Breaking News

မောင်တူး - ထောင် ၁ နှစ်တန် ပန်းချီကား



မောင်တူး  - ထောင် ၁ နှစ်တန် ပန်းချီကား

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၀

လူငယ်ပန်းချီဆရာလေးရဲ့ ပန်းချီတစ်ချပ် မီးသတ်ကားကြီး ၂ စီး တန်ကြောင်း ဖတ်ကြရအပြီး ပန်းချီတစ်ကားကြောင့် ထောင် ၁ နှစ်ကျတဲ့အပြင် ထောင်ထွက်လာပြန်တော့လဲ မဂ္ဂဇင်းအယ်ဒီတာလုပ်ခွင့်ပါ အပိတ်ခံခဲ့ရတဲ့ ပန်းချီဆရာအကြောင်း ပြောချင်နေမိပေါ့။ နဝတ အမှောင်ခေတ် ပန်းချီဆရာ ဆရာမများဘဝ မွန်းကြပ်ခဲ့ပုံများလေ။

( ပန်းချီသည်)

အဖြူပေါ်တွင်၊ ရောင်ခြယ်တင်ရေး၊
ပုံရိပ်ဆေးထပ်၊ မရပ်မနား၊
သူ့ခွန်အားဖြင့်၊ အလှဆင့်ပြီ၊
ထိုပန်းချီကား၊ ကောင်းစေသား။ ။




ပန်းချီအကြောင်းရေးနေရာက စာရေးဆရာကြီး မောင်သန်းဆွေ (ထားဝယ်) ရေးခဲ့တာလေး ပြန်ပြောချင်ပါရဲ့ဗျာ။ စာရေးဆရာ ၂ မျိုးရှိတယ်တဲ့။ စာကို နေ့စဉ်သဲသဲမဲမဲရေးတဲ့ အမြဲတန်းစာရေးဆရာနဲ့ တော်တော်ကြာကြာမှတစ်ခါ ရေးတဲ့ အချိန်ပိုင်းစာရေးဆရာဆိုပြီး ရှိကြသတဲ့။ အမြဲတန်းစာရေးဆရာနဲ့ အချိန်ပိုင်း စာရေးဆရာ ပေါ့။ ဒီလိုပဲ အမြဲတန်းပန်းချီဆရာနဲ့ အချိန်ပိုင်း ပန်းချီဆရာ ဆိုပြီး ခွဲထားကြရမှာပါ။

အမျိုးသားစာပေ ၃ ထပ်ကွမ်းဆုရ စာရေးဆရာ ဆောင်းဝင်းလတ်ဟာ ပန်းချီဆရာလဲ ဖြစ်နေပါသေးရဲ့။ ဆရာဆောင်းဝင်းလတ်ကတော့ သူ့ပန်းချီဆရာဘဝကို ( ကျနော်က ပန်းချီဆရာဖြစ်ချင်တာဗျ။ စာအုပ်ရေးတဲ့ ဖက် ရောက်သွားပြီး စာရေးဆရာဖြစ်လာပြီး ပန်းချီအဆွဲနည်းသွားတာပေါ့ဗျာ။ ဒါပေမဲ့ ကျနော် အခုထိ သရုပ်ဖော်ပန်းချီတွေ ဆွဲနေတုံးပါဗျာ။) လို့ ပြောပါတယ်။ ဒါပေမဲ့ သူဟာ ပန်းချီဆွဲလို့ပဲ ထောင် ၁ နှစ်ကျခဲ့ဘူးပါတယ်။ သူ့စာပေ သူ့ပန်းချီ သူ့ဘဝအကြောင်းကတော့ . . ။



ဆရာဆောင်းဝင်းလတ်ဟာ ၁၉၆၆ ခုနှစ် စိန်ဂျွန်းကျောင်းသားဟောင်းတွေ စုပြီး ထုတ်ဝေတဲ့ "ဆည်းဆာညချမ်းကဗျာလမ်း" ကဗျာစာအုပ်မှာ စတင်ရေးသား စာပေလောကကို ဝင်လာခဲ့တယ်။ ပန်းချီကို ငယ်စဉ်ကတည်းက ဝါသနာပါ လေ့လာဆည်းပူး ရေးဆွဲခဲ့တာပေါ့။ ကျောင်းနံရံကပ်စာစောင်တွေမှာ ပန်းချီ သရုပ်ဖော်ပုံတွေ စရေးခဲ့တာပါ။ ၁၉၉၂ ခု ပန်းချီအောင်စိုး အမှတ်တရ စုပေါင်းပန်းချီပြပွဲမှာ ပန်းချီတစ်ချပ်ရေးဆွဲ ပြသခဲ့ပြီး အဲ့သည် ပြပွဲမှာ ရောင်းချခဲ့ရတယ်။ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်၊ မြန်မာစာဌာနမှ ဆရာမ မပန်းခက် ရန်ကုန်ရောက်ခိုက် မြန်မာ့ ကျေးလက်ရှုခင်း ပန်းချီ တစ်ချပ် ရေးဆွဲလက်ဆောင်ပေးခဲ့တယ်။ အိုဆာကာတက္ကသိုလ်ရုံးခန်းမှာ အဲ့သည် ပန်းချီကား ရှိနေတယ်။ 

၁၉၉၄ ခုနှစ်မှာ ဘာကိုရွေးမလဲ ရွာကလေးရယ်နှင့် အခြားဝတ္ထုတိုများ စာအုပ်ထွက်ပြီး အဲ့ဒီနှစ်အတွက် အမျိုးသား စာပေဝတ္ထုတိုဆု ရခဲ့တယ်။ ၂၀၀၁ ခုနှစ် ရသအတွေး စာအုပ်ထွက်တယ်။ လွမ်းလောက် ပေသည် ဝတ္ထုထွက်ပြီး အဲ့ဒီနှစ်အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရတယ်။ ၂၀၀၃ မှာ နံနက် ၃ နာရီ လုံးချင်းဝတ္ထု ထွက်တယ်။ အဲ့ဒီနှစ်အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရတယ်။ အခုရက်ပိုင်း သူ့ရဲ့ ဆွတ်ပျံ့ဖွယ်ရာ စာပေအနုပညာနယ်မှာ စာအုပ် စိတ်ကူးချိုချိုက ထွက်မယ်။ သူဟာ လက်ရှိပန်းချီတွေလည်း ရေးဆဲပါ။ သူ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား ဆွဲလို့ ထောင်ကျရပုံကို ပြောပါတော့မယ်။




၀၉ ၄၂၈၈၃၂၈၅၈ ဆရာဆောင်းဝင်းလတ် ဖုန်းကို ကျနော်ခေါ်လိုက်ပြီ။

ဆောင်း။ ။ ဟယ်လို ကျနော်ဆောင်းဝင်းလတ်ပါ။

ကျနော်။ ။ ဟုတ်ကဲ့။ ကျနော်မောင်တူးပါ။ ဆရာ ပန်းချီဆွဲလို့ ထောင်ကျတာသိချင်လို့။

ဆောင်း။ ။ ၁ နှစ်ကျခဲ့တာဗျ။ ဦးစောမောင် ခေတ်ပေါ့။ ဒလဖက်ကမ်းနား လက်ဖက်ရည်ဆိုင်မှာ သင်္ဘောသား သူငယ်ချင်း ပေးသွားတဲ့ တိုင်းမ် မဂ္ဂဇင်းမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အေဖိုးစာရွက်မှာ ဆော့ပင်နဲ့ Sketch ဆွဲနေတုန်း ထောက်လှမ်းရေး အရပ်၀တ် ၁၀ ယောက်လောက် လာဖမ်းတာ။ ကျနော့်လွယ်အိတ်ကို အတင်းဝင်ဆွဲတော့ ကျနော်ကလဲ ပြန်လုတယ်။ သူတို့က ဝိုင်းချုပ်ပြီး ဖမ်းတာဗျ။ မျက်နှာကို အဝတ်နက်အိတ် စွတ်တယ်။ ရန်ကုန်ဖက်ကမ်းကို ခေါ်သွားကြတယ်။ တညလုံးစစ်တယ်။ ဒေါ်စုပုံဘာလို့ရေးဆွဲတာလဲ။ ပိုစတာလုပ် ဝါဒဖြန့်ဖို့လား။ NLD ပါတီဝင်လား မေးတယ်။ ကျနော်က NLD ပါတီဝင် မဟုတ်ဘူး။ ပုံလေးလှလို့ ကူးဆွဲ နေတာလို့ ပြောတာ မရဘူး။ တညလုံး မအိပ်ရဘူး။ ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်တယ်။ မနက်ကျမှ ကျနော် NLD ပါတီဝင် မဟုတ်တာ သိသွားတယ်။ ဒါကြောင့် ပြန်လွှတ်ပေးမယ်ထင်တာ။

ကျနော်။ ။ နောက် ဘာဆက်ဖြစ်သလဲ ဆရာ။

ဆောင်း။ ။ အင်းစိန်ထောင်ပို့လိုက်တယ်။ ဖမ်းဆီးချိန်က လွယ်အိတ် ပြန်လုမှု၊ တာဝန် ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲတယ်။ ဒလ တရားရုံးမှာ တရားစီရင်ပြီး ၁ နှစ်ချလိုက်တယ်။ ဒါတောင်မှ ထောက်လှမ်းရေးက 2 နှစ် ချခိုင်းတာ။ ကရင်လူမျိုး တရားသူကြီး ခပ်ငယ်ငယ်ပဲ။ သူက ၁ နှစ်ထဲချလိုက်လို့ သက်သာတာ။ ထောင်ထဲမှာလဲ အမြဲ စောင့်ကြည့်ခံရတယ်။ ၁ နှစ်တိတိလောက်ကို နေလိုက်ရတယ်။ ၁ နှစ်ပြည့်ကာနီး ရက်ပိုင်းအလိုမှာမှ လွှတ်တာ။ လျှော့ရက် မရဘူး။ ပိုဆိုးတာက ပြန်လွတ်ပြီး မဂ္ဂဇင်းအယ်ဒီတာလုပ်တော့လဲ ကျနော့်နာမည် မတပ်ရဘူး။ လုပ်သာနေရတယ် အယ်ဒီတာ ဆောင်းဝင်းလတ်ဆိုတာ ထည့်ခွင့်မရဘူး။

ကျနော်။ ။ အခု ပြန်တွေးတော့ ဒီကိစ္စကို ဘယ်လိုခံစားရလဲ။ ထောင် ၁ နှစ်လဲကျ၊ အယ်ဒီတာ လုပ်ခွင့်မရဆိုတော့။

ဆောင်း။ ။ ဟားဟားဟား အခု ပြန်စဉ်းစားတော့ ရီစရာကြီးပေါ့။ ဟိုတုန်းကတော့ ဒေါ်စုပုံဆို ခိုးဝှက်သယ်ကြ ရတာလေ။ အခုဆို နေရာတိုင်း ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဖြစ်လာနေတာပါ။ မဖြစ်အောင်လို့ ဘယ်လို အင်အားစုတွေနဲ့ တားတား မရဘူးပေါ့။ အချိန်တန်ရင် ဖြစ်မဲ့ဟာက ဖြစ်မှာလေ။ ပြန်တွေးကြည့်တော့ ကိုယ်က ထောင် ၁ နှစ်သာ ကျရတာပါ။ အင်းစိန်ထောင်ထဲရောက်တော့ မတရားထောင်ကျရသူတွေ အများကြီးပဲ။ ညီလေးတယောက်ဆိုရင် ထောင် ၂ နှစ်ကျတယ်။ အမှုက အဲ့သည်တုန်းက နေရာတိုင်း အဖြူရောင် ထုံးတွေသုတ်နေတယ်။ ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးစောမောင်ဆိုတော့ ထုံးသုတ်သူ စောမောင်ပေါ့။ ကဗျာလေးရှိတယ်လေ။

သမိုင်းသစ်ရေး
ငါတို့သွေးကို
ထုံးဖြူဆေးသုံး
ဖျောက်ဖျက်ဖုံးလည်း
မဆုံးကမ္ဘာတည်လိမ့်မည်။ ။ 

ဆိုတာပေါ့။ ဗိုလ်ချုပ်မှူးကြီးစောမောင် ကို ထုံးလို့ ခေါ်ကြတယ်။ ညီလေးတယောက်က ကွမ်းယာဝယ်တော့၊ ဆေးလေးလေး၊ ကွမ်းသီးရေစိမ်၊ စောမောင်လျှော့ထည့်။ ထုံးလျှော့ထည့်ပေါ့။ အဲ့ဒါကို စောင့်နေတဲ့ ထောက်လှမ်းရေးက ဖမ်းပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ၂ နှစ်ချလိုက်တယ်။ တကယ်ဆို ဘာမှ အပြစ်မရှိတာ။ သက်သက် မတရားထောင်ကျခဲ့ရတာ။

နောက်တယောက်ကျတော့ ပကစက ဝန်ထမ်း၊ အောင်စိုးမင်းထင်တယ်။ သူ့နာမည်က။ သူက သင်္ကြန်မှာ လမ်းဘေးမြက်ခင်းပေါ်က ကောက်ရတဲ့ ခွပ်ဒေါင်းပုံပါ ဦးထုပ်ကလေးကို ဆောင်းလာမိတယ်။ သူလဲ ထောင်နှစ်ရှည်ကျတယ်။ ဘာမှ မဆိုင်ပဲ မတရားခံခဲ့ရတာ။

ကျနော်။ ။ တခြား ဆရာ့လို ဒေါ်စုပုံကြောင့် ထောင်ကျရတဲ့ ပန်းချီအနုပညာရှင်တွေကော ရှိသေးလား။

ဆောင်း။ ။ ဟားဟားဟား ရှိတာပေါ့။ ဒေါ်စု တရားဟောပွဲသွားကြည့်လို့ လေ။ ဒါရိုက်တာ ကိုရီဇော်လေ။ ဒေါ်အောင်ဆန်းစုကြည် တရားဟောပွဲ သွားနားထောင်လို့။ သူကို ဖမ်းတော့ သူက အဖမ်းမခံဘူး။ ဒါကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ချတယ်။ ပုဒ်မ ၃၅၃ နဲ့ပေါ့။ တကယ်ဆို မတရားတာပါ။ အဲ့သည်ခေတ်က ဟုတ်ဟုတ် မဟုတ်ဟုတ် အဲ့သည်လို ခံခဲ့ကြရတာ အများကြီးပါ။

ဒါကတော့ ပန်းချီဆရာ ဆောင်းဝင်းလတ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား Sketch ကလေး တချပ် ကူးရေးဆွဲမိခဲ့လို့ အင်းစိန် ငရဲခန်း တစ်နှစ်မြန်းခဲ့ရပုံအကြောင်းပါ။ အဲ့ဒီ စနစ် အဲ့သည်ခေတ်ကို ဘယ်ပန်းချီဆရာ ဆရာမတွေမှ ပြန်ရောက်လိုကြမှာ မဟုတ်ပါဘူးခင်ဗျာ။ ။