောက်လောက် မပေးနိုင်တော့ပါဘူး။ နောက်ဆုံး အသက်ရွယ်ကြီးသူတွေကို ဆေးကုသမှု မပေးနိုင်တော့ဘဲ၊ လက်ပိုက်ကြည့်နေတော့တဲ့ အခြေအနေရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကူးစက်မှုက အတော်လေး နောက်ကျမှ ရောက်လာတာက ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဆက်ပြီး ကံကောင်းဖို့ အတွက်ဆိုရင် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို ခြေရာခံပြီး စမ်းသပ် စစ်ဆေးတာ, Quarantine, isolation, lock down စတာတွေကို ထိထိရောက်ရောက် လုပ်ရမှာပါ။ ကိုယ့်မှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်း, အသက်ရှူစက်, ဆေးဝါးတွေထက်ပိုထက် ကူးစက်သူ ပမာဏရောက် မလာအောင် ထိန်းချုပ်ရမှာပါ။ လူစုလူဝေး မလုပ်ဘဲ တတ်နိုင်သမျှ အိမ်မှာ နေပေးတာ၊ သံသယရှိသူတွေကို အသွားအလာ ကန့်သတ်တာ, သီးခြားခွဲထားတာ၊ မြိုအဝင်အထွက်တွေကို ပိတ်ဆို့တာ စတာတွေကို ပြည်သူတွေကနေ ဝိုင်းပြီး ကူညီလို့ ရနိုင်ပါသေးတယ်။ ဒီလို ကူညီနေကြတာကိုလည်း တွေ့နေရပါတယ်။ အကယ်၍ ဆေးရုံတက်ပြီး ကုသမှု ခံယူဖို့လိုတဲ့ သူတွေများလာရင်တော့ ကိုယ့်နိုင်ငံမှာ ရှိနေတဲ့ ဆေးရုံ, အသက်ရှူစက်, ဆရာဝန်, သူနာပြုတွေကိုပဲ အားကိုးရတော့မှာပါ။ ဒါကြောင့် ကုသမှု မတိုင်မီ ရောဂါကို ဟန့်တားထိန်းချုပ်မှုကို အရေးတကြီး လုပ်ကြရမှာပါ။

Ref:
Kent Sepkowitz, "Why is Covid-19 death rate so low in Germany?", CNN, Mar 24, 2020
Virginia Pietromarchi, "Why is Italy's coronavirus fatality rate so high?", Aljazeera, Mar 24, 2020
Shayanne Gal, Aylin Woodward and Andy Kiersz, "One chart shows different countries' current coronavirus death rates", Business Insider, Mar 18, 2020