Breaking News

နေသွင်ညိဏ်း - ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ လူသားဝါဒ


ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ လူသားဝါဒ
နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၀

ကမ္ဘာဂြိုဟ်ဆိုတာ ဘုန်းကြီးတို့ အားလုံး ရဲ့ နေအိမ်ပဲ။ တခြား သွားစရာလည်း မရှိဘူး။ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေအဆိုအရ နောက်ထပ် ဆယ်စုနှစ်အတန်ငယ်ကြာတဲ့အခါမှာ ကမ္ဘာကြီးပူနွေးမှုဟာ ရေအရင်း အမြစ်တွေကို ခမ်းခြောက်သွားစေနိုင်တဲ့အဆင့်ကို ရောက်လိမ့်မယ်။ ဒါဆိုရင် ဂေဟစနစ်နဲ့ ကမ္ဘာကြီး ပူနွေးမှုကိုရင်ဆိုင်ကုစားဖို့ဟာ အလွန်အရေးကြီးလာတယ်။

ဥပမာ ဒီဘုန်းကြီးရဲ့ နိုင်ငံ တိဘက်ဆိုရင် အာရှ ရေအရင်းအမြစ်တွေစတင်ရာ မူလဌာနပဲ။ ပါကစ္စတန်မှာ အင်ဒက်စ်မြစ်၊ အိန္ဒိယမှာ ဂင်္ဂါနဲ့ ဗြဟ္မပူတြာမြစ်၊ တရုတ်မှာ မြစ်ဝါ၊ နောက် မဲခေါင်မြစ် ဒီမြစ်တွေ အားလုံးဟာ တိဘက်ကုန်းမြေမြင့်ကနေ မြစ်ဖျားခံကြတာပါပဲ။ ဒါကြောင့် တိဘက်မှာ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ အာရုံစိုက်ကြရမယ်။ ဒါဟာ တိဘက်သား ၆ သန်းရဲ့အကျိုးအတွက် ပြောနေတာမဟုတ်ပါဘူး။ ဒေသတခုလုံးက ပြည်သူတွေအကျိုးအတွက်ပြောနေတာရတာပါ။ တခါက အာဖဂန်နစ္စတန်နိုင်ငံပေါ်ကနေ လေယာဉ်စီးသွားတော့ တချိန်တုန်းကတော့ ရေကန်တွေ၊ စမ်းချောင်းတွေ ရှိခဲ့ပေမယ့် အခုတော့ ခမ်းခြောက်သွားတဲ့ နေရာတွေ တွေ့ခဲ့ရတယ်။ ဘုန်းကြီးတို့ တိဘက်ကလည်း မကြာခင် ဒီလို ဖြစ်သွားမယ်လို့ ထင်ပါတယ်။ တိဘက်ရဲ့ နိုင်ငံရေးရာကိစ္စတွေကနေတော့ ဘုန်းကြီးက အနားယူလိုက်ပါပြီ၊ ဒါပေမယ့် တိဘက်ရဲ့ ဂေဟစနစ်နဲ့ပတ်သက်လာရင်ဖြစ်ဖြစ်၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ဖြစ် ဘုန်းကြီးကို အချိန်မရွေးပြောပါ။ အသင့်ရှိနေပါတယ်။
လူသားဆိုတာ အင်မတန် ဆန်းကြယ်တယ်။ အံ့မခမ်းစိတ်စွမ်းအားလည်း ရှိတယ်။ ဒီလိုပဲ ကမ္ဘာကြီးကို ဒုက္ခအပေးဆုံးသတ္တဝါဟာလည်း လူသားတွေပဲ။ အခုအချိန်မှာတော့ လူသားဦးနှောက်ကို မေတ္တာကရုဏာနဲ့ ယှဉ်ပြီး ဆင်ခြင်ဉာဏ်ကို သုံးရတော့မယ်။ ဒါကြောင့် ဒီဘုန်းကြီးက လေးနက်တဲ့ လူသားတန်ဖိုးတွေကို ဟော ကြားဖို့အတွက် သန္နိဋ္ဌာန်ချထားပါတယ်။

မွေးဖွားတဲ့အချိန်ကစလို့ လူသားဟာ အားကိုးလိုတယ်။ ကလေးဘဝမှာတော့ မိခင်ကိုအားကိုးရတယ်။ တဖြည်းဖြည်းနဲ့ လူသားတစ်ဦးချင်းရဲ့ ဘဝ ဖြစ်တည်မှုဟာ လူ့အသိုက်အဝန်းအပေါ် မှီခိုလာရတယ်။ လူဆိုတာက ဆက်ဆံရေးသတ္တဝါမဟုတ်လား။ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ့်ပျော်ရွှင်မှုရဲ့ဇစ်မြစ်ပဲ။ ဒါကြောင့် ကိုယ်ပတ်ဝန်းကျင်ကို အလေးထားရမယ်။ ဒီနေ့ခေတ်မှာ လူသားအားလုံးကို တပေါင်းတည်းမြင်ရမယ်။ ဒါဟာ လူသားဝါဒ အယူအဆပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်မျက်နှာအားလုံးဟာ ခွဲခြားလို့ မရဘူး။ လူတိုင်းဟာလည်း ဆက်စပ်နေတယ်။ ခေတ်သစ် စီးပွားရေးမှာ နိ်ုင်ငံ နယ်နိမိတ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် လူဦးရေ သန်းပေါင်း ၇ ထောင်လုံးဟာ ခွဲခြားမရတဲ့ တပေါင်းတစည်းတည်းလို့ မြင်ရမယ်။ အတိတ်က ပြဿနာတွေ များခဲ့ကြတယ် ဆိုတာဟာ မတူညီမှုတွေအပေါ်မှာ အာရုံစိုက်ကြလွန်းလို့ ဖြစ်ရတာပဲ။ လူမျိုးတို့ ဘာသာတရား တို့ဆိုတာတွေပေါ့။ ဒီနေ့ ခေတ်မှာတော့ ဒီလို အတွေးအခေါ်တွေဟာ ခေတ်မမီတော့ပါဘူး။ လူသားဝါဒ၊ တကမ္ဘာလုံးအရေးကို စဉ်းစားရမယ်။

သိပ္ပံပညာရှင်တွေ၊ အထူးပြု လေ့လာလိုက်စားထားသူတွေရဲ့ စကားကို နားထောင်ပါ။ သူတို့ အသံတွေ၊ သူတို့ အသိပညာတွေဟာ အလွန်အရေးကြီးလှတယ်။ ဘာသာရေး ကိုင်းရှိုင်းသူတွေကလည်း ဆုတောင်းရုံပဲ လုပ်မနေကြဘဲ သိပ္ပံပညာရှင်တွေရဲ့ စကားကိုလည်း နားစွင့်ထားကြရမယ်။ တိဘက်သားတွေ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓ အယူအဆအရ ဘယ်အရာကိုမဆို လွယ်လွယ် ကိုးကွယ်လိုက်တာမျိုးကို လက်မခံဘူး။ ကျိုးကြောင်း ဓမ္မ ဆင်ခြင်ကြည့်လို့ သဟဇာတ မဖြစ်ဘူးဆိုရင် ဗုဒ္ဓ စကားလို့ ဆိုစေဦးတော့၊ ပယ်ခွင့် ရှိတယ်လေ။ ဒီဘုန်းကြီးရဲ့ ကလေးဘဝမှာလည်း အမြဲတမ်း ဓမ္မရေးရာ ဆွေးနွေးငြင်းခုံခဲ့တာပဲ။ ဘုန်းကြီးတို့ရဲ့ အတွေးအခေါ်က ယုံကြည်မှု သက်သက်အပေါ်မှာ အခြေမခံဘူး၊ ကျိုးကြောင်း ဆင်ခြင်တုံတရား အပေါ်မှာ အခြေခံတယ်။

ဗုဒ္ဓ ကိုယ်တိုင်လည်း နန်တော်မှာ မွေးဖွားခဲ့တာ မဟုတ်ဘူး။ သစ်တစ်ပင်အောက်မှာ မွေးဖွားခဲ့ရတာပဲ။ သဗ္ဗညု ဉာဏ်ရတော့လည်း ဗောဓိပင်အောက်မှာ ရခဲ့တယ်။ ပရိနိဗ္ဗာန် ပြုတော့လည်း သစ်တစ်ပင် အောက်မှာပဲ။ ဘုန်းကြီးတို့ရဲ့ ဝါတွင်း ဝိနည်းတွေထဲမှာ စိမ်းစိုနေတဲ့ဘယ်အပင်ကိုမှ မဖျက်ဆီးရဘူး။ ဒါတွေကို ထောက်ရင် ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ကလည်း သဘာဝကို အလေးထားတယ်ဆိုတာကို တွေ့ရမယ်။

နာရီတွေ၊ မိနစ်တွေ၊ စက္ကန့်တွေ၊ အချိန်တွေဟာ အမြဲဘူး။ လူတွေ အားလုံးဟာလည်း သဘာဝလောကကြီးရဲ့အစိတ်အပိုင်းတွေပဲ။ ပြီးခဲ့တဲ့ အတိတ်ဆိုတာ အရေးကြီးတယ်။ ဒါပေမယ့် လွန်ခဲ့ပြီ။ အနာဂတ်ကတော့ ကိုယ်လက်ထဲမှာ ရှိတယ်။ ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ သဘာဝ ဂေဟစနစ်ကို အလေးထားကြဖို့ လိုပါတယ်။

Dalai Lama: We Must Act as One to Preserve Our World (TIME 100 Talk)
https://www.facebook.com/nethwin.nyein/posts/1070805393336548 - မှ ကူးယူဖော်ပြသည်။