Breaking News

နေသွင်ညိဏ်း - ဗိုင်းရပ်စ်ကို လျှော့မတွက်နဲ့ − စင်ကာပူ သဲထဲရေသွန် ဖြစ်သွားခြင်း

ဗိုင်းရပ်စ်ကို လျှော့မတွက်နဲ့ − စင်ကာပူ သဲထဲရေသွန် ဖြစ်သွားခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်ကိုထိန်းချုပ်တဲ့နေရာမှာ စင်ကာပူက နမူနာအနေနဲ့ မျှော်ကြည့်ရတဲ့နိုင်ငံပါ။ 
လူဦးရေ ၅ ဒဿမ ၆ သန်းပဲရှိတဲ့စင်ကာပူဟာ အခုတော့ အရှေ့တောင် အာရှမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ အများဆုံး ဖြစ်နေပါပြီ။
တနင်္လာနေ့တစ်ရက်တည်းမှာ လူနာ ၁၄၀၀ လောက်ကို အသစ်တွေ့ခဲ့ပါတယ်။ပြီးခဲ့တဲ့ တပတ်အတွင်း ကိုဗစ် ၁၉ လူနာ ပေါင်း နှစ်ဆခွဲကျော် တိုးခဲ့ပါတယ်။ အားလုံး ၈ ထောင်ကျော်သွားပါပြီ။

ကျွမ်းကျင်သူတွေအဆိုအရ အရင်တစ်ပတ်က စလို့ လူနာအရေအတွက် ထောင်တက်သွားတာဟာ နိုင်ငံခြား သားအလုပ်သမားတွေမှာ ကူးစက်နိုင်ခြေများနိုင်တာကို အာဏာပိုင်တွေက လျှော့တွက်ခဲ့ကြတာကြောင့်လို့ ဆိုပါတယ်။ အလုပ်သမားဆောင်တွေမှာ အခန်းတစ်ခန်းမှာ လူ ၂၀ လောက်အထိ ခြေချစရာ နေရာမရှိအောင်စုပြုံ နေကြပါတယ်။
တနင်္လာနေ့မှာ တွေ့ရတဲ့ လူနာတွေထဲမှာ ၁၆ ယောက်ပဲ စင်ကာပူ နိုင်ငံသား၊ သို့မဟုတ် ပီအာရ်နဲ့ နေထိုင်သူတွေ ဖြစ်ပါတယ်။ စင်ကာပူမှာ လူနာ လေးပုံ သုံးပုံဟာ အလုပ်သမား အဆောင်တွေနဲ့ ပတ်သက်နေတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ကူးစက်မှု ဖြစ်ခါစမှာ စင်ကာပူရဲ့တုံ့ပြန်ပုံဟာ ချီးကျူးစရာ ဖြစ်ခဲ့ရပါတယ်။ ဟောင်ကောင်နဲ့ထိုင်ဝမ်တို့ လိုပဲ ရောဂါ ထိန်းချုပ်ရေးအတွက် နမူနာ ဖြစ်ခဲ့ပါတယ်။ စင်ကာပူမှာ လူတွေအများကြီးကို စစ်ဆေးတာနဲ့ လူနာရဲ့ နောက်ကြောင်းကို စေ့စေ့စပ်စပ် ခြေရာခံခဲ့တာကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးကပါ ကိုးကား ပြောဆိုခဲ့ရပါတယ်။ စင်ကာပူဟာ ဗိုင်းရပ်စ် ဒုတိယတကျော့ ခေါင်းမထောင်အောင်လည်း နှိမ်နင်းနိုင်ခဲ့ပါတယ်။ ယူအက်နဲ့ ဥရောပကနေ ပြန်လာကြတဲ့ ကျောင်းသားတွေနဲ့ စင်ကာပူ နိုင်ငံသားတွေကတဆင့် ဗိုင်းရပ် မပျံ့အောင် ထိန်းနိုင်ခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့နောက်ပိုင်း နိင်ငံခြားကနေ ဝင်လာတဲ့ လူနာ တစ်ယောက်ပဲ ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

အခုတော့ ဟောင်ကောင်နဲ့ ထိုင်ဝမ်က အခြေအနေ အများကြီး ပိုကောင်းအောင် စီမံနိုင်တာ ပေါ်လွင်ပါတယ်။ တနင်္လာနေ့မှာ ဟောင်ကောင်မှာ လူနာ တစ်ယောက်ပဲ ထပ်တိုးပြီး၊ ထိုင်ဝမ်မှာ နှစ်ယောက်ပဲ တိုးပါတယ်။ စင်ကာပူနဲ့ နှိုင်းယှဉ်ရင် လူဦးရေ များကြပေမယ့် စုစုပေါင်းလူနာ အရေအတွက်မှာတော့ အများကြီး နည်းပါတယ်။ (ဟောင်ကောင် -၁၀၂၅၊ ထိုင်ဝမ် -၄၂၂)
ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းအရ စင်ကာပူမှာ အလုပ်သမားအဆောင်ပေါင်း ၄၃ ခုမှာ နိုင်ငံခြားသား အလုပ်သမား နှစ်သိန်းလောက် ရှိနေပါတယ်။ အများစုက စင်ကာပူလောက် မချမ်းသာတဲ့ အိန္ဒိယ၊ တရုတ်တို့လို နိုင်ငံတွေက လာကြပြီ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သင်္ဘောကျင်း လုပ်ငန်း၊ သန့်ရှင်းရေး လုပ်ငန်းတို့လို ဝင်ငွေနည်း အလုပ်အကိုင်တွေကို လုပ်ကြပါတယ်။

အခန်းတစ်ခန်းမှာ လူအနည်းဆုံး ၁၂ ယောက်ကနေ ၂၀ အထိ နေကြတယ်လို့ စင်ကာပူမှာ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ TWC2 က ဆိုပါတယ်။ ရေချိုးခန်းတွေ၊ မီးဖိုချောင်တို့ကိုလည်း အတူတူမျှသုံးကြပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်းမှာ စင်ကာပူအာဏာပိုင်တွေဟာ အလုပ်သမားတွေကို အဆောင်တွေကနေ လွတ်နေတဲ့ အိမ်ရာတွေ၊ စစ်စခန်းတွေနဲ့ တခြား နေရာတွေဆီကို ပြောင်းရွှေ့ပေးပါတယ်။
အလုပ်သမားတွေကြားမှာ ကူးစက်မှု နှုန်း တိုးနေချိန်မှာ စင်ကာပူ နိုင်ငံသားတွေကြားထဲမှာ ကူးစက်မှုကတော့ ကျဆင်းနေပါတယ်။ ဒါဟာ ဒီလ အစောပိုင်းမှာထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဖြစ်တဲ့ ကျောင်းတွေပိတ်၊ နှာခေါင်းစည်း မတပ်မနေရနဲ့ တခြား တင်းကြပ်တဲ့ စည်းကမ်းချက်တွေ အလုပ်ဖြစ်နေတဲ့ သဘောပါပဲ။

ဒါပေမယ့် စင်ကာပူဟာ အစောပိုင်းက ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ အောင်ပွဲ၊ သဲထဲရေသွန် ဖြစ်သွားရပါတယ်။ စင်ကာပူလို နိုင်ငံ သေးသေးလေးမှာ အလုပ်သမား အဆောင်တွေထဲ ကူးစက်မှုကို မထိန်းနိုင်ခဲ့ရင် တခြား ပြည်သူတွေဆီကို ကူးစက်တာလည်း တားဆီးလို့ ရမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ စင်ကာပူ အခြေအနေက လမ်းဆုံ လမ်းခွမှာ ရောက်နေပါတယ်။ (TIME)