Breaking News

သားကြီးမောင်ဇေယျ - ပြည်သူ သို့မဟုတ် အစက်အပြောက်ကလေးများ



သားကြီးမောင်ဇေယျ - ပြည်သူ သို့မဟုတ် အစက်အပြောက်ကလေးများ

(မိုးမခ)ဧပြီ ၂၉၊ ၂၀၂၀

အိမ်ထဲမှာနေကြပါဆိုတဲ့ သတိပေးချက်ဟာ ကျွန်တော့်အတွက်တော့ အိမ်တွင်းအောင်းပြီး ပန်းချီရေးဖို့၊ စာရေးဖို့အခွင့်အရေးပေါ့။

စိတ်ချ လက်ချ ပန်းချီရေးတာတော့ မဟုတ်ပါဘူး။ ပန်းချီရေးရင်း ၊ စာရေးရင်း နဲ့ ကိုဗစ်-၁၉ သတင်းတွေကိုလည်း နားစွင့်ထားရပါသေးတယ်။ ဘယ်အချိန်များ ကိုဗစ် – ၁၉ က အိမ်တံခါး လာခေါက်မလဲ ဆိုတာ တထိတ်ထိတ် နဲ့ပါ။

ကိုဗစ် – ၁၉ ကပ်ရောဂါ ကို တဦးချင်း ကာကွယ်တာဟာ လူ့အဖွဲ့အစည်း တခုလုံးကို ကာကွယ်ရာ ရောက်တယ်ဆိုတဲ့ ဟောပြော ပညာ ပေးတာတွေကိုလည်း ရုပ်မြင်သံကြားနဲ့ လူမှုကွန်ယက် (face book)တဆင့် ကြားမိပါတယ်။

တစ်ယောက်ချင်း ဂရုစိုက် တာဟာ လူ့အဖွဲ့အစည်းကြီး တခုလုံးကို ဂရုစိုက်တာပဲလို့ လူတွေ နားလည် စ ပြု

နေတာ သိရတော့ ပန်းချီရေးနည်း တခုဖြစ်တဲ့ အစက်အပြောက် ပန်းချီရေးနည်း(Pointillism) ကို သတိရမိပါတယ်။

ဒီပန်းချီရေးနည်းဟာ ရောင်စုံအစက်အပြောက်ကလေးတွေနဲ့ ပုံဖေါ်ရေးသားတဲ့ ပန်းချီရေးနည်းတခုလည်းဖြစ်ပါတယ်။ စိတ်ခံစားမှုဝါဒ (Impressionism) ရဲ့ ဝါဒခွဲတခုဖြစ်တဲ့ ဒီရေးနည်းကို ၁၈၈၆ ခုနှစ်မှာ Georges Seurat နဲ့ Paul Signac တို့က ဖွံဖြိုးတိုးတက်အောင် ဖန်တည်းခဲ့တာပါ။

အစက်အပြောက်ပန်းချီရေးနည်းဟာ ပန်းချီရေးနည်းသက်သက်သာ မဟုတ်ပါဘူး။ အလွန်နက်ရှိုင်းတဲ့ အတွေးအမြင်တွေ ပေါ်မှာ အခြေခံထားတဲ့ ရေးနည်းကလေးပါ။

ဒီ ရေးနည်းကလေးကို လွန်ခဲ့တဲ့ နှစ် ငါးဆယ်လောက်က ကျောက်မြောင်းရှိ ဗဂျီ အောင်စိုး အိမ်ကလေးမှာ စတင် သိကျွမ်းခွင့်ရခဲ့တာပါ။

အဲဒီ ပန်းချီအိမ်ကလေးမှာ လူငယ်ပန်းချီဆရာတွေ မကြာခဏ ဆုံတွေ့ကြသလို အနုပညာ သဘောတရားတွေကို ပြောပြလေ့ရှိတဲ့ ဆရာကြီး ဓမ္မိက ဦးဘသန်း လာလေ့ရှိပါတယ်။

ဦးလေး ဗဂျီအောင်စိုးက ဆရာကြီးကို ပန်းချီပညာဘောတရားတွေကို ပြောပြဖို့ မကြာခဏ တောင်းဆိုလေ့

ရှိပါတယ်။ ကျွန်တော်တို့က အထက်တန်းကျောင်းသားကလေးတွေသာ ဖြစ်လို့ ဆရာကြီးတွေ ပြောသမျှ ဘေးနား ကနေ နားထောင်ခဲ့ရပါတယ်။ အချို့ အချို့ စကားတွေကို နားလည်သလိုလို ရှိပေမယ့် အချို့ကိုတော့ လုံး၀ နားမလည်ခဲ့ပါဘူး။ နားလည်သလိုလို ရှိတဲ့ အကြောင်းအရာတွေထဲမှာ အစက်အပြောက်ဝါဒ ပန်းချီ သဘောတရားလေး ကိုတော့ ကျွန်တော် စိတ်ထဲစွဲနေမိပါတယ်။

စင်္ကြဝဋ္ဌာကြီးထဲမှာ ကမ္ဘာကြီးဟာ အစက်အပြောက် ကလေးဖြစ်သလို၊ မြန်မာနိုင်ငံဟာလည်း ကမ္ဘာကြီး ပေါ်မှာ အစက်အပြောက်ကလေးသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ငါတို့ အားလုံးဟာလည်း အစက်အပြောက်လေးတွေသာဖြစ်တယ် ။ စင်္ကြဝဋ္ဌာမှာရှိတဲ့ အရာဝထ္ထုတွေ အားလုံးဟာလည်း အမှုံအစက်လေးတွေသာဖြစ်တယ်။ အရာရာဟာ အမှုံအစက်ကလေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ် ဆိုတဲ့ အယူအဆပါ။

အဲဒီ အယူအဆကလေးကြောင့် မိမိဟာ ဘယ်လောက်သေးငယ်သလဲ ဆိုတဲ့ အသိတရား ရရှိခဲ့ပါတယ်။

အဲဒီအရွယ်တုန်းက အဲဒီ အသိကလေးရခဲ့တာဟာ ကျွန်တော့အတွက် အလွန်တောက်ပတဲ့ အလင်းတခုကို တွေ့လိုက်ရသလိုပါပဲ။ ငါလုပ်ရင် ဘာမဆိုဖြစ်ရမယ်၊ ငါဟာ သူများတွေထက်ပိုသိနေတယ်။ ငါဟာ တနေ့ ကမ္ဘာကျော်ပန်းချီဆရာကြီးဖြစ်ရမယ်။ အခု ငါထက်တော်တဲ့ ကမ္ဘာကျော် ပန်းချီဆရာတွေဟာ ငါ့လောက်မတော်ကြဘူးလို့ ထင်နေတဲ့ အရွယ်ပါ။ အလင်းအမှောင်အကြောင်း၊ အနီးအဝေးအကြောင်း၊ အရောင်အကြောင်း ၊ ကြွက်သားတည်ဆောက်ပုံတွေ အကြောင်း အခြေခံလောက်ကို သာ သိသလိုလိုရှိတဲ့ အရွယ်ပါ။ ဒါတောင် ဆရာတွေကို ပြောပြလို့ ၊ စာအုပ်တွေမှာဖတ် လို့ သိရတာပါ။ တကယ်တော့ ကိုယ်က မျဉ်းတကြောင်းတောင်ဖြောင့်အောင်မရေးတတ်သေးပါဘူး။ တနည်းပြောရရင် အသားလွတ် ဘဝင်မြင့်ပြီး အခြားသူတွေကို အထင်သေးမိတဲ့ အရွယ်ပါ။

အစက်အပြောက်ဝါဒကလေးကို ကြားမိတဲ့ အချိန်က စပြီး မိမိ ဘယ်လောက်သေးငယ်တယ် ဆိုတာ စဉ်းစားမိပါတယ်။ ငါဆိုတဲ့ မာန်မာနတွေ ဟာ ကျွန်တော့်အတွေးတွေ ထဲ ဝင်ရောက်လာတာ နည်းလာပါတယ်။ အဲဒီလို အတွေးဆိုးတွေ ဝင်ရောက်လာရင်လည်း ကိုယ် ကို ကိုယ် သတိထားမိလာပါတယ်။

အဲဒီ ခံစားချက်တွေနဲ့ တပြိုင်ထဲ သတိပြုမိတာက အမှုံ အစက်လေးတွေရဲ့ အားကောင်းမှုနဲ့ သေးဖွဲတဲ့ လုပ်ရပ်ကလေးတွေရဲ့ အကျိုးသက်ရောက်မှု တွေပါ။

အမှုံအစက်ကလေးတွေဟာ တမှုံချင်း တစက်ချင်း မှာ ဘာမှ အင်အားမရှိသလို ဖြစ်နေပေမယ့် တစက်ချင်း တမှုံချင်း စုစည်းလိုက်တဲ့ အခါ ကြီးမားတဲ့ အင်အားတခုဖြစ်တာကို သတိပြုမိပါတယ်။ အဲဒါကြောင့် အင်အားမရှိဘူးလို့ ထင်ရတဲ့ လူတစ်ယောက်ချင်းကို အလေးမပြု ဂရုမစိုက် တဲ့ လုပ်ရပ်မျိုးတွေကိုရှောင်ရင်း တခုချင်း တမှုံချင်း တစက်ချင်း တစ်ယောက်ချင်း လုပ်ရပ်တခုချင်း အပေါ် အလေးထား မိတဲ့ အလေ့အကျင့်ကလေးရလာပါတယ်။

နောက်တချက်က ဘယ်အရာမှ သီးခြားမတည်ရှိပဲ တခုနဲ့ တခု ဆက်စပ် ရိုက်ခတ် နေတယ် ဆိုတဲ့ အတွေးပါ။

ကျွန်တော်တို့ မြင်နေတဲ့ အစိမ်းရောင်ကို အသေးစိတ် ချဲ့ ကြည့်တဲ့ အခါ အဝါနဲ့ အပြာရောင်အစက်ကလေးတွေ ပူးကပ်နေတာကိုတွေ့ရမှာပါ။ အဲဒီလိုပါပဲ လိမ္မော်ရောင်ကို အသေးစိတ် ချဲ့ကြည့်ရင် အဝါနဲ့ အနီရောင် ပူးကပ်နေတာပဲတွေ့ုရမှာပါ။ ကျွန်တော်တို့ မြင်နေရတာ တွေဟာ မူလအရောင်တွေ မဟုတ်ပဲ ဆက်စပ် ရိုက်ခတ်မှုတွေ ကိုမြင်နေရတာပါ။ ကျွန်တော်တို့ အမြင်တွေ ဆုံးဖြတ်ချက်တွေကလည်း ဆက်စပ် ရိုက်ခတ် ထားတာ ခံနေရတဲ့ အတွေးစ တွေပေါ်မှာ အခြေခံထားတာ များတယ် ဆိုတာ သတိပြုမိလာပါတယ်။ အဲဒီလိုသတိပြုမိတဲ့ အတွက် တဖက်သတ် ဆုံဖြတ်ချက်တွေ၊ အစွန်းထွက် လုပ်ရပ်တွေ နည်း လာပါတယ်။

အစက်ပြောက်ကလေးတွေချပြီး ပန်းချီရေးသလိုပဲ အလုပ်တခု လုပ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ လေ့လာ ၊ အလုပ်တခုချင်း ကို အသေးစိတ် တဆင့်ပြီးတဆင့် လုပ်တဲ့ အလေ့အကျင့် လည်း ရလာပါတယ်။

အခုလို ကိုဗစ် – ၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် အိမ်တွင်းအောင်း နေရတဲ့ အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျန်းမာရေးဝန်ထမ်းတွေ သာမက မိတ်ဆွေတွေ၊ ရဲဘော်တွေ တစ်ဦးချင်းဆီက သတိပေးစာတွေ အဆက်မပြတ် ရောက်လာ တွေ့ရပါတယ်။ တစ်ဦးချင်းစီရဲ့ စေတနာထားနဲ့ လုပ်ရပ်တွေကို လေးစားမိပါတယ်။

တစ်ဦးချင်းစီရဲ့အင်အား ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ စုစည်းမိကြပြီလို့ ယုံကြည်လာပါတယ်။

ဒီကပ်ရောဂါ ဆိုးကြီးကို ရင်ဆိုင်ပြီးရင်တော့ ကျွန်တော်တို့ တဦးချင်းစီရဲ့ အင်အားတွေကို စုစည်းပြီး လှပတဲ့ အနာဂတ်နိုင်ငံတော် ပန်းချီကားလေး တချပ် ကို ရေးဖွဲ့ရပါဦးမယ်။ အားမွေးထားကြမယ်။

ပြည်သူဆိုတာ အစက်အပြောက်ကလေးတွေပါ။

နိုင်ငံတခုလုံးကို လှပ တဲ့ ပန်းချီကားတချပ် ဖြစ်အောင်ရေးဖွဲ့မယ့် အစက်အပြောက်ကလေးတွေပါ။

သားကြီးမောင်ဇေယျ (၂၈-၀၃-၂၀၂၀)