Breaking News

အောင်မော်ဦး - " ပန်းချီဆရာ "

" ပန်းချီဆရာ "
အောင်မော်ဦး

မလှမပဘဝတွေအတွက်
လှလှပပ စိတ်ကူးဟာ
စုတ်တံဖျားက ကျလာတယ်။

လူပုံတွေလည်း သူ ဆွဲခဲ့ပြီးပြီ
တိုက်တာ အဆောက်အအုံ
ရေမြေတောတောင်
နောက်ခံကောင်းလှတဲ့
သဘာဝရှုခင်းတွေလည်း သူ ဆွဲခဲ့ပြီးပြီ။

နဂိုအဖြူမှာ
လောင်ကျွမ်းနေတဲ့ မီးလျှံတွေကို
အပြာနဲ့ပက်လို့ သူ ငြှိမ်းကြည့်နေတယ်။

ကင်းဗတ်ပေါ်အိုင်နေတဲ့ ဆေးတွေနဲ့
လမ်းမပေါ်အိုင်နေတဲ့ သွေးတွေကို 
သူ ရေးကြည့်နေတယ်။

လူ့အရပ်ထဲ ပေါက်ကွဲသွားတဲ့အမြောက်ဆံအတွက် 
ပန်းချီဆရာဟာ အရောင်ရွေးရခက်နေတယ်။

သူ ရေးနေတဲ့ကားဟာ
သူရေးချင်နေတဲ့ကားဆိုတာ သေချာသွားချိန်မှာပဲ
အလိုမတူမှုကို အလိုတူဖို့ ငြင်းဆန်ခဲ့တဲ့ လက်ဟာ
ကင်းဗတ်ပေါ် ဖြာကျသွားတယ်။

ရောက်ခဲ့ကြသူတွေရဲ့အဆိုအရ
ပြပွဲမှာချိတ်ဆွဲထားတဲ့ အဲဒီပန်းချီကားဟာ
ကြည့်နေသူတွေရဲ့ မျက်လုံးထဲ
ပေါက်ကွဲသံတွေကို ကြားနေရစေတယ်တဲ့။ ။

မေ၊ ၂၃၊ ၂၀၂၀။
(ဇနီးသည် ဒေါ်နက်အတွက် မွေးနေ့လက်ဆောင်)