Breaking News

သူရထိုက် - ဆရာညိုဝင်း သို့မဟုတ် မှောင်လွန်းသောညများကိုထားခဲ့သူ

 

Photo- Myanmar Market Journal

ဆရာညိုဝင်း သို့မဟုတ် မှောင်လွန်းသောညများကိုထားခဲ့သူ

သူရထိုက်

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၀


ဒီနေ့မနက် လူမှုကွန်ယက်စာမျက်နှာကိုဖွင့်ကြည့်လိုက်တဲ့အခါ အမျိုးသားစာပေဆုရ စာရေးဆရာကြီး ညိုဝင်း ကွယ်လွန်အနိစ္စရောက်တယ်။ ၈.၁၀.၂၀၂၀ နေ့  ည၁၁နာရီ အချိန်မှာ ကွယ်လွန်ခဲ့တာလို့သိရပါတယ်။ ကွယ်လွန်တဲ့အချိန်မှာ အသက်၉၇ နှစ်ရှိပြီလို့ သိရတယ်။

     ၁၉၆၈ ခုနှစ် ကနေ ၂၀၀၂ ခုနှစ်အတွင်းမှာကျွန်တော်အနေများခဲ့တာက တောင်ဥက္ကလာ ၃ ရပ်ကွက်မှာပါ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာစာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးနေခဲ့သလို ကျွန်တော်တို့ရပ်ကွက်နဲ့ မီးရထားသံလမ်းပဲခြားတဲ့ ရန်ကင်း ကံဘဲ့မှာတော့ ဆရာညိုဝင်းနေထိုင်ပါတယ်။

      ဝီကီပီးဒီးယားမှာ ဆရာညိုဝင်းကို ကဗျာဆရာ၊ စာရေးဆရာ၊ တော်လှန်ရေးသမားလို့ရေးထားတာကိုတွေ့ရလို့ ဆရာညိုဝင်းရဲ့အကြောင်းကိုစိတ်ဝင်စားမိတယ်။ 

ဆရာညိုဝင်းရဲ့အမည်ရင်းကဦးကျော်ဝင်း ဖြစ်တယ်လို့ ဆိုတယ်။ မိဘဆွေမျိုးတွေနဲ့ သူ့မွေးဇာတိကလူတွေက မောင်ကျော်လို့လည်း ခေါ်ကြသတဲ့။

 ( ၁၂၈၅ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက်) ၁၉၂၄ ခုနှစ် ဖေဖေါ်ဝါရီ လ ၂၄ ရက်မှာ ဆရာညိုဝင်းကိုမွေးဖွားခဲ့တယ်။ အဘက ကျောင်းအုပ်ဆရာကြီး ဦးဘိုးရှင်း နဲ့ အမိက ဒေါ်ရွှေရီ ဖြစ်ပါတယ်။ အင်းစိန်ခရိုင်( ယခုတော့ မှော်ဘီ ခရိုင်ပေါ့) ဥက္ကံ ရှမ်းစုရွာမှာ ဖွားမြင်ခဲ့တာဖြစ်တယ်။

      ဖခင်ဖြစ်သူ ရဲ့ကျောင်းမှာစတင်ပညာသင်ယူခဲ့ပြီး စတုတ္ထတန်း အောင်မြင်ခဲ့တယ်။ အဲဒီနောက်ဥက္ကံမြို့ အထက်တန်းကျောင်းမှာ ဆက်လက်ပညာသင်ယူတယ်။ အသက်၁၁ နှစ်အရွယ်ကတည်းက မိဘတွေနဲ့ ခွဲခွာပြီး ကျောင်းအိပ်ကျောင်းစားနေခဲ့ရသူပါ။ ရှစ်တန်းရောက်တော့ ရန်ကုန်မြို့ လမ်းမတော် သရက်တောကျောင်းတိုက်ဆရာတော် ဦးပရမရဲ့ အစိုးရအထက်တန်းကျောင်းမှာ ဆက်လက်ပညာသင်ယူတယ်။ ဒါပေမဲ့ ကုလား-မြန်မာ အဓိကရုဏ်းဖြစ်လာတော့ ဥက္ကံကို ပြန်ရပြန်တယ်။ အဲဒီနှစ်မှာပဲ ကျောင်းသားအရေးတော်ပုံ ဖြစ်ပွားတယ်။ ဗိုလ်အောင်ကျော်ကျဆုံးပြီး တစ်ပြည်လုံးကို ကျောင်းသားသပိတ်ပျံနှံ့သွားတယ်။ ဆရာညိုဝင်းလည်း သပိတ်မှောက်ကျောင်းသား ဖြစ်ခဲ့ရတယ်။ ဥက္ကံ အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂမှာ ဝါဒဖြန့်ချိရေးမှူးဖြစ်လာတယ်။

       သပိတ်ပြီးတဲ့နောက်မှာလည်း ဆရာညိုဝင်းဆီမှာ အမျိုးသားရေးစိတ်ဓာတ်ကိန်းအောင်းပြီး ကျန်နေခဲ့တယ်။ တို့ဗမာအစည်းအရုံးက ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ကျောင်းမှာ အမျိုးသားအောင်ပွဲနေ့၊ ပါတော်မူနေ့တွေကျင်းပတယ်။ လက်ရေးမဂ္ဂဇင်းလည်း ထုတ်ဝေတယ်။ ဆယ်တန်းတက်တော့ ရန်ကုန် သရက်တောကျောင်းတိုက် ဦးပရမကျောင်းကိုရောက်ခဲ့ပြန်တယ်။ ကမာရွတ်ကနေကျောင်းတက်တဲ့ ဆရာသန်းဆွေနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ စ​စ်ဖြစ်လာတော့ စာမေးပွဲမဖြေရပြန်ဘူး။ သူ့ရဲ့နေရပ် ဥက္ကံ ရှမ်းစုကိုပြန်လာခဲ့တယ်။

       ဂျပန်ခေတ်ရောက်တော့ ရန်ကုန်ကိုပြန်လာပြီး ဆရာသန်းဆွေနဲ့အတူ စာပေတွေ ဖတ်ရှုလေ့လာဆွေးနွေးတယ်။ ဂျပန်ခေတ်မှာပဲ ဆယ်တန်းစာမေးပွဲဖြေဆိုအောင်မြင်တယ်။ အဲဒီနောက်ဆရာဖြစ် သင်တန်းခြောက်လတက်ပြီး အောင်မြင်ခဲ့ပြန်တယ်။ ဖခင်ဖြစ်သူရဲ့ကျောင်းမှာ ခေတ္တခဏ ကျောင်းဆရာဝင်လုပ်ပြီး ရန်ကုန် ကိုပြန်ခဲ့တယ်။

ဆရာသန်းဆွေနဲ့အတူ ဂျပန်ကြေးနန်း အတတ်သင်ကျောင်းကိုတက်ပြီး အောင်မြင်ခဲ့ပြန်တယ်။

သူ့ကို သာယာဝတီကြေးနန်းရုံးကိုပို့တယ်။ ဒါပေမယ့် အလုပ်ဝင်မလုပ်ခဲ့ဘူး။ ဖက်ဆစ်ဂျပန်တော်လှန်ရေးဖြစ်လာတော့ တော်လှန်ရေးထဲဝင်ခဲ့တယ်။ စစ်ပြီးတဲ့အခါ ဥက္ကံမြို့နယ်၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့အတွင်းရေးမှူးဖြစ်လာတယ်။ ပြည်သူ့ရဲဘော်တွေ တောခိုတော့သူမပါခဲ့ဘူး၊ နိုင်ငံရေးကိုစိတ်ပျက်ပြီး ရန်ကုန်ကိုရောက်လာခဲ့ပြန်တယ်။

       ဆရာသန်းဆွေက" ချစ်ကြွေးမပြေ" ဝတ္ထုနဲ့ နာမည်ရပြီး အရှေ့တိုင်းဂျာနယ်မှာ အလုပ်လုပ်နေတယ်။ အဲဒီနောက် ဆရာသန်းဆွေ သွေး သောက်မဂ္ဂဇင်းကို ရောက်သွားတယ်။

ဆရာညိုဝင်းလည်း ဆရာသန်းဆွေခေါ်လို့ ၁၉၄၈ ခုနှစ် ဇူလိုင်လထဲမှာ သွေးသောက်ကိုရောက်ခဲ့တယ်။ သုံးလကြာတော့ ဆရာသန်းဆွေထွက်သွားပေမယ့် ဆရာညိုဝင်းသွေးသောက်မှာ ကျန်ခဲ့တယ်။ အဲဒီနှစ်မှာပဲ သွေးသောက်မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ် စတင်ရေးသားတယ်။

ဂေါ်ရင်ဂျီ၊ ကိုဖုန်း စတဲ့ကလောင်အမည်ခွဲ​တွေအပြင် ကလောင်အမည် သုံးလေးမျိုးနဲ့ သွေးသောက်မှာ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးတွေ ရေးသားတယ်။ ၁၉၅၀ မှာ သွေးသောက်ကနေထွက်ခဲ့တယ်။

        ကြေးမုံမဂ္ဂဇင်းနဲ့ကလောင်စုံံ မဂ္ဂဇင်းတွေမှာ အယ်ဒီတာလုပ်တယ် ။ ၁၉၅၂ ခုနှစ် စာဆိုတော်နေ့မှာကျင်းပတဲ့ စာရေးဆရာအသင်းရဲ့ စာပေပြိုင်ပွဲမှာ ကဗျာနဲ့ပတ်သက်ပြီး ရွှေတံဆိပ်ရတယ်။ သားဖြစ်သူသေကောင်ပေါင်းလဲဖြစ်တော့ အဲဒီရွှေတံဆိပ်ကိုရောင်းပြီး ဆေးကုခဲ့ရတယ်။

အဲဒီအကြောင်းကိုလည်း ဝတ္ထုတိုတစ်ပုဒ်ရေးထားတာရှိတယ်လို့ စာရေးဆရာတစ်ဦးက ဆိုပါတယ်။

           ၁၉၅၃ ခုနှစ် မှာ  အစိုးရရုပ်ရှင်နှင့်ပြဇာတ်ဌာနမှာ ရုပ်ရှင်အရာရှိဝင်လုပ်တယ်။ ၁၉၆၀ ပြည့်နှစ်မှာ အလုပ်ကနေထွက်ခဲဲ့ပြီး စာရေးတဲ့အလုပ်ပဲလုပ်တော့တယ်။ အဲဒီအချိန်ကာလက ပြားခြောက်ဆယ်တန်စာအုပ်ခေတ်ဖြစ်တယ်။ ရုပ်ရှင်ပဒေသာ၊ ရဲကြေးမုံ၊ မှုခင်းနဲ့ ပြစ်မှုတို့မှာအယ်ဒီတာလုပ်တယ်။ မြစာပေမှာ တစ်နှစ်ခွဲခန့်ဝင်ပြီး  အလုပ်လုပ်တယ်။ ကဗျာတွေရေးခဲ့သလိုဝတ္ထုတို သုံးလေးဆယ်နဲ့ လုံးချင်းဝတ္ထုငါးဆယ်ကျော်ရေးခဲ့တယ်။ လုံးချင်းဝတ္ထုဆယ့်တစ်ပုဒ်ကို ရုပ်ရှင်ရိုက်ခဲ့တယ်။ " ဘဝကဗျာ " ဆိုတဲ့အမည်နဲ့လည်း  ကဗျာစာအုပ်ထုတ်ဝေခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာတော့ အမျိုး သားစာပေတစ်သက်သာဆုကို ဆရာမောင်သာနိုး၊ ဆရာ သိန်းသန်းထွန်းတို့နဲ့အတူ ချီးမြှင့်ခြင်း ခံရတယ်။

        ဆရာညိုဝင်းရဲ့ " မှောင်လွန်းသောညများ "ဝတ္ထုကို မြစာပေက ၁၉၆၇ ခုနှစ် ဇန္နဝါရီလမှာ ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့တယ်။ အဲဒီနှစ်အတွက် အမျိုးသားစာပေပထမဆု ရရှိခဲ့ပါတယ်။

အဲဒီဝတ္ထုကိုရုပ်ရှင်ရိုက်တော့ ပထမအကြိမ်မှာ" သစ္စာရင်မှာပိုက်လို့ရယ် " ဆိုတဲ့အမည်နဲ့ရိုက်ခဲ့တယ်။ ဒုတိယအကြိမ်ပြန်ရိုက်တဲ့အခါ " မှောင်လွန်းသောညများ " အမည်နဲ့ပဲ ရိုက်ကူးခဲ့တယ်။ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကတော့ ရန်အောင်၊ ကျော်သက်၊ စိုးမြတ်သူဇာတို့ဖြစ်ကြတယ်။ ယခုတော့ " မှောင်လွန်းသောညများ " ကို ဆရာညိုဝင်းထားသွားခဲ့ပြီလေ။        ။

သူရထိုက်

အညွှန်း

- ရသရိပ် စာပေပရဟိတ အဖွဲဲ့ ၏ စာမျက်နှာ