Breaking News

အောင်မော်ဦး - ပြည်တော်ပြန် ဝတ္ထု

Photo Credit- Pwintsan.com
ပြည်တော်ပြန် ဝတ္ထု
အောင်မော်ဦး
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၀

နိုင်ငံအနှံ့အပြားမှာ တရားဝင် အလုပ်သွားလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ၅ သန်းကျော်ရှိတယ်လို့ ဆိုကြပါတယ်။ တရားမဝင်စာရင်းနဲ့ပေါင်းလိုက်ရင် ဒိထက်မက များမယ်ဆိုတာ အားလုံးသိမှာပါ။ ဒါ့အပြင် ဒုက္ခ သည်အပါအဝင်၊ နိုင်ငံရေးခိုလှုံသူ၊ မပြန်ဘဲနေသူ စသဖြင့် သန်းနဲ့ချီရှိနေကြပါသေးတယ်။ (အနီးစပ်ဆုံး အရေအတွက် စာရင်းသိသူတွေ ဖြည့်ပေးကြစေလိုပါတယ်) အဲဒီလိုလူသန်းပေါင်းများစွာက သူတို့ရတဲ့ လခတွေကို မြန်မာပြည်ကို ပြန်ပို့နေတဲ့ငွေတွေဟာ တနေ့တနေ့ကို ဒေါ်လာသိန်းနဲ့ချီတယ်လို့လည်း သိရပါတယ်။ လူတယောက်ကပြန်ပို့လိုက်တဲ့ငွေဟာ မြန်မာပြည်က မိသားစုဝင် ၃ ဦးလောက်အထိကို အထောက်အကူဖြစ်စေတယ်ဆိုပါစို့။ လူ ၅ သန်းလောက်ပြန်ပို့တဲ့ငွေဆိုရင် ၃ ဦးနဲ့မြှောက်ရင် လူ ၁၅ သန်းပါ။ သန်း ၅ဝ ရဲ့ သုံးပုံတပုံပါ။ ဒိထက်လည်း များရင်များပါမယ်။ 

ကောင်းပါပြီ။ အဲဒီလိုသိန်းသန်းချီပြီး ပြန်ပို့နေတဲ့ငွေတွေက မြန်မာပြည်ရဲ့ ဘယ်နေရာ ဘယ်ဌာနတွေကို စီးဆင်းလည်ပတ်စေခဲ့ပါသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ ငွေပို့တာဆိုတော့ ငွေလုပ်ငန်းလုပ်ကြတဲ့ ဘဏ်တွေ၊ ငွေအရောင်းအဝယ်လုပ်ကြသူတွေ၊ ငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်ကြသူတွေ အလုပ်ဖြစ်ကြရပါတယ်။ ဒုတိယအနေနဲ့ အဲဒီငွေနဲ့ အစားအစာဝယ်ယူစားသုံးကြတဲ့အခါ ကုန်စုံဆိုင်၊ စူပါမားကက်၊ ကုန်တိုက်၊ စျေး၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ အသုတ်ဆိုင်၊ မုန့်တီ/မုန့်ဟင်းခါးနဲ့ အကြော်ဆိုင်၊ အရက်ဘီယာဆိုင် စသဖြင့် လူပေါင်းများစွာဟာ အလုပ်အကိုင်တွေလည်းရကြ၊ ဝင်ငွေတွေလည်းရကြနဲ့ အဆင်ပြေစေပါတယ်။

ဒါတင်မက အဲဒီ အစားအစာတွေကို ဆိုင်တွေပေါ်တင်ရောင်းနိုင်ဖို့၊ ချက်ပြုတ်ကြော်လှော်ရောင်းချနိုင်ဖို့အတွက် နောက်တန်းက စပါးကျီကြီးငယ်တွေ၊ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေ၊ စိုက်ခင်းကြီးတွေ၊ သားငါး မွေးမြူရေးလုပ်ငန်းကြီးတွေ၊ ပင်လယ်ငါးဖမ်းနဲ့ ရေထွက်လုပ်ငန်းကြီးတွေ၊ ကုန်ကြမ်း၊ ကုန်ချောထုတ်တဲ့ စက်ရုံကြီးငယ်တွေ၊ ကုန်သိုလှောင်ရုံကြီးငယ်တွေနဲ့ ကုန်တင်ကားကြီးငယ်တွေ၊ ဓာတ်ဆီ၊ ရေနံ၊ ဒီဇယ် စသဖြင့် ဆက်စပ်လုပ်ငန်းတွေ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်မှုလက်မှု ထွန်တုံးကိရိယာနဲ့ ဆက်စပ်လုပ်ငန်းတွေ စသဖြင့် လူပေါင်းများစွာဟာ အလုပ်အကိုင်တွေလည်းရကြ၊ ဝင်ငွေတွေလည်းရကြနဲ့ အဆင် ပြေစေပါတယ်။

နောက်တခါ အဲဒီငွေတွေနဲ့ အပန်းဖြေကြတဲ့အခါ ရုပ်ရှင်၊ ဗွီဒီယို၊ သီချင်း၊ ကာရာအိုကေ၊ မာဆတ်၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲ၊ ဘုရားပွဲ၊ ဘုရားဖူး၊ သင်္ကြန်ပွဲ၊ စတိတ်ရှိုး၊ အငြိမ့်၊ ဇာတ်ပွဲ၊ လအလိုက်ပွဲတော်များ စသဖြင့် နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေ၊ ဇာတ်မင်းသားမင်းသမီးတွေ၊ အားကစားသမားတွေ၊ ဂီတလော ကသားတွေ၊ ပွဲစီစဉ်သူတွေ၊ ဂေါပကတွေအပါအဝင် အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လူတွေဟာ အလုပ် အကိုင်တွေရကြ၊ ဝင်ငွေတွေရကြနဲ့ အဆင်ပြေလာစေပါတယ်။ ဒါ့အပြင် ဖဲရိုက်၊ ကြက်တိုက်၊ ဘောလုံးပွဲလောင်းတာနဲ့ နှစ်လုံး၊ သုံးလုံးထိုးတာတွေကလည်း စိတ်ထွက်ပေါက်တမျိုးပေါ့။

နောက်တခါ အဲဒီငွေတွေနဲ့ လူကြီးမိဘတွေက အလှူအတန်းတွေလုပ်၊ ဆေးရုံဆေးခန်းတွေပြ၊ လူငယ်တွေက အသုံးအဆောင်တွေဝယ်၊ အလှကုန်တွေဝယ်၊ အဝတ်အထည်တွေဝယ်၊ ကျောင်းလခ၊ ကျူရှင်လခ၊ အဆောင်လခ၊ စာအုပ်ဖိုး စသဖြင့်သုံးကြတဲ့အခါ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ရှော့ပင်းမောတွေနဲ့ ဆက်စပ်တဲ့ လူတွေဟာ အလုပ်အကိုင်တွေရကြ၊ ဝင်ငွေတွေရကြနဲ့ အဆင်ပြေလာစေပါတယ်။ အလှူအတန်းကြောင့် ဘုန်းကြီးတွေအဆင်ပြေရ၊ ဆေးခန်းပြလို့ ဆရာဝန်တွေအဆင်ပြေရ၊ ကျောင်း/ကျူရှင်/အဆောင်ကြောင့် ဆရာတွေအဆင်ပြေရ၊ ရှော့ပင်းမောကြောင့် လုပ်ငန်းရှင်တွေအဆင်ပြေရနဲ့ ဟုတ်နေစေပါတယ်။ နောက်တခါ တယ်လီဖုန်း၊ အင်တာနက်၊ မြန်မာအိုင်ဒိုး စသဖြင့်စျေးကွက်ကြီးတွေမှာလည်း လူတွေကိုအလုပ်တွေရစေ၊ ဝင်ငွေတွေရနေစေပါတယ်။ 

နောက်တခါ စျေးဝယ်ဖို့၊ ကျောင်းတက်ဖို့၊ အလုပ်ဆင်းဖို့၊ ဆေးခန်းထိုင်ဖို့၊ ဘုရားဖူးသွားဖို့၊ သာရေးနာရေးသွားဖို့ စသဖြင့်အတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့၊ ဘတ်စ်ကား၊ ရထား၊ သင်္ဘော၊ မော် တော်၊ စက်လှေ၊ သမ္ဗာန်၊ တက္ကစီ၊ ဆိုင်ကယ် ကယ်ရီ၊ ထော်လာဂျီ၊ ဆိုက်ကား၊ မြင်းလှည်း စသဖြင့်လည်း လူတွေကို အလုပ်တွေရစေ၊ ဝင်ငွေတွေရစေပါတယ်။ နောက်တခါ အိမ်ငှား၊ အဆောင်ငှား၊ အိမ်ရောင်း၊ အိမ်ဝယ်၊ ခြံရောင်း၊ မြေဝယ် စသဖြင့် အိမ်ခြံမြေစျေးကွက်ကြီးနဲ့ ကားဝယ်/ရောင်း စျေးကွက်ကြီးတွေဟာလည်း လူတွေကို အလုပ်တွေရစေသလို ဝင်ငွေတွေလည်း ရရှိနေစေပါတယ်။ နောက်တခါ အရေးကိစ္စ ကြီးငယ်တွေရှိလို့၊ အရောင်းအဝယ်တွေဖြစ်လို့၊ အမှုအခင်းတွေဖြစ်လို့ ရုံးပြင်ကနား၊ စာချုပ်စာတမ်းတွေလိုလာတဲ့အခါ ရှေ့နေရှေ့ရပ်၊ တရားရုံး စသဖြင့် တွေမှာလည်း လူတွေကို အလုပ်တွေရစေသလို ဝင်ငွေတွေလည်း ရရှိနေစေပါတယ်။

အစိုးရဟာ အတော်တွက်ချေကိုက်ပါတယ်။ ပထမဆုံး ကိုယ့်နိုင်ငံသားတွေကို အလုပ်သမားတွေအဖြစ် သူများနိုင်ငံကိုရောင်းချလိုက်တဲ့အတွက် လူတဦးဘယ်လောက်ဆိုတဲ့ ရာခိုင်နှုန်းနဲ့ ရမှာပါ။ ပြီးတော့ လူတဦးဘယ်လောက်ဆိုပြီးတော့လည်း အခွန်အတုပ်နဲ့ ထပ်မံရရှိဦးမှာပါ။ ဒါ့အပြင် သူတို့ပြန်ပို့တဲ့ငွေနဲ့ သူတို့မိသား စုတွေ (အထက်မှာရေးခဲ့သလို) တနိုင်ငံလုံးလှည့်ပတ်သုံးစွဲလိုက်တဲ့အပေါ်ကနေလည်း အခွန်ထပ်ရဦးမှာပါ။ အစိုးရက အဲဒီလူတွေကို ရေလေးရောင်းပေး၊ မီးလေးရောင်းပေး လုပ်ပေးနေရုံပါပဲ။

အမှန်တကယ်က အစိုးရအနေနဲ့ တိုင်းပြည်အတွင်းမှာ (အထက်မှာရေးခဲ့တဲ့) အလုပ်အကိုင်တွေကို ဖန်တီးပေးပြီး လူတွေကို အလုပ်လည်းရစေ၊ ဝင်ငွေလည်းရစေဆိုတဲ့နည်းနဲ့ တိုင်းပြည်ကို ထူထောင်ရမှာဖြစ်ပါတယ်။ အဲဒီလို မဖန်တီးပေးနိုင်ဘူးဆိုရင် “အလုပ်လက်မဲ့ဦးရေ”ဟာ အတော်များမှာပါ။ အဲဒီအလုပ်လက်မဲ့တွေကို အစိုးရက “လူမှုဖူလုံရေး ရန်ပုံငွေ” ဆိုတာနဲ့ မိသားစုဝင်အနည်းအများအပေါ်မူတည်ပြီး (Low In- come Families) လစဉ်ထောက်ပံ့ပေးရမှာပါ။ အမှန်တကယ်က ဘယ်အစိုးရမဆို အလုပ်လက်မဲ့ပြဿနာကိုမဖြေရှင်းနိုင်ရင်၊ လူမှုဖူလုံရေးထောက်ပံ့မပေးနိုင်ရင် လမ်းပေါ်တက်လာမယ့် လူငတ်အုပ်ကြီးကို ထမင်း ကြမ်း(ပေါင်မုန့်) ပေးရင်ပေး၊ မပေးရင် ကုလားထိုင်က ဆင်းပေးရမှာပါ။ သို့သော်လည်း ကံကောင်းထောက် မစွာပဲ အဲဒီအစိုးရလုပ်ရမယ့်အလုပ်တွေကို ပြည်တော်ပြန်တွေက (တဘက်တလမ်းက) ပါဝင် လုပ်ဆောင်ပေးခဲ့ကြပါတယ်။ ဒီလောက် စီးပွားရေးချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ လူမှုတော်လှန်ရေးတရပ် ဘာလို့ဖြစ်မလာတာလဲဆိုရင် ကျနော်အထက်မှာရေးခဲ့သလိုပဲ ခေါင်းရွက်ဗျက်ထိုး၊ ကွမ်းယာသည်ကအစ၊ ဂေါပကအပါအဝင်၊ သမ္မတအဆုံး သူ့ဟာနဲ့သူ အလုပ်ဖြစ်နေတာကြောင့်လို့ပဲ ထင်မိပါတယ်။

ကိုဗစ်မတိုင်ခင်ခေတ်က ရွှေသီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာစားကျက်မြေကြီးဟာ အမေကျော် ဒွေးတော်လွမ်းကြသူတွေလို့ စွပ်စွဲလည်းခံကြရသေးတဲ့ ပြည်တော်ပြန်တွေအတွက် ပတ်ကြားအက်နေတဲ့ မိုးခေါင်ရေရှား လယ်ကန်သင်းကြီးတွေများ ဖြစ်နေလေမလား၊ ဒါမှမဟုတ် အသက်ပေးကျောင်းရမယ့် စားကျက်မြေကြီးတခုများ ဖြစ်လာနေပါပြီလား။ သူတို့တတွေခမျာ ကိုဗစ်မတိုင်ခင်က သူတို့လုပ်ခဲ့တဲ့ အလုပ်ခွင်တွေဆီ ပြန်ဝင်ခွင့်ကိုရော ရနိုင်ကြပါဦးမလား။

တကယ်လို့မရနိုင်တော့ဘူး၊ ရရင်လည်း အများစုကြီးက မရတော့ဘူး၊ ဒါမှမဟုတ် ၂ဝ၂၁ (သို့) ၂ဝ၂၂ အထိ အလုပ်ပြန်ဆင်းလို့ မရနိုင်သေးဘူးဆိုပါစို့။ ဘာတွေဖြစ်လာနိုင်ပါသလဲ။ ဟိုတုန်းက အဲဒီ လူ ၅ သန်းစလုံးက ကိုယ့်အိမ် (မြန်မာပြည်) မှာ မစားကြတဲ့အပြင် အိမ်ကလူတွေစားဖို့တောင် ငွေပြန်ပို့ပေးနေကြသူတွေပါ။ အခု အိမ်ကလူတွေစားဖို့အတွက် သူတို့ ပြန်ပို့မပေးနိုင်တော့ဘူး ဆိုကတည်းက အိမ်က (မြန်မာပြည်က) လူတွေ ၁၅ သန်းကျော် ငတ်ပါပြီ။ အခု သူတို့နဲ့အတူတူရောပြီး စုပြီးငတ်ကြဖို့ ပြည်တော်ပြန် ၅ သန်းကလည်း အိမ်ထဲ( မြန်မာပြည်ထဲ)မှာ ငုတ်တုတ်ကြီး ထိုင်စောင့်နေကြပါပြီ။ အဲဒီ လူ ၁၅ သန်းလောက်ကို မှီတည်ပြီး အဆင်ပြေနေကြတဲ့ (အထက်မှာ ကျနော်ရေးခဲ့တဲ့ အလုပ်အမျိုးအစားတွေ၊ လူတွေ) သူတွေအားလုံးဟာလည်း မငတ်ဘူးဆိုရင်တောင် လက်မဖွာနိုင်တော့လောက်အောင် “ပြတ်လပ်”လာကြမှာပါ။

ဒါကိုဖြေရှင်းဖို့ ကိုရွှေထိုင်းရယ် ခေါ်ပါတော့၊ စင်္ကာပူကြီးရယ်ခေါ်ပါတော့ဆိုတဲ့ ဆုတောင်းနည်းက အစိုးရရဲ့ ညံ့ဖျင်းမှုကို ဖော်ပြရာရောက်ပါတယ်။ ဒါကြောင့် လက်ရှိ အတူစုငတ်ကြဖို့ ရောက်နေကြတဲ့ ပြည် တော်ပြန်တဦးချင်းစီရဲ့ Job skills ကျွမ်းကျင်တဲ့အလုပ်အကိုင်အမျိုးအစားကို စစ်တမ်းပြုစုဖို့လိုပါမယ်။ ပြီးရင် Job skills တူတဲ့ လုပ်သားဦးရေအလိုက် ပြည်တွင်းမှာ နိုင်ငံပိုင်/ပုဂ္ဂလိကပိုင်/ဖက်စပ် စက်ရုံအလုပ်ရုံတွေ တည်ထောင်ဖို့ ကြိုးစားသင့်ပါတယ်။ ပြည်တော်ပြန်တွေရဲ့ အသက်မွေးဝမ်းကျောင်းပညာနဲ့ အတွေ့အကြုံက အစိုးရကသာ စက်ရုံအလုပ်ရုံတွေတည်ထောင်ပေးနိုင်ရင် ကိုဗစ်လွန်ကာလမှာ သူများနည်းတူ နာလန်ထလာနိုင်မယ်ထင်ပါတယ်။ တဘက်မှာလည်း သူများနိုင်ငံတွေအနေနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေအလုပ် လက်မဲ့ မဖြစ်စေရေးအတွက် ပြည်ပလုပ်သားတင်သွင်းမှုကို လျော့ချကောင်းလျော့ချနိုင်ပါသေးတယ်။

ကိုဗစ်ကြောင့် စီးပွားရေးနဲ့ ကူးသန်းသွားလာရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး တကမ္ဘာလုံးကလူတွေဟာ ကိုယ့်မိခင်နိုင်ငံတွေဆီ မပြန်မနေရ ပြန်ကြရပါတယ်။ နိုင်ငံတိုင်းရောဂါဖြစ်ကြတဲ့အတွက် နိုင်ငံတကာက ပြန်လာကြသူတွေထဲမှာ အနည်းနဲ့အများဆိုသလို ရောဂါပိုးပါလာနိုင်တယ်ဆိုတာ လူတိုင်းမှန်းဆလို့ရတဲ့ ပုစ္ဆာပါ။ အဲဒီသံသယတခုနဲ့ပဲ သူတို့အမိနိုင်ငံကို သူတို့ ပြန်လာခွင့်မရနိုင်တော့ဘူးလားဗျ။ သူတို့အမိနိုင်ငံကို ခင်ဗျားတို့ချည်းပဲ အပိုင်စီးထားကြတာလားဗျ။ အဲဒီလိုလုပ်တာကရော ခင်ဗျားတို့ကို ခင်ဗျားတို့ တရားတယ်လို့ ထင်ကြသလားဗျ။ အခု ခင်ဗျားတို့နေနေတဲ့ ခင်ဗျားတို့ရပ်၊ ခင်ဗျားတို့ရွာဆိုတာတွေကရော သူတို့နဲ့လည်းဆိုင်တဲ့ သူတို့လည်းပိုင်တဲ့ သူတို့ရပ်၊ သူတို့ရွာတွေ မဟုတ်ကြဘူးလားဗျ။ သူတို့တတွေဟာ နိုင်ငံကို သစ္စာ ဖောက်ပြီး သူများနိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေမဟုတ်ပါဘူး။ သူတို့လုပ်အားကို သူတို့ရတဲ့စျေးနဲ့ရောင်းပြီး မိသားစုတစုချင်းစီအတွက်သာမက နိုင်ငံတခုလုံး (အထက်ကကျနော်ရေးပြခဲ့တဲ့ အလုပ်တွေ၊ လူတွေအားလုံး) အတွက် မြန်မာပြည်ကို ယာယီခွဲခွာခဲ့ကြသူတွေပါဗျ။ အဲဒါကို ဒီနေ့အစိုးရက ပြည်သူတိုင်းနားလည်သဘောက်ပေါက်အောင် တာဝန်ယူပြီး ရှင်းပြပေးရမှာပါ။ အဲဒါဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုဆိုတဲ့ အတတ်ပညာနယ်နိမိတ်ပါ။ အစိုးရက ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုပါတယ်။ အဲဒီလိုမကျေပွန်တဲ့အတွက် သူတို့ခမျာ ကိုဗစ်ရဲ့ သားကောင်လည်းဖြစ်ရ၊ အခြားသူတွေရဲ့ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံကြရရှာပါတယ်။

ကိုးကားဖို့ အနီးစပ်ဆုံးဗျာ။ ဒုတိယကမ္ဘာစစ်ပြီးခါစ နိုင်ငံတွေ ဘယ်လိုကုန်းရုန်းထူထလာကြသလဲဆိုတာကို လွှတ်တော်ကိုယ်စားလှယ် (law makers) တွေ မလေ့လာရင် ကိုဗစ်အလွန် ကိုယ်ထူကိုယ်ထ နိုင်ငံတော်ကြီးဟာ နာလန်ထလာနိုင်ပါ့မလား။ အစိုးရအနေနဲ့ ပညာရှင်တွေကို ထိုက်ထိုက်တန်တန်နေရာပေးပြီး ဒီ အလုပ်သမားအရေးကို မပြင်ဆင်ဘူးဆိုရင်တော့ ရွေးကောက်ပွဲတိုင်းနိုင်တယ်ဆိုတဲ့ ဂုဏ်ထူးတဘာသာကလွဲရင် ကျန်တဲ့ ၅ ဘာသာမှာတော့ လူငတ်အုပ်ကြီးက သူတို့ခံစားချက်တွေကို အလုအယက်ဝင်ရေးပေးသွားကြလိမ့်မယ်လို့ ထင်မိပါကြောင်း...။

အောင်မော်ဦး
ဧပြီ၊ ၂၄၊ ၂ဝ၂ဝ။