Breaking News

သားကြီးမောင်ဇေယျ - မျှခံစားဝေ ( ၂ )



သားကြီးမောင်ဇေယျ -  မျှခံစားဝေ ( ၂ )

(မိုးမခ) ဇွန် ၆၊ ၂၀၂၀


မနေ့က မီဒီယာကောင်စီနဲ့ အတူ ကိုဗစ်ကာလ အခက်အခဲရင်ဆိုင်နေရတဲ့ သတင်းထောက်တွေကို ဆန်၊ ဆီ ၊ နဲ့ စားသောက်ကုန် တွေ လိုက်လံမျှဝေခဲ့ပါတယ်။ ဒါဟာ တတိယ အကြိမ်မြောက် လိုက်လံမျှဝေတာပါ။ စုစုပေါင်းသတင်းထောက် ၁၅၀ ကျော်ကို စံနစ်တကျ မျှေ၀ နိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလ အခက်အခဲရင်ဆိုင်ရမယ့် သတင်းထောက်ပေါင်း ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အလှူရှင်တွေကလည်း အပြည့်အ၀ လှူဒါန်းကူညီဖို့ပြင်ဆင်ထားပါတယ်။

မီဒီယာကောင်စီအနေနဲ့ လှူဖွယ်ပစ္စည်းတွေကို အလေအလွင့် မဖြစ်ဖို့ စီစဉ်ရပါတယ်။ အဲဒါကြောင့် အလုပ်ရပ်နားခံရတဲ့ သတင်းထောက်တွေ၊ လစာအလျှောခံရတဲ့သတင်းထောက်တွေ၊ ကိုဗစ်ကာလ အခက်အခဲ ရှိသူတွေ စသဖြင့် ဦးစားပေး အဆင့်တွေကို သတ်မှတ်ပြီး လိုက်လံမျှဝေခဲ့ပါတယ်။ သတ်မှတ်ချက်တွေ လုပ်ရပြီ ဆိုကတည်းက မေးခွန်းထုတ်စရာတွေ ၊ ချွတ်ယွင်းချက် တွေပါလာပါပြီ။ စီစဉ်သူတွေကလည်း သဒ္ဒါ နဲ့ ပညာကို အတတ်နိုင်ဆုံး ညှိနှိုင်း ပြီးဆုံးဖြတ် လုပ်ဆောင်ရတာမို့ ရာနှုံးပြည့် တိကျအောင် ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါ။
ဒါပေမယ့် အလှူပစ္စည်းလက်ခံတဲ့ သတင်းထောက်တွေနဲ့ တာဝန်ယူလက်ခံတဲ့ သတင်းဌာန တာဝန်ခံတွေရဲ့ အမျှော်အမြင်နဲ့ စေတနာကြောင့် ကိုဗစ်ကာလ မျှဝေခံစားမှု အစီအစဉ်တွေဟာ မျှော်လင့်တာထက် ပိုမိုအောင်မြင်တာကိုတွေ့လိုက်ရပါတယ်။

သတင်းသမားတစ်ယောက်က “ကျွန်တော် လခ အလျှော့ခံရပေမယ့် အိမ်က ကြွေးထားတော့ အခက်အခဲ မရှိပါဘူး ။ ဒါပေမယ့် ကျွန်တော့်ဝန်းကျင်မှာ အခက်အခဲရှိသူတွေ အများကြီးတွေရတယ်။ ကျွန်တော်ရမယ့် ခွဲတမ်း ကို သူတို့ကို ပေးချင်တယ်” လိုဆိုပါတယ်။

နောက် သတင်းဌာန တာဝန်ခံတစ်ယောက်က သူ့သတင်းဌာနမှာ သတင်းထောက်တွေ နဲ့ အခြားဝန်ထမ်းအားလုံးကို လစာ တစ်ဝက်လျှော့ချ လိုက်ရတဲ့ အကြောင်းနဲ့ နောက်နှစ်လ ကြာလို့ အခြေအနေ မကောင်းတော့ဘူးဆိုရင် သတင်းဌာနကို ရပ်နားရတော့မှာ ဖြစ်ကြောင်းပြောပါတယ်။ အခုလို မီဒီယာကောင်စီရဲ့ လိုက်လံမျှေ၀ မှုဟာ သတင်းထောက်တွေအတွက်သာ ဖြစ်နေလို့ ကွန်ပြူတာစာစီတွေ၊ ဂရပ်ဖစ် သမားတွေ မပါလို့ စိတ်မကောင်းဖြစ်ကြတဲ့ အကြောင်းပြောပါတယ်။ အဲဒါကြောင့် ခုလို မျှဝေတဲ့ ပစ္စည်းတွေကို သတင်းထောက်တွေက သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက် ကွန်ပြူတာစာစီတွေ၊ ဂရပ်ဖစ်သမားတွေနဲ့ အခြားရုံးဝန်ထမ်းတွေကို ခွဲပေးဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

နောက်ထပ်သတင်းဌာနကြီးတခုကတော့ သူတို့ လက်ခံလိုက်တဲ့ ုပစ္စည်းတွေကို သတင်းထောက်တွေနဲ့ အသက် ၆၀ ကျော် ဝန်ထမ်းတွေကို မျှေ၀ ကြမှာဖြစ်တယ်လို့ အားရဝမ်းသာပြောပါတယ်။

သူတို့ရဲ့ စေတနာနဲ့ ထပ်ဆင့် မျှဝေခံစားမှုကို တွေ့ရတော့ တချိန်က ထောင်ထဲမှာ “အပြင်က ကျွန်တော် ရဲဘော်တွေက ပို့လိုက်တာပါ” လို့ပြောရင်း ငါးပိကြော်တဇွန်း ထန်းလျှက်ခဲတစ်ခဲစီ လိုက်ေ၀ လေ့ရှိတဲ့ ဆိုးဖေါ်ဆိုးဖက်တွေကို ပြန်သတိရမိပါတယ်။

စည်းကမ်းသတ်မှတ်ချက်တွေ စလုတ်တိုက် သတ်မှတ်တဲ့ အခါ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေကို မေတ္တာ၊ စေတနာ၊ အနစ်နာ တရားတွေက သာ ဖြည့်ဆည်း နိုင်တာပါ။

စည်းကမ်းသတ်မှတ်ချက်တွေဟာ ဦးနှောက် မှာ ခြေခံသလို မေတ္တာ၊စေတနာ၊ ကရုဏာတွေ က လှပတဲ့ နှလုံးသားမှာ သန္ဓေတည်ပါတယ်။

လှပတဲ့ နှလုံးသားတွေနဲ့ ကျွန်တော်တို့ ဦးနှောက်တွေကို ဖွံ့ဖြိုးနိုင်ပါစေ။

သားကြီးမောင်ဇေယျ (၂၈-၅-၂၀၂၀)

ဒီလှိုင်းဂျာနယ် အတွဲ (၉) အမှတ် (၁၅) ကြာသာပတေးနေ့ ၄-၆-၂၀၂၀ မှာဖေါ်ပြခဲ့ပါတယ်။