Breaking News

မောင်ရစ် - အလွဲများနဲ့ ကိုဗစ်၁၉ တွက်ကိန်း


မောင်ရစ် - အလွဲများနဲ့ ကိုဗစ်၁၉ တွက်ကိန်း

(မိုးမခ) မေ ၂၄၊ ၂၀၂၀

မတ်လတုန်းက နေ့စဉ် အလုံအလောက် ကိုဗစ် ၁၉ ရှိမရှိ ဆေးစစ်မပေးနိုင်လို့ အမေရိကားမှာ ခေါင်းကြီးခဲ့ကြပါတယ်။ ဧပြီနဲ့ မေလတွင်း အိမ်တွင်းပုန်းနေခဲ့ကြတော့ ကူးနှုန်း သေနှုန်းကျဆင်းလာခဲ့ပါတယ်။ အသွားအလာဆင်ခြင်နေကြတဲ့ကြားက ဆေးစစ်ပေးနိုင်ဖို့ ကိုလည်း မြှင့်ခဲ့ကြပါတယ်။ ခုကျတော့ စစ်ပေးနိုင်တဲ့ ပြည်နယ်တွေ ရှိသလို စစ်မပေးနိုင်တဲ့ပြည်နယ်တွေ ရှိနေတုန်းပဲ။ အခုတွက်ကိန်းက ဇွန်လမှာ ၂ သန်း၊ ဩဂုတ်မှာ ၅သန်း နေ့စဉ် စစ်ပေးလာနိုင်မယ်လို့ တွက် ကြ ပါတယ်။ မဟုတ်ရင်တော့ အဲသည် ဂဏန်းတွေဟာ ကူးစက်ခံရသူနှုန်းတွေ ဖြစ်လာလိမ့်မယ်တဲ့။ စောင့်ကြည့်ကြတာပေါ့။ ခုတော့ မေလနောက်ဆုံးပတ် အမေရိကားမှာ ၁.၆ သန်း ကူးစက်ခဲ့ရပြီ။


ကိုဗစ်ကာကွယ်ရေးမှာ ခေါင်းနဲ့ပန်း ၂ ချက်ပါတယ်။ ကိုယ့်ကိုယ်ကို မကူးစက်ရေးနဲ့ သူများကိုယ့်ကြောင့် မကူးစက်စေရေး ဖြစ်တယ်။ ခေါင်းနဲ့ပန်းလို ယှဉ်တွဲပြီး စဉ်းစားရမယ်။ မစဉ်းစားကြရင်တော့ ဟန်ချက်ပျက်ပြီး လဲမှာပဲတဲ့။ အခုကတော့ မကူးစက်ရေးကာကွယ်ကြဖို့မှာ ကာကွယ်ရေးပြင်ဆင်မှုတွေ အဆင့်သင့်မဖြစ်ခင် ဖွင့်ကြတော့မှာမို့ ကိုဗစ် ဒုတိယလှိုင်း တိုက်လာတဲ့အခါ အရှိန်ပြင်းထန်လိမ့်မယ်လို့လည်း တွက်ကြပြန်တယ်။


လူထုဆက်သွယ်ရေးအတွက် နည်းပညာကို အရှိန်မြှင့်ပြီး အသုံးချကြရလမ့်မယ်လို့ ဆိုကြပါတယ်။ ဖုန်းတွေ ၊အင်တာနက်၊ ဘလူးတု(ပ်)၊ အစိုးရနဲ့ ပြည်သူ လက်တွဲကူ၊ သီးခံစိတ်ရှည်၊ တဦးနဲ့တဦး အကြောင်းအကျိုး သတင်းမျှဝေပြီး နေထိုင်ကြ၊ ကိုယ်ချင်းစာကြ ဆိုတာတွေ ပိုလိုအပ်တယ် ဆိုကြတယ်။


အခုဟာက "ကမ္ဘာမီးလောင် သားတောင် ချနင်း" မဖြစ်သေးပါဘူး။ သည်တော့ အဲသည်အခြေအနေမှာတောင် စက်ရုံ၊ လယ်ယာ၊ သားငါးစက်ရုံတွ၊ စျေးဆိုင် ၊ ကုန်စုံဆိုင်တွေက အောက်ခြေအလုပ်သမားတွေကို အလုပ်ရှင်တွေက ချနင်းနေတာ မြင်ရတော့ ၊ သည်အခြေအနေဆိုးက မရုန်းထွက်နိုင်ရင် ကိုယ့်အလှည့် မကြာမီမှာ အနင်းခံရလိမ့်မယ်လို့ ကြိုတွက်ထားရမှာ ဖြစ်ပါတယ်။


နည်းပညာထဲက ဂုဏ်ယူကြတဲ့ အေအိုင်ဟာ အခုဖြစ်စဉ်မှာ ဘာမှ အကူအညီမပေးနိုင်ပါဘူး။ အေအိုင်ဆိုတာက သင်ကြားခံထားရာကနေ လေ့လာပြီး လူထက်မြန်မြန် အလုပ်လုပ်ပေးနိုင်တဲ့ အဆင့်ပဲ ရှိသေးတော့ ကပ်ရောဂါအတွက် ဒေတာတွေ သူ့မှာ သိမ်းထားတာ မရှိတော့ ဘာမှ မလုပ်တတ်ပါဘူး။ ကပ်ဆိုက်ချိန်မှာ အေအိုင်အကူယူထားတဲ့ လုပ်ငန်းတွေထဲမှာ UBR Lyft AirB&B ဆိုတာတွေဟာ အလုပ်မရှိတော့ ထိုင်နေကြပါတယ်။ Amazon တယောက်ပဲ အွန်လိုင်းအော်ဒါ နဲ့ ဒီလီဗာရီမှာ အလုပ်ဖြစ်နေသေးတယ်။ သို့သော် လူတွေမှာ ပစ္စည်း မရှိရင် ငွေမရှိတော့ရင် ဒေတာပုံကြီးထိုင်ပြီး ရေငတ်နေရုံသာ ရှိပါတယ်။


နည်းပညာထဲက ဆိုရှယ်မီဒီယာ၊ ဗီဒိုယို ကွန်ဖရင့်ဇင်း ချိတ်ဆက်မှုတွေက အရေးပါတယ်ဆိုတာက ထင်ရှားလာပါတယ်။ နည်းပညာ ရှိရှိ မရှိရှိ အရေးပါတဲ့ ဆေးပညာ၊ စားသုံးသူဝန်ဆောင်မှု၊ သိပ္ပံပညာသည်၊ စက်မှုလက်မှုနဲ့ ကာယလုပ်သားတွေရဲ့ အခန်းကဏ္ဍဟာ ထင်ရှားလာပါတယ်။


ကပ်ထဲကနေ အထိအခိုက်များပြီး ရုန်းကန်ထွက်ကြရမယ့် လုပ်ငန်းတွေက ခရီးသွား အပမ်းဖြေ တည်းခို စားသောက်ဆိုင် လုပ်ငန်းတွေ ဖြစ်မယ်လို့ တွက်ကြတယ်။ အားကစားနဲ့ ရုပ်မြင်သံကြား ဖျော်ဖြေရေးနဲ့ ရုပ်ရှင်တွေလည်း ပါတယ်။ လူများများရှိမှ အလုပ်လုပ်လို့ရတဲ့ အလုပ်တွေကိုး။ သတင်းမီဒီယာတွေလည်း နောက်က လိုက်မယ်။ သတင်းဆိုး ကပ်ဆိုးကာလမှာ လူတွေက ရေဒီယိုပဲ ဦးလှည့်လာမယ်။ ရုပ်သံ ဆိုရှယ်မီဒီယာဆိုတာတွေက အဆိုးတွေချည်းပဲ သတင်းတင်ကြ ပုတ်ခတ်ကြဆို လူတွေက အဲသည်ကနေ ဆုတ်ခွာကြ၊ ချွေတာရေး လုပ်ကြရတော့မှာကိုး။


သည်နေရာမှာ ရှေ့ထွက်လာမယ့် ခေါင်းဆောင်တွေ ဩဇာရှိသူတွေ လူထုပေါ်လစီသစ်တွေကို လူတွေက မျှော်ကြရမယ်။ နိုင်ငံရေးသမားတွေက အားကိုးစရာ မဟုတ်ဘူးဆိုတာကို မှန်းချက်မကိုက်တဲ့ သားကောင်ပြည်သူတွေက သဘောပေါက်လာမယ်။ သဘောမပေါက်ရင်တော့ လူပြိန်းတွေက အစွန်းရောက်တွေ နောက် ဆက်လိုက်ပြီး ငါတို့နဲ့ မတူ ငါ့ရန်သူဆိုပြီး ထွက်ပေါက်ရှာကြလိမ့်မယ် တဲ့။


အမေရိကားမှာ လွှတ်တော်အမတ်ချုပ် အမျိုးသမီးကြီး နန်စီပလိုစီကို ဥပမာပြနိုင်တယ်။ ကပ်ဘေး စစ်ဘေးကာလမှာ နိုင်ငံရေးသမားမလိုဘဲ နန်စီပလိုစီလိုမျိူး ဥပဒေပြုအမတ်ခေါင်းဆောင်ကဏ္ဍ အရေးပါလာတာ တွေ့ရတယ်။ နိုင်ငံရေးသမားတွေက အပြစ်တွေချည်း လိုက်တင်နေတော့ ပြည်သူတွေ အခုလိုအပ်နေတဲ့ ပေါ်လစီတွေကို လွှတ်တော်က အမတ်တွေက အရေးပေါ်ဥပဒေတွေ ထုတ်ပြန်ပြီး ဦးဆောင်နေတာကိုး။ ဒါက ပြည်သူ့ကိုယ်စားလှယ် (အမတ်) ဆိုတာနဲ့ အစိုးရကိုယ်စားပြုခေါင်းဆောင်တဲ့ (သမ္မတ) တို့ လူထုနဲ့အကွာအဝေးကို ချိန်ဆနိုင်ပြီ ဖြစ်ပါတယ်။ Lawmaker vs Politician ဆိုတာကို သင်ခန်းစာပေးတယ်။ သင်နိုင်ရင် သင်ကြပေတော့။


သမ္မတလောင်း မပြိုင်တော့ဘဲ နောက်ဆုတ်လိုက်တဲ့ဘာနီဆင်းဒါး အဘိုးကြီး - သူကအထက်လွှတ်တော်အမတ် သံမဏိသက်ရှည်။ သူလည်း ဥပဒေပြုအမတ်အဖြစ် ခေါင်းဆောင်နေတာက သူတို့ပြည်သူတွေအတွက် ပိုအကျိုးရှိနေတာ မြင်နေတယ်ပါတယ်။ အမတ်တယောက်အဖြစ် အနှစ် ၃၀၊ ၄၀ ကျော် လွှတ်တော်မှာ ဥပဒေတွေ လူထုပေါ်လစီတွေ တည်ဆောက်နေတာ ၄ နှစ်၊ ၈ နှစ် သက်တမ်းခံ သမတထက် ပိုလုပ်နိုင်တယ်ဆိုတာ ရေရှည်မှာ သိသာလာပါတယ်။


ကပ်ဆိုးထဲမှာ အစိုးရဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ ကျောင်းဆရာ၊ ကျောင်းသား၊ သက်ကြီးရွယ်အို၊ လူနာ၊ မိဘ၊ ကလေးသူငယ်တွေအတွက် အစိုးရဘဏ္ဍာတွေ ရင်းနှီးပြီး ရုန်းထွက်ကြ၊ ကူညီစောင့်ရှောက်ပေးထားကြ၊ ဝိုင်းလုပ်အားပေးကြဆိုတာကိုလည်း သတိမလစ်ဖို့ တိုက်တွန်းကြတယ်။ တိုင်းပြည်ဆက်တည်ဆောက်ပြုပြင်နေဖို့က သည်အင်အားတွေကို မလိုတမျိုး လိုတမျိုး လုပ်လို့ မရဘူးကိုး။


တွက်ကိန်းတွေ ကော အလွဲတွေကော အများကြီးပဲ။ ဒီအချက်အလက်တွေ ထင်မြင်ချက်တွေက စာဖတ်ရင်း သတင်းနားထောင်ရင်း ရုပ်မြင်ကြည့်ရင်း မှတ်မိသမျှ တွေးမိသမျှကို ချရေးလိုက်တာပါ။ ဩဂုတ်လကျရင်တော့ တွက်ကြ ချက်ကြတာတွေ လွဲသလား တည့်သလား ထင်ရှားလာမယ် ထင်ပါတယ်။