Breaking News

ဘုန်းနိုင်လင်း - ငါမင်းကို စိတ်ပူတယ် ကျော်ဆန်းဝင်း

ငါမင်းကို စိတ်ပူတယ် ကျော်ဆန်းဝင်း
ဘုန်းနိုင်လင်း
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၀

မင်းဟာ စနစ်ရှောင်လမ်း 
ခေတ်ရှောင်လမ်းပဲ ကျော်ဆန်းဝင်း
ညို့မှိုင်းအုံ့ဆိုင်းနေတဲ့ အလွင့်လမ်းနဲ့
မင်းဟာ နယ်စားကြီးပဲ 
မသိမှုနယ်တွေအများကြီးနဲ့ 
ခုဖြစ်နေတဲ့စစ်မှာ မင်းအဆင်သင့်ဖြစ်နေဖို့လိုပြီ။

ဒီတနွေမှာ မင်းအရင်လို နေလို့မဖြစ်ဘူး
အရင်လို မင်းနေလို့မဖြစ်ဘူး 
မင်းဘယ်လိုနေဖို့ မင်းမြို့က စီမံပေးထားလည်း
ငါစိတ်ပူတယ် သူငယ်ချင်း
မင်းအတွက်တော့ ဟုမ်းစတေး ဆိုတာလည်း
တစ်မြို့လုံးကို အိမ်ထင်နေတော့
တောင်းစတေးလို ဖြစ်နေမှာပေါ့ကွာ
သွားသွားလာလာ စားစားသောက်သောက်
အိမ်ဦးနဲ့ မီးဖိုဆောင်
ထီးနဲ့ဖိနပ်တောင် ဆောင်စရာမလို
အဲဒီမြို့ထဲကလွဲပြီး အိမ်ပြင်မထွက်တဲ့
မင်းရဲ့နှစ်ပေါင်းများစွာတွေနဲ့ပေါ့။

ငါလည်း ဘယ်တတ်နိုင်မှာလည်း
အဝေးကပဲ စိတ်ပူနေရတယ်
ခုဖြစ်နေတဲ့ ကပ်ကာလမှာ
မင်း အမှိုက်ပုံးတွေနဲ့ ဝေးဝေးနေစမ်းပါကွာ
ပြောသာပြောရတယ် မင်းအတွက်တော့
တမြို့လုံးအမှိုက်ပုံတွေဟာ ပဒေသာပင်ဖြစ်နေသလားပဲ
မြို့မိမြို့ဖ ရပ်မိရပ်ဖတွေကလည်း
မင်းကို အမှိုက်ပုံးတွေနဲ့မခြား တွေးနေသလားပဲ
ငါသိခဲ့ကြားခဲ့သမျှ နှစ်ပေါင်းများစွာ
မြို့ပြပိုးမွှားတစ်ကောင်လို ပစ်ထားတာ
နှစ်သုံးဆယ်ကျော်ခဲ့
မင်းကြီးပြင်း နေထိုင်နေတဲ့မြို့ကလေးထဲမှာ.....။
ကြာခဲ့ပြီပေါ့...
တို့ငယ်ငယ်က အမှတ်ရမိတဲ့ မြို့ကလေးဆိုတာ
ခြံစည်းရိုးတွေတိုင်းမှာ ထုံဖြူဖြူဖွေးနေတဲ့ခေတ်ပေါ့
မိုးရာသီအော်လံထဲ ခြံမျက်နှာစာ မြက်ရှင်းခိုင်းတာပါတယ်
နွေရောက်ပြီဆို မီးဘေးအန္တရာယ်သတိပြု 
သဲအိတ် ရေအိတ်၊ မီးချိတ် မီးကပ် အိမ်တိုင်းတပ်စေဖို့ရယ်......၊
တို့ငယ်ငယ်က မြို့ကလေးဆိုတာ
ဘယ်ရာသီမဆို မြင်းခွာသံတွေနဲ့ နိုးထနေကြမြို့
မုန့်ဟင်းခါးဆိုင်တွေ ထွန်းကားတဲ့မြို့
ရာသီပေါ် ကုန်စိမ်းတွေ ဘူတာရုံမှာ ဆိုက်ကပ်နေကြမြို့
အရှေ့ရိုးမရဲ့ ရွှေဝါတောနဲ့ မြို့ကလေးနာမည်ကြီးနေတဲ့ခေတ်တုန်းကပေါ့...။

အဲဒီနောက် 
တို့တွေလည်းအဝေးရောက်
ပြန်မလာနိုင်ဖြစ်တဲ့နှစ်တွေထဲ
မင်းကတော့ မြို့လေးထဲမှာ ခုထိရှိနေစဲ
အရင်လိုလွတ်မြောက်မှုနဲ့
အရင်လို အုံ့မှိုင်းစိတ်နဲ့
လူမြင်ကွင်းထဲက ဘေးမဲ့တစ်ယောက်လို
ခုရော အဲဒီလိုပဲလား
ကပ်ရေးကပ်ရာထဲမှာ မင်းဟာဘေးမဲ့ဖြစ်နေတုန်းလား
ငါစိတ်ပူတယ် ကျော်ဆန်းဝင်း။

မင်းရွေးချယ်ပုံကဆန်းတယ်
သက်ရှိနဲ့သက်မဲ့
ဒြပ်ရှိနဲ့ဒြပ်မဲ့
မင်းဘယ်စိတ်နဲ့သိနေလည်းဆိုတဲ့ လုပ်ရပ်တွေ
တို့သူငယ်ချင်းတွေလည်းနားမလည်နိုင်တာတွေလည်းများခဲ့။

မြို့မဈေးမျက်နှာစာလမ်းတလျှောက်ဆိုတာ 
မင်းရောက်နေကြ လျှောက်နေကြ 
မင်း သူငယ်ချင်းတွေရဲ့ ဂရုဏာတွေကြတော့
ဈေးနားကခွေးတွေပေါ် ရွှေမိုးငွေမိုး ရွာသွန်းဖြိုးတတ်ပြန်တယ်။

အရင်နှစ် ငါပြန်ဖြစ်တဲ့တစ်ခေါက်
ဖြစ်လျှောက်သွားတဲ့လမ်းပေါ် မင်းကို ငါလှမ်းခေါခဲ့တယ်
''ကျော်ဆန်းဝင်း ဟေ့ ကျော်ဆန်းဝင်း ''
''ဟေ'' ဆိုတဲ့ထူးသံတစ်ချက်နဲ့ ပြန်လှည့်ကြည့်တယ်
''လာဦး  လာဦး '' လက်လှမ်းခေါ်မှ ရစ်ဝဲရစ်ဝဲ ရောက်လာတယ်
ငါထင်ပါတယ် မင်းနာမည်လည်းသိတဲ့အပြင်
ခေါ်တယ်ဆိုတာလည်း သိသေးတယ်လို့ 
မင်းထိုင်ဖို့ ထိုင်ခုံထိုးပေးရုံနဲ့ မင်းလှည့်ပြန်သွားတာ ငါအံ့သြရပြန်တယ်
နောက်တစ်ခါ ထပ်ခေါ်တယ် ကျော်ဆန်းဝင်း ကျော်ဆန်းဝင်း လာဦးဆိုတော့
ပြန်ရောက်လာပုံက ငါအံ့သြ ရသလို ဝမ်းသာမှုလည်းဖြစ်ရ
 ရှက်ရွံ့ဟန်တစ်စ ရေးရေးလေးတစ်ချက် လက်ခနဲ 
ဆံပင်ဖွာလန်ပြီး ပေကျံနေတဲ့ မင်းမျက်နှာပေါ်မှာ ငါမြင်ခဲ့ရ
ဒါမင်းရဲ့  ရှက်တတ်တဲ့မျက်နှာမူရာဆိုတာ 
အလယ်တန်းကျောင်းသားဘဝတည်းက ငါမှတ်မိတာပေါ့
ငါပျော်မိတယ် မင်းမှတ်ဉာဏ် မှာ သိနိုင်သေးတယ်ထင်လို့။

ငယ်ငယ်တုန်းက ကျောင်းသားဘဝတွေဆို
မင်းအတွက် ပိုမှတ်မိလွယ်မလားပဲ
မကျည်းရိပ်မှသည် ပျဉ်းမရိပ်ဝန်းကျင်ထိ တို့အတူတူငယ်ဘဝတွေ
တန်းစီတိုင်း သန့်ရှင်းရေးလုပ်တိုင်း ကျောက်တိုင်ဖြူဖြူတစ်ခု
ထိုကျောက်တိုင်မှာ ရေးထိုးထားသည့်စာ
မင်းရောငါပါ အလိုလိုအလွတ်ရနေတယ်ဆိုတာ ငါသိတယ်
ခုနေ ပြန်ဆိုပြရင် မင်းပြန်မှတ်မိလာနိုင်မလား

'''အမောင်လုင် ဤကျောက်တိုင်တွင် ထုလုပ်ရန်
ကြေးရုပ်အတွက် မျိုးချစ်ပုဂ္ဂိုလ် အလိုရှိသည်
ဤနေရာကို အသင်ရအောင် ကြိုးစားလော့'''

မင်းမှတ်မှတ်ရရဖြစ်နေတဲ့ ဒီစာသား
မင်းပြန်ကြားရင် ငယ်ဘဝဆိုတဲ့အချိန်ခါ ပြန်အမှတ်ရလာနိုင်မလား
နောက်တစ်ခု မင်းပြောတဲ့စကား ငါအမှတ်ရနေသေးတယ်
ကျောက်တိုင်ဘေးနားက နာမည်ထိုးထားတဲ့ကျောက်ငုတ်နှစ်ခု
တစ်ခုနာမည်မှာ ဗိုလ်စောဦး နောက်တစ်ခုကတော့ မမှတ်မိတော့ဘူး
မင်းပြမှ ငါသတိထားမိတဲ့အရာ တို့ငယ်ဘဝအတူတူအစကပေါ့။

တနည်းနည်းနဲ့ မင်းပြန်အသိဝင်လာနိုင်ဖို့ရှိမလား
ငါသိသမျှ မင်းဟာနေရာတိုင်းမအိပ်ဘူး
နေရာတိုင်းအနှံ့သွားတယ်
မင်းဟာနေရာတိုင်မစား
ဆာတဲ့အခါတိုင်း ရှာနိုင်တဲ့နေရာက အမှိုက်ပုံး
စားစရာပေးရင်လည်း အမှိုက်ပုံးနဲ့အနီးတဝိုက်
ရွှေမိုးငွေမိုးကလည်း မစဲတော့ဘူး လမ်းတလျှောက်
တမြို့တည်းခွေးတွေနဲ့အတူတူ လက်ရေတပြင်တည်း
ဒီတနွေမှာ တော့ မင်းဒီလိုတွေနေလို့မဖြစ်တော့ဘူး
လက်းမဆေးယုံတင်မဟုတ်ဘူး
မိုးရွာမှ မင်းရေချိုးတတ်တာ ပျော်ပျော်ကြီး လမ်းပေါ်
ခုလိုကပ်ရေးကပ်ရာထဲမှာ 
လက်ဆေးတာရယ် စားတာရယ် အရင်အတိုင်းဆိုခက်မယ်
လူစုလူဝေးနဲ့ ဆိုရှယ်ဒစ်စတန်ဇင်းမှာ မင်းကအရင်တည်းကလိုက်နာနေကြ
မင်းအမေကလည်း ဘယ်ဂရုစိုက်နိုင်မှာလည်း မင်းလိုပဲဆိုတော့
ဒီတနွေမှာ မင်းတို့သားအမိနှစ်ယောက် ဘယ်မှလျှောက်မသွားဖို့
မြို့ကစီစဉ်ပေးထားလားမသိ 
အရင်တုန်းကလို မင်းသတိပြန်ဝင်လာရင်ကောင်းသား
တွေ့တဲ့သူငယ်ချင်းတိုင်း မေးနေကြ ကောင်မလေးတစ်ယောက်ရဲ့ နာမည်
''ဇင်နွယ်......ကိုတွေ့မိသေးလား'' ဆိုတဲ့ အမေး
အဲတုန်းက သူမြို့ကပြောင်းသွားတော့ ဘယ်သူမှမတွေ့ဘူးပေါ့
အဲဒီလိုလေး အသိလည်လာရင် ကောင်းမှာပဲလို ငါတွေးမိတယ်။

တို့ငယ်ဘဝတွေ စီးဆင်းခဲ့ကြ
စီးဆင်းခဲ့တဲ့ သီချင်းတွေနဲ့အတူ စီးဆင်းခဲ့ကြ
အဲဒီသီချင်းတွေကြားရင် မင်းပြန်အသိဝင်လာနိုင်မလား
တို့အတူတူငယ်ဘဝအစက 
ခရီးသွားသောမီးခိုးတန်းများ နဲ့ ဇော်ဝင်းထွဋ်
အဝါရောင်လမ်းကလေးပေါ်က စိုးသူ 
ချစ်ကောင်းရဲ့အလှည့်မှာ ရန်အောင်က ဂျင်းဘောင်ဘီနဲ့
ထူးအိမ်သင် ရဲ့ နာရီပေါ်ကမျက်ရည်စက်များနဲ့ နေရာက ဗဒင်

ပျိုပျိုမေရေ သီချင်းနဲ့ မင်းရဲ့ဘရိတ်ဒန့် အကတွေနဲ့ 
ငယ်ငယ်က ကျောင်းခန်းထဲ ပြန်သတိရဦးမှာလား။

ဆောင်းဦးလှိုင်ရဲ့ မင်းရဲ့သူရဲကောင်း၊ ဆွဲအားနဲ့ မာရဇ္ဇ
အချစ်ဟာမီးလားလို့ ရင်ဂိုကမေးတော့ 
လေးဖြူ ရဲ့ အလင်းရောင်ထဲမှာ 
ဆေးဆိုးပန်းရိုက် မျက်နှာနဲ့ ဘယ်သူလည်း မင်းသိမလား
မင်းရဲ့ ရော့ကာကြီးနဲ့ မင်းငြိတဲ့ ဂေါ်လီမလေးပေါ့။

စံလင်းရဲ့ မြားတစ်စင်း ဝင်လာတော့
မင်းလည်း စာသင်ခန်းကိုကျောခိုင်းသွားခဲ့
အားလုံးကို ကျောခိုင်းခဲ့
ပေါ့ပေါ့ပါးပါး အလွင့်တွေဆီ
နှစ်တွေထဲ သီချင်းတွေလည်း စီးဆင်းသွားခဲ့
မင်းမရှိတဲ့နောက်
ဝိဉာဏ်များနဲ့ ကခုန်ခြင်း
ခင်ဝမ်းရဲ့ စိတ်ကြိုက်တေးများ
ချယ်ရီကိုသာပန်ပါကွယ်
မှီတွယ်ရာလွမ်း
ပါဝါ ၅၄ ထစ်ချုန်း မိုး
ကန္တာရ လမင်း ပင်လယ်အော်သံထိ စီးဆင်းသွားခဲ့
မင်းလည်းစီးဆင်းသွားခဲ့ အလွင့်လမ်းအတိုင်း
မင်းဟာလမ်းကြောင်းပြောင်းစီးသွားတဲ့မြစ်
သီချင်းတစ်လမ်း အလွင့်တစ်လမ်း
မင်းရဲ့ငယ်ဘဝဆိုတာ မြစ်ကျိုးအင်းလေးတောင်ဖြစ်ခွင့်မရတဲ့
ခြေရာပျောက်မြစ်တစ်စင်းလို
အဲဒီတုန်းဆီကနေ ခုထိပါပဲ။

တစ်ခုတစ်လေများ ပြန်သတိရရင်ဆိုတာ
ဒီကပ်ဘေးမှာ မင်းတွက် စီစဉ်ပေးလို့ လက်ခံလွယ်မဲ့အနေအထား
မင်းရဲ့ အရင်လို တမြို့လုံးသွားနေတဲ့ ဟုမ်းစတေးနဲ့ မဖြစ်ဘူး
မင်းကို ဘယ်လို လက်ဆေးခိုင်းရမှာလည်း
မင်းကို ဘယ်လို မက်ခ်တပ်ပေးရမှာလည်း
အမှိုက်ပုံးတွေမှာ စာကပ်ထားရမှာလား
''ကျော်ဆန်းဝင်း မလာရ'' လို့
နဝမတန်းထိသင်ခဲ့တဲ့ ပညာ 
မင်းကိုဘာမှမကူညီနိုင်မှန်းလည်း ငါသိပါတယ်။

မင်းနေထိုင်တဲ့မြို့ကလေးထဲ
အစိုးရသုံးဆက်ပြောင်းခဲ့
စနစ်သုံးမျိုး
ခေတ်သုံးခေတ်
မင်းဖြတ်သန်းသွားတယ်လို့ဆိုမလား
မင်းကို ဖြတ်သန်းသွားတယ် ပြောရမလား
ဘာဖြစ်ဖြစ် 
မင်းဟာ စနစ်ရှောင်လမ်း ခေတ်ရှောင်လမ်း
မင်းကတော့ မြို့လယ်ခေါင်ကြီးထဲမှာ 
တလူလူ တလွင့်လွင့် နေ့တိုင်း ခေတ်တိုင်း စနစ်တိုင်း
မင်းကမင်းအတိုင်း 
မင်းအတွက် ဘယ်ဆီမှာ တာဝန်သိတွေ တာဝန်ရှိတွေ
မင်းကိုယ်တိုင်ကြ ဘယ်သူအပေါ်မှ တာဝန်တွေမဖြစ်စေခဲ့ဘူး
အပြုအမူအရာအစစ ကရုဏာမှလွဲပြီး ဘာတာဝန်မှ မဖြစ်စေခဲ့ဘူး
တကယ်တော့လည်း 
ဘယ် ကရုဏာ မှ မင်းဘဝကို မပြောင်းလည်းပေးနိုင်ခဲ့တာ 
ခုထိ မသိမှုနယ်ပယ်ကြီးပိုင်ဆိုင်ထားတဲ့ 
လူငယ်တစ်ယောက်ဟာ သူ့အမေလိုပဲ
 မြို့ထဲမှာ လျှောက်သွားနေတုန်း...။

တို့တတွေလည်း မြို့လေးရဲ့အဝေးရပ်မှာ
ကိုယ်စီကိုယ်ငှ ဘဝအထွေထွေမှာ
ရုန်းကန်ရှင်သန်ရင်းပါပဲ
ဒီနှစ် ကိုဗစ်နွေဦးမှာတော့ ပြန်မလာဖြစ်တော့ဘူးပေါ့။

ဒီတနွေမှာ မင်းနေတဲ့မြို့က ခွင့်ပြုထားလား
မင်း အရင်လို နေတာတွေကို အရင်အတိုင်းပဲ
တစ်မြို့လုံးက ကြည့်နေကြတုန်းလား
ဒီတနွေမှာ မင်းအရင်လိုနေလို့ မဖြစ်ဘူး
ငါ မင်းကို စိတ်ပူတယ် ကျော်ဆန်းဝင်း။

မင်းမဖတ်တဲ့ ဒီကဗျာကို 
ငါလက်ဆေးပြီး ရေးလိုက်တယ် သူငယ်ချင်း။

28Apr2020, TUE, 4:50PM