Breaking News

မောင်ရစ် - ပါတီ၊ ရွေးကောက်ပွဲ နဲ့ မဲ



မောင်ရစ် - ပါတီ၊ ရွေးကောက်ပွဲ နဲ့ မဲ

(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၀

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၀၀ သာ လိုတော့တယ်။ အမေရိကန်နဲ့ မြန်မာဟာ ကံတူအကျိူးပေးတွေပေါ့။ နိုဝင်ဘာမှာ ရွေးကောက်ပွဲ အတူတူ လုပ်ကြမယ်။ ထရန့်ကို ပြိုင်မယ့်သူ ဒီမိုကရက်သမတလောင်းက ဂျိုးဘိုင်ဒင်။ ကိုဗစ်ကိုက်ထားလို့ အထိနာနေတဲ့ အမေရိကန်ဟာ ရွေးကောက်ပွဲအတွက် စိတ်စောနေကြပြီ။ ထရန့်မရှိတော့မယ့် ကမ္ဘာလား ထရန့်ဆက်ရှိဦးမယ့် ကမ္ဘာကြီးလား အဆုံးအဖြတ်ပေါ့။

ကိုဗစ်ကပ်ဆိုက်လိုက်လို့ ဒီမိုကရက်တွေဟာ သမတလောင်းရွေးပွဲတောင် ကောင်းကောင်း မလုပ်လိုက်ရဘူး။ လူငယ်ကြိုက် ဘာနီဆင်းဒါးဟာ လူကြီးကြိုက် ဂျိုးဘိုင်ဒင်ကို စောစောစီးစီး အရှုံးပေးပြီး သမတလောင်းစင်ပေါ်က ဆင်းသွားတယ်။ သို့သော် လူငယ်ကြိုက် လက်ဝဲဆန်သူ ပြုပြင်ပြောင်းလဲရေးသမား ဘာနီဆင်းဒါး ဩဇာက အလွန်ဆက်ကြီးမားနေတော့ အမေရိကန်လွှတ်တော်အမတ်လောင်း ရွေးကြတဲ့ဆီမှာ ဘာနီဆင်းဒါး ထောက်ခံတဲ့ အမတ်လောင်းတွေက ရှေ့ကနေ တစ်ပြေးနေကြတယ်။ လူငယ်ခြေတက်တွေ အမေရိကန်အမတ်အဖြစ်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ် အများအပြား တက်လာဖို့ ရှိနေတယ်။ အခုလည်းပဲ ဘာနီဆင်းဒါးဩဇာလွှမ်းတဲ့ အမတ်တွေ အမေရိကန်လွှတ်တော်ထဲမှာ ရောက်နှင့်နေကြပါပြီ။

အမေရိကန်က ပါတီတွေကလည်း ပါတီတွင်းမှာပဲ ကြိတ်ပြီး အမတ်ရွေးခြယ်ကြတာပါပဲ။ လူထုက တိုက်ရိုက်ရွေးရတယ်လို့ မရှိပါဘူး။ အမတ်လောင်းအသစ်တွေက ကိုယ့်မြို့နယ်ထဲမှာ စည်းရုံးရေးဆင်း သွေးတိုးစမ်းကြတယ်။ လူကြိုက်များအောင် လုပ်ကြည့်တယ်။ ပါတီလူကြီးတွေ ကြိုက်အောင်လည်း နေပြကြတယ်။ သည်လိုဆိုရင် အမတ်လောင်းအဖြစ် ပါတီလူကြီးတွေ ရွေးဖို့ သေချာပါပြီ။ မဲဆန္ဒရှင်တွေ ကြိုက်တဲ့ သူဆိုရင် ပါတီအတွက် အလုပ်သက်သာတာကိုး။ မဟုတ်ရင် ပါတီက အကုန်အကျခံပြီး စည်းရုံးရေး ဆင်းရဦးမယ်လေ။

နောက်တချက်ကတော့ လူပြိန်းကြိုက်ခေါ်ခေါ် ခေတ်ကာလကြိုက်တဲ့ ပေါ်လစီတွေ လှုပ်ရှားမှုတွေ တိုက်ပွဲခေါ်သံတွေနဲ့ ယဉ်ပါးပြီး လူထုကို လှုံဆော် စည်းရုံးနိုင်တဲ့ ဖိုက်တာတွေ အက်တီဗစ်တွေ စည်းရုံးရေးသမားကောင်းတွေကလည်း အမတ်ဖြစ်ဖို့ လမ်းသာတယ်။ ဒီမိုကရက်တွေထဲက ဝါရင့်အမတ်ကြီး ဘာနီဆင်းဒါးဆိုတာ (တသီးပုဂ္ဂလဆိုသော်လည်း ဒီမိုကရက်ဘက် ယိမ်းသူ) အဲသည်လို ဖိုက်တာမျိုး၊ လူထုကို လှုံဆော်နိုင်သူ၊ လွှတ်တော်မှာ အဆိုတင်သွင်းပြီး ပေါ်လစီတွေ မိတ်ဆက်နိုင်သူ ဖြစ်တဲ့အပြင် အမတ်မျိူးဆက်သစ်လောင်းတွေကို သူကနေ endorse ထောက်ခံပေးနိုင်သူ ဗျာဒိတ်ပေးနိုင်သူအဖြစ် ထင်ရှားတော့ သူခေါင်းငြိမ့်သူတွေကို လူထုက မဲပေးဖို့ အားသာပါတယ်။

မဲပေးတာကတော့ ပေးချင်အောင် လှုံဆော်စည်းရုံးနိုင်တဲ့ ပါတီနောက်ကို လူတွေ များများဝိုင်းပေးရင် နိုင်ကြမှာပဲ။ မဲထွက်ပေးအောင် မစည်းရုံးနိုင်တဲ့ပါတီကအမတ် ရှုံးကြတာပဲ။ အမေရိကားမှာ လူကြီးတွေထဲက အထက်တန်းနဲ့ အလတ်တန်းအလွှာက မဲထွက်ပေးကြတာ များပါတယ်။ သူတို့က မဲပေးဖို့ စိတ်ဝင်စားတယ်၊ အားအား ယားယားလည်း ရှိတယ်။ လူငယ်တွေနဲ့ အောက်ခြေအတန်းအလွှာကတော့ မဲပေးဖို့ အချိန်မရှိကြဘူး။ စိတ်လည်း မဝင်စားဖူး။ သူတို့အတွက် မထူးဘူး ထင်ကြတယ်။ နောက်ပိုင်း အိုဘားမားသမတဖြစ်လာတာကတော့ လူငယ်တွေ အခြေခံလူတန်းစားတွေ လူဖြူမဟုတ်သူတွေက မဲထွက်ပေးကြလို့ပါ။ နောက်ပိ်ုင်း သူတို့တွေ မဲမပေးကြတဲ့အခါ ဟီလာရီကလင်တန်တောင် ထရန့်ကို ရှုံးခဲ့တာပဲ။ ထရန့်ကို မဲပေးသူတွေဟာ ခုနင်က မဲပေးဖို့ စိတ်ဝင်စားပြီး အားအားယားယားရှိတယ်၊ လူဖြူ လူကြီးတွေ များတယ်။ သူတို့ ရွေးကောက်ပွဲတိုင်းမှာ သူတို့ထောက်ခံတဲ့ပါတီကဆိုရင် ဘယ်သူဖြစ်ဖြစ် ထောက်ခံမဲပေးလိုက်တာပဲ။ သည်လို မဲပေးဖို့ ၀တ္တရားကျေပွန်သူ လူတန်းစားဆိုတာကလည်း အမြဲရှိနေတယ်။

ဆိုတော့ မဲပေးသူလူတန်းစားနဲ့ မဲမှန်မှန်မပေးသူ လူတန်းစား ၂ ခုမှာ မဲပုံမှန်မပေးသူလူတန်းစားတွေကို နိုင်ငံရေးပါတီတွေ ကော်ပိုရေးရှင်းကြီးတွေ လော်ဘီကြီးတွေက ပစ်မှတ်ထား တိုက်ခိုက်ကြတာ ထုံးစံဖြစ်ပါတယ်။ ပြိုင်ဘက်ပါတီအတွက် မဲပုံမှန်မပေးတတ်သူတွေ မဲထွက်မပေးအောင် ဖျက်မြင်းလုပ်သွေးထိုးဖို့ သူတို့က အဓိကစိတ်ဝင်စားတယ်။ သူတို့ထောက်ခံတဲ့ပါတီအတွက် မဲပေးဖို့အရေး စည်းရုံးလှုံဆော်တာကလည်း တပိုင်းပေါ့။ တဖက်ပါတီထောက်ခံသူတွေ မဲထွက်မပေးတာကလည်း သူတို့အတွက် အောင်မြင်မှုပဲကိုး။

ထရန့်က သူ့ကို မဲထွက်ပေးမယ့် လက်ယာမျိုးချစ်တွေကို စည်းရုံးလှုံဆော်တယ်။ ဒါ့အပြင် တဖက်ပါတီက သမတလောင်းဟာ ခုနင်က မဲမှန်မှန်မပေးသူလူတန်းစားတွေအတွက် အကျိုးမရှိပါဘူး လို့လည်း ဝါဒဖြန့်တယ်။ ဥပမာ - မဲပုံမှန်မပေးတဲ့ လူမည်းလူထုကြီးကို ဟီလာရီကလင်တန်က မင်းတို့အတွက် ဘာမှ လုပ်ပေးမှာ မဟုတ်ဘူးလို့ ပြောတယ်။ ပြီးတော့ မထူးပါဘူးကွာ ငါ့ကိုသာ မဲပေးလိုက်ပါ၊ ငါကတော့ မင်းတို့အတွက် လုပ်ပေးမယ့်လူပါလို့ တဖက်လှည့်စည်းရုံးတယ်။

မြန်မာပြည်မှာက ပါတီတွေက ခုမှ အပြိုင်းအရိုင်း ဖြစ်ခါစ။ ပါတီတွေ ရွေးတဲ့ အမတ်လောင်းလား၊ နယ်ခံတွေ ကြိုက်တဲ့ လူလား၊ ဗျာဒိတ်ခံထားပြီးသား သေချာပေါက်အမတ်လောင်းလားဆိုတာ သိတဲ့အတိုင်းပဲ အနယ်မထိုင်နိုင်သေးပါဘူး။

သည်တော့ မဲကို ပုံမှန်ပေးတဲ့ တာဝန်ကျေမဲဆန္ဒရှင်လူတန်းစား ဆိုတာကလည်း အခြေမခိုင်ကြသေးဘူး။ ဟိုလိုလား ဒီလိုလား ဆိုတာတွေ ရှိတတ်တယ်။ ဒါကြောင့် တဖက်အသင်းအားပေးသူ နည်းပြီး မဲလျော့အောင် မဲမပေးဖြစ်ဖို့ စိတ်လျော့ စိတ်ကျအောင် စိတ်ဓာတ် စစ်ဆင်ရေး ဝါဒဖြန့်ချိရေး လုပ်နေကြတာကိုလည်း မြန်မာပြည်မှာ မြင်နေရတာကလည်း မထူးဆန်းပါဘူး။

အမေရိကားမှာ ရွေးကောက်ပွဲကနေ မကြိုက်တဲ့ သူတွေ သမတတွေ အမတ်တွေ ပေါ်လစီတွေ ဖြုတ်ချပစ်မယ် ဖျက်ချပစ်မယ်ဆိုတဲ့ စိတ်အားထက်သန်မှု ဇောနဲ့ လူထုတွေက မဲရုံကို ချီတက်ကြတယ်။ (ချီတက်ချင်မှလည်း ချီတက်ကြတယ်)။ မြန်မာပြည်မှာကတော့ ရွေးကောက်ပွဲကနေ ဖြုတ်ချ ဖျက်ချလို့ ရတဲ့ အရာတွေ ရှိသလို ရွေးကောက်ပွဲနဲ့တင် မပြီးဘဲ လွှ့တ်တော်ပြင်ပကနေ လူထုအားနဲ့ တစည်းတရုံး တသွေးတသားတည်းဖြင့် ဖြုတ်ချ ဖျက်ချရဦးမယ့် အရာတွေကလည်း ရှိနေသေးတယ်။ သည်တော့ အကုန်လုံး ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ အကုန်ဖိတ်ထားဖို့ ပြည်သူတွေမှာ သတိအလွန်ထားနေရတဲ့ အချိန်ကာလဖြစ်နေဆဲပဲလို့ ထင်မိပါကြောင်း။