Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၆

auckland-national-library,httpswww.tripadvisor.co.nz

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၆

ခင်လေး (Aotearoa)

(မိုးမခ) မေ ၂၅၊ ၂၀၂၀

ဧကဒဿမနေ့ ၊ သတိပေးချက် အဆင့် ၂

နယူးဇီလန်မှာ သတိပေးချက် အဆင့် ၂ ကို ချထားတာ ၁၁ ရက်ရှိသွားပါပြီ။ ရောဂါပိုးတွေ့တဲ့သူတွေလဲ မရှိသလောက် နည်းသွားပါပြီ။ contact tracing app လဲ ထွက်ပါပြီ။ အလုပ်သမားတွေ အလုပ်ပြန်သွားကြသလို ကျောင်းသား တွေ အကုန်နီးပါး ကျောင်းပြန်တက်နေကြပါပြီ။ စားသောက်ဆိုင်တွေ ပန်းခြံတွေ ပြတိုက်တွေလဲ ပြန်ဖွင့်ပါပြီ။ ဘားတွေလဲ သောကြာနေ့က ပြန်ဖွင့်ပါတယ်။ ခုချိန်ထိတော့ ၁၀ ယောက် တစ်စုပဲ အတူသွားလို့ ရပါသေးတယ်။ ၁၀ ယောက်တစ်ဝိုင်း ကြိုတင်စာရင်းပေးပြီး သူငယ်ချင်း မိတ်ဆွေတွေ စားသောက် ဆိုင်တွေ ဘားတွေမှာ ဆုံလို့ရပါပြီ။ ဟင်းချက်စရာတွေ အချောက်အချမ်းတွေ မရှိမဖြစ် လူသုံးကုန်တွေ ရောင်းတဲ့ ဆိုင်တွေမှာ တန်းစီပြီး ဝင်စရာမလိုတော့ပါဘူး။

ကျောင်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ၁ မီတာ အကွာမှာ နေရမယ်လို့ ညွှန်ကြားထားပါတယ်။ မသိတဲ့သူစိမ်းတွေအတွက်ကျတော့ ၂ မီတာတဲ့။ ကိုယ်သောကြာနေ့က ဟင်းချက်စရာ ဝယ်ဖို့ ဈေးသွားတော့ ပုံမှန်ပါပဲ။ လူသိပ်မကျပ်တော့ ဈေးဝယ်တဲ့သူအချင်းချင်း အနည်းဆုံး ၁ မီတာအကွာမှာ နေလို့ရပါတယ်။ ဒါနဲ့အခြေ အနေကောင်းတယ်ဆိုပြီး စာတိုက်ကို ပါဆယ်တစ်ခုပို့ဖို့ ချီတက်သွားလိုက်ပါတယ်။ အနားမှာ စာကြည့်တိုက်လဲရှိတော့ ဖွင့်ပြီထင်ပြီး ကိုယ့်ဆီမှာ ၂ လလောက်သောင်တင်နေတဲ့ စာအုပ်လေးတွေပါ ပြန်အပ်ရအောင် ယူသွားလိုက်ပါတယ်။ စာကြည့်တိုက်က မဖွင့်သေးပါဘူး။

ဒီက စာကြည့်တိုက်တွေမှာ စာအုပ်ပြန်အပ်ချင်ရင် စာကြည့်တိုက်ထဲဝင်စရာမလိုပဲ အပြင်ကနေ စာအုပ်အိတ်ထဲ ထည့်လို့ရအောင် လုပ်ပေးထားတဲ့ အပေါက်ကလေးတွေရှိပါတယ်။ အပေါက်ထဲက စာအုပ်ထည့်လိုက်ရင် ဆက်ထားတဲ့ သံမြောင်းလေးအတိုင်းဆင်းသွားပြီး ခံထားတဲ့ အိပ်ကြီးထဲကို ရောက်သွားပါတယ်။ စာကြည့်တိုက် ဝန်ထမ်းတွေက အဲဒီအိတ်ထဲက စာအုပ်တွေကိုယူပြီး လိုအပ်တာတွေ ဆက်လုပ်ရပါတယ်။ အထဲမှာ ဖယ်ပေးမယ့်ဝန်ထမ်းတွေမရှိတဲ့ အတွက် စာကြည့်တိုက်မဖွင့်မချင်း စာအုပ်တွေ ပြန်မအပ်ကြဖို့ အားလုံးကို အီးမေလ်ပို့ထားပါတယ်။  စာကြည့်တိုက်ရှေ့မှာလဲ စာကပ်ထားပါတယ်။ ကိုယ်အဲဒီ ပြန်အပ်ပေါက်နားက ဖြတ်လျှောက်လာတာ အပေါက်ထဲမှာ စာအုပ်တွေနဲ့ ပြည့်ကျပ်နေပါတယ်။ လူတွေ အီးမေလ် မစစ်ကြဘူး၊ စာမဖတ်ကြဘူးထင်ပါ့။
ဒါနဲ့စာတိုက်ဆီ ဆက်လျောက်သွားလိုက်တယ်။  လူ ၃ ယောက်တန်းစီနေတယ်။ ဣနြေ္ဒရရပါပဲ။ ဒါနဲ့ကိုယ်လဲ နောက်က စီလိုက်တယ်။ တစ်ယောက်ထွက် တစ်ယောက်ဝင် စနစ်။ ၂ ယောက်လောက်အထိ ဟုတ်နေသေးတာ။ ခဏလဲနေရာ လူကြီးတစ်ယောက်က ဆောရီး၊ ကောင်တာမှာ ပစ္စည်းမေ့ကျန်ခဲ့လို့ဆိုပြီး အတင်းတိုးဝင်သွားတယ်။ ၁ မီတာ ၂ မီတာတွေ အကုန်မေ့ပြီး လူချင်းမထိအောင် မနည်းရှောင်လိုက်ရတယ်။ စိတ်ထဲမှာတော့ မသိုးမသန့်ပေါ့။ ကိုယ်ဝင်ခါနီးလဲကျရော ကောင်မလေးတစ်ယောက်ကိုယ့်ရှေ့က အတင်းတိုးဝင်ပြီး ဆောရီးအထဲမှာဆို တိုးလိုးတန်းလန်းပြောပြီး လက်ညှိုထိုးပြီး ဝင်သွားရော။

ကိုယ်စဉ်းစားကြည့်လိုက်တယ်။ အပြင်မှာတောင် ဒီလောက်သရုပ်ပျက်နေရင် အထဲမှာ မတွေးဝံ့စရာ။ နောက်မှပဲ ပို့တော့မယ်လို့ ဆုံးဖြတ်ပြီး ကိုယ်ပြန်လှည့်လာခဲ့ပါတယ်။ ကိုယ်တစ်ခုခုဖြစ်တာထက် ကိုယ့်နားက သူတွေ တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ကုန်မှာ စိုးလို့ပါ။ စာတိုက်မှာတောင် ဒီလိုဖြစ်နေရင် အရက်ဝယ်သောက်လို့ရတဲ့ ဘားတွေမှာ ............

ခုချိန်မှာ မီဒီယာတွေမှာ အစိုးရက ပေးထားတဲ့ ညွှန်ကြားချက်က ဘယ်အချိန်မှာ ဘယ်ကိုသွားပြီး ဘယ်သူနဲ့တွေ့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းထားဖို့ပါ။ ၂ ပတ်ပြည့်တော့မှ အပြောင်းအလဲရှိမရှိ နောက်အဆင့်ကို ပြောင်းမပြောင်း ကြေညာမယ်လို့ ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့ပေါ့။ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းရ မှာပါပဲ။

ခင်လေး (Aotearoa)
9:25 p.m. 24.05.2020 Sunday