Breaking News

ဇင်လင်း - နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် အသက်ဝင်ဖို့လိုသည်


ဇင်လင်း - နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် အသက်ဝင်ဖို့လိုသည်

(မိုးမခ) မေ၂၁၊ ၂၀၂၀


နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော မြန်မာ့ပြည်တွင်းစစ်သည် ယနေ့တိုင် မပြီးနိုင်ဘဲရှိနေသည်။ နိုင်ငံတစ်နိုင်ငံ၏ စိတ် ပိုင်းဆိုင်ရာ အဆင့်အတန်း နှင့် ယဉ်ကျေးမှု ဆိုင်ရာ အဆင့်အတန်း နိမ့်သလား၊ မြင့်သလားဆိုသည်ကို အကဲဖြတ်ရာ၌ စစ်ပွဲများ သို့မဟုတ် ရက်စက်ရိုင်းစိုင်းမှုများ ရှိ/မရှိဆိုသည့် အချက်ဖြင့် အကဲဖြတ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် အပြန် အလှန် တိုက်ခိုက်သတ်ဖြတ်နေခဲ့ကြသည်မှာ ရာစုနှစ် နှစ်ခုမျှပင် မကတော့ဟု ဆိုနိုင်သည်။ အင်းဝနှင့် ဟံသာဝတီတို့ စစ်ရေးဖက်ပြိုင်ခဲ့ကြသည့် ကာလများ၊ အလောင်းဘုရား ဦးအောင်ဇေယျခေတ် တတိယမြန်မာနိုင်ငံထူထောင်စဉ်က စစ်ပွဲများ၊ ထို့နောက် အင်္ဂလိမ်းမြန်မာစစ်ပွဲများ၊ ဒုတိယကမ္ဘာစစ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလ စစ်ပွဲများ၊ လွတ်လပ် ရေးရသည့် ၁၉၄၈ မှ ယခုအထိ ဖြစ်ပွားနေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဆိုင်ရာ စစ်ပွဲများ စသည်ဖြင့် မြန်မာ နိုင်ငံသည် အေးချမ်းလှသည်ဟူ၍ မရှိလှဘဲ သူတပြန်ကိုယ်တပြန် တိုက်နေခဲ့ကြသည်မှာ ယခုတိုင် ဖြစ်သည်။ စစ်ပွဲများ ဖြစ်ပေါ်လာသည်နှင့် ရက်စက်ရိုင်းစိုင်းသော လူ့အခွင့်အရေးချိုးဖေါက်သည့် ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်မှာ ဓမ္မတာ ဟု ဆိုရမည်။

ယခုလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ မြေစာပင်ဘဝရောက်နေကြရသည်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာဒေသများတွင် အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်ထားပြီးနောက်ပိုင်း တိုက်ပွဲဖြစ်စဉ်များ ပိုမိုဖြစ်ပွားခဲ့ သည်ဟု ဆိုသည်။ တိုက်ပွဲများကြောင့် ဆန့်ကျင်ဘက် နှစ်ဖွဲ့အကြား ပြည်သူလူထုခမြာ အမျိုးမျိုးစွပ်စွဲခံရသဖြင့် ကိုယ့် အိမ်ကိုယ့်ရွာ၌ မနေရဲကြတော့ဘဲ လက်နက်ကိုင်များနှင့် လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ သို့ဖြင့် ကျေးရွာ များရှိ လူမနေသည့် အိမ်များ မီးရှို့ခံရမှုများ တစ်နေ့ထက်တစ်နေ့ များလာသည်ဟု ဆိုသည်။ ယခု မေလ ၁၆ ရက် နေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး (၂၀ဝ) ခန့် မီးလောင်ပျက်စီးသွား ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက သတင်းမီဒီယာများသို့ ပြောခဲ့ကြသည်။

မေလ ၁၆ ရက်နေ့ နေ့လည်က တိမ်ညိုကျေးရွာဘက်မှ လာသည့် တပ်မတော်သား အင်အား ၅၀ ခန့် လက္ကာကျေးရွာ အတွင်း ဝင်ရောက်သွားပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး၊ ရွာတောင်ဘက်ခြမ်းမှ စတင်၍ မီး လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများက ပြောကြောင်း သိရသည်။ ကျေးရွာ မီးရှို့ခံရမှုကြောင့် နေအိမ် ၂၀ဝ ခန့်ပျက်စီးခဲ့ကြောင်း လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က ပြောသည်ဟု DMG သတင်းက ဆိုသည်။

“မီးလောင်တဲ့အထဲမှာ နေအိမ်တွေအပြင် အလယ်တန်းစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲက ဆွမ်းချက် ဆောင်ပါ ပါသွားတယ်။ နောက်ထပ် ဆရာ၊ဆရာမတွေနေတဲ့ အဆောင်သုံးဆောင်လည်း ပါသွားတယ်” ဟု လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က ပြောသည်။ ယင်းကျေးရွာတွင် အိမ်ခြေ ၃၀၂ ဆောင်ရှိပြီး မီးရှို့ခံရမှုကြောင့် နေအိမ် ၂၀ဝ ခန့်ပျက်စီး၍ လက်ရှိ နေအိမ် ၁၀ဝ ကျော်ခန့်သာကျန်ရှိတော့ကြောင်း လက္ကာကျေးရွာသားများက ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ COVID-19 ဖြစ်ပွားမှု အကျိုး ဆက်များနှင့်ပတ်သက်၍ ၂၀၂၀ မေ ၁၄ ရက်က ဗွီဒီယိုကွန်ဖရင့်တစ်ရပ် ကျင်းပခဲ့သည်ဟု အေအက်ဖ်ပီသတင်းက ဖေါ်ပြ သည်။ အစည်းအဝေးအတွင်း ကုလလုံခြုံရေးကောင်စီရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်တို့က မြန်မာနိုင်ငံ၌ လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရှုတ်ချပြောဆိုခဲ့သည်။ ထို့ပြင် နိုင်ငံတွင်း COVID-19 ဖြစ်ပွားမှု အကျိုးဆက်များအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်ဟု သံတမန် သတင်းရင်းမြစ်များကပြောဆိုခဲ့သည်။

ဗြိတိန်၏တောင်းဆိုမှုအရ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ တစ်ကမ္ဘာလုံးတွင် COVID-19 အကျပ်အတည်းဖြစ်ပွားနေချိန်၌ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန် လာခြင်းကြောင့် အရပ်သားများ အကြီးအကျယ် ထိခိုက်နစ်နာနေရသဖြင့် စိုးရိမ်မိသည်ဟု ဗြိတိန်က ပြောဆိုခဲ့သည်။ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ တိုးလာပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးပို့ ရေးကိစ္စအတွက် အခက်အခဲ အကန့်အသတ်များရှိ၍ အရပ်သားသေဆုံးမှုနှုန်း မြင့်မားလာခဲ့ ဗြိတိန်၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားကြောင်း သတင်းကဆိုသည်။ အခြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ အက်စ်တိုးနီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း အလား တူ စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ချက်ချင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

လတ်တလော ကမ္ဘာ့ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပျံနှံမှု တားဆီးနိုင်ရန် ကမ္ဘာနှင့်အဝှမ်း၌ အပြင်း အထန် ကြိုးပမ်းနေရချိန် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါဘေးကို ကျော်လွှားနိုင်ရန် ကြိုးစားအားထုတ် နေရသည်။ COVID-19 ကူးစက်ပျံနှံမှု အရှိန်မြင့်နေစဉ် မြန်မာနိုင်ငံသည် ပြည်တွင်းစစ် ပဋိပက္ခကြောင့် အရပ်သားများ အိုးခြေအိမ်ခြေမဲ့ဖြစ်ရမှု၊ တိုက်ပွဲကြားတွင် ထိခိုက်သေဆုံးကြရမှု စသည်ဖြင့် ဒုက္ခရောက်သူ အရေအတွက် များပြားလာနေ သည်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသနှင့် ချင်းပြည်နယ် ပလက်ဝဒေသများတွင် ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ စစ်ဘေး ရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံနေကြရခြင်းအတွက် စိုးရိမ်စရာ စိတ်မကောင်းစရာ ဖြစ်နေရသည်။ စစ်ရှောင်စခန်းများတွင် ဒုက္ခသည် အရေအတွက်များပြားလာနေပြီး၊ စားရေ ရိက္ခာနှင့် ဆေးဝါးမလုံမလောက် ဖြစ်နေသည်။

စစ်ပြိုင်တပ်ဖွဲ့များသည် အများပြည်သူ နေထိုင်ရာ မြို့ရွာ နယ်နိမိတ်များကို အသုံးချ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် နေကြသောကြောင့် မြေစာပင် အရပ်သူ အရပ်သား အများအပြား အကြောင်းမဲ့ သေဆုံးအနာတရ ဖြစ်နေကြရသည်။ အထူးသဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေဖြင့် အရပ်သားများအကြား ရောနှောနေထိုင်ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ပြည်သူအများအပြား စစ်ပွဲများကြောင့် အတိဒုက္ခ ကြီးစွာ ရောက်နေကြရသည်။ အခြားတစ်ဖက်တွင်လည်း အစိုးရနှင့် တပ်မတော်တို့အကြား ရခိုင်ဒေသနှင့် ပတ်သက်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ မူဝါဒ ရှင်းလင်းစွာ ချမှတ်ထားခြင်း မရှိသဖြင့် စစ်ပွဲနယ် ကျယ်လာကြောင်း တွေ့ရသည်။ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည် နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတို့တွင် အရပ်သား ၁၀ဝ ကျော် သေဆုံးခဲ့၍ ၄၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့် လေ့လာရေးအဖွဲ့များ၏ မှတ်တမ်းများက ဆိုသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ပါဝင်သော်လည်း ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် AA အဖွဲ့လှုပ်ရှားရာ ဒေသဖြစ်နေသည်။ ပလက်ဝ ပတ်ဝန်းကျင်ဒေသ တိုက်ပွဲများကြောင့် အစိုးရက အင်တာနက် ပိတ်ပင် ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရေး လမ်းကြောင်းလည်း ပြတ်တောက်နေသည်ဟု သတင်းများက ဆိုသည်။ ထို့ကြောင့် ပလက်ဝ ဒေသခံ ပြည်သူများ သတင်းမှောင်ကျနေရပြီး၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ပျံနှံမှုဆိုင်ရာ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ မရရှိကြဟု ဆိုသည်။ ယင်းသို့ ဖြစ်ပေါ်နေသော အခြေအနေကို အစိုးရနှင့် တပ်မတော်တို့သိရှိသင့်ပြီး၊ အပြည့်အဝတာဝန်ယူရန် လိုသည်။ ပြည်သူလူထုထံ ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြောင်း သတင်းအချက်အလက်များ ရောက်အောင် ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ဖြစ်သောကြောင့် အင်တာနက် ကွန်ရက် နှင့် တယ်လီဖုန်းလိုင်းများ အမြန်ပြန်ဖွင့်ပေးသင့်သည်။

စစ်ရေးပဋိပက္ခများ ပြေငြိမ်းစေရန် အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ရှင်သန်နိုင်မည့် နည်းလမ်းများကို ရှာကြံသင့်သည်။ နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် စစ်ရေးပဋိပက္ခ တာရှည်စေမည့် မူဝါဒမျိုးကို ရှောင်ကြဉ်သင့်သည်။ ၂၀၂၀ မတ်လ ၂၃ ရက်နေ့က AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရသတင်းစာများ၌ ကြေညာခဲ့သည်။ ‘အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့’ ၏ ကြေညာချက် နှင့် ‘ပြည်ထဲရေးဝန်ကြီးဌာန’ ၏ မတရားအသင်းအဖြစ် ထုတ်ပြန်ချက် များအရ AA ကို အကြမ်းဖက်အုပ်စု အဖြစ်သတ်မှတ်ခဲ့သည်။ ယင်းကြေညာချက်သည် အစိုးရ၏ နိုင်ငံရေးမူဝါဒ သို့မဟုတ် ငြိမ်းချမ်းရေးလမ်းစဉ်နှင့် သဟဇာတဖြစ်/မဖြစ် ပြန်လည်သုံးသပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်အား ပြည်မအစိုးရ အဆက်ဆက်က လျစ်လျူပြုခဲ့သည်မှာ ကြာပြီ။ ထို့ကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စသည်ဖြင့် ဘက်စုံနိမ့်ကျနေခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်၏ လူနေမှုဘဝ နိမ့်ကျနေခဲ့ရသည့် အခြေ အနေကို ယခု အစိုးရလက်ထက်ရောက်မှသာ ဖြည့်ဆည်းပေးရန် အစပျိုးနိုင်ခဲ့သည်။ အကြောင်းတိုက်ဆိုင်စွာ AA အဖွဲ့က ၂၀၁၈-၁၉ တွင် ပြည်နယ်အတွင်း အင်နှင့်အားနှင့် ဝင်ရောက်လာသည်။ တပ်မတော်နှင့် ထိပ်တိုက်တိုးသည်။ မြေစာပင်မှာ ရခိုင်ဒေသခံ ပြည်သူတို့ ဖြစ်လာသည်။

ရခိုင်အမျိုးသားပါတီ (ANP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုင်းရင်းသား အချင်းချင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နည်းလမ်းဖြင့် သွားစေချင်သော်လည်း ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်၊ မတရားအသင်းအဖြစ် ကြေညာလိုက်သဖြင့် ဆွေးနွေးပွဲလမ်းကြောင်း ပျောက်သွားနိုင်ကြောင်း ဒီဗွီဘီသတင်းသို့ ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၏ လက်ငင်းအခြေအနေသည် စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူလူထု ဒုက္ခ ရောက်နေရ သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းဖြင့်သာ ဖြေရှင်းရမည့်အချိန်ဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ‘အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့’ ၏ ထုတ်ပြန်ကြေညာချက်က စစ်မီးအရှိန်မြှင့်လိုက်သကဲ့သို့ ဖြစ်သောကြောင့် ရခိုင်ပြည်သူအများအတွက် စိုးရိမ်ကြောင့်ကြစရာဖြစ်လာကြောင်း ဦးဖေသန်းက ဝေဖန်ပြောဆိုခဲ့သည်။

မေလ ၉ ရက်နေ့စွဲပါ တပ်မတော်မှ ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြေညာချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အကျုံးမဝင်သောကြောင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ သဘောထားအမြင်နှင့် ကိုက်ညီမှု မရှိကြောင်း ပါတီ အတွင်းရေးမှူး၂ ခူးပလူးရယ်က ပြောကြားခဲ့သည်။ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်၊ ကာကွယ် နိုင်ရေးအတွက် မတရားအသင်း ကြေညာခံရသော အကြမ်းဖက်အဖွဲ့အစည်းများ၏ နေရာများအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ခူးပလူးရယ်က ပြောကြားသည်။

အကယ်၍ ရခိုင်စစ်ပွဲကိစ္စကို ယခုကဲ့သို့ အခြေအနေပေးခိုက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခြင်းမလုပ်နိုင်ပါက၊ ရေရှည်စစ် ဖြစ်သွားနိုင်သည်။ ပြည်တွင်းအင်အားစု အချင်ချင်း အပြုတ်တိုက်၍ မရနိုင်ကြောင်း သမိုင်းသက်သေလည်း ရှိပြီးဖြစ်သည်။ ရခိုင်ပြည်နယ်၌ ၂၀၁၉ ခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် အရပ်သူအရပ်သား များစွာ သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။ တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးကျူးလွန်မှုများအတွက် တပ်မတော်နှင့် AA တို့ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် အပြစ်ပုံချနေကြဆဲဖြစ်သည်။ ယင်းကဲ့သို့ ပြည်သူလူထု သေကျေအနာတရဖြစ်ရရုံမက၊ အိုးခြေအိ်မ်ခြေမဲ့ ဘဝဖြင့် မိုးရာသီ တွင် နေရေးစားရေးအလွန်ခက်ခဲသည့် ဒုက္ခများကို ခါးစည်းရင်ဆိုင်ကြရမည့်အရေးကို ဖြေရှင်းပေးရမည့်ကိစ္စမှာ အစိုးရ၏ တာဝန် ဖြစ်သည်။

နောက်ဆုံးကြားသိရသော မဇ္ဈိမသတင်းများအရ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်အဖွဲ့ AA တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပါစွန့်ခွာ ထွက်ပြေးနေရသည့် တိုက်ပွဲရှောင် ၂၀,ဝဝဝ ကျော်သည် စားနပ် ရိက္ခာပြတ်လပ်ကာ အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း ‘ချင်းတိုက်ပွဲရှောင် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ’ (RRCCI)က မေလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းစွန်းစွန်းရှိပြီး၊ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်ခံစားရနေသည့် နယ်မြေများတွင် နေထိုင်သူ လူဦးရေ ၆၀,ဝဝဝ ကျော်ရှိကာ၊ ယင်းတို့အနက် (တိုက်ပွဲရှောင် လူဦးရေ ၅,ဝဝဝ ကျော်အပါ အဝင်) လူဦးရေ ၂၀,ဝဝဝ ကျော်မှာ လတ်တလော စားနပ်ရိက္ခာပြတ်လပ်နေသည်ဟု ဖော်ပြထားသည်။ ချင်းပြည်နယ် အစိုးရအဖွဲ့စည်ပင်၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပလက်ဝသို့ပို့ရန် စီစဉ်ထားသော ဆန်အိတ် ၄,ဝဝဝ ကျော်ရှိသလို ချင်းပြည်နယ် ဆမီးမြို့၌ ဆန်အိတ် ၅,ဝဝဝ ကျော်ရှိသော်လည်း တိုက်ပွဲ များဖြစ်နေသည့်အတွက်ကြောင့် ရေလမ်းရော ကုန်လမ်းပါ ပို့ဆောင်မရဖြစ်နေသည်ဟု ဆိုသည်။
ယင်းကဲ့သို့ တိုက်ပွဲများ ကြောင့် အများပြည်သူ ဒုက္ခကြီးစွာ ရောက်နေရသည့် အခြေအနေကို တပ်တော်နှင့် AA တို့ အနေ ဖြင့် စာနာထောက်ထားမှု ပြသရန်သင့်ပေသည်။ လက်ရှိ ပလက်ဝမြို့ပေါ်တွင် တိုက်ပွဲရှောင် အိမ်ထောင်စု ၁,၁၃၂ စု၊ လူဦးရေ ၅,ဝ၉၀ ဦး (ကျား ၂,၃၃၇၊ မ ၂,၇၅၃) ရှိပြီး ဆမီးမြို့၌ အိမ်ထောင်စု ၆၉၈၊ လူဦးရေ ၂,၉၆၁ ဦး (ကျား ၁,၃၈၇၊ မ ၁,၅၇၄) ရှိကြောင်း RRCCI ၏ ထုတ်ချက်တွင် ဖော်ပြထားသည်။



တိုင်းရင်းသားအရေး လက်နက်ကိုင်အဖွဲ့အစည်းများ ဘက်က ကြည့်လျှင် မေလ ၉ ရက်နေ့စွဲပါ တပ်မတော်၏ ထုတ်ပြန် ချက်သည် All-inclusive သဘော၊ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့်မပြုသည့်သဘောဖြစ်နေသည်ဟု ယူဆနေကြသည်။ AA ပါဝင်ခွင့် မရှိဟု ဆိုလိုက်သဖြင့် အစိုးရ၏ COVID-19 ပူးပေါင်းဆောင်ရွက်ရေး အသက်ဝင်ရန်လည်း ဖြစ်နိုင်ခြေ နည်းသွားသည်သည်။ ယခုကဲ့သို့ အပြန်အလှန် သဘောထား တင်းမာနေကြပါက ရခိုင် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် Covid -19 ကာကွယ်ရေး ကိစ္စ ပူးပေါင်းဆောင်ရွက်ရေး အလားအလာ မကောင်းပေ။ အထူးသဖြင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် လှေနံဓါးထစ် သတ်မှတ်ထားပါက၊ ပြည်တွင်းစစ်ရပ်တန့်ရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာသည်လည်း လမ်းပျောက်သွား ဖွယ် ရှိနေသည်။ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် မူလချမှတ်ထားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး (NCA) သဘောတူညီချက်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် ဖေါ်ဆောင် နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသင့်သည်ဟု သုံးသပ်မိပါသည်။။။