Breaking News

မောင်နောင်မွန် - မှိုင်းပျပျစိတ်ရနံ့


မှိုင်းပျပျစိတ်ရနံ့
မောင်နောင်မွန် 
(မိုးမခ) ဇွန် ၆၊ ၂၀၂၀

မရောက်တာကြာပြီဖြစ်သော ဘူတာရုံလေးဟောင်းကို ငေးကြည့်နေမိသည်။ အဟောင်းဆိုသည်မှာကလည်း အတိတ်ကိုဆွေးဆွေးလေးခေါ်သွားတတ်တဲ့အရာတခုမဟုတ်ပါလား။ အနောက်ရပ်မှမိုးသားတိမ်လိပ်များလိမ့်တက်လာပုံက အတိတ်ကိုလွမ်းမောချင်စရာကောင်းလှသည်။ ဖုန်းထဲတွင်ဖွင့်ထားသော Linkin Park ရဲ့ Numb သီချင်းသံကပျံ့လွင့်လာသည်။ နွေနှောင်းရာသီ၏ပထမဆုံးသော မုတ်သုန်မိုးရွာသွန်းတော့မည်ထင် သည်။ ကန်သင်းရိုးများကအစီအရီ၊ လေပြေတိုက်သံတွင်မိုးရနံ့များရေနသည်။

ကျနော်တို့၏နေ့ရက်များတွင် လွမ်းမောရသောနွေနှောင်းရက်များကုန်လွန်တော့မည်။ ဘူတာရုံအိုဟောင်းလေးနှင့် အမည်မဖော်လိုသောဝေဒနာသည်များ။ လမ်းလျှောက်ဝင်လာပုံရသည်။ ထွက်ပုံရသည့်နေ့ရက်ဟောင်းများကို ပြန်ရေတွက်ကြည့်မိသည်။ တခါတရံကျေးဇူးတရားသည် လက် ဆုပ်လက်ကိုင်ပြခွင့်ရှိသည့်အရာလား၊ မှိုင်းပျပျဖြင့်စိတ်ကူးတို့သည် ထိုအကြောင်းအရာများကို တွေးမိလေးတိုင်းဖြစ်သွားတတ်သည်။
ကျေးဇူးတရားသည်ဘယ်အရာကိုပြောသနည်းဆိုသည်ကိုတွေးကြည့်နေမိသည်။ ကျနော်တို့တွင် ကျေးဇူးတရားဖြင့်ချည်နှောင်ထားသောခံစားချက်များရှိသည်။ တခါတွင် ကျနော်သည် ကျေးဇူးတရား ကိုတွေးကြည့်မိသည်။ မည့်သည့်ကိုခေါ်သနည်း။ တချို့သူများသည် ကျေးဇူးတင်ခံချင်ပုံ ရသည်။ ကျနော်ပြုံးပြုံးလေးဖြင့်ထိုသူများကိုကျေးဇူးတင်လိုက်မိသည်။ စီးပွားရေးနယ်ပယ်တွင် Win Win အခြေအနေဆိုသည်ကိုကြားဖူး သည်။ နှစ်ဖက်လုံးရဲ့မျှခြေတွင်အကျိုးတခုနှင့်အလုပ်တခုပြီးမြောက်လျှင် ထိုအရာသည် ကျေးဇူးတရားရှိပါမည်လားဟူ၍တွေးမိသည်။ ကျနော်အတွေးသည် ကျေးဇူးတရားကိုမယုံကြည်သောအတွေးဖြစ်မည်ထင် သည်။

မည့်သည့်အရာကိုမှမျှော်လင့်ချက်မထားဖြစ်သည်မှာ အချိန်ကာလတခုပင်ရှိတော့မည်။ နွေနှောင်းရက်များ သည်ဝေဒနာတရပ်ြဖစ်စေသည်။ လွမ်းစေသည်။ သို့သော်ပူလောင်မွန်းကြပ်ပြီး နေရခက်စေသည်။ ကျနော်တို့နေ့ရက်တွင်ပြောစမှတ်တွင်စရာအဖြစ်အပျက်တခုရှိခဲ့သည်ကို့တော့ ကျနော်ပြောမိမည်ဟု တွေးနေမိ သည်။ ကပ်ရောဂါကြီးသည် ဟိုအဝေးမှလာပြီးနောက် အနီးအနားတွင် ကြီးထွားလာသည်။ ကျနော်တို့တွင်မျှော်လင့်စရာများနည်းနည်းလာသည်။ လူအဖြစ်ရဲ့သိမ်ငယ်ခြင်းတွေများလာသည်။ ကျနော်တို့ခေတ်တွင် ကျနော်တို့သည် ကြွေလုလုအဖြစ်မျိုး ဖြစ်နေတော့သည်။ အရိုးပြိုင်းပြိုင်းထနေသော နွေလွင်ပြင်ကြီးထဲကသစ်ကိုင်းခြောက်တခုပမာ ကျနော် တို့၏လူ့အဖြစ်သည် နေဝင်နေသကဲ့သို့ဖြစ်နေသည်။ 

နေဝင်ခဲ့သည်မှာကြာခဲ့ပြီထင်သည်။ ဂေါယာဆီက နေမင်းရဲ့အလင်းလက်ကျန်ပုဇွန်ဆီရောင် တိမ်ဝါဝါလေးများဆီမှ အလှတရားတချို့တဝက်သာကျန်ရစ်နေခဲ့သည်။ အတိတ်၊ အမှတ်ရချက်၊ မကျေနပ်ချက်၊ ကျေးဇူးတရား၊ ကျနော်စိတ်ထဲမှာ ထိုအရာ၊ ထိုအတွေးများက တဝဲဝဲလည်နေဆဲပင် ဖြစ်သည်။ ပြန်မရနိုင်သောငယ်ဘဝကိုပြန်လည် တောင်းတသကဲ့သို့ပင်၊ အချိန်လွန်မှပြန်လည်ပြင်ဆင်ချင်သော အမှားပြင်ချက်များစွာသည် စိတ်ထဲတွင်တနုံ့နုံ့ခံစားနေဆဲ။ ငေးမောနေရသည်ကိုက မောဟ အရင်းခံ သောမသိစိတ်အကြောင်းတခုပင်ဖြစ်နေသည်။ ဘယ်အရာကိုမှ ဖမ်းဆုပ်လိုစိတ်မရှိ၊ ရယူလိုစိတ်မရှိတော့ပေ။

ဘူတာရုံအဟောင်းလေးသည် တည်တည်ငြိမ်ငြိမ်နဲ့လှပနေဆဲ။ ဘေးနာမှ ကုက္ကိုပင်ကြီးသည်လည်း ယခင်ကအတိုင်း တည်ငြိမ်နေဆဲ။ ကျနော်ငယ်စဉ်က ဒီဘူတာလေးမှတဆင့် အမေရွာဆီသွားဖူးသည်။ မြို့ပြများဆီဆန်တက်ဖူးသည်။ ဒီဘူတာလေးသည် ကျနော်အတွက်ဤမျှလောက်သာ အမှတ်ရစရာ ရှိခဲ့သော်လည်း ကျနော့်အဘွား၊ အဖေနဲ့ဦးကြီးတို့အတွက်က ဤဘူတာရုံလေးသည် သူတို့၏ငယ်ဘဝ၊ သူတို့၏စီးပွားရှာရာနေရာတခု ဖြစ်ခဲ့သည်။ ကုက္ကိုပင်ကြီးသည် ကျနော်တို့ခေတ်အထိ ဒီရွာ၏ဘူတာရုံပင်၊ ''တော်ကူးဘူတာ'' ဆိုသောဆိုင်းဘုတ်လေးနဲ့ လယ်ကွင်းနဲ့ပင်၊ ယခုတော့ အုတ်ခံတိုက်ကလေနဲ့။ ဒါပေမဲ့ ကုက္ကိုပင်ကြီးကတော့အရိပ်ပေးမြဲ၊ ရထားသံ ဂျုံးဂျုံးဂျက်ဂျက်ကို တနေ့နှစ်ခေါက်မျှကြားနေရ ဆဲ။ ယခင်က အဘိုးတို့လက်ထက်မှောင်ခိုလုပ်နေစဉ်တွင် ဤဘူတာသည် မှောင်ခိုစျေးသည်များဖြင့် ပြည့်နေတတ်သည်။ သို့သော် ယခုမူဆိုင်ကယ်၊ ကားများပေါလာသောအခါ ရထားကိုသိပ်မသုံးပြုကြ တော့ပေ။ လွမ်းဆွေးဆွေးဘူတာရုံကလေးသည် လွမ်းမောဖွယ်ရာအတိဖြင့်ကျန်ရစ်ေနသည်။

ကျန်ရစ်နေရသောအဖြစ်သည် လွမ်းမောစရာကောင်းလှသည်။ တခါတလေ အမေ့ခံဖြစ်သွားသော ပန်းကလေးများ၊ ကြွေကျရစ်သောကြယ်ကလေးများ၊ အနောက်အရပ်မှတိုက်လာသောလေပြေသည် မိုးရနံ့ကိုသယ်ဆောင်လာပြန်သည်။ ညနေခင်း၏စိတ်ရနံ့သည်ကားမှိုင်းထေနသည်။ ဘူတာရုံနောက်ခံမြင်ကွင်းသည်က လှပသောပန်းချီကားချပ်ပမာပင်။ နားထောင်နေသော linkin park သီချင်းသံပင်တိတ်ဆိတ်နေပြီဖြစ် သည်။ မှောင်ရီရီတွင်အိပ်တန်းငှက်တို့ပြန်ချေပြီ။

စိတ်ရနံ့သည် မှိုင်းပျပျနှင့် အတွေးများသည်ကာလေနေဆဲ။ 

မောင်နောင်မွန်
၁၇၅၂၀