Breaking News

လှကျော်ဇော - ထရန့်ရဲ့ (ဂျီဆဲဗင်း) အိပ်မက်


လှကျော်ဇော - ထရန့်ရဲ့ (ဂျီဆဲဗင်း) အိပ်မက်

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၀

၂၀၂၀ ကတော့ ထရန့်အတွက် ပြဿဒါးလွတ်ဟန်မတူဘူး။

ဖွံ့ဖြိုးပြီး နိုင်ငံကြီး(၇)နိုင်ငံ (ဂျီ၇ - အမေရိကန် ၊ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်) ရဲ့ နှစ်စဉ်ထိပ်သီးဆွေးနွေးပွဲတွေကို အလှည့်ကျနိုင်ငံတွေမှာ ကျင်းပလေ့ရှိရာမှာ ဒီနှစ်က အမေရိကန်မှာ ကျင်းပမှာပါ။ ထရန့်က သူ့အတွက်အခွင့်အရေးလို့ သဘောထားပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ရှိတယ်လေ။ သူ့အတွက် ပြန်အရွေးခံရရေး ရည်ရွယ်ချက်ဟာ ဦးစားပေးလုပ်ငန်းကြီးပါ။

လက်ရှိပြည်တွင်းအခြေအနေကလည်း - 

၁။ ကပ်ရောဂါဘေးက အေးမယ့်လမ်းမမြင်။ သူ့အပြောအဆိုနဲ့သူ့အစိုးရရဲ့ကိုင်တွယ်ပုံ အလွှဲလွှဲအမှားမှားတွေကလည်း ပြိုင်ဖက် ဒီမိုကရက်တွေအတွက် အကွက်ကောင်း။

၂။ စီးပွားရေးဘက်ကြည့်ပြန်တော့လည်း အခြေအနေကမကောင်း။ စီးပွားရေးဦးစားပေးပြီး ပိတ်ဆို့ထားမှုတွေကိုအတင်းဖွင့်ခိုင်းလိုက်မိလို့ ရောဂါဖြစ်ပွားနှုန်းက တအားတက်လာ။

၃။ လူမဲအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံးအပြီး ပေါ်ထွက်လာတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့်လည်း ထရန့်ထောက်ခံမှုကျလာပြန် စတာ စတာ တွေကြောင့် အခြေမလှ။

ဒါကြောင့် နိုင်ငံတကာစင်မြင့်ဘက်လှည့်နိုင်ရေး အမျိုးမျိုးပြင်ဆင်ပါတယ်။ ဒီအထဲ ဂျီ (၇) ထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ဖြစ်လာတာပါ။ ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက် မကိုက်လှပါဘူး။

၁။ စကတည်းကယဉ်သကို ဆိုသလိုပဲ၊ သူက ဒီထိပ်သီးဆွေးနွေးပွဲကို သူရဲ့ ကိုယ်ပိုင်အနားယူစခန်း ဖလော်ရီဒါမှာ လုပ်မယ်လို့ ကြေညာလိုက်တာနဲ့ ပွက်ပွက်ရိုက် သွားပါတယ်။ စီးပွားရေးသမားများအချင်းချင်း ခြေမြင်ပြီး သူ့ကိုယ်ပိုင် စီးပွားရေးကို အစိုးရစရိတ်နဲ့ လုပ်တာဆိုပြီး ဝိုင်းကန့်ကွက်ကြတာပါ။

၂။ ကပ်ရောဂါဘေး မအေးခင်မှာဘဲ (မေလတွင်း) မျက်နှာချင်းဆိုင် အစည်းအဝေး တွေလုပ်ရအောင်လို့ ဖိတ်မန္တကပြုပြန်တော့လည်း ဂျာမနီဝန်ကြီးချုပ်ကရော ပြင်သစ် သမ္မတကရော ကပ်ရောဂါမစင်သေးတာအကြောင်းပြပြီး နောင်မှပေါ့ ... တဲ့။

၃။ ဂျီ(၇)ကို သူက ဂျီ(၁၁)အဖြစ် ပြောင်းပြီး သြစတျေးလျ၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုးရီးယားတို့ကို ထည့် သွင်းဖို့ကြိုးစားလာရာမှာလည်း ကန့်ကွက်မှုတွေနဲ့ ကြုံရပြန် ပါတယ်။

ရုရှားကို ဖိတ်ဖို့ဆိုတာကိုလည်း ဥရောပနိုင်ငံတွေက သဘောမတူဘူး။

တခါ ဂျပန်က အာရှမှာ သူ့ဗိုလ်နေရာပျောက်မှာစိုးလို့ တောင်ကိုရီယားကိုဖိတ်ရေး သဘောမတူဘူး။

တကယ်တော့ အိမ်ရှင်နိုင်ငံအနေနဲ့ ဖိတ်ချင်တဲ့နိုင်ငံကို ဖိတ်ခွင့်ရှိပါတယ်။

ဒါပေမဲ့ ထရန့်ရဲ့ရည်ရွယ်ချက်ကို သဘောမကျကြလို့ပါ။

ဒါ့အပြင် (ဂျီ၇) ဆိုတဲံအနောက်နိုင်ငံအများစုအဖွဲ့ရဲ့ အရှိန်သြဇာကျလာနေပါပြီ။ ၁၉၇၀ခုနှစ်များက အလုပ်ဖြစ်ခဲ့ကြပေမယ့်၊ အခု စီးပွားရေးအရှိန်အဟုန်က အရှေ့ဘက် တဖြည်း ဖြည်းရောက်လာနေပါတယ်။ ဒီအတွက် နောက်ပိုင်း အလျင်အမြန် တိုးတက်လာတဲ့ နိုင်ငံများပါအပါ ဖွဲ့စည်းထားတဲ့  (ဂျီ၂၀) က ပိုအရေးပါလာပါတယ်။

ဒါတွေကို ထရန့်က လက်မခံနိုင်လို့ ဒီလိုလုပ်လာတာပါ။ အထူးသဖြင့် တရုတ်ကို ဖြစ်ပြီး ဒီ (ဂျီ၁၁) ဆိုတာကိုလည်း တရုတ်ကို သေနင်္ဂဗျူဟာထိန်းချုပ်ရေးစင်မြင့်အဖြစ် အသုံးချချင်တာပါ။ ဒါပေမဲ့ ထရန့်တွက်ချက်မှုတွေ မှားပါတယ်။

၁။ ဥရောပနိုင်ငံခေါင်းဆောင်များက ဒီလိုကပ်ဘေးမငြိမ်သေးတဲ့အချိန် အမေရိကန်သွားပြီး ထရန့်ပြန်အရွေးခံရရေး ကူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထရန့်နဲ့ကလည်း သိပ် အဆင်ပြေလှတာမဟုတ်။ အကျိုးစီးပွားရည်ရွယ်ချက်ချင်းကလည်း မတူ။ အခြေအတင် ပြသာနာတွေကလည်း အများကြီး။ (ဥပမာ အီရန်အနုမြူစာချုပ်။ ပဲရစ်ရာသီဥတု၊ ကုန်သွယ်ရေးစသဖြင့်)

တကယ်တော့ ဥရောပခေါင်းဆောင်များကလည်း ထရန့်လိုပဲ (ဂျီ-၇)ကို အားကောင်း မောင်းသန် ပြန်ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သူတို့ဖြစ်စေချင်တဲ့ရည်ရွယ်ချက်က နိုင်ငံတကာစနစ်တွေကို ပိုမိုကောင်းမွန်ရေးအတွက်ပါ။ ထရန့်က ဒီလို အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်မှုများကို တိုက်ခိုက်နေရုံမက အဲဒီလိုအဖွဲ့မျိုးတွေထံကတောင် နုတ်ထွက်တာ တွေ ရှိနေတဲ့အပေါ် စိတ်ပျက်နေကြတာပါ။

ဒါ့အပြင် တရုတ်ရဲ့ အလျင်အမြန်တိုးတက်ဖွံ့ဖြိုးလာမှုအပေါ် စိုးရိမ်မှုတွေ အသီးသီး ရှိနေပေမယ့် ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတဲ့အပေါ်မှာတော့ အမြင် အမျိုးမျိုး ကွဲနေပြီး ညီညွတ်တဲ့သဘောထား မရှာနိုင်သေးပါဘူး။

၂။ ရုရှားကိုဖိတ်တာဟာ ရုရှားကို မိမိဖက်ဆွဲယူဖို့ ကြိုးစားတာပါ။ ရုရှားနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ကောင်းအောင်လုပ်ချင်နေတာ။ ဒါ့အပြင် ရုရှားနဲ့တရုတ်အကြား သပ်လျှို ချင်တာလည်း ပါပါတယ်။ ရုရှားကလည်း တချိန်လုံး အနောက်နိုင်ငံများရဲ့ ပိတ်ဆို့မှု အမျိုးမျိုးတွေနဲ့ ဗိုလ်ကျမှုကို ခံနေရတာပဲ။ ဒါကိုရင်ဆိုင်ဖို့ တရုတ်နဲ့ပူးပေါင်းနေတာ။ ဒီတပ်ပေါင်းစုခြေလှမ်းကလည်း အတော် အလုပ်ဖြစ်နေပါပြီ။ ဒီတော့ ထရန့် ထောင်ချောက်ထဲ ဘယ် ဝင်မှာတုံး။ ရုရှားနိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ကမ္ဘာမှာ လုပ်ဆောင်မယ့် ရှေ့ဆောင်ရှေ့ရွက်လုပ်ငန်းတွေမှာ တရုတ်မပါလို့ မဖြစ်နိုင်ပါဘူး ဆိုပြီး အမေရိကန်ရဲ့ဖိတ်ကြားမှုကို ငြင်းလိုက်ပါတယ်။

၃။ ဂျပန်က အာဘေးဆိုရင်လည်း ထရန့် သမ္မတရွေးကောက်ပွဲနိုင်နိုင်ချင်း အပြေးအလွှား သွားခစားထားတာ။ ဒါကိုမှ မထောက် ဂျပန်အတွက် သေနင်္ဂဗျူဟာ အရေးဖြစ်တဲ့ (တရုတ် နဲ့ယှဉ်ပြိုင်ရေး) တီပီပီကနေ ထရန့်က နုတ်ထွက်လိုက်လို့ ဂျပန်ခမျာ မချစ်သော်လည်း အောင့်ကာနမ်းအဖြစ်နဲ့ တရုတ်ဦးဆောင်တဲ့ အာဆက်ထဲ ရောက်သွားရတာ။ ထရန့်ကို ဘယ်ကြည်နိုင်ပါ့မတုံး။

၄။ သြစတျေလျ၊ အိန္ဒိယ၊ တောင်ကိုးရီးယားဆိုတဲ့ နိုင်ငံတွေအနေနဲ့ အမေရိကန် ရဲ့ အင်ဒို-ပစိဖိတ်ဗျူဟာမှာ ပါထားရပေမယ့် သူတို့အသီးသီးမှာလည်း ကိုယ့်နိုင်ငံအကျိုးအရ (အထူးသဖြင့် စီးပွားရေးလုပ်ငန်းများနဲ့ ဆက်စပ်နေတဲ့) တရုတ်အပေါ် အမေရိကန် အလိုကျမလုပ်နိုင်ပါဘူး။ ထောက်ထားစရာတွေရှိပါတယ်။

ဥပမာ - အခုလောလောဆယ်ဖြစ်ပွားလိုက်တဲ့ အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်းပဲ ကြည့် ပါ။ ထရန့်က အိန္ဒိယမိုဒီဆီ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး ဘာကူညီရမလဲ မေးနေတာပါ။ မိုဒီက ဒါ နှစ်နိုင်ငံကိစ္စဖြစ်လို့ နှစ်နိုင်ငံချင်းပဲ ဖြေရှင်းမယ်လို့ပြောပြီး ငြင်းပါတယ်။ အိန္ဒိယအတွက်က အင်ဒိုပစိဖိတ်ဗျူဟာနဲ့ သူရဲ့အရှေ့မျှော်ပေါ်လစီကို ပေါင်းစပ်နိုင်ရေးဆိုတဲ့ သေနင်္ဂဗျူဟာစဉ်းစားမှုပေါ်ကပဲ လုပ်ဆောင်မှာဖြစ်ပြီး သူ့ရဲ့အစဉ်အလာ လွတ်လပ်တဲ့ နိုင်ငံခြားရေးဝါဒကိုသာ ကျင့်သုံးရမှာပါ။

ဒီနိုင်ငံတွေကလည်း မိမိတို့ရဲ့ ပထဝီနိုင်ငံရေးအရ အရေးသာမှု (ကမ္ဘာစီးပွားရေးဗဟို အချက်အချာကျလာတဲ့ ဒေသတွင်းဖြစ်နေမှု) ကို အခွင့်ကောင်းအဖြစ် အသုံးချရမှာပါ။ အမေရိကန်ရဲ့ နယ်ရုပ်ကလေးများအဖြစ်တော့ အရောက်မခံနိုင်ကြပါဘူး။

ဒါတွေကြောင့် ထရန့်ရဲ့ (ဂျီ၇) အိပ်မက် ကသောင်းကနင်းဖြစ်ရတာပါ။ အခြေခံက ထရန့် အနေနဲ့ ပြည်တွင်းမှာ ထောက်ခံမှုကျနေတာကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲ ပြန်နိုင်ချေ မသေချာပါဘူး။ ဒါ့ကြောင့် ဘယ်နိုင်ငံကမှ ထရန့်အပေါ် ပုံမယုံနိုင်ဖြစ်နေတာပါ။

အလွန်တရားကျစရာကောင်းပါတယ်။

နိုင်ငံရေးသမားများအနေနဲ့ မိမိကိုယ်စားပြုတယ်လို့ဆိုတဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ်၊ လူမျိုးပဲဖြစ်ဖြစ်၊ ဒေသပဲဖြစ်ဖြစ်၊ စတာတွေရဲ့ထောက်ခံမှုကို ရမှသာ နိုင်ငံရေး ဂုဏ်သိက္ခာ ရှိတာပါ။ အထူးသဖြင့် အခုခေတ်လို အရာရာပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ လူထုရဲ့ထောက်ခံမှုရဖို့ဆိုတာလွယ်လှတာ မဟုတ်ပါဘူး။ဒါကိုသင်ခန်းစာယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

၈-၇-၂၀၂၀။

ကိုးကား။ http://www.bjreview.com/Wor…/202006/t20200615_800209938.html