Breaking News

နေနေ - အိမ်ထဲမှာပဲ နေပေးကြပါ

အိမ်ထဲမှာပဲ နေပေးကြပါ
နေနေ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၀


(မိတ်ဆက်။ ဂျက်ဆင် ဟာဂရို့ဟာ ဒီထရိတ်မြို့မှာ ဘတ်စ်ကား မောင်းတဲ့ အသက် ၅၀ အရွယ် အမျိုးသား ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်နေ့က သူ့ ဖေ့ဘွတ်ခ်မှာ  Live ဗီဒီယို တခု တင်ပါတယ်။ သူကားထဲက ခရီး သည်တစ်ယောက် ပါးစပ်ကို မပိတ်ဘဲ ချောင်းဆိုးနေတာကို ပြပြီး ဒီလို မလုပ်ဖို့ ပြောထားတဲ့ ဗီဒီယိုပါ။ နောက်ထပ် ၁၁ ရက်အကြာမှာတော့ ကိုဗစ် ၁၉ နဲ့ သူ ဆုံးသွားပါတယ်။ ယခု စာစုက ဂျက်ဆင်ရဲ့ ကျန်ရစ်သူ ဇနီး ဒီရှာက သူ့ ခင်ပွန်း မဆုံးခင် ကြုံခဲ့ရတာတွေကို တိုင်းမ် မဂ္ဂဇင်းကို ပြောပြထားတာတွေ ဖြစ်ပါတယ်။) 

ကျမ ခင်ပွန်း ဂျက်ဆင်က သူ့အလုပ်ကို သူသိပ်ချစ်တာ။ သူများတွေ ဘယ်လောက်ပဲ အထင်သေးသေး၊ အလကားပါလို့ပြောပြော ဂျက်ဆင်က သူ့ အလုပ်ကို သမ္မတ အလုပ်လောက် အရေးကြီးတယ်ထင်နေတာ။ ခရီးသည်တွေကို ဒိထရိတ်မြို့ထဲ လှည့်ပတ်မောင်းပို့ရတာ သူ့အတွက် သိပ်အရေးကြီးတဲ့ အလုပ်ပေါ့။  ယူနီဖောင်းကို ဝတ်မယ်။ မနက် အစောကြီး ၃ နာရီ၊ ၄ နာရီ၊ ၅ နာရီမှာ အိမ်ကနေ  ရင်ကော့ပြီး ထွက်သွားမယ်။ နေ့တိုင်း သူက ဒီလိုပဲ။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေး ဖြစ်တော့ ဘတ်စ်ကားဒရိုင်တွေကို လူတွေ မေ့နေကြတဲ့ အကြောင်းလည်း တခါတလေ သူနဲ့ကျမနဲ့ ပြောဖြစ်ကြတယ်။ ဟုတ်တယ်လေ။ ကားဒရိုင်ဘာတွေဟာ ဗိုင်းရပ်စ်နဲ့ အစောဆုံး တွေ့ရမယ့် သူတွေ ဆိုတာကို မေ့နေကြတာ။ ဒီလို ပြောရင်သူက  “ဒို့ကတော့ အရင်ဆုံး တွေ့ရမယ့်လူတွေပါ” လို့ ပြောပြီး ဂုဏ်ယူနေပြန်ရော။

သူ့ခရီးသည်တွေအတွက် အမြဲတမ်း ပူတယ်။ သူ့ ဗီဒီယိုကို တင်တဲ့ နေ့ကလည်း ကျမကို ပြောသေးတယ်။  “ဘေဘီရေ၊ အလုပ်က ပြန်လာရင် Lysol ဆေးရည်လေး ဆွဲခဲ့ပါအုံး” သူ့ကားထဲမှာ သန့်ရှင်းနေဖို့ လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို ကျမက သူ့ ကျောပိုးအိတ်ထဲကို အစုံထည့်ပေးခဲ့ပါတယ်။ ထည့်နေရင်းက သူက “ကားပေါ်က ခရီးသည်တွေ အားလုံး ရောဂါ မကူးအောင် ကိုယ်သေချာလုပ်မှာပါ” လို့   ပြောလိုက်သေးတယ်။

သူ့ကားပေါ်က ခရီးသည် အမျိုးသမီး ချောင်းဆိုးနေတာကို ဗီဒီယိုရိုက်ပြီး သူတင်တဲ့ နေ့ကတော့ သူ တခုခု ဖြစ်လာပုံပဲ။ အိမ်ပြန်ရောက်တာနဲ့ သူ စိတ်မကောင်းဖြစ်နေတဲ့ပုံမျိုးပဲ၊ “သူ ဘာလို့ အဲ့လို လုပ်တာလဲ မသိပါဘူး။ လူတွေကလည်း ဘာမှလည်း ဂရုမစိုက်ကြဘူး။ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ   နားမလည်ကြဘူး။” လို့ ပြောနေတယ်။ သူ့အတွက်ရော၊ ခရီးသည်တွေအတွက်ပါ သူ စိတ်ပူတာ။

ကျမ စိတ်ထဲမှာ ၉၉ဒသမ ၉၉ ရာခိုင်နှုန်း သေချာကတော့ ဂျက်ဆင်ဟာ ကိုရိုနာဗိုင်းရပ်ကို ဘတ်စ်ကားပေါ်မှာ အလုပ်လုပ်ရင်း ကူးခဲ့တာပါ။ ဗီဒီယို တင်ပြီး နှစ်ရက်အကြာမှာ သူ သိပ်နေမကောင်းတဲ့အကြောင်း ကျမသားကို ပြောတယ်လေ။

ကျမက  “နေပါအုံး မဖြစ်နဲ့ အုံးနော်”လို့ ပြောပြီး ခပ်ပေါ့ပေါ့ပဲ နေလိုက်မိတယ်။ ဒါပေမယ့် သူ ဖြစ်နေပါပြီ၊ သူ နေမကောင်းတာကို သူသိတယ်လေ။ ဖြစ်သွားတာ တအားမြန်တော့ ကျမက အခုထိတောင် မယုံသေးဘူး။ မတိုင်ခင် တနေ့က အထိ သူက အကောင်းကြီးလေ။ အရပ် ၆ ပေ ၃ လက်မနဲ့ လူကောင်ထွားထွား၊ သန်သန် မာမာကြီးလေ။

အရေးပေါ် အခန်းထဲ ဝင်ရမှပဲ ဒီလို ဖြစ်မှန်းသိတော့တာ။ ပထမတော့ သူမှာ အဖျားသွေးနဲ့ တုပ်ကွေးလို ရောဂါ လက္ခဏာ ရှိတယ်ပေါ့။ “အိုကေ။ ငါနေ မကောင်းဘူးပေါ့” ဒီ လောက်ပဲ သူက ထင်နေတယ်။ သူ့ကို စမ်းသပ်ပြီးတော့ သီးသန့်နေဖို့ ပြောတော့ ကျမတို့လည်း ပြောတဲ့ အတိုင်း နေလိုက်ကြတာပေါ့။

နောက်ထပ် နှစ်ရက်လောက်ကြာတော့ သူ မဟန်တော့ဘူး။ မသက်သာဘူး။ အဖျားက တက်လာပြီး အသက်ရူရ ကြပ်လာတယ်။ သူ့လက်ချောင်းတွေ ပြာလာတယ်။ အောက်ဆီဂျင် ကောင်းကောင်း မရလို့ ဖြစ်မှန်း ကျမတို့သိတယ်။ ဆေးရုံကို နောက်တခေါက် ပြန်သွားကြတယ်။ ဆရာဝန်က သူ့ အသက်ရူသံကို နားထောင်၊ သူ့အဆုတ်နေရာကို နားကြပ်နဲ့ထောက်တယ်။ သူ့ အဖျားက ၉၉ ကို ပြန်ကျနေတာနဲ့ သူတို့က အိမ်ပြန်ပြီး သီးသန့်ပဲ ပြန်နေဖို့ ပြောတယ်။

ဒါနဲ့ ကျမက “အောက်ဆီဂျင် ရော ဘယ်လိုလဲ” လို့ မေးကြည့်တာပေါ့။ သူ့လက်ချောင်းတွေ ပြာနေတယ်လေ။ ဒါပေမယ့် ဆရာဝန်တွေက ဒါ ဘာမှ လုပ်စရာ မလိုဘူးလို့ ပြောတယ်။

အဲဒီနောက်မှာတော့ သူ့အခြေအနေက ချက်ချင်းကြီး ဆိုးသွားတယ်။ တနင်္ဂနွေနေ့ကျတော့ ဆေးရုံကို နောက်တခေါက် ထပ်သွားကြဖို့ သူ ပြောပါသေးတယ်။ “ငါ အောက်ဆီဂျင် လိုတယ်။ ငါအသက်ရူ မဝတော့ဘူး”လို့ပြောနေတာ။ အဖျားကလည်း မကျပါဘူး။ ချောင်းဆိုးတာလည်း ပိုဆိုးလာတယ်။ သူ ကံဆိုးပါတယ်။ ဆေးရုံမှာ သုံးရက်ပဲ နေရတယ်။ ဧပြီ ၁ ရက်နေ့မှာ ဆုံးသွားပါတယ်။

ဂျက်ဆင်က မိသားစုကို သိပ်ချစ်တဲ့လူပါ။ သူ့ဘဝမှာ အလုပ်နဲ့ အိမ် (မိသားစု) ပဲ ရှိတယ်။ ဘယ်သွားသွား လူချစ်လူခင်လည်း အင်မတန် များတဲ့လူပါ။ သူ့ကို မကြိုက်တဲ့လူဆိုတာလည်း ရှိမယ်လို့ ကျမ မထင်ဘူး။ မယုံရင် လူတွေကို ကြိုက်သလောက် လိုက်မေးကြည့်ပါ။ သူက မှန်တဲ့ ဘက်ကရပ်တည်တဲ့လူစားမျိုးပါ။

ကျမက သူဒီလို စတေးခံသွားရမယ်လို့ တခါမှ မတွေးခဲ့မိဘူး။ ဒီလောက်အထိ ဖြစ်သွားမယ်လို့လည်း မထင်ခဲ့မိဘူး။ သူ့ကို ဘုရားသခင် ကောင်းချီးပေးတာ၊ ဘုရား ကောင်းချီးပေးတာ၊ သိလား။ ဒီသတင်းစကားကို လူတိုင်း ကြားပါစေလို့ ကျမ ဆုတောင်းပါတယ်။

တစ်ကမ္ဘာလုံးကို ကျမ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အပြင်ထွက်ဖို့ မလိုရင် အိမ်ထဲမှာပဲနေပေးကြပါ။

လူတိုင်းလူတိုင်း ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့၊ ကိုယ့်နယ်မြေက ဥပဒေတွေအတိုင်း အတိအကျ လိုက်နာကြမယ်ဆိုရင် ကျမတို့ ဒီရောဂါကို ပြန်အနိုင်ရမှာပါ။ အိမ်မှာပဲနေပေးပါ။ လူ့အသက်ကို ကယ်ရာ ရောက်ပါတယ်။ ဒါဟာ တကယ်ပဲ အသက်ကို ကယ်ရာ ရောက်တယ်ဆိုတာကို လူတွေ နားလည်စေချင်တယ်။ကျမ အခု ခံစားနေရတယ်။  သူ့ကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး။ ကျမ ခင်ပွန်း အသက်ပေးသွားတာကို အချည်းနှီး မဖြစ်စေချင်ပါဘူး။

My Husband Died Trying to Protect His Bus Passengers From Coronavirus. Please Stay Home So His Death Isn't In Vain (TIME)