Breaking News

လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် အမှတ် (၁၀)




လှကျော်ဇော - လူထုကျန်းမာရေးစနစ်သစ် အမှတ် (၁၀)

ကူးစက်ရောဂါများနဲ့ တိုက်ပွဲများ

(မိုးမခ) မေ ၂၅၊ ၂၀၂၀

၁၉၆၀ ပြည့်နှစ်များ (မ.ဆ.လ ခေတ်) က ရန်ကုန်မှာ ကြည့်ခဲ့ရတဲ့ မင်းသားကြီး ချားလ်စ်တန်ဟက်စ်တန်ရဲ့ ‘ဘင်ဟာ’ ကားထဲက အခန်းတခန်းကို အမြဲသတိရနေမိပါတယ်။

ဂျူး မှူးမတ်မျိုးလည်းဖြစ်၊ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တဦးလည်းဖြစ်တဲ့ ဘင်ဟာ ဟာ ရောမလူမျိုးတွေရဲ့ အုပ်စိုးမှုကို မခံနိုင်၊ ဆန့်ကျင်လာတဲ့အခါ (အခုခေတ်စကားနဲ့ပြောရရင်) နိုင်ငံရေးအကျဉ်းသမား ဖြစ်သွားရုံမက ရဲဘက်စခန်းပါ အပို့ခံလိုက်ရပါတယ်။ ကျန်ရစ်တဲ့ မိခင်ကြီးနဲ့ နှမလေးဟာလည်း ပထမတော့ ထောင်တန်းကျ၊ နောက် အနာကြီးရောဂါရလာတော့ အနာကြီးရောဂါသည်တွေကို သီးခြားထားတဲ့ တောင်စောင်းတွေဆီ အပို့ခံလိုက်ရပါတယ်။

ဘင်ဟာ လွတ်လာတော့ သူ့မိသားစု သေကုန်ပြီလို့ သိထားတာပါ။ ဒါပေမဲ့ တနေ့မှာတော့ ဘင်ဟာဟာ အနာကြီးရောဂါသည်ရွာကို လိုက်လာပြီး ရောဂါတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရှာတဲ့ သူ့မိသားစုဝင်များကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီအခန်းကို ဆိုလိုတာပါ။

ဟုတ်ပါတယ်။ အနာကြီးရောဂါသည်များဟာ သေနှုန်းမမြင့် ကူးစက်မှုနှုန်း မမြင့်ပေမယ့် ရေရှည် ရောဂါသည်များမှာ ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းစေတဲ့ အမှတ်လက္ခဏာတွေ ကျန်ခဲ့ရှာပါတယ်။

လူတောမတိုး ဖြစ်ရရှာပါတယ်။

အရင်တပတ်က ကြည့်လိုက်ရတဲ့ မလေးရှားက သတင်းကားတခုမှာလည်း အဲသလို အနာကြီးရောဂါသည်တွေကို သီးခြားရွာတည် ထားရှိပြီးကုသပေးခဲ့တဲ့ ‘မျှော်လင့်ချက်တောင်ကြား’ လို့ အမည်ရှိတဲ့ ရွာလေးအကြောင်း ကြည့်လိုက်ရပါတယ်။

၁၉၃၀ ပြည့်နှစ်က်ပြီး အင်္ဂလိပ်ဆရာဝန်တယောက်က ဦးစီးပြီး ဖွင့်လှစ်ခဲ့တဲ့ ရွာလေးပါ။ မလေးရှား တနိုင်ငံလုံးရှိ အနာကြီးရောဂါသည်တွေကို စုစည်းထားပြီး ကုသပေးခဲ့တာပါ။ အများဆုံး လူနာ ၃၀၀၀ ကျော် ရှိခဲ့ဖူးပါတယ်။ ရောဂါများက ပျောက်သွားပြီး မကူးစက်နိုင်တော့ပေမယ့် အများစု ရောဂါသည်များမှာတော့ ကိုယ်ခန္ဓာ ချို့ယွင်းမှုများ ရှိကျန်ခဲ့ပါတယ်။ အခုထိ လူနာဟောင်းပေါင်း ၁၃၀ ကျော်ရှိပြီး အများစုဟာ အသက် ၆၀ ကျော် ၇၀ နီးပါးသမားများ ဖြစ်ပါတယ်။

တကယ်တော့ ကူးစက်ရောဂါများကို တိုက်ခိုက်ရတယ်ဆိုတာဟာ လူသားသမိုင်း စတင်ကတည်းက တိုက်ပွဲဆင်လာခဲ့ရတဲ့ စစ်ပွဲများပါ။

သိပွံပညာတွေ တိုးတက်လာတဲ့အခါ ဒီကူးစက်ရောဂါပိုးများရဲ့ ဘဝဖြစ်စဉ်များကို လေ့လာနိုင်တာ၊ အဲဒီပိုးမွှားတွေကို သတ်ဖြတ်နိုင်တဲ့ဆေးတွေ ပေါ်ပေါက်လာတာ၊ ကာကွယ်နိုင်တဲ့ နည်းနာတွေ၊ ဆေးဝါးတွေ ပေါ်ပေါက်လာတာ စတာတွေကြောင့် ကူးစက်ရောဂါ အတော်များများကို ထိန်းချုပ်နိုင်ရုံမက တချို့ရောဂါများ ဆိုရင်(ဥပမာ- ကျောက်ကြီးရောဂါ) ကမ္ဘာပေါ်မှာ ကင်းစင်သွားပါပြီ။

ထို့အတူ ကာကွယ်ဆေးအမျိုးမျိုးကို စနစ်တကျ ကလေးအရွယ်အမျိုးမျိုးမှာ ထိုးပေး၊ တိုက်ကျွေးပေးတာတွေကြောင့် ကူးစက်ရောဂါအမျိုးပေါင်း ၂၀ ကျော်ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

ဘီလ်နဲ့မာလင်ဒါ ဂိတ်ဖောင်ဒေးရှင်းရဲ့ အလှူငွေနဲ့ ကာကွယ်ဆေးများကို အခမဲ့ ထိုးပေးနိုင်တာပါ။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ၅ နှစ်အောက် ကလေးသေနှုန်း အများကြီး လျော့ကျသွားခဲ့ပါတယ်။ ဒီအတွက် လက်ဝါးကြီးအုပ် ဆေးဝါးကုမွဏီကြီးများနဲ့ တချို့ (ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်တဲ့) ရှေးရိုးစွဲဝါဒီများရဲ့ ရန်လို မုန်းထားမှုကို ဂိတ်တို့ဇနီးမောင်နှံ ခံရရှာပါတယ်။

အနာကြီးရောဂါ တိုက်ဖျက်ရေး ဆိုတဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီအစဉ်အောက်မှာ မြန်မာပြည်လို၊ အိန္ဒိယလို အနာကြီးရောဂါသည်အမြောက်အမြားရှိတဲ့ နိုင်ငံများမှာ အားသွန်ခွန်စိုက် လုပ်နိုင်ခဲ့ပြီး အတော်အောင်မြင်တာ တွေ့ရပါတယ်။

စာရေးဆရာမ စိန်စိန်ရဲ့ ‘ခရီးဝင်္ကမ္ဘာ’စာအုပ်ဟာ မြန်မာပြည်က အနာကြီးရောဂါသည်တွေရဲ့ဘဝကို လက်ရာမြောက်စွာ ရေးထားတာပါ။

၁၉၅၂ ခုနှစ် ဒက်ဖ်စုန်းဆေး (dapsone) ပေါ်လာပြီးကတည်းက အနာကြီးရောဂါဆိုတာ ရောဂါသည်ကို စောစောတွေ့ဖို့သာ အရေးကြီးပါတော့တယ်။ ဒီဆေးကို ရေရှည်စွဲစားရင် အမြစ်ပြတ်အောင် ကုသနိုင်ပြီဖြစ်လို့ ရေရှည်ရောဂါဖြစ်မှ ပေါ်လာနိုင်တဲ့ ကိုယ်ခန္ဓာချို့ယွင်းမှုများကိုလည်း တားဆီးလိုက်နိုင်ပါတယ်။ ရောဂါသည်နဲ့ ရေရှည်လက်ပွန်းတတီးနေမှ ဒီရောဂါ ကူးစက်နိုင်တာပါ။ ရောဂါသည် မိဘများက မွေးလာတဲ့ ကလေးများကို မိဘများနဲ့ ခွဲထားလိုက်ရင် ကလေးကို ရောဂါကူးစက်မှု မရှိနိုင်ပါဘူး။

ဆိုလိုချင်တာက ဒီလို ကြောက်မက်ဖွယ် ရောဂါဆိုးကြီးကို ကုသနိုင်၊ ကာကွယ်နိုင်ပြီလို့ ပြောချင်တာပါ။

ဒါ့ကြောင့် ကူးစက်ရောဂါဆိုတာ တဖြည်းဖြည်းနဲ့ သိပွံပညာတွေ တိုးတက်လာတာနဲ့အမျှ ကုသမှုတွေ ပြည့်စုံလာတာ၊ ကာကွယ်တားဆီးနိုင်မှုတွေ ပေါ်ပေါက်လာတာ စသဖြင့် သမိုင်းအဆင့်ဆင့်ရှိ သိပွံပညာရှင် များစွာရဲ့ စဉ်ဆက်မပြတ် ဇွဲလုံ့လကြီးစွာ အားထုတ်မှုနဲ့ သုတေသနပြုစု ဖြည့်စွက်ချက်များနဲ့ အောင်မြင်စွာ တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။

ကူးစက်ရောဂါပိုး အတော်များများကို အောင်မြင်အောင် တိုက်ခိုက်လာနိုင်ပေမယ့် အသစ် အသစ်သော ကူးစက်ရောဂါများကလည်း ပေါ်ထွက်လာနေပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများပါ။

သို့သော် ဘယ်လိုရောဂါပိုးမွှားများကိုမဆို ဖြစ်ခါစမှာသာ ကုသမှုများ၊ ကာကွယ်ရေးများမှာ စနစ်တကျမရှိ ဖြစ်တတ်ပေမယ့် ဆေးပညာသည် လူသားများရဲ့ တိုးတက်သိမြင်လာမှုတရားများကို သိပွံနည်းကျ ဆန်းစစ်ဝေဖန် ဖလှယ်မှုများနဲ့ ဆက်လက်သုတေသနပြုမှုများနဲ့ ဘက်စုံ ပြည့်စုံအောင် လုပ်နိုင်ခဲ့ကြပါတယ်။

အခုလည်း ဒီ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကြီးမှာ တကမ္ဘာလုံး စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းလုပ်ဆောင်ကြရင်ဖြင့် မကြာမီကာလအတွင်း ကုသမှုနည်းစနစ်များ တသမတ်တည်း ဖြစ်လာပြီး (လူသားတိုင်း လက်လှမ်းမီတဲ့) ကာကွယ်ကုသဆေးများ ပေါ်ပေါက်လာနိုင်မှာပါ။

အခုအချိန်ဟာ အချက်အချာအချိန်ပါ။ ဒီကပ်ရောဂါကို လူသားတရပ်လုံးရဲ့ ကျန်းမာရေးရှုထောင့်ကပဲ အလေးထား ကြည့်မြင်သင့်ပြီး နိုင်ငံရေးအရ အသုံးမချသင့်ပါဘူး။ လူသားတိုင်း ဒီရောဂါတိုက်ဖျက်ရေး တိုက်ပွဲကြီးမှာ တတ်နိုင်တဲ့နေရာက ပါဝင်ဖို့ လိုအပ်ပါတယ်။

လှကျော်ဇော

၂၂-၅-၂၀၂၀