Breaking News

နေသွင်ညိဏ်း - ပိုးလမ်းမသစ်ပေါ်က တရုတ်ဗိုင်းရပ်စ် (ဘာသာပြန်)

ပိုးလမ်းမသစ်ပေါ်က တရုတ်ဗိုင်းရပ်စ် (ဘာသာပြန်)
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၀

(စာရေးသူသည် ဆစ်ဒနီ အခြေစိုက် လွတ်လပ်သော သုတေသန စင်တာ၏ ပညာရှင်ဖြစ်ပြီး ဆစ်ဒနီ တက္ကသိုလ်တွဲဖက်ပါ မောက္ခဖြစ်သည်။)

အတိတ်ဟောင်း ပိုးလမ်းမကြီးခေတ်အထိခြေရာ ပြန်ကောက်ရရင်အီတလီ နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ကုန်စည်တွေ ဖလှယ်ဖို့ ကုန်တွင်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဗင်းနစ်မြို့တော်က ကုန်သည်တွေဖြစ်ကြတဲ့ နစ်ကိုလက်နဲ့ မာဖီယိုပိုလိုတို့ဟာ ၁၂၂၆ ခုနှစ်မှာ တရုတ်နိုင်ငံမြို့တော်ကိုရောက်ခဲ့ကြတယ်။ တရုတ်ပြည်ကို အစောဆုံး ရောက်ခဲ့ကြတဲ့ အနောက်တိုင်းသားတွေလို့ ဆိုရမှာပါ။ ၁၂၇၁ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် သွားခဲ့ကြပြန်တယ်။ ဒီတကြိမ်မှာတော့ နစ်ကိုလက်ရဲ့သားငယ် မာကို လည်း ပါလာပါတယ်။ သူတို့တွေဟာ အလယ်အာရှကို ဖြတ်ပြီး ပိုးလမ်းမကြီးပေါ်ကို ရောက်ခဲ့ကြပေမယ့် အီတလီကို ပြန်သွားတဲ့အခါမှာတော့ ပင်လယ်ပြင်ရေ လမ်းကြောင်းကနေ ပြန်သွားကြတယ်။ ဆူမားတြား၊ သီရိလင်္ကာ၊ ဂူဂျရတ် တို့ကို အစဉ်လိုက် ဝင်ပြီးမှ ပြန်ကြတာပါ။ သူတို့ ရွက်လွှင့်ခဲ့တဲ့ မြေပုံကို ကြည့်ရင် အခုအခါမှာ တရုတ်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြနေကြတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း မြေပုံ (Belt and Road Initiative) နဲ့ ဘာမှ မခြားလှပါဘူး။ ဒီစီမံကိန်းအတိုင်းဆိုရင် ဥရောပ၊ အာဖရိကနဲ့ အာရှကို ဆက်သွယ်ဖို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးကို တရုတ်အစိုးရက ငွေကြေးမတည်ပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။

ပိုလို တို့ အဖွဲ့တွေ တရုတ်နိုင်ငံကနေ ပြန်လာပြီး နှစ်ပေါင်း ၅၀ လောက်အကြာမှာ ပလိပ် ရောဂါကပ်ဘေးကြီးဟာ ပိုလို တို့ သွားခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ အနောက်တိုင်းကို ဝင်လာပါတော့တယ်။ မဟူရာမရဏ လို့ တောင် နာမည်တွင်ခဲ့တဲ့ ကပ်ရောဂါဟာ တရုတ်နိုင်ငံကနေပဲ စတင်ခဲ့ပြီး ကုန်လမ်းရော ရေလမ်းကပါ ဥရောပနဲ့ အရှေ့အလယ်ပိုင်းထဲ ဝင်ရောက်ခဲ့တယ်လို့ အဆိုရှိပါတယ်။ လမ်းကြောင်း နှစ်ခုရဲ့ဆုံမှတ်က အီတလီဖြစ်နေလေတော့ အီတလီရဲ့ တချို့ ဒေသတွေမှာ လူဦးရေရဲ့၇၅ ရာခိုင်နှုန်းအထိ သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က အီတလီ မြောက်ပိုင်းဒေသဟာ နိုင်ငံတကာ ကုန်သွယ်ရေး ထွန်းကားနေတာကြောင့် ကုန်သည်တွေဟာ ဥရောပကို ရောဂါ အဓိက ဖြန့်ဖြူးသူတွေ ဖြစ်ခဲ့တယ်။
မဟူရာမရဏလိုပဲ ကိုရိုနာ ဗိုင်းရပ်စ်ကလည်း တရုတ်နိုင်ငံတွင်းမှာထက် တခြား နိုင်ငံတွေမှာ ပိုပြီး အသေ အပျောက် များစေပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ချမ်းသာကြွယ်ဝတဲ့ ဆွစ်ဇလန်နိုင်ငံတို့တောင် ဗိုင်းရပ်ကို မထိန်းနိုင်ပါဘူ။ အမေရိကန် ပြည်ထောင်စုလည်း အလဲလဲအကွဲကွဲပါပဲ။ နယူယော့ခ် မြို့တော်ဟာလည်း ဒုတိယ ဝူဟန်လိုတောင် ဖြစ်လာတယ်။
ကိုရိုနာဗိုင်းရပ်စ်က အနောက်တိုင်းကို ဖျက်ဆီးနေတဲ့ အချိန်မှာ တရုတ်ကတော့ ဝါဒဖြန့်ချိရေးအတွက် လှုပ် ရှားပါတော့တယ်။ မာကိုပိုလို တို့ နိုင်ငံကို တရုတ်က နှာခေါင်းစည်းတွေ အသက်ရူစက်တွေသာမက ဆရာ ဝန်တွေကိုပါ ပို့ပါတယ်။ ဒီအချိန်ထိ အီတလီက အားကိုးတကြီး အကူအညီတောင်းတဲ့ ဥရောပသမဂ္ဂက တော့ ဘူးခံငြင်းလို့ ကောင်းတုန်းပါပဲ။ တရုတ်က ကူညီတော့မှပဲ ဂျာမနီကကိရိယာတွေကို ပို့ပြီး၊ အီတလျံ လူနာတွေကို ဂျာမနီက ဆေးရုံတွေဆီ လေယာဉ်နဲ့ သွာခေါ်တာတွေ လုပ်ခဲ့ပါတယ်။

အီတလီ အစိုးရကတော့ တရုတ်ကို ကျေးဇူးတင်မဆုံး ဖြစ်ကြောင်းပြပါတယ်။ အီတလီ အစိုးရအဖွဲ့ထဲမှာ ပေါ်ပြူလစ် နိုင်ငံရေးသမားတွေ၊ အာဏာရှင်စနစ်ကို လိုလားသူတွေ ပါနေတာကြောင့် ဒီလို ဖြစ်တာ မဆန်းပါဘူး။ တရုတ်သမ္မတ ရှီကျင်ဖျင်ကလည်း အီတလီကိုပေးတဲ့အကူအညီတွေဟာ ကျန်းမာရေး ပိုးလမ်းမ အတွက် အခြေခံအုတ်မြစ်ချတဲ့ သဘောမျိုး ဆိုလာတယ်။ ကျန်းမာရေး ပိုးလမ်းမ ဆိုတာက လည်း ဥရောပနဲ့တရုတ်ကို ဆက်သွယ်မယ့် နောက်အိပ်မက်တခုပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ဘေဂျင်းမှာ ပြုလုပ်တဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဆိုင်ရာညီလာခံမှာ တရုတ်သမ္မတက ကြေညာခဲ့တယ်။ ဒီလိုကြေညာတာကို သူကိုယ်တိုင်တောင် မေ့တေ့တေ့ဖြစ်နေမလားပဲ။
ပိုးလမ်းမတွေက များလွန်းတော့လည်း ဘယ်သူကမှ ရေတွက်နေမလဲ။ အီတလီဝန်ကြီးချုပ် (Giuseppe Conte) ဟာ တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းထဲကို ဝင်ဖို့ မနှစ်က ဒီအချိန်လောက်မှာပဲ ဦးဆောင် ဆုံးဖြတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကနေ အရင်းအနှီးတွေ အလုံးအရင်းနဲ့ဝင်လာရင် ပြိုလဲခါနီး အီတလီ စီးပွား ရေးအတွက် ပြန်နလံထဖို့ မျှော်လင့်ခဲ့ပုံပါပဲ။ နောက်ဆုံးကျတော့ တရုတ်နိုင်ငံက အရင်းအနှီးတွေ ၀င်မလာဘဲ နောက်ထပ် ပို့ကုန်တစ်မျိုးနဲ့ တည့်တည့်တိုးရရှာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ တကယ့် အသစ် စက်စက် ပိုးလမ်းမ ပါပဲ။
ကိုဗစ်-၁၉ ရဲ့မူလာဇစ်မြစ်ကို ဘယ်သူမှ သေချာ မသိသေးပါဘူး။ ဒါပေမယ့် ဝူဟန် မြို့မှာ ရှိတဲ့ တိရိစ္ဆာန် အရှင်တွေကို ရောင်းတဲ့ မသပ်မရပ် စျေးတန်းကနေ စတင်ခဲ့ပုံတော့ ရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀၀ တုန်းကတော့ မာကိုပိုလိုက ဒီလိုစျေးမျိုးကို ချီးမွှမ်းခန်း ဖွင့်ခဲ့တယ်။ ဘာကောင်ရဲ့ အသားဖြစ်ဖြစ် လိုချင်တာ အကုန်ရနိုင်တဲ့ အံမခမ်း စျေးတဲ့။ တကယ်တော့ ၂၀၀၂ ခုနှစ်တုန်းကလည်း ကိုဗစ်-၁၉ နဲ့ ဆင်ဆင်တူတဲ့ အဆုတ်ကို ဒုက္ခပေးတဲ့ ရောဂါတမျိုးဟာလည်း ဒီလို စျေးတန်းတွေက ထွက်ပေါ်ခဲ့တာပါပဲ။

အန္တရာယ်ကို ဖိတ်ခေါ်ခဲ့ပုံက တိရိစ္ဆာန် အရှင်ရောင်းတဲ့ စျေးက(လင်းနို့တွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်) နေ ဆားစ် ရောဂါ ဖြစ်ခဲ့တာကို သင်ခန်းစာ မယူခဲ့တာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် ဇန်နဝါရီမှာ ဆားစ် ရောဂါ ဖြစ်တော့ အစိုးရဟာ သတင်းတွေကို နှစ်ပတ်လောက် ထိမ်ချန်ထားခဲ့ပါတယ်။ အချိန်ကလည်း လူတွေအသွားအလာများတဲ့ တရုတ်နှစ်သစ်ကူးကာလဖြစ်ပါတယ်။ အခု ၁၇ နှစ် ကြာတဲ့အခါမှာ နောက်ထပ် ကိုရိုနာ ဗိုင်းရပ်စ် တစ်မျိုးကို ထပ်တွေ့တော့လည်း တရုတ်အစိုးရဟာ အရင် အတိုင်းပဲ သတင်းကို ထိမ်ချန်ခဲ့ပြန်ပါတယ်။ ဒီတကြိမ်မှာ ရောဂါ ကူးစက်မှုကို အများသိအောင် ပထမဆုံး သတိပေးခဲ့တဲ့ ဝူဟန်က ဆရာဝန် Li Wenliang ရဲ့အဖြစ်လိုပဲ ဆားစ် ရောဂါတုန်းကလည်း ရင်နင့်စရာ အဖြစ်နဲ့ ကြုံခဲ့ရသူ ရှိခဲ့ပါတယ်။ သူကတော့ လူနာတင်ယာဉ်မောင်းတဲ့ ကျန်းမာရေး လုပ်သား Fan Xinde အဖြစ်ပါပဲ။ လူနာတွေကနေရောဂါကူးပြီး သေဆုံးခဲ့ရတဲ့ ပထမဆုံးဆေးဝန်ထမ်း ဖြစ်ခဲ့ပါတယ်။ အခုတကြိမ်မှာလည်း တရုတ်အစိုးရဲ့တုံ့ပြန်ပုံဟာလည်း စိုးရိမ်စရာ ကောင်းပါတယ်။
ဘာပဲပြောပြော COVID-19 ဟာ တရုတ်ဗိုင်းရပ် လို့ ခေါ်နိုင်တဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလို ဆက်မခေါ်ဖို့ နောက်ပိုင်းမှာ ကတိပေးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စတင် ကူးစက်ခဲ့တာကြောင့်ပြောတာ မဟုတ်ပါဘူး။ တရုတ်အစိုးရဟာ အကြံပေး သိပ္ပံပညာရှင်တွေကိုတောင် လျစ်လျူရူ့ပြီး ဆားစ်ရောဂါ ကူးစက်စဉ်က သင်ခန်းစာကို မယူခဲ့ပါဘူး။ ဗိုင်းရပ်စ်ကတော့ သဘာဝအလျှောက် ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ်ကို ကပ်ရောဂါ အသွင်ဖြစ်လာအောင် လုပ်လိုက်တာကတော့ တရုတ်အစိုးရရဲ့လက်ချက် ဆိုတာ ရှင်းပါတယ်။

ဒီအချက်ကို ဖုံးကွယ်ချင်တာကြောင့် တရုတ်ကွန်မြူနစ် ပါတီဟာ ဝါဒ ဖြန့်ချိရေးကို လက်ဦးမှုယူ အသုံးချပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတွေကို အကူအညီတွေ ပေးရုံမက၊ ရောဂါ ကူးစက်မှုကို တရုတ်နိုင်ငံမှာ ဘယ်လို အောင်မြင်စွာ ထိန်းချုပ်လိုက်ကြောင်း ဝါဒဖြန့်ပါတော့တယ်။ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ တရုတ်ဗိုင်းရပ်စ်ဆိုတာကိုတန်ပြန်တဲ့အနေနဲ့ ဒီဗိုင်းရပ်စ်ဟာ အမေရိကန်စစ်သား အားကစားသမားတွေဆီကနေ အစပြုကူးစက်တယ်လို့ ဆိုပါတယ်။ ဝူဟန်မှာ ၂၀၁၉ အောက်တိုဘာက ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အားကစားပြိုင်ပွဲကို လာကြတဲ့ အမေရိကန် စစ်တပ် အားကစားသမားတွေက တရုတ်နိုင်ငံထဲကို ယူသွင်းခဲ့တာဆိုတဲ့ ဇာတ်လမ်းကို တခြားနိုင်ငံတွေကလူတွေ သိပ်မယုံပေမယ့် တရုတ်နိုင်ငံထဲမှာ ပြန့်နေပါတယ်။
တရုတ်အစိုးရရဲ့ဝါဒ ဖြန့်ချိရေး ဘယ်လောက်အထိအောင်မြင်မလဲဆိုတာ ပြောဖို့ စောပါသေးတယ်။ အနောက်ကို ဆန့်ကျင်တဲ့ နိုင်ငံတွေ၊ ဥပမာ ဆာဗီယား၊ အီရန် တို့မှာတော့ ဒီလို ဝါဒဖြန့်ချိရေးဟာ အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် အီတလီလိုမျိုးတရုတ်က အကူအညီပေးနေတဲ့ နိုင်ငံက ပြည်သူတွေကတောင် တရုတ်ရဲ့မဟာဂရုဏာတော်ကြီး မိုးပေါ်ကနေ ရုတ်တရတ်ကျလာလို့ နဝေတိမ်တောင် ဖြစ်နေတုန်းပါပဲ။ အီတလီက ထိပ်တန်းဆေးသုတေသီတစ်ဦးကဆိုရင် တရုတ်ဟာ ဗိုင်းရပ်စ်ကို နိုဝင်ဘာလောက်ကတည်းက ဥရောပကို အရောက်ပို့ထားလောက်တယ်လို့ထင်ကြေး ပေးနေတယ်။ ကိုရိုနာဗိုင်းရစ် ကပ်ဘေးကြောင့် အာဖရိကနဲ့ အရှေ့တောင် အာရှမှာ ပြည်သူတွေဟာ တရုတ်အပေါ် ဆန့်ကျင်မှုတွေ ပိုများလာတယ်။

လူတွေကို အိမ်ထဲမှာ ပိတ်ထား၊ အထွန့်တက်ရင် ဖမ်းဆီးဆိုတဲ့ တရုတ်ရဲ့နည်းလမ်းဟာလည်းတရုတ်စီးပွား ရေးပုံစံလိုပဲ နောက်ဆုံးတော့ ဘယ်သူ့ကိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေဟာ တရုတ်ဆီက နှာခေါင်းစည်းတွေ၊ အသက်ရူစက်တွေ အကူအညီတွေကိုတော့ လက်ခံကြမှာပါ။ ဒီအတွက်လည်း ကျေးဇူးတင်ကြမှာပါပဲ။ ဒါပေမယ့် ဒီကပ်ဘေးကြီး ပြီးသွားတဲ့အခါမှာတော့ တရုတ်ရဲ့လူမှုရေးပုံစံ၊ နိုင်ငံရေး ပုံစံကို ကိုယ်ကျင့်တရားယိုယွင်းနေတဲ့ လက်တဆုပ်စာ အီလစ်တွေကလွဲရင် ဘယ်သူ့ကိုမှ ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်ပုံကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်ပေမယ့်၊ နောက်ထပ် ဒီလိုကပ်ဘေးတွေ ကြုံလာရင် ရင်ဆိုင်နိုင်ဖို့ တရုတ်ပုံစံ တစ်ပါတီ အစိုးရမျိုးကို လိုချင်သူ အတော်နည်းပါလိမ့်မယ်။

ဝေဖန်သုံးသပ်သူတွေကတော့ ရောဂါကပ်ဘေးကာလ ဝါဒဖြန့်ချိရေးစစ်ပွဲဟာ မပြီးဆုံးသေးတဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုဖြစ်စဉ်တခုအနေနဲ့ မြင်ကြပါလိမ့်မယ်။ ဒီလိုပြိုင်ဆိုင်မှုကပဲ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်မှာ အချုပ်အခြာ အာဏာပိုင်အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အနောက်ရဲ့ ပဉ္စမမြောက် ဆက်သွယ်ရေးကွန်ရက်ကို ဟွာဝေးက သုံးစွဲပိုင်ခွင့်နဲ့ပတ်သက်လို့ အငြင်းပွားခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကတော့ တစ်နေ့ကျတော့ ပြီးသွားမှာပါ။ အမေရိကန် ပြည်ထောင်စုမှာ သေဆုံး တဲ့ အရေအတွက်က တရုတ်ပြည်မှာထက်တောင် ပိုများနေပါပြီ၊ ဥရောပမှာလည်း လူအများကြီးကိုသေစေခဲ့ပါတယ်။ တရုတ်အစိုးရဟာ ဒီအချက်ကို အသုံးချပြီး တရုတ်ပုံစံအုပ်ချုပ်ရေးစနစ်က ပိုကောင်းတယ်ဆိုပြီး လူတွေကို စည်းရုံးနိုင်ပါတယ်။ တချို့ကလည်း ဒီဝါဒ ဖြန့်ချိရေးကို ယုံသွားပါ လိမ့်မယ်။

ဒါပေမယ့် ဂျပန်၊ ထိုင်ဝမ် တို့ကိုကြည့်ရင်လည်း ဒီမိုကရေစီ အစိုးရတွေဟာ လူထု ကျန်းမာရေးအတွက် ထိထိရောက်ရောက် မြန်မြန်ထက်ထက် လက်ဦးမှုယူ စီမံဆောင်ရွက်နိုင်တာ တွေ့နေရတာပါပဲ။ အမေရိကန် ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေမှာ လောလောဆယ် အခက်ကြုံနေရတာဟာ ကူးစက်မှု လှိုင်းကို ဝင်လာမယ်မှန်းသိကတည်းက ပြတ်ပြတ်သားသား ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက် မပြတ်သားခဲ့တာရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ဒါဟာ ပေါ်လစီ အမှားသာ ဖြစ်ပြီး၊ ဒီမိုကရေစီရဲ့အပြစ်မဟုတ်ပါဘူး။
နောက်ဆုံးကျတော့ ဒီလိုကူးစက်မှုမျိုးဟာ မူဝါဒ အမှားကြောင့်သာ ဖြစ်လာရတာ ဖြစ်ပြီး၊ အကောင်အထည်ဖော်မှုအပိုင်း ညံ့ဖျင်းမှုကြောင့် ဆိုတာကို လူတွေ သင်ခန်းစာယူ နားလည်သွားကြမှာပါ။ လူတစ်ဦးချင်းရဲ့လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး ကိစ္စတို့ကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး။ ခေတ်သစ် ပိုးလမ်းမကြီးပေါ်မှာ ကုန်သွယ်ရေးကတော့ အရင်အတိုင်းပဲ ဆက်လက် စီးဆင်းနေပါလိမ့်မယ်။ ဒါပေမယ့် တရုတ်ရဲ့ ကျန်းမာရေး ပိုးလမ်းမ အိပ်မက်ကတော့ ရှေ့ဆက်နိုင်ဖို့ လမ်းစ မမြင်ပါဘူး။ ရောဂါ ကပ်ဘေးကြုံနေရတဲ့နိုင်ငံတွေက ပြည်သူတွေကတော့ ပြည်သူ့ကျန်းမာရေး ဝါဒဆိုင်ရာ အကြံဉာဏ်တွေကို တရုတ်ဆီက ယူဖို့ထက် အရှေ့အာရှက ချမ်းသာတဲ့ ဒီမိုကရေစီ နိုင်ငံတွေဆီက ယူဖို့ မျက်နှာမူကြပါလိမ့်မယ်။ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဝါဒဖြန့်ချိရေးစစ်မှာ ရှုံးချင်းရှုံး ပါလိမ့်မယ်။ တရုတ်လည်း ဒီစစ်ပွဲမှာ အနိုင်မရတာ သေချာပါတယ်။
ရည်ညွန်း၊ The ‘Chinese Virus’ Spread Along the New Silk Road BY SALVATORE BABONES
Photo: Chinese Embassy in Myanmar
-