Breaking News

ခင်မျိုးချစ် - တိုးတက်မှုလား၊ ဆုတ်ယုတ်မှုလား



ခင်မျိုးချစ် - တိုးတက်မှုလား၊ ဆုတ်ယုတ်မှုလား

(အတွေးအမြင်မဂ္ဂဇင်း၊ ၂၀၂၀)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၀

ဤစွန်းလွန်းတရားကို အားထုတ်ခြင်း၏ အံ့ဩစရာတခုမှာ ဘုန်းကြီးကျောင်းသို့ အေးချမ်းမှုနှင့် အနားယူရန် သွားခြင်း ဖြစ်သော်လည်း တနင်္လာနေ့တိုင်း တရား နှစ်ကြိမ်ထိုင်ခြင်းမှ ဘာတွေရရှိပါသလဲဟု ပြန်လည်၍ သုံးသပ်သောအခါ အလွန်ကြမ်းတမ်းသော အဆုံးအမကို ခံရခြင်း ဖြစ်လေသည်။ တရားထိုင်သည့်အချိန်တိုင်း တွင် နာကျင်သည့် ဝေဒနာများကို အမြဲတမ်း ခံရခြင်း ဖြစ်ပါသည်။ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်သောသူသည် ရူးနေလို့သာ ဖြစ်ရမည်ဟု တွေးမိပါသည်။ စဉ်းစားကြည်ပါ။ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ နာကျင်သော ဝေဒနာများကို ခံရဖို့သက်သက် မြို့ပြင်မှာ ဝေးလံသော နေရာတခုကို သွားတာဟာ ရူးနေလို့သာ ဖြစ်ရမည်ဟုသာ ထင်စရာရှိပါသည်။

“ဒီလောက် အဓိပ္ပာယ်ကင်းမဲ့တဲ့အလုပ်ကို ငါတို့ ဘာကြောင့် လုပ်နေတာလဲ၊ ရူးနေလို့သာ ဖြစ်ရမယ်” ဟူ၍ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် မေးမိပါသည်။ လုပ်ရသည့်အလုပ်ကို ပြန်စဉ်းစားကြည့်ပါ။ လေးဆယ့်ငါးမိနစ် လောက် အသက်ကို ပြင်းပြင်းရှူရသည်။ နောက်ထပ်နာရီဝက်လောက် နာကျင်တာတွေကို ခံရသည်။ ဒါဟာ ဘာအဓိပ္ပာယ်ရှိသည့်အလုပ်လဲ။

ကျွန်မတို့သည် ကျွန်မတို့၏ မိတ်ဆွေနှစ်ဦးဖြစ်သော ဘုန်းကြီး ဦးသာသနဝိသုဒ္ဓိနှင့် ဦးဝိနယတို့ကို ဒီအတိုင်းပဲ လျှောက်ပါသည်။ ကျွန်မတို့ လုပ်နေသောအလုပ်၏အပေါ်တွင် ကျွန်မတို့လည်း ယုံကြည်မှု ကင်းမဲ့နေပါသည်။ ယခုအထိ ဤအလုပ်ကို လုပ်နေခြင်းမှာ စူးစမ်းချင်စိတ်ကြောင့်သက်သက် ဖြစ်သည်။ အလွန်သိချင်နေသော အရာမှာ ကျွန်မတို့၏ မိတ်ဆွေနှစ်ဦးသည် လောကီစည်းစိမ်တို့ကို ဘာကြောင့် စွန့်ခဲ့ကြသနည်း။ သူတို့သည် တခုခုကို တွေ့သောကြောင့် လောကီစည်းစိမ်အားလုံးကို စွန့်ခဲ့ခြင်း ဖြစ်ရမည်။ သူတို့ တွေ့သောအရာသည် ဘာ ဟူသည်ကို သိချင်သည်။

ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်၍ ပြောသည့်အပြောမျိုးကို ဘုန်းကြီး တော်တော်များများသည် ကြိုက်နှစ်သက်မည် မဟုတ်ပါ။ သို့သော် ဤဘောက်ထော် စွန်းလွန်းကျောင်း၏ ဆရာတော်သည် သဘောထား ပြည့်ဝပါသည်။ သူသည် ဤကဲ့သို့သော မေးခွန်းများကို ကောင်းစွာလက်ခံပြီး စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးပါသည်။

ဤတရားထိုင်သောနည်းတွင် တရားစကားဖြင့် ပြောလျှင် ‘ဝေဒနာတက်ခြင်း’ သာမန်လူ နားလည်သော စကားဖြင့် နာကျင်ကိုက်ခဲခြင်း အမျိုးမျိုးကို ခံရခြင်းသည် အရေးပါသောအရာ ဖြစ်သည်ဟု ဆရာတော်က ဟောကြားသည်။ ကျွန်မစိတ်ထဲတွင် ဖြစ်လာသည်မှာ ဒီလို နာကျင်ကိုက်ခဲတာတွေဟာ အခု အားထုတ်နေ သည့် နိဗ္ဗာန်ရောက်ကြောင်းတရား၊ အမှန်တရားနဲ့ ဘယ်လို ပတ်သက်သလဲ၊ စိတ်ထဲတွင် ဤဖြစ်ပေါ်လာသည့် အတိုင်း ဆရာတော်ကို လျှောက်ပါသည်။

ထိုအခါ ဆရာတော်က ဟောကြားသည်မှာ နာကျင်ကိုက်ခဲသည့် ဝေဒနာများအပေါ်ကို သတိကပ်နိုင်ခြင်း၊ ဆိုလိုသည်မှာ ဒီအပေါ်မှာ လောဘ၊ ဒေါသ၊ မောဟကင်းစွာဖြင့် ပစ္စုပ္ပန်တည့်တည့် ကြည့်နိုင်ရန်အတွက် သမာဓိရှိရမည် ဖြစ်သည်။ ဆရာတော်က ဆက်လက်၍ ဟောကြားသည်မှာ–

“နာကျင် ကိုက်ခဲတာတွေကို ခံရခြင်းဟာ အခုရှာနေတဲ့ အမှန်တရားရဲ့ သော့ချက် ဖြစ်ပါတယ်။ ဘယ်လို သော့ချက် ဖြစ်တာလဲ။ မင်းရဲ့ သမာဓိအားဟာ ဒီဝေဒနာကို ပျောက်စေချင်တဲ့စိတ်နဲ့ မကြည့်ရဘူး။ ဒါဟာ မခံသာတဲ့ ဒုက္ခဝေဒနာကို ပြောတာ။ အကယ်၍ ခံရတဲ့ဝေဒနာဟာ ခံလို့ကောင်းတဲ့ သုခဝေဒနာ ဖြစ်ခဲ့ရင်လည်း ခံစားချင်တဲ့စိတ်နဲ့ သူ့ကို ရှိနေပါစေဆိုတဲ့စိတ်နဲ့ နှလုံးမသွင်းရဘူး။ ဆိုလိုတာက ဘယ်လိုဝေဒနာကိုပဲ ဖြစ်စေ၊ နှစ်သက်စရာကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ လောဘစိတ် မဖြစ်ရဘူး၊ ဒေါသစိတ်လည်း မဖြစ်ရဘူး။ အတိတ်ကို မပြန်၊ အနာဂတ်ကို မသွားဘဲ ပစ္စုပ္ပန်တည့်တည့် ကြည့်နေနိုင်ရမယ်။ ဒီလိုသာ စိတ်က နှလုံးသွင်းနိုင်ခဲ့ရင် ဒီတရားအားထုတ်မှုအပေါ်မှာ မှန်ကန်တဲ့ နှလုံးသွင်းနိုင်မှုကို ရရှိလိမ့်မယ်”

ဆရာတော် ဟောကြားသည့် တရားကို နာရသည့်အခါတွင် သေချာစွာ သဘောပေါက်တာတခုမှာ ဆရာတော်သည် ဤတရားအပေါ်တွင် ယုံကြည်မှုအပြည့်ဖြင့် ဟောကြားခြင်းဖြစ်၏။ ဆရာ‌တော်သည် သူကိုယ်တိုင် ယုံကြည်သောတရားကို ယုံကြည်မှုအပြည့်ဖြင့် ဟောကြားနေခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် ကျွန်မဘက်က ဖြစ်ပေါ်သောစိတ်ကို ပြောရလျှင် ဆရာတော် ဟောကြားသည့်တရားကို လက်မခံနိုင်သေးပါ။ ဆရာတော်ကိုယ်တိုင်က ယုံကြည်သကဲ့သို့ မယုံကြည်နိုင်ပါ။ ကျွန်မသည် ဤတရားကို ဆက်လက်၍ အားထုတ်ရန်ကိုတော့ ဆုံးဖြတ်ထားပါသည်။ ဤတရားအားထုတ်ခြင်းကြောင့် ကိုယ်နှင့် စိတ်တို့သည် လန်းဆန်းသည် ဟူသည်ကိုတော့ လက်ခံနိုင်ပါသည်။ သို့သော် ကျွန်မသည် ဒါလောက်နှင့်တော့ မကျေနပ်နိုင်ပါ။ မည်သည့် ကိုယ်လက်လေ့ကျင့်ခန်းမဆို ဤကဲ့သို့သော လန်းဆန်းမှုကို ပေးနိုင်ပါသည်။ ကျွန်မသည် ဒါလောက်နှင့်တော့ မကျေနပ်နိုင်သေးပါ။ ဒါထက်ပို၍ လိုချင်ပါသည်။ ဤသို့ဆိုလျှင် ကျွန်မ လိုချင်သောအရာသည် ဘာလဲ။ ဒါကိုတော့ သဲသဲကွဲကွဲ မပြောတတ်ပါ။ ပြောနိုင်တာကတော့ ကျွန်မ လိုချင်တာကို မရသေးပါ။ ထို့ကြောင့် ဒီတရားအားထုတ်နည်းကိုတော့ သူ့ကို အခွင့်အရေးပေးသည့်အနေဖြင့် ဆက်တော့ လုပ်ကြည့်ရမှာပဲဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်ပါသည်။

ကျွန်မတို့သည် တပတ်လျှင် တရက် ဘုန်းကြီးကျောင်းသို့ မှန်မှန် ဆက်လက်၍ သွားကြပါသည်။ ထိုအခါ ကျွန်မသည် တရားထိုင်သည့်အချိန်တိုင်းတွင် အသက်ရှူရာတွင် အခက်အခဲ တွေ့ရပါသည်။ နှာခေါင်းမှ အသက်မရှူနိုင်သဖြင့် ပါးစပ်မှပင် ရှူရပါသည်။ ကျွန်မကို တရားပြသောဆရာက ပါးစပ်ကို ပိတ်ထားပြီး နှာခေါင်းမှ ကြိုးစား၍ ရှူရန် ညွှန်ကြားပါသည်။ သို့သော် နှာခေါင်းသည် အသက်ရှူ၍မရလောက်အောင် ပိတ်နေပါသည်။ တရားပြသောပုဂ္ဂိုလ်၏စကားကို နားထောင်၍ နှာခေါင်းမှ အသက်ရှူဖို့ကို ကြိုးစားပါသည်။ ထိုအခါ နှာချေသောဒဏ်ကို ခံရပြန်သည်။ ကျွန်မသည် ပြင်းပြင်းရှူဖို့ကို ဆက်လက်၍ ကြိုးပမ်းပါသည်။ သို့သော် အသက်ရှူ၍ကား မရပါ။ ကျွန်မ၏ ကိုယ်ခန္ဓာသည် တုန်ခါ၍ လာပြန်ပါသည်။ လည်ပင်းသည် ကွဲထွက်တော့မလို ရောင်လာပါသည်။

တရားပြဆရာသည် ပြင်းပြင်းရှူဖို့ကိုသာ တိုက်တွန်းလျက်ရှိသည်။ ကျွန်မသည် ထောင်ချောက်ထဲ ပိတ်မိနေသော သားကောင်ပမာ ရုန်းထွက်လျက်ရှိသည်။ ကြိမ်ဖန်များစွာ အသက်ရှူကျပ်သော ဝေဒနာမှ ရုန်းမထွက်နိုင်ပါ။ အကြိမ်များစွာ ကျွန်မ၏ တရားပြသောဆရာသည် ကျွန်မကို မဖြစ်နိုင်တာတွေ အတင်းလုပ်ခိုင်းသည်ဟု ခံစားရပါသည်။ အံ့ဩစရာကောင်းသည်မှာ ဤကဲ့သို့ မခံနိုင်သော ဝေဒနာများသည် တရားထိုင်သည့်အချိန် ကုန်သွားသောအခါတွင် ကုန်သွားပြီး ပင်ကိုအတိုင်း ပြန်၍လန်းဆန်းနေသည်။

ထို့ကြောင့် တရားထိုင်သည့်အချိန်များကို မပျက်မကွက် ဆက်လက်၍ ထိုင်သည်။ ကျွန်မ၏တရားပြသော ဆရာများက တရားထိုင်သည့်အချိန်တွင် တွေ့ကြုံရသော အကျပ်အတည်းများကို ကျော်လွန်သွားနိုင်အောင် ကြိုးပမ်းဖို့ တိုက်တွန်းသည်။ ကျွန်မ စိတ်ထဲတွင်လည်း ဤအကျပ်အတည်းများကို ကျော်လွန်နိုင်လျှင် သိပ်ကောင်းမှာပဲဟုတော့ ထင်ပါသည်။ သို့သော် ယခုလောလောဆယ် အခြေအနေမှာ အုတ်နံရံကို ခေါင်းနှင့် ပြေးဆောင့်ရသကဲ့သို့ ဖြစ်နေပါသည်။

(ဒေါ်ခင်မျိုးချစ်၏ QUEST FOR PEACE မှ PROGRESS OR SETBACK ကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က ဘာသာပြန်သည်။)