Breaking News

ထက်သစ် - ဥပါဒ်စွဲနဲ့ ကပ်တတ်တဲ့ ကော်

KT#
ဥပါဒ်စွဲနဲ့ ကပ်တတ်တဲ့ ကော်
ထက်သစ်
(မိုးမခ) မေ ၁၀၊ ၂၀၂၀

အလျှားလိုက် ဖြန့်ခင်းထားတဲ့
လမ်းမပေါ် ငါ့စိတ်ကို ဆွဲတင်ပြီး မောင်းခဲ့တယ်
စိတ်တပြင်လုံး...
နီလိုက် ဝါလိုက် ပြာလိုက် စိမ်းလိုက် တွန့်လိုက် ရဲလိုက်
ကျယ်လိုက် ကျဥ်းလိုက်
ငါ့စိတ် ဘရိတ်ပေါက်မစိုးလို့
ခဏခဏ စိတ်ု တော့ တော့ပေးရတယ်
နားထဲတော့ အရေးပေါ်သံတွေချည်း မြည်သံစွဲနေပေါ့
ယီးလေးခိုလိုက်နေတဲ့ ကပ်ပါးလိုခန္ဓာကြီးကလည်း
ခွာမရ ပြုမရ
ဘဝကြီးတစ်ခုလုံးအကုသိုလ်
များလိုက်ပုံများ
နီးရာ ပက်လက်ထိုင်ခုံပေါ်
ကိုယ့်အတ္တဘောကြီး ဖွဲအိတ်လို ပုံချ
စိတ်မေ့ဆေးထိုးပြီး
ပစ္စုပ္ပန်ကို ခဏ ကားလိပ်ချကြည့်ချင်မိတယ်
ကိုဗစ် ကိုမုန်းမိသလိုမျိုး
ကပ်အားကောင်းတယ်ဆိုတဲ့
ကော်တွေကို ငါတစ်ကယ် မုန်းမိတော့မယ်
လမ်းမပေါ် တက်ကြည့်ပြီးမှ
လမ်းမတွေ ရှည်သလို
ဘဝတွေလဲ ရှည်စေချင်မိတယ်
တစ်ကယ် ဆို ငါ့စိတ်က ခုထိ
ဘရိတ်မပေါက်သေးဘူးဆိုတာ
ကျမ်းသစ္စာကျိန်ဆိုပြီးတော့များ ပြောပြချင်မိတယ်။ ။

ထက်သစ်
၈.၅.၂၀၂၀
၄ နာရီ ၅၃ မိနစ်
ညနေခင်း