Breaking News

အီကြာအော် - “ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ကိုမြင့်နိုင်ကြီးရောင်းရန်ရှိသည်”





အီကြာအော် - “ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ကိုမြင့်နိုင်ကြီးရောင်းရန်ရှိသည်”

(မိိုးမခ)ဧပြီီ၂၅၊ ၂၀၂၀

“ကိုမြင့်နိုင်ကြီး
ကိုမြင့်နိုင်ကြီး
ကိုမြင့်နိုင်ကြီး”

ခက်သေးရွာလယ်ကောင်တွင်ကား ကြွက်နီတို့ ကလေးတသိုက် မတ်တပ် ကစားနေကြလေသည်။ ခက်သေးရွာသား ခေတ်ကလေးများကား ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အတော်ပင် ခေတ်မှီကြပေသည်။ ကမ္ဘာ့ရွာအပေါင်းတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ခက်သေးရွာကြီးသည်လည်း နာမည်နှင့်လိုက်အောင်ပင် အရာရာအတွက် ခက်လှသည်။ လူမျိုးမရွေး ဘာသာမရွေး အလွန်ပင်ကူးစက်မြန်သော ကိုဗစ်ရောဂါပိုးတောင် ခက်သေးရွာကို ခက်ခက်ခဲခဲဝင်ရသည်ဟု ခက်သေးသားအပေါင်းက ဂုဏ်ယူဝင့်ကြွားစွာ ယုံကြည်ကြလေသည်။

ကမ္ဘာ့ရွာတခွင် ပြဲပြဲစင်အောင်မွှေနေသော ကိုဗစ်နိုင်တင်းသည်လည်း ခက်သေးရွာကို ခက်ခက်ခဲခဲ ဝင်ရောက်ပြီးနောက် ခက်သေးရွာကြီး၏ ကင်ပွန်းတပ် ထုံးစံအတိုင်း ကိုမြင့်နိုင်ကြီး ဟု သမုတ်ခံရလေသည်။ ရွာမြောက်ပိုင်းတွင်နေသော ခက်သေးသား ကိုမြင်နိုင်ခမျာလည်း တွေ့သမျှခက်သေးသားများအပေါင်းက ကိုမြင့်နိုင်ကြီး နာမည်ခေါ်ကာ အားပေးလွန်းကြသဖြင့် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ရဲတော့ချေ။

ခါတိုင်းနှပ်တွဲလောင်းဖြင့် ရွာလယ်ကောင်တွင် ပြေးလွှားဆော့လေ့ရှိသော ကြွက်နီတယောက်လည်း သူ့အဖေ ပုဆိုးကို ခေါင်းတွင်ပါတ်၍ ခါတော်မှီမျက်နှာဖုံးလုပ်ကာ ကိုမြင့်နိုင်ကြီး လုပ်နေလေ၏။ ကြွက်နီလည်း မျက်နှာဖုံး၍ဝတ်ထားသော လုံချည်စဖြင့်နှပ်ကို သုတ်ရင်း
ကလေးတသိုက်နှင့် ကစားနေလေသည်။

ထိုစဉ်အခါတွင် ဆိုင်ကယ်ကို မတ်တပ်စီး၍လာသော ဖွတ်ကလေးတယောက် အီကြာအော်၏အိမ်ရှေ့သို့ ရောက်လာလေသည်။

“ဖွတ်ကလေး မင်းကလည်း ဆိုင်ကယ်စီးတာ မတ်တပ်ကြီး စီးလာတာပါလား၊ အဆန်းကြီးပါလားကွ”

“ခက်သေးရွာလူကြီးတွေပေါ့ဆရာအော်ရယ်၊ ရွာလယ်မှာ မတ်တပ်ပြီးသွားရမယ်လို့ လော်စပီကာနဲ့ လိုက်အော်နေလို့၊ ဆိုင်ကယ်စီးသူများလည်း မတ်တပ်စီးပါတဲ့ အော်နေကြတယ်”

“မင်းကလည်းကွာ ဆေးရုံဝန်ထမ်းဖြစ်နေပြီးတော့ ဒီလောက်ပဲ ဒုံးဝေးရသလား၊ ကိုမြင့်နိုင်ကြီးနဲ့ ဖူးစာမဆုံရအောင် မျက်နှာဖုံးတပ်ခိုင်းတာလေ”

“ထင်တော့ထင်သားဆရာအော်ရဲ့၊ ဒါပေမယ့် ယုန်ကန်ရွာတော်ဝန်ကြီးတောင် ရွာလယ်မှာ မတ်တပ်ကြီး ဆိုင်ကယ်စီးနေတော့ ကျုပ်လည်း မနေသာဘူးပေါ့”

“တို့ ခက်သေးရွာ လူကြီးစကား တဆယ်နဲ့စား ဆိုတာ မင်း မေ့သွားပြီလား”

“ခက်သေးရွာကျန်းမာရေးဝန်ကြီးဦးမြင့်ဝှေးကတော့ ခက်သေးရွာ ယုန်ကန်ရပ်ကွက်က ဝေသာလီဆေးရုံကြီးမှာ ကိုမြင့်နိုင်ကြီးအတွက် ပြင်ဆင်ထားတာမြင်ရင် ဖျားသွားမယ် ပြောတာပဲ”

“ငါတော့ မမြင်ပဲနဲ့တောင် ဖျားနေပါပြီကွာ၊ အမေပုလည်း သနားပါတယ်”

အီကြာအော်လည်း ခက်သေးရွာအရေးအတွက် အသက်အရွယ်နှင်မမျှအောင် လှုပ်ရှားနေရသော အမေပုအတွက် သက်ပြင်းချရင်း ပြောလိုက်လေသည်။ ခက်သေးရွာလူကြီးများကလည်း အစဉ်အလာမပျက်အောင်ပင် ခက်ကြပေသည်။ လွယ်နေသည်များကိုပင် တမင် မခက်၊ ခက်အောင်လုပ်ကြသည်။ ယုန်ကန်ဝန်ဂျီးချုပ်နှင့် ရွာတော်ဝန်ကြီးတို့အတွဲကား ခက်သေးရွာ ရွာလူကြီးများထဲတွင် အတော်ပင် လေများသူများဟု နာမည်ရကြသူများဖြစ်သည်။ သူတို့ ၂ဦး၏လေများပေါင်းလေကား ကိုမြင့်နိုင်ကြီးပင် ခက်သေးရွာထဲမှ ကျွမ်းထိုး၍ ထွက်သွားလောက်သည်ဟု ခက်သေးသားတို့က ဆိုကြလေသည်။ ယခုလည်း ကိုမြင့်နိုင်ကြီးကာကွယ်ရေးကိစ္စတွင် အမေပုက ကိုယ်တိုင်ဝင်နွှဲရလေတော့သည်။

“အမေပုက ဘာလို့ ရွာလူကြီးတွေ အသစ်မလဲတာလည်း ဆရာအော်”

“ရွာအပေါ် စေတနာနဲ့ မပြောင်းတာ ထင်ပါတယ်၊ လေပိုများတဲ့လူကြီးတွေ ရောက်လာမှာစိုးလို့လား မသိဘူးကွ၊ အမေပုက အမျှော်အမြင်ရှိတယ်လေ”

“အမေပုက အခု ဖွဘုတ်မှာ အကောင့်တွေဘာတွေ ဖွင့်ထားပြီကြားတယ် ဆရာအော်”

“အဲဒါကြောင့် အမေပုကို ပိုသနားတာပေါ့ကွ၊ တို့ခက်သေးရွာမှာက ဖွဘုတ်ပေါ်မှာ မည်းမည်မြင်သမျှ ဝင်ဆဲကြဆိုပြီး အားပေးကြသူတွေက မနည်းဘူး”

ဖွဘုတ်တန်ခိုးဖြင့် ယခင်က အရပ်ထဲတွင် လူရာမဝင်သော ခက်သေးသားတို့ကား လူတတ်ကြီးလုပ်ခွင့် ရကြလေသည်။

“ဟုတ်ပါ့ဆရာအော်ရေ”

“ဟေ့ကောင်ဖွတ်ကလေး ...မင်းချိုင်းကြားထဲကဗီနိုင်းလိပ်ကြီးက ဘာကြီးလည်း၊ ငါ့ကို ပြစမ်းပါဦး”

ဖွတ်ကလေး၏ ချိုင်းကြားထဲတွင် ဗီနိုင်းအလိပ်တလိပ် ညှပ်ထားသည်ကိုကြည့်၍ မေးလိုက်လေသည်။

“ရွာလူကြီးတွေက ရွာထိပ်မှာ တပ်ထားမို့ မှာထားတာ သွားရွေးလာတာပါ”

ဖွတ်ကလေးက ရယ်ကြဲကြဲဖြင့် ပြန်ဖြေလိုက်လေသည်။

“ပြစမ်းပါဦး”

အီကြာအော်က ဗီနိုင်းလိပ်ကို ယူပြီး ဖြန့်ကြည့်လိုက်သည်။

“ဟိုက် ခက်လဘတ်စ်၊ မြတ်စွာဘုရား ညစာမစား၊ “ကိုမြင့်နိုင်ကြီးရောင်းရန်ရှိသည်” ဆိုပါလား၊ လင်းစမ်းပါဦးကွ”

“ယုန်ကန် ရွာလူကြီးတယောက်က သူ့အိမ်မှာ ကြွက်တွေသောင်းကျန်းတော့ “ကြွက်ရောင်းရန်ရှိသည်” ဆိုတဲ့စာကို ရေးပြီး ချိတ်ထားတာ ကြွက်တွေ ထွက်ပြေးကုန်သတဲ့၊ အဲဒါနဲ့ ယုန်ကန်ရွာလူကြီးတွေ တိုင်ပင်ပြီး ဒီဗီနိုင်းတွေချိတ်ရင် ကိုမြင့်နိုင်ကြီး ထွက်ပြေးသွားမယ် ပလပ်စတစ်တွေမတွေ့နိုင်တော့ဘူး ဆိုပြီး ဆုံးဖြတ်ကြတာ”

“သေလိုက်ပါတော့ကွာ၊ ငါလည်း ဦးမြင့်ဝှေးပြောသလို တကယ်ကို ဖျားသွားပါပြီ”

ဆရာတပည့်နှစ်ယောက် စကားကောင်းနေစဉ်တွင် မီးဖိုချောင်ထဲမှ ဒေါ်အွန်မေးက ထွက်ချလာပြီး

“ကိုအော်ရေ ဖျားမနေနဲ့ဦး ၊ ကိုမြင့်နိုင်ကြီးကြောင့် ယုန်ကန်တရွာလုံးအိမ်တွင်းကနေ အိမ်ပြင်မထွက်ရ အမိန့်ထုတ်တော့မယ်တဲ့၊ ကိုခိုနီ့ဆိုင်က ဆန်၊ဆီ၊ဆား ခါတိုင်းလိုပဲ အကြွေးသွားယူပေးပါဦး၊ သွားဝယ်ရင် ကိုယ့်မတ်စ်ခ်ကို ကိုယ်ယူသွားဦးနော်၊ သူများတွေလို ငှါးသုံးမနေနဲ့ဦး၊ တမာရွက်တွေတော့ မဝယ်ခဲ့နဲ့တော့နော်၊ ကိုမြင့်နိုင်ကြီးကောင်းမှုနဲ့ အိမ်မှာက တမာရွက်တွေ ပုံနေပြီ”

ခက်သေးရွာသားများကား ပစ္စည်းငှါးသုံးသည့်နေရာတွင် ဗိုလ်စွဲလောက်သည်။ ရွာလူကြီးများက စျေးထဲစျေးဝယ်လျှင် မတ်စ်ခ် မျက်နှာဖုံးတပ်ရမည်၊ မတပ်ပါက ဒဏ်ချမည် ဆိုသောကြောင့် ယုန်ကန်စျေးဝတွင် သူများကို မျက်နှာဖုံးငှါးပေးခြင်းဖြင့် ကုသိုလ်ပြုကြလေသည်။

တမာရွက်ပြုပ်ရည်သောက်လျှင် ကိုမြင့်နိုင်ကြီးကို ကာကွယ်နိုင်သည်ဟု ခက်သေးရွာသားတို့က ယုကြသဖြင့် ခက်သေးရွာလယ်မှ တမာတောကား နွေခေါင်ခေါင်တွင် ကတုံးမဖြစ်ရှာပေသည်။

“အေးပါကွာ၊ ခုပဲ သွားလိုက်မယ်”

အီကြာအော်လည်း မဆိုင်းမတွပဲ အိပ်ကပ်ထဲတွင်ဆောင်ထားသော လက်ဖြစ်မျက်နှာဖုံးကိုစွပ်ကာ ကိုခိုနီ့ဆိုင်သို့ အဝယ်တော်တာဝန်ဖြင့် ချီတက်ရလေသည်။

ထိုအချိန်တွင်ကား ဘယ်ကပေါက်လာမှန်းမသိသော လုံချည်မျက်နှာဖုံးများနှင့် ကြွက်နီတို့ကလေးတသိုက်ကလည်း ဖွတ်ကလေး၏ဗီနိုင်းမှ စာသားကိုဖတ်ရင်း

“ကိုမြင့်နိုင်ကြီး ရောင်းရန်ရှိသည်”
“ကိုမြင့်နိုင်ကြီး ရောင်းရန်ရှိသည်”
“ကိုမြင့်နိုင်ကြီး ရောင်းရန်ရှိသည်” ဟု လက်ညှိုးထိုးအော်ကာ ခက်သေးရွာထိပ်သို့ ထွက်သွားကြလေသတည်း။ ။
သဗ္ဗေသတ္တာ ကမ္မသကာ

(Covid-19 စိတ်အမောများမှ ပြေစေရန် ရည်ရွယ်ပါသည်)
အီကြာအော်