Breaking News

နေသွင်ညိဏ်း - ဒုတိယလှိုင်း ဖြစ်တန်ခြေ သုံးမျိုး

ဒုတိယလှိုင်း ဖြစ်တန်ခြေ သုံးမျိုး
နေသွင်ညိဏ်း
(မိုးမခ) မေ ၁၀၊ ၂၀၂၀
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ကူးစက်ရောဂါသုတေသနနှင့် မူဝါဒ ရေရာ စင်တာ (CIDRAP) က သုတေသီတွေက ဒုတိယလှိုင်းနဲ့ပတ်သက်တဲ့ ဖြစ်တန်ခြေ သုံးမျိုးကို ခန့်မှန်းထားရာမှာ အခု ကြုံနေရတဲ့ ကိုဗစ် ၁၉ ကပ်ဘေးဟာ နောက်ထပ် တစ်နှစ်ခွဲကနေ နှစ်နှစ်အထိ ကြာနိုင်ပါတယ်။ ဒီကာလအတွင်းမှာ ရောဂါ ကူးစက်မှု လှိုင်းတွေရဲ့ ဖြစ်တန်ခြေ သုံးမျိုးကို ခန့်မှန်းထားပါတယ်။ အဓိကအားဖြင့် အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာရဲ့ မြောက်ပိုင်းကို အာရုံစိုက်ထားပေမယ့် တောင်ပိုင်းအခြမ်းအတွက်လည်း မကွာခြား နိုင်ဘူးလို့ ဆိုပါတယ်။

ဖြစ်တန်ခြေ ၁- ထပ်တလဲလဲ၊ ခပ်ကျဲကျဲ
ဒီလို ဖြစ်လာရင်တော့ အခု ဖြစ်နေတဲ့ ကူးစက်မှုဟာ ဥရောပရဲ့နွေရာသီ (ဇွန်လ) ကနေ ဟိုဘက်အထိ ဆက်လက် ဖြစ်ပွားနေလိမ့်မယ်။ ဒါပေမယ့် ကူးစက်မှုဟာ အခုလောက် မပြင်းထန်တော့၊ ကူးစက်ခံရသူ အခုလောက် မများနိုင်တော့ပါဘူး။ လှိုင်းက နိမ့်ချည် မြင့်ချည် တက်လိုက်ကျလိုက် ကာလရှည်ကြီး ဖြစ်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်အထိ ကြာပြီးမှ ငြိမ်သက်သွားမယ့် သဘော ဖြစ်ပါတယ်။ ခပ်ခွာခွာ နေခြင်းအပါအဝင် လူတွေရဲ့နေမှု ထိုင်မှု အပေါ်မူတည်ပြီး လှိုင်းရဲ့ အနိမ့်အမြင့်၊ ပြင်းထန်မှုဟာ တနိုင်ငံနဲ့ တနိုင်ငံ ကွာခြား နိုင်ပါတယ်။

ဖြစ်တန်ခြေ ၂ - ဒုတိယလှိုင်း ခပ်ရိုင်းရိုင်း

ဒါကတော့ ဖြစ်တန်ခြေ ၃ ခုထဲမှာ အဆိုးဆုံး၊ ဒုက္ခအပေးနိုင်ဆုံး သေနှုန်းအများဆုံးဖြစ်ပါတယ်။ ဇူလိုင်ကနေ ဇန်နဝါရီ (၂၀၂၁) အထိ ဖြစ်နိုင်ပါတယ်။ ခပ်ရိုင်းရိုင်း လှိုင်းကြီးကို ကြုံပြီးရင်တော့ အားပျော့တဲ့ လှိုင်းတွေကို ၂၀၂၁ ခုနှစ်ထဲမှာ ဆက်လက် ကြုံရနိုင်ပါတယ်။ ၁၉၁၈ စပိန် တုပ်ကွေးရဲ့ ပုံစံနဲ့ ၂၀၀၉ H1N1 တို့ ပုံစံကို ယူပါတယ်။ ကူးစက်မှုက ပထမ အကြိမ်ထက် ပိုများ၊ သေနှုန်းကလည်း ပိုမြင့်တဲ့အတွက် Lockdown လို စည်းကမ်းနဲ့ အမိန့်တွေတကျော့ပြန်လာဖွယ် ရှိပါတယ်။

ဖြစ်တန်ခြေ ၃ - နောက်ဆက်တွဲ လှိုင်းဂယက်
ဒီပုံစံကတော့ အသက်သာဆုံး ပုံစံ ဖြစ်ပါတယ်။ အခု ကြုံခဲ့ရတာဟာ အပြင်းထန် ဆုံးလှိုင်း ဖြစ်ပြီး နောက်လာမယ့် လှိုင်းတွေဟာ ပထမ လှိုင်းရဲ အရှိန်နဲ့ ဖြစ်ပေါ်တဲ့ လှိုင်းကလေးတွေ သာ ဖြစ်ပါတယ်။ ဒီပုံစံမျိုးကို အရင်က မမြင်ခဲ့ဖူးပေမယ့် ကိုဗစ် ၁၉ မှာတော့ ဖြစ်နိုင်ခြေ ရှိမလား၊ အကောင်းမြင် ခန့်မှန်းတာ ဖြစ်ပါတယ်။ ဒီပုံစံ ဖြစ်လာခဲ့ရင်တော့ ရောဂါကြောင့် လူသေဆုံးမှုတွေ ရှိနိုင်သေးပေမယ့် ပိတ်ဆို့ တားဆီးတဲ့ စည်းကမ်းချက်တွေ နောက်တပြန် ထုတ်ပြန်တဲ့အထိ မလိုအပ်တော့ဘူးလို့ ခန့်မှန်းရပါတယ်။
ဒီခန့်မှန်းချက်က ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ သိရသမျှ အချက်အလက်တွေနဲ့ အရင်က လူ့သမိုင်းမှာ ကြုံခဲ့ရတဲ့ စပိန် တုပ်ကွေး အပါအဝင် ရောဂါတွေရဲ့့ ကူးစက်မှုကို နှိုင်းယှဉ်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ဧကန် မုချ ဖြစ်ရမယ်လို့ ကံသေကံမ မပြောနိုင်ဘူးလို့ ပညာရှင်တွေက ကြိုတင် ဝန်ခံထားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဟာ ၁၉၁၈ စပိန်တုပ်ကွေးနဲ့ နှိုင်းယှဉ်စရာတွေ ရှိသလောက် ရှိနေတယ်လို့ ဆိုပါတယ်။ (စပိန် တုပ်ကွေးမှာလူပေါင်း သန်း ၅၀၀ လောက် ကူးစက်ခဲ့ပါတယ်) ဒီ ဗိုင်းရပ်စ် နှစ်မျိုးစလုံးမှာ ချောင်းဆိုး၊ နှာချေတာကနေ ကူးစက်တတ်တဲ့ ပုံစံချင်းတူသလို၊ ရောဂါလက္ခဏာမပြဘဲလည်း ရောဂါ ကူးစက်နေတာမျိုးလည်း ဆင်တူကြပါတယ်။ ဒီ ဖြစ်တန်ခြေ သုံးမျိုးဟာ ရောဂါ ကာကွယ်ဆေး ပေါ်လာရင်တော့ တစ်မျိုးပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေး ပေါ်ဖို့ကတော့ ၂၀၂၀ ထဲမှာ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းပါတယ်။

တုပ်ကွေးရာသီ
အမေရိကန် ပြည်ထောင်စုဟာ အခု ဆိုရင် ကမ္ဘာမှာ ရောဂါ ဒဏ်ကို အဆိုးဆုံး ခံရတဲ့ နိုင်ငံဖြစ်လာပါတယ်။ ဒါပေမယ့် ထိန်းချုပ်ရေးနှင့်ကာကွယ်ရေး စင်တာ (CDC) က ပိုဆိုးတဲ့ ဒုတိယ လှိုင်းကို ဧပြီလ မကုန်ခင်ကတည်းက သတိပေးထားပါတယ်။ သူတို့ခန့်မှန်းတာက အမေရိကန် ဆောင်းရာသီ (ဒီဇင်ဘာကနေ ဖေဖော်ဝါရီ အကုန်အထိ ) ကာလ ဖြစ်ပါတယ်။ ဒီအချိန်ဟာ အမေရိကန်ရဲ့ တုပ်ကွေး ရာသီ ဖြစ်နေလို့ပါပဲ။ သူတို့ စိုးရိမ်နေတာက လှိုင်းသုံးမျိုးထဲက အဆိုးဆုံး ဖြစ်တဲ့ ဒုတိယ ပုံစံ (ဖြစ်တန်ခြေ ၂) ဖြစ်ပါတယ်။
အားလုံး သိကြတဲ့ အတိုင်း မြန်မာပြည်ရဲ့တုပ်ကွေး ရာသီကတော့ မိုးကျတာနဲ့ စတင်တာ ဖြစ်လို့ ရက်သတ္တပတ် အနည်းငယ်ပဲ အချိန် ရှိပါတယ်။ ဒီ ကြားကာလမှာ ကိုဗစ် ၁၉ ပြဿနာကို ထိန်းထားနိုင်မှပဲ တုပ်ကွေးရာသီနဲ့ တိုးတဲ့အခါ သက်သာမှာ ဖြစ်ပါတယ်။ အပေါ်က ဖြစ်တန်ခြေ သုံးမျိုးနဲ့ တွက်ရင် ဘယ်ပုံစံ ဖြစ်ဖြစ် ကိုဗစ် ၁၉ ဟာ ဒီလတွေအတွင်း ကျနော်တို့နဲ့ အတူတူ ဆက်ရှိနေပါလိမ့်မယ်။

ဘယ်လို ကာကွယ်မလဲ
ဒီကပ်ဘေးမှာ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တဲ့ တရုတ်ပြည်ကတော့ ဒုတိယလှိုင်းကို မခံရအောင် ပညာပေးတဲ့ နည်းလမ်းရော ၊ အပြစ်ပေးတဲ့ နည်းလမ်းကိုပါ အသုံးပြုပါတယ်။ Lockdown တွေကို တရစ်ချင်း ပြန်ဖွင့် ပေးခဲ့ပေမယ့် သတိကြီးကြီး ထားပါတယ်။ အခု တရုတ်အစိုးရက ယဉ်ကျေးသော အပြုအမူ ဆိုပြီး လူထုထဲကို စည်းကမ်းသစ်တွေ ချလိုက်ပါတယ်။

ဘေဂျင်းအပါအဝင် မြို့တွေမှာ နေထိုင်မကောင်းတဲ့ လူတိုင်းကို နှာခေါင်းစည်း မဖြစ်မနေ ဝတ်ခိုင်းပါတယ်။ လူအများကြားမှာ နှာခေါင်းစည်း မပါဘဲ နှာချေရင်၊ ချောင်းဆိုးရင် ဒဏ်ရိုက်ပါတယ်။ အများစီး ယာဉ်ပေါ်မှာ စားသောက်တာတွေကို တားမြစ်ထားပါတယ်။ လူအများနဲ့ စားသောက်ကြတာကိုလည်း အားမပေးပါဘူး။ လူအများစုဝေးရာ နေရာတွေမှာ တမီတာစီ ခွာထားတဲ့ မျဉ်းတွေ အတိုင်း ခပ်ခွာခွာ နေကြရပါတယ်။ လူအများ သွားလာရာ နေရာမှာ တံတွေးထွေးရင် ဒဏ်ကြေး ပေးရပါတယ်။ အဝတ်အစားကို သပ်သပ်ရပ်ရပ် မဝတ်ရင်လည်း ဒဏ်ကြေးပေးဆောင်ရပါမယ်။ စည်းကမ်းသစ်ဟာ ဇွန်လ ၁ ရက်နေ့ကတည်းက စတင် အသက်ဝင်နေပြီး ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေတဲ့ စည်းကမ်းတွေအတိုင်း ဆက်လက် နေကြရပါတယ်။ ကျောင်းတွေကို ပြန်ဖွင့်ပေးလိုက်ပေမယ့် နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ဖို့၊ ခပ်ခွာခွာနေကြဖို့ ညွှန်ကြားချက်နဲ့ အစီအစဉ်တွေကို လုပ်ထားပါတယ်။ ဥပမာ အတန်းတွေကို ပုံမှန်ထပ် လူလျော့ထားတာနဲ့ နေ့လည်စာ စားချိန်ကိုလည်း အသုတ်လိုက် ခွင့်ပြုတာမျိုး ဖြစ်ပါတယ်။

မြန်မာပြည်မှာ လူတွေ အိမ်အပြင်ပြန်ထွက်လာကြလို့ နိုင်ငံတော် အတိုင်ပင်ခံက ပြည်သူတွေကို နှာခေါင်းစည် ဝတ်ကြဖို့ ထပ်တလဲလဲ တိုက်တွန်းနေတာ သတိထားမိပါတယ်။ အပြစ်ပေးတဲ့ နည်း၊ ဒဏ်ရိုက်တဲ့ နည်းကတော့ လက်တွေ့ မကျဘူးလို့ ဆိုလိုချင်ပုံလည်း ရပါတယ်။
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်း ပျောက်ရတယ်လို့ အချုပ်တန်းဆရာဖေက ရေးဖူးးပါတယ်။ ဒီတခါက အသက်ပါ ပျောက်ကြရမယ့် ကိန်းပါပဲ။ ယဉ်ကျေးတဲ့ လူမျိုးလို့ ကြုံရင် ကြွားတတ်တဲ့ မြန်မာတွေ စည်းကမ်း ရှိဖို့၊ နိုင်ငံကြီးသား စိတ်ဓာတ် မွေးဖို့ ၊ နိုင်ငံကြီးသား အကျင့် ကျင့်ဖို့ အချိန် ရောက်ပါပြီ။

နေသွင်ညိဏ်း 
-