Breaking News

ခင်လွန်း - "တောင်ပေါ်က ဘုရားလေးတွေမြင်တဲ့အခါ..."



ခင်လွန်း - "တောင်ပေါ်က ဘုရားလေးတွေမြင်တဲ့အခါ..."

(၁၉၉၀ ခုများတဝိုက်ကို ပြန်လည်ခံစားခြင်း)
(မိုးမခ) ဧပြီ ၁၅၊ ၂၀၂၀
-
ဟုမ်းစတေးကာလဆိုတော့ ကိုယ်လဲ အရင်လို တုတ်ကောက်လေးတဒေါက်ဒေါက် ထောက်ကာ ထောက်ကာနဲ့ ကျန်းမာရေးအကြောင်းပြ ဟိုငေး ဒီငေး ဟိုတွေး ဒီတွေး လမ်းသလား (လမ်းလျှောက်ထွက်) တဲ့အလုပ်လေး ချုပ်ငြိမ်းနေပါတယ်။

မိသားစုဆရာဝန်က သူပေးထားတဲ့လေ့ကျင့်ခန်းလေးတွေ တနေ့ အနည်းဆုံး နာရီဝက်လောက် လုပ်ပါ လို့အကြံပြုထားတော့ အိမ်အနီးအနား ဟိုဟိုဒီဒီ လမ်းလျှောက်ထွက်တာပါ။

ခုလဲ ကိုယ်တွေ ခိုကိုးနေတဲ့ နယူးဇီလန်မှာလဲ ဟုမ်းစတေးနေကြပါလို့ အစိုးရက တိုက်တွန်းထားပေမယ့် လိုက်နာရမယ့်တခြား အချက်အလက်လေးတွေလိုက်နာပြီး ( လူလူချင်း ၃ ပေအကွာလောက် နေရမယ်ဆိုတာမျိုး၊ ချောင်းဆိုးရင် နှာချေရင် တံတောင်ဆစ်ကွေးပြီးလက်မောင်းမှာပါးစပ်အပ် ဆိုးရမယ် ချေရမယ်ဆိုတာမျိုးကို ပြောတာပါ) ကိုယ်လက်လှုပ်ရှား အားကစားလိုက်စားသူတွေ လုပ်နိုင်ပြုနိုင်ကြပါတယ်။

ဒါကြောင့်မို့လဲ အပြင်ထွက်ရင် ကားလမ်းပေါ် အရင်နဲ့မတူ ပြောင်ရှင်းကြီးဖြစ်နေပေမယ့် ရံဖန်ခါဆိုသလို လမ်းလျှောက်သမား၊ အပြေးသမား အားကစားလှုပ်ရှားနေသူတွေကို တွေ့နေရပါတယ်။
ခေါင်းဖြူ ထော့ကျိုး အဘိုးကြီးကိုယ်လဲ နေခပ်ကျဲကျဲပူတဲ့အချိန်လေးတွေမှာဆိုရင် ပလေးဘွိုင်သန်းနိုင်ရဲ့ လမ်းဆက်လျှောက်မယ် ဆိုတဲ့သီချင်းလေးညည်းဖြစ်တာပေါ့ ” ပေတစ်ရာ လမ်းမ အနက်ရောင်လေးအပေါ် +++ ကိုယ်လျှောက်သွားရင်းနဲ့ လမ်းမှာ +++ ++

ဒီနေ့တော့ မိုးနည်းနည်းအုံ့တာရယ် လေလဲနည်းနည်းတိုက်နေတာမို့ အိမ်မှာပဲနေဖြစ်တော့ ဒီတလော ကိုဗစ်ကြောင့် အားစိုက်လုပ်နေဖြစ်တဲ့ မိုးမခ… သစ်ခက်… စသည် အွန်လိုင်းမဂ္ဂဇင်းတွေဘက်အာရုံမရောက်မီ ကိုယ့်အိမ်က စာအုပ်စင်လေးဆီ စိတ်နှင်မိပါတယ်။

တကယ့် စာအုပ်စင်သေးသေးလေးပါ။ ဒီရောက်ခါစက ရောက်လေရာအရပ်မှာ ကိုယ်မဖြစ်မနေဆောင်ထားရမယ့် စာအုပ်လေး ၄-၅- ၆ အုပ်လောက်ကလွဲရင် ဘာစာအုပ်မှမရှိတာနဲ့ စိတ်စက် တော်တော်မကောင်းဖြစ်မိတာ မှတ်မိပါသေးတယ်။
ကိုယ့်မှာက စာအုပ်မြင်ရင် စိတ္တဇ တမျိုးရှိတတ်တဲ့လူမျိုးမဟုတ်လား။
ဒီမှာက မြန်မာလူမျိုးနည်းတော့ မြန်မာစာအုပ်လဲအရောက်အပေါက်နည်းပုံရပါတယ်။ ပြီးတော့ ကိုယ်မြတ်နိုးတတ်တဲ့ ရသစာပေအမျိုးအစားက အရှားသား။ အဲဒီ့ထဲမှာ ပိုရှားတာက ကိုယ်တို့ဘဝအသက်လောက် တန်ဖိုးထားတဲ့ ကဗျာစာအုပ်ဆိုတာမျိုး ကျတော့ ရွှေထက်ရှားပေါ့။
လွန်ခဲ့တဲ့နှစ်များက ဆုံးပါးသွားလေသူ ဒေါက်တာကောင်းညွန့် …ဆိုတဲ့ စာရေးဆရာတပိုင်း အောက်ကလန်တက္ကသိုလ်အငြိမ်းစားဆရာကြီးမှာ အင်မတိအင်မတန်ရှားပါးတဲ့စာအုပ်တွေအထိ သိမ်းဆည်းထားရှိတဲ့ကိုယ်ပိုင်စာကြည့်တိုက်ရှိခဲ့ဖူးပေမယ့် သူလွန်တဲ့အခါ (သူက ဂျပန်အမျိုးသမီးတဦးနဲ့အိမ်ထောင်ကျတော့ သူနဲ့ သူ့သားသမီးတွေကလဲ မြန်မာတွေအပေါ် ချစ်စိတ်ရှိပေမယ့် မြန်မာစာ မြန်မာမှုနဲ့ နည်းနည်း ဝေးပုံရတော့ ) သူ့စာအုပ်တွေကို ဒီမှာရှိတဲ့မြန်မာတွေကို ဝေငှပေးခဲ့ပေမယ့် တစုတစည်းထဲ တနေရာရာမှာ ရှိနေတာမျိုးမဟုတ်ဘဲ ပြန့်ကျဲကြီးဖြစ်သွားခဲ့မှာပေါ့။

ကိုယ့်အိမ်ကနေ ၂ နာရီခရီးလောက်သွားရတဲ့ တခြားတနေရာ နယူးဇီလန် ဒုတိယမြို့တော် အောက်ကလန်မြို့က မြန်မာဘုန်းတော်ကြီးကျောင်း (ရတနာဒီပကျောင်းတိုက်) မှာ ဆရာတော်စုဆောင်းထား၊ စီစဉ်ထားတဲ့ စာကြည့်တိုက်လေးမှာတောင် ကိုယ်အာရုံကျတဲ့ ကဗျာစာအုပ်၊ ကဗျာနဲ့ဆက်စပ်စာအုပ်မျိုးတွေက များများစားစား မရှိတတ်ပါဘူး။ မြန်မာပြည် ကဗျာလောကမှာ ပြောနေကြတဲ့ ခေတ်ပေါ်ကဗျာတို့၊ ခေတ်ပြိုင်ကဗျာတို့ ဘာတို့ညာတို့ဆိုတာတွေတော့ ဝေးရောပေါ့ဗျာ။ အဝေးကြီး။

ဝေးတဲ့အပြင် အဲဒီလိုလေးများ ကဗျာကိစ္စ ကဗျာရေးရာတွေကို ရေငတ်သလိုလို အသက်ရှူမဝတော့သလိုလို ခံစားရလို့ ပြောချင်ဆိုချင် ငတ်မွတ်ရင်လဲ ဒုက္ခကြီးကြီးရောက်တော့တာပါပဲ။ ဒီမှာက ခေတ်ပေါ် ခေတ်ပြိုင်ကဗျာတပုဒ်ဟာ မော်ဒယ်အမျိုးမျိုးပြောင်းနေတဲ့ ကားတစီးလောက် စိတ်ဝင်စားစရာမှမကောင်းဘဲ။

သို့သော် ကိုယ်တွေက မြန်မာကဗျာမုဒ်ဦးဝကနေ ကဗျာတပ်မဟာကြီးကို ဦးဆောင်ချီတက်ခဲ့တဲ့ ကဗျာတပ်မှူး နာမည်ကြီးကဗျာဆရာမျိုးမဟုတ်ပေမယ့် ကဗျာကိုအသည်းအသန်ချစ်ခဲ့ တွယ်ဖက်ခဲ့တာ (အင်း …ကိုယ်ရောက်နေတဲ့ နေရာမှာ ပြောရင်တော့ ရယ်ပွဲဖွဲ့စရာဖြစ်မှာ) ကိုယ်တွေနဲ့ခေတ်ပြိုင် တသားထဲ တသွေးထဲ တဖြတ်ထဲနေခဲ့တဲ့ အရင်းအချာတွေ သိပြီးသားပါ။
ဒါတွေ ထားပါတော့။

ကိုယ့်စာအုပ်စင်လေးဆီပြန်သွားမယ်။

ဟုတ်တယ်။ ဒီစာအုပ်စင်လေးဖြစ်လာတာ ၂၀၁၈ မြန်မာပြည်ပြန်တဲ့ ခရီးစဉ်ကြောင့်လို့ ပြောရမှာပါ။ မြန်မာပြည်ရောက်ပြန်တော့ “ နှစ်ကာလများ ” ဆိုပြီး စာအုပ်တွေ ထုတ်ဝေနေတဲ့ ကဗျာဆရာ မိုးဝေးက ပြည်ပမှာ နေနေရတဲ့ ကိုယ့်ရဲ့တကယ့်အခြေအနေကိုနားလည်ပြီး စာအုပ်တော်တော်များများကို လက်ဆောင်ပေးပါတယ်။ နောက်ဆုံး လေယာဉ်နဲ့မသယ်နိုင်လောက်အောင် များများပေးလိုက်လို့ ရန်ကုန်က အမေ့အိမ်လေးမှာ သိမ်းထားခဲ့ရတဲ့အထိပါပဲ။ ပို့ခပိုက်ဆံရှိရင် လှမ်းပို့မယ်၊ စာအုပ်တွေ စာတိုက်က ပို့ပေးဆိုပြီး တူတော်မောင်ကို အမှာ ထားခဲ့ရတဲ့အထိပေါ့။
(စကားစပ်တုန်း - ကိုမိုးဝေးရေ... ကျေးဇူး ကျေးဇူး ကျေးဇူး ….ပါနော်)

အဲဒီစာအုပ်စင်လေးကို ဒီနေ့ ဘာကိုမှမလုပ်ခင် ဦးဦးဖျားဖျား ထိတွေ့မိတော့ ၂၀၁၆ ခုနှစ် စက်တင်ဘာလက တောရိုင်းနှင်းဆီစာပေတိုက်က ထုတ်ဝေတဲ့ "ဒေါင်းအိုးဝေ ဝတ္ထုတိုများ - ၂ ” စာအုပ် (ပုံမှာကြည့်) က လက်ထဲရောက်လာပါတယ်။ အဲဒီ့စာအုပ်က ကမ္ဘာပေါ်မှာ တခုထဲသာရှိသောလို့ ဆိုစမှတ်ပြုကြတဲ့ မကဒတ(ကျောင်းသားတပ်မတော်) က ထုတ်ဝေခဲ့တာပါ။ ဆရာ မောင်လွမ်းဏီ နယ်စပ်ကနေ တခုတ်တရပို့ပေးခဲ့တာပါ။
ဒီနေရာမှာ” မကဒတ( ကျောင်းသားတပ်မတော်) -ဒေါင်းအိုးဝေ” ..စသည်တွေကို မကြားဘူး မသိဘူးလောက်အောင် ဝေးလွန်းတဲ့လူတွေကိုတော့ နေခဲ့ပါ နော်လို့ပဲ ပြောချင်ပါတယ်။

ဟုတ်ပါပြီ။ ဆိုတော့ အဲဒီ့ ဒေါင်းအိုးဝေ ဝတ္ထုတိုများ - ၂ ကို ငါ့စာလေးလဲ ပါတယ်ထင်ပါရဲ့လို့စိတ်က ပြန်သတိရလိုက်ပြီး မာတိကာကိုကြည့်လိုက်တော့ မှင်နီလေးဝိုင်းထားတဲ့တနေရာကို တွေ့လိုက်ပါတယ်။
မောင်ကြီးပြည်စိုး- အရှေ့ယွန်းက နေဝန်းရှိရာ …တဲ့။

မောင်ကြီးပြည်စိုးဟာ ကိုယ်ပေါ့နော်။ ခင်လွန်းဆိုတဲ့ လူပေါ့နော်လို့ ကိုယ့်ကိုယ်ကိုယ် သတိရသွားပါတယ်။ မောင်ကြီးပြည်စိုး …တဲ့။
တခုခုပြောရင် ဘယ်လိုပင်ရှောင်ကွင်းသွားချင်ပေမယ့် ကိုယ်ချစ်ကြည်ညိုတဲ့ ကဗျာဆရာ မောင်အောင်ပွင့်က ပါလာမြဲပါ။ ဟော " မောင်ကြီးပြည်စိုး” ဆိုတာလဲ မောင်အောင်ပွင့်နဲ့ပတ်သက်နေရပြန်ပါရောလား။

ကိုယ်က စစ်ဘီလူးတွေလက်က အလွတ်ထွက်ပြေး၊ ပြည်ပရောက်နေချိန် အကိုပွင့်က ကြမ်းကြုတ်ရက်စက် ခါးသီးလှတဲ့စစ်အကျဉ်းထောင်ထဲနေရချိန်များမှာ သူ ဘယ်လိုများနေနေရပါလိမ့်၊ ရုပ်ထည်က ခပ်နုနုနဲ့ကဗျာဆရာတယောက် ထောင်ထဲက ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ခါးစည်း ခံနိုင်ပါတော့မလား။ ခုတကြိမ်က အရင်လို အရွယ်ကောင်းအချိန်ကောင်းမဟုတ်တော့ဘူးလေ။ ခံနိုင်ပါသေးရဲ့လား … လို့တွေးပြီး အမြဲပူပင်မိပါတယ်။ အမြန်ဆုံးလွတ်မြောက်စေချင်တာကလဲ အတိုင်းထက်အလွန်ပဲပေါ့။

အဲဒီလိုစိတ်နဲ့နေသူတယောက် အပြင်မှာလွတ်ထွက်နေပေမယ့် လိပ်ပြာချင်းက မကွဲသလိုပဲ။ စိတ်ထဲစွဲနေတာက ကိုယ်တို့ဟာ တသားထဲပဲ၊ တညှာထဲ တခိုင်ထဲကပဲဆိုတာမျိုး။

ဒါနဲ့ပဲ လွတ်မြောက်နယ်မြေလို့ဆိုစမှတ်ပြုကြတဲ့နေရာရောက်တဲ့အခါ စာရေးတိုင်း သူ့ကိုသတိတရ အလေးဂရုပြုတဲ့အနေနဲ့ကလောင်နံမည်ကို " မောင်ကြီးပြည်စိုး” လို့ရွေးဖြစ် ပေးဖြစ်ခဲ့ပါတယ်။ အဲဒီ့ကလောင်အမည်နဲ့ စာလေးတချို့ နယ်စပ်မှာနေရင်း ရေးဖြစ်ခဲ့ပါတယ်။

" မောင်ကြီးငြိမ်းချမ်း” က အကိုပွင့်ရဲ့သား၊ " မောင်ကြီးပြည်စိုး” က အကိုပွင့်ရဲ့ ရဲဘော်။

ဟုတ်ပါတယ်။ ကိုယ်တို့ ချီတက်ခဲ့ကြပါတယ်။ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကြီး အမိမြန်မာပြည်မှာ လုံးဝဥဿုံချုပ်ငြိမ်းသွားဖို့ ကြိုးစားခဲ့ကြပါတယ်။
အဲဒီ့အခါ စစ်အာဏာရှင်စနစ်ကြီး ထာဝရခိုင်မြဲတည်တံ့နေဖို့ထောက်ကန်ထားတဲ့ အဖက်ဖက်အင်အားစုကြီးတွေက ကိုယ်တွေကို အသေရရ အရှင်ရရ ဖြိုခွင်းပစ်ကြစမြဲပါပဲ။

ဒီနေရာမှာ တနေ့သား သူနဲ့ကိုယ် နယ်စပ်ကနေ ပြည်ထဲပြန်အဝင် တောတောင်ချောက်ကမ်းပါးတွေထူထပ်တဲ့တနေရာမှာ ကားပေါ်က မြင်လိုက်ရတဲ့မြင်းကွင်းတခုအပေါ် အကိုပွင့်ပြောခဲ့တာလေး သတိရမိပြီး ပြန်ပြောပြချင်ပါတယ်။

မြင်ကွင်းက ကားတောင် ငယ်သံပါအောင်အော်ပြီးတက်နေရတဲ့ တောင်ကုန်းမြင့်မြင့်တခုမှာဖြစ်ပါတယ်။ ကွေ့ကောက်နေတဲ့ တောင်ကုန်းအတက်လမ်းကွေ့လေးတခုမှာ အဲဒီ့မြင်ကွင်းကိုကားကကျော်တက်လာရင်း မြင်ရတာပါ။

ကားပေါ်ကနေ တောင်ကုန်းအဆင်းကို အပေါ်စီးကကြည့်တဲ့အခါ ဟိုးအောက်က ဒုတိယစစ်အမွေ ကားလမ်းဟောင်းဟာ မြွေဆိုးတကောင်လို တွန့်လိမ်ပြီးကျန်နေခဲ့တဲ့မြင်ကွင်းပေါ့။ အဲဒီ့မြင်ကွင်းကိုနောက်ခံထားပြီးေ မာင်းပြန်သေနတ်တွေကိုင်ထားတဲ့ စစ်ယူနီဖောင်းဝတ်တစုက ကတုံးဆံပင်နဲ့ လူငယ်လေးတဦးကို လက်နှစ်ဖက် နောက်ပြန်ကြိုးတုတ်ချည်ရင်း ဆွဲခေါ်လာနေပုံပေါ့။ ကိုယ်တွေမြင်ရလိုက်ချိန်မှာ ကောင်လေးကိုချီထားတဲ့ကြိုးကို ဆောင့်ဆွဲလိုက်တဲ့အတွက် ရုတ်တရက်လဲပြိုသွားချိန်နဲ့တိုက်ဆိုင်သွားပါတယ်။ ကောင်လေးဟာ လွယ်လွယ်နဲ့ပြန်မထနိုင်ပါဘူး။ ကြိုးကိုဆွဲလာတဲ့ ယူနီဖောင်းဝတ်ကလဲ အဆွဲမပျက်ပါဘူး။ အဲဒီလိုနဲ့ ဘယ်နှကြိမ် ဆွဲလိုက်၊ ဘယ်နှကြိမ် လဲလိုက်၊ ပြန်ထလိုက်၊ ဆောင့်ဆွဲလိုက်တွေဖြစ်လာမှန်းမသိပေမယ့် ကောင်လေးကိုယ်မှာတော့ ဖုန်တွေအလိမ်းလိမ်းနဲ့ သွေးလို့ထင်ရတဲ့ ညိုမည်းမည်းအကွက်တွေ ထူထူပြိန်းပြိန်းနဲ့ မြင်ကွင်းဟာ ချောက်ချားကြောက်မက်ဖွယ် ကောင်းလှပါတယ်။

တကယ်တော့လဲ အဲဒီ့ခေတ်ကာလ လွန်ခဲ့တဲ့အနှစ် ၂၀ ဝန်းကျင်မှာ ခုလိုမမြင်ရဲ မကြားရဲစရာအဖြစ်သနစ်တွေဟာ ကိုယ်တွေမကြားချင်လဲမနေရ မမြင်ချင်လဲမနေရဘဲ မြင်ရကြားရတာတွေ ပြည့်နှက်နေခဲ့ချိန်ပါပဲ။ အခုကိုယ်ပြောခဲ့တဲ့မြင်ကွင်းဆိုရင်လဲ စစ်ဝါဒီ စစ်မင်းများကြီးစိုးတဲ့ခေတ်စနစ်အောက် မြင်တွေ့ရလေ့ရှိတဲ့ အဖြစ်သနစ်တွေထဲက တခုလို့ဆိုရမှာပေါ့။

အဲဒီ့အချိန်မှာပဲ တကားထဲအတူစီးလာတဲ့ ခရီးသည်ရဲ့စကားကလဲ ကိုယ်တွေနားထဲ သံရည်ပူထည့်လောင်းလိုက်တာမျိုးလို့တောင် ပြောရမတတ်ပါပဲ။

ခရီးသည်က "ဒီကောင့်ဆီက လက်နက်မိလို့ဖြစ်မယ်။ သူပုန်တွေဘက်က နေမှာပေါ့။ တောင်ထိပ်ရောက်ရင် ဟိုးချောက်ထဲ ဆောင့်ကန်ပစ်ချလိုက်မှာ၊ ကျည်ဆံမကုန်အောင် ကိစ္စတုန်းနည်းပေါ့" တဲ့။

သူပုန်တွေဘက်ကတဲ့။
( အဲဒီ့အခါကာလက နယ်စပ်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အင်အားအရပ်ရပ်ကို ရည်ညွန်းပြောတာပါ)

အကိုပွင့်နဲ့ကိုယ်ဟာ အလွန်ကို စိတ်မသက် မသာနဲ့ သက်ပြင်းပူကြီးတွေ ဟင်းခနဲချမိကြပါတယ်။ အသည်းတယားယား ရင်တဖိုဖိုအချိန်များပေါ့။ ပေါက်ထွက်မတတ်ရင်ခုန်လွန်းတော့ ကိုယ့်မှာ လက်ဖျား ခြေဖျားတွေတောင် အေးစက်လို့။
အကိုပွင့်က ကိုယ့်ကို ကပ်ပြောရှာတယ်။ သူ့အသံကလဲ တိုးတိုးတိမ်တိမ်လေးပါပဲ။ လူလဲမကြားစေချင်ဘူးကိုး။

"ကိုခင်လွန်းရေ၊ ကိုယ်တွေဆိုရင် တပ်လဲမရှိ၊ သေနတ်မလဲမရှိတော့ တောင်ထိပ်ပေါ်တင်ပြီး ဘုရားလိုကိုးကွယ်ထားမယ့်လူတွေပါဗျာ " တဲ့။
စကားလုံးအတိအကျတော့မဟုတ်ဘူးပေါ့နော်။ ကိုယ် စိတ်သက်သာရအောင်ရယ် သူ့ဘာသာသူလဲ အားတင်းတောင့်မတ်လိုက်တဲ့သဘောရယ် နေမှာပေါ့။ သူ ဘာကိုဆိုလိုတာလဲ သဘောပေါက်ကြမယ်ထင်ပါရဲ့။

အခု ဒေါင်းအိုးဝေ ဝတ္ထုတိုများ - ၂ ထဲက မောင်ကြီးပြည်စိုးကလောင်နဲ့ရေးခဲ့တဲ့ ကိုယ့်ရဲ့ “အရှေ့ယွန်းက နေဝန်းရှိရာ ” ဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးခဲ့တဲ့ ဝတ္ထုတိုလေးဟာ အကိုပွင့်နဲ့ကိုယ်တို့ အနှစ် ၂၀ နီးပါး (၁၉၉၉- ၂၀၁၈) ဝေးခဲ့ရတဲ့အဖြစ် (သို့) အကိုပွင့်နဲ့ကိုယ် တာဝန်တခုအရ ခရီးထွက်လာကြချိန် အကိုပွင့်ကို အာဏာပိုင်တွေက ဖမ်းမိသွားပြီး ကိုယ်ကျန်ရစ်ခဲ့တဲ့အတွေ့အကြုံလေး ရေးထားတာပါ။ အဲဒီနေ့ကနေ ကိုယ်ဘယ်လိုလွတ်မြောက်လာလဲဆိုတာလေး ရေးလိုက်တဲ့သဘောပေါ့။

အဲဒါကို ကိုယ်ရေးပြီး ကိုယ်ကိုယ်တိုင်ဖတ်ကြည့်တာ အခေါက်ပေါင်းများလှပါပြီ။
ခုလဲ အဲဒါ ပြန်ဖတ်လိုက်အုံးမယ်။

ဒီအချိန်မှာတော့ အကိုပွင့်က ကြယ်တာရာကြီးအဖြစ် ဟိုး အာကာသလွင်ပြင်ကျယ်ကြီးကနေ 'မောင်ကြီးပြည်စိုး' ဆိုသူတဦးကို သူပြုံးနေကျ အေးအေးငြိမ်းငြိမ်းအပြုံးလေးနဲ့ ငုံ့လှမ်းပြီးများ ကြည့်နေလေမလား….။
-
လွန်း
ဧပြီ ၁၄၊ ၂၀၂၀
နံနက် ၁၀ -၅၂ နာရီ
(နဲနဲရှည်သွားတဲ့အတွက် အချိန်ပေးဖတ်ရှုသူအားလုံးကို အားနာနာနဲ့ကျေးဇူးတင်ရှိပါကြောင်း ..)