Breaking News

စံပယ် - အလှနဲ့သစ္စာကိုကွယ် ဖွေရှာ မောရတယ်



စံပယ် - အလှနဲ့သစ္စာကိုကွယ် ဖွေရှာ မောရတယ်

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၀


မိုနာလီဇာအပြုံးဆိုတာကိုလူတိုင်းနီးပါး ကြားဖူးကြပါတယ်။

ဒါပေမဲ့ မိုနာလီဇာပန်းချီကား ဘာလို့နံမည်ကျော်နေတာလဲဆိုတာ ကျမတို့တတွေ သိပ်မသိကြ၊ မခံစားတတ်ကြ ပါဖူး။ ပုံတူပန်းချီကားတွေဆွဲလို့ သိပ်တူရင် “တော်လိုက်တာ”လို့ ပဲချီးကျူးကြသူများပါတယ်။

ပန်းချီဆိုလို့ ငယ်ငယ်တုန်းက ပန်းချီသင်ခဲ့ဖူးတဲ့ အချိန်လေးကို သတိရမိတယ်။ ငါးတန်းနှစ် တနှစ်တည်းမှာပဲ သင်ခဲ့ဖူးတာပါ။ ခပ်ပြုံးပြုံးမျက်နှာပေးရှိတဲ့ ဆရာ ဦးသိန်းအောင်ရဲ့ ပန်းချီချိန်ဆို ကျမတို့ ကျောင်းသားတွေ သိပ်ပျော်ပါတယ်။ ကျမ မှတ်မိနေတဲ့ ပန်းချီချိန်တချိန်ရှိခဲ့ဖူးပါတယ်။

အဲဒီ ငါးတန်းမှာပဲ မြန်မာစာ သင်ပေးတဲ့ ဆရာမက ကျမအမေပေါ့။ ငါးတန်းမြန်မာစာဖတ်စာမှာ ပုသိမ်ထီးဆိုတဲ့ အကြောင်းသင်ရပါတယ်။ မေမေက ပုသိမ်ထီးအကြောင်းသင်ခါနီး ပုံဆွဲပြမှာမို့ အိမ်မှာ ဖေဖေ့ဆီကနေ ပုသိမ်ထီးပုံ ဆွဲနည်း သင်ပါတယ်။ ဖေဖေက ပန်းချီအနည်းအကျဉ်းဆွဲတတ်တယ်လေ။ ကျမကလည်း ဘေးကထိုင်ကြည့်ရင်း ဆွဲတတ်သွားပါတယ်။

နောက်ရက် မေမေပုသိမ်ထီးအကြောင်း စာသင်ပြီးချိန်မှာ သူငယ်ချင်းတွေကို ကျမက ဆရာကြီးလုပ်ပြီးဆွဲပေး ပါတော့တယ်။ အရောင်လေးတွေချယ်၊ပန်းလေးတွေထည့်နဲ့ သူငယ်ချင်းတွေကလည်း အင်မတန်သဘောကျကြ တာပေါ့။

တရက်တော့ ပန်းချီချိန်ရောက်လာပါတယ်။ ဆရာက ကျောက်သင်ပုန်းပေါ်မှာ စက်ဝိုင်းတခု ဆွဲလိုက်ပြီး “ ကဲ ဆရာရဲ့စက်ဝိုင်းကို မင်းတို့ ဘာပုံလေးဖန်တီးချင်ကြလဲ” ဆိုပြီး ပြောပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတွေက ကျမကို ပုသိမ်ထီးပုံထွက်ဆွဲဖို့ အော်ကြတယ်။ “သူပုသိမ်ထီးဆွဲတတ်တယ်ဆရာ” လို့ဆိုကြတော့ ဆရာကပါ ကျမကို“လာခဲ့ပါ ကျောက်သင်ပုန်းမှာ ထွက်ဆွဲပြပါ” လို့ခိုင်းပါတယ်။

ကျမစိတ်ထဲ အခန်းထဲကလူတွေသိပြီးသားဖြစ်နေတဲ့ ပုသိမ်ထီးကိုမဆွဲချင်တော့ပါဖူး။ ကျောက်သင်ပုန်းရှေ့ရပ်ရင်း ဘာပုံဆွဲရရင် ကောင်းမလဲအသည်းအသန်စဉ်းစားပြီး ‘ဆရာ ဘာပုံဆွဲဆွဲရလား’ ဆိုတော့ ဆရာက ခေါင်းညိတ်ပြတာနဲ့ အချိန်ခပ်ကြာကြာ ပုံဆွဲပစ်လိုက်ပါတယ်။ ဆရာက စိတ်ရှည်ရှည်နဲ့စောင့်ကြည့်နေပါတယ်။ သူငယ်ချင်းတွေကတော့ ဘာပုံကြီးလဲ လို့ စိတ်မရှည်တဲ့အသံတွေနဲ့ ပွစိပွစိလုပ်ကြတာပေါ့။

ဆရာဆွဲပေးတဲ့အဝိုင်းကြီးထဲမှာ အဝိုင်းသေးသေးလေးတွေကို ဖြည့်ရင်း အပေါ်က အတံလေးထည့်လိုက်ပါ တယ်။ ဆရာက “ကဲပြောပါအုံး သမီးရဲ့ပုံအကြောင်း” ဆိုတော့ ကျမက ‘ဩဇာသီး’ လို့ ပြောလိုက်ချိန်မှာ တခန်းလုံးကရီကြပါတယ်။

ဆရာကတော့ “သိပ်ချိုမှာပဲဟေ့” လို့ပြောရင်း ကျန်တဲ့ ကျောင်းသားတွေကို ကိုယ့်စိတ်ကူးလေးတွေနဲ့ဆွဲဖို့ ရောင်စုံခဲတံတွေချပေးလိုက်ပါတယ်။ ကျမစိတ်ထဲမှာတော့ ငါ ပုသိမ်ထီးတင်မက၊ ဩဇာသီးလည်း ဆွဲတတ်တယ်ဆို ဘဝင်တွေမြောက်နေတာပါ။

ကျမတို့ကို ပန်းချီသင်ပေးခဲ့တာဟာ ပန်းချီပညာရှင်ကြီးတွေဖြစ်ဖို့ အဓိကရည်ရွယ်ခဲ့တာတော့ ဟုတ်မယ်မထင်ပါဖူး။ ကလေးတွေရဲ့ ဖန်တီးမှု စိတ်ကူးတွေကိုအားပေးဖို့၊ စိတ်ရှည်တတ်ဖို့၊ သပ်သပ်ရပ်ရပ် လုပ်တတ်ဖို့၊ အလှတရားကိုခံစားတတ်ဖို့တွေက ပိုမယ်ထင်ပါတယ်။

* * *

လွန်ခဲ့တဲ့(၄) နှစ်လောက်တုန်းက ညီမငယ်နေတဲ့ ဩဇီကို ကျမရောက်သွားခဲ့ပါတယ်။ တစ်လလောက်နေခဲ့ပြီး ပြန်ကာနီးမှာတော့ ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ အက်စ်ပရက် ဆိုတဲ့မြို့လေးကို သူရဲ့ ပေါက်စန ကလေးငယ်လေးပါခေါ်ပြီး သွားခဲ့ကြပါတယ်။

ပင်လယ်ကမ်းခြေမြို့လေးဆိုတော့ ကြည့်စရာဆိုလို့ ပင်လယ်ကြီးပဲရှိတာလေ။ ဒါပေမဲ့ မြို့သေးသေးလေးရဲ့ ပြတိုက်လေးကို ကျမတို့ရောက်ခဲ့ကြပါတယ်။ အဲဒီ ပြတိုက်သေးသေးလေးထဲမှာ သူတို့မြို့လေးရဲ့ သမိုင်းဝင် ပစ္စည်းလေးတွေကို ပြထားပါတယ်။ ဒေသခံအဘိုရီဂျင်းတွေဆွဲတဲ့ပန်းချီကားတွေ၊ လက်မှုပစ္စည်းတွေတင်မက မီးရထားစက်ခေါင်း အဟောင်း လေးပါသလို၊ မြင်းလှည်းလေးတစ်စီးလည်း တွေ့ခဲ့ရပါတယ်။

မမျှော်လင့်ပဲ တွေ့လိုက်ရတာကတော့ ကျမတို့ ၉တန်းလောက်က ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ စကိုင်းလက် ဆိုတာကြီး ပါပဲ။ Sky Lab အပိုင်းအစကြီးပါ။

အမေရိကန် ပြည်ထောင်စု NASA ကနေ အာကာသကို ပစ်လွှတ်ထားတဲ့ အာကာသလေ့လာရေးဂြိုလ်တု ကြီး Sky Lab ဟာ ၁၉၇၉ ခုနှစ်မှာ ပျက်စီးသွားပြီး ကမ္ဘာဆီ ကျလာနေပြီဆိုတဲ့သတင်းဟာ အဲဒီအချိန်တုန်းကတော့ ကမ္ဘာသူကမ္ဘာသားတွေအတွက် ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုပါပဲ။ သူ့ရဲ့ အလေးချိန်၊အရှိန်တွေကြောင့် လူထူထပ်တဲ့မြို့ကြီးတွေပေါ်သာကျလို့ကတော့ ကြောက်စရာပါ။

လူကြီးတွေပြောတဲ့သတင်းနားထောင်ရင်း ကျောင်းမှာလည်း သူငယ်ချင်းတွေကြားဒီသတင်းက အကြီးအကျယ် ဖြစ်နေခဲ့တာပေါ့။ ညီမတယောက်ဆို စကိုင်းလက်ကြီးကျလာရင် သူ့အပေါ်ကျမှာစိုးလို့ ဘယ်အနားမှာပုန်းနေရင်ကောင်းမလဲ ဆို ပြီး နေရာတွေအမျိုးမျိုးစဉ်းစားခဲ့တာပါ။

နောက်ဆုံးမှာ စကိုင်းလက်ကြီးဟာအိန္ဒိယသမုဒ္ဒရာနဲ့ ဩစတြေလျ အနောက်ဘက်ခြမ်းဆီ ကျခဲ့ပါတယ်။ အခုအက်စ်ပရက် ဟာ ဩစတြေလျ အနောက်ခြမ်းက စကိုင်းလက်ကြီးကျခဲ့တဲ့ မြို့လေးပေါ့။ လူနေကြဲတဲ့အရပ်မို့ လူတွေအထိအခိုက်မရှိပဲ အခု မြူဇီယမ်ထဲရောက်လာခဲ့ပုံပဲ။

ကိုယ့်မျက်စိအောက်မှာမြင်နေရတဲ့ ပစ္စည်းအပိုင်းအစဟာ အရင်တချိန်တုံးက အာကာသ ပတ်လမ်းထဲ မှာ သုတေသနတွေလုပ်နိုင်အောင်စွမ်းဆောင်ခဲ့တဲ့ပစ္စည်းတခုပါလားဆိုတဲ့ အတွေးနဲ့ စကိုင်းလက်အပိုင်းအစ ကြီးကိုကြည့်ရင်း ငယ်ငယ်က ခံစားချက်တွေကိုလည်း တသီတတန်း ကြီးသတိရမိသွားပါတယ်။
ဒါဟာသမိုင်းအမှတ်အသားတွေရှိတဲ့ ပြတိုက်တွေဆီက ရတဲ့ ခံစားမှုပါပဲ။

သူတို့နိုင်ငံမှာ မြို့ငယ်လေးတိုင်း ပြတိုက်လေးတွေရှိကြတာ သတိထားမိပါတယ်။ ကျောင်းသားတိုင်းဟာ ကိုယ့်မြို့က ပြတိုက် တွေကို လေ့လာနိုင်ဖို့ အစီအစဉ်တွေလုပ်ထားတာကိုလည်း တွေ့ရပါတယ်။

ကျမတို့ဆီမှာတော့ ကျောင်းသားတွေလွယ်လွယ်ကူကူသွားရောက်ကြည့်နိုင်တဲ့ ပြတိုက်ရှားပေမဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကပေါကြွယ်လွန်းလှပါတယ်။

သတိထားမိတာတခုကတော့ ပဲခူး က ကမ္ဘောဇသာဒီ နန်းတော်ကိုသွားရောက်လည်ပတ်ရတဲ့ အရသာနဲ့ ပုဂံဒေသကိုသွားရတဲ့ အရသာ ဟာ မတူဖူးလို့ထင်ပါတယ်။ သမိုင်းတန်ဖိုးတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ပုဂံဟာ ဆွဲဆောင်မှုကောင်းလွန်းလှပါတယ်။

သမိုင်း ဆိုတာ အင်မတန် တန်ဖိုးထားအပ်တဲ့ အရာဆိုတာသိစေဖို့ မူလတန်းကတည်းက သမိုင်းဘာသာ သင်လာကြရပေမဲ့ ကျမတို့နိုင်ငံမှာ ပုဂံဒေသဟာ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတာ ကို နားမလည်၊လက်မခံလိုတဲ့ နိုင်ငံသားတွေအများအပြားရှိနေတာ စိတ်မကောင်းစရာပါပဲ။

* * *

ဒါတွေကိုစဉ်းစားမိနေတာက Asthestic Development ဆိုတဲ့ စကားလုံးလေးကနေ စသွားတာပါ။
Covid ကာလကြီးအတွင်းမှာ ကျမ Online ကနေ “စေတနာ- ဝါသနာ- နည်းနာ သင်ကြားမှု အနုပညာ” ဆိုပြီး သင်တန်းလေးတခု လုပ်ခဲ့ပါတယ်။

သင်တန်းပို့ချချက်ထဲက ကျောင်းသားတွေရဲ့ တိုးတက်မှု ဆိုတဲ့နေရာမှာ Asthestic Development (အနုရသ ဖွံ့ဖြိုးတိုးတက်မှု) ဆိုတာပါ လာတော့ ဒီစကားလုံးလေးကို ထပ်ရှင်းပြပါလို့ သင်တန်းသားတဦးက တောင်းဆိုခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကိုရှင်းပြဖို့ ကြိုးစားရင်း စာအုပ်စင်ကနေ ပေါ်သစ် ရေးသားတဲ့ “ အလှရှာတော်ပုံ” စာအုပ်ကို ဖတ်မိပါတယ်။ စာအုပ်က ၁၉၆၇ ခုနှစ်တုန်းက စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၂ ခုနှစ်မှာမှ ဒုတိယအကြိမ် ထုတ်ဝေနိုင်ခဲ့တဲ့စာအုပ်ပါ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကြားကာလ (၄၅) နှစ်တောင်ကြာမြင့်ခဲ့ရပါတယ်။ ဒါကြောင့်လည်း စာရေးသူ ပေါ်သစ် က [ပေါ်သစ်လာပြန်တဲ့အလှရှာတော်ပုံ] ဆိုပြီး အမှာစာမှာ ဒီလိုရေးခဲ့ပါတယ်။

 “စာပေ၊ဂီတ ပန်းချီ အနုပညာတို့ကို ထွန်းကားပွားစည်းစေရာမှာ ဘာတွေလိုသလဲ။

 အနုပညာမွေ့လျော်ပျော်ပိုက်သူတွေကို မျိုးဆက်အလိုက် စဉ်ဆက်မပြတ်ပျိုးထောင်သွားဖို့လိုတယ်။

 အနုပညာ သင်ယူတတ်မြောက် ထွန်းပေါက်ကျွမ်းကျင်သူတွေကိုမွေးထုတ်သွားဖို့လိုတယ်။

 အနုပညာသွန်သင်ပို့ချ နည်းပြလမ်းညွှန်သူတွေကို မြှောက်စားသွားဖို့လိုတယ်။

 ကျွန်တော်ဟာ အနုပညာမွေ့လျော်ပျော်ပိုက်သူမျှသာဖြစ်ပါတယ်။ အဲဒီလိုအဆင့်အနေရောက်အောင် ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ယူခဲ့ရပါတယ် - - - - - - - - - အဲဒီလိုမွေ့လျော်ပျော်ပိုက်သူအဖြစ်နဲ့ ဒီ’အလှရှာတော်ပုံ’ စာအုပ်ကိုရေးခဲ့ပါတယ်”

ပေါ်သစ်အမည်ခံ ဆရာကြီးဟံသာဝတီဦးဝင်းတင် ဘာကြောင့် ဒီလိုရေးခဲ့တာပါလဲ။

အလှ ဆိုတာ ရသ တစ်ခုပဲ မဟုတ်လား။

လူသားတွေရဲ့စိတ်ထဲမှာ အနုရသခံစားနိုင်စွမ်းမြင့်လာရင် စဉ်းစားဆင်ခြင်နိုင်မှုလည်းမြင့်လာနိုင်ပါတယ်။ စိတ်မှာ ကျေနပ်နှစ်သက်မှုကိုလည်းရလာနိုင်ပါတယ်။

နှစ်သက်ကျေနပ်မှုကတဆင့် စိတ်အေးချမ်းမှု (Inner Peace) ရနိုင်ခဲ့မယ်ဆိုရင် ဖျက်လိုဖျက်စီးလုပ်လိုစိတ်တွေလည်းနည်းပါးလာမှာပါ။ အနုပညာမွေ့လျော်ပျော်ပိုက်သူတွေ၊ အနုပညာကို ခံစားတတ်သူတွေများပြားခဲ့ရင် တိုင်းပြည်ငြိမ်းချမ်းလာနိုင်မှာပေါ့။

ကျမတို့တိုင်းပြည်က မငြိမ်းချမ်းသေးတဲ့တိုင်းပြည်တစ်ခုဖြစ်နေလေတော့ ငြိမ်းချမ်းရေးကို ပညာကတဆင့် ဖေါ်ဆောင်ပေးဖို့အတွက် Peace Education ဆိုတာမရှိမဖြစ် လိုအပ်နေပါပြီ။

ကျမတို့ နိုင်ငံမှာ စမ်းတဝါးဝါး ဖြစ်နေသေးတဲ့ (Peace Education) ငြိမ်းချမ်းရေးပညာ ဆိုတာကို ဘာတွေနဲ့ ဘယ်လိုပုံဖေါ်ကြမလဲ။

လူအချင်းချင်းတန်ဖိုးထားမှု၊ လူသားတွေရဲ့ ယုံကြည်မှုတွေအပေါ်တန်ဖိုးထားမှု၊ လူသားတွေဖန်တီးတဲ့ ယဉ်ကျေးမှု အနုပညာတွေကို တန်ဖိုးထားမှု ဆိုတာတွေကို ပြုစုပျိုးထောင်ပေးရပါမယ်။

အလှရှာတော်ပုံ စာအုပ်ထဲမှာပဲ ဆရာကြီးဒဂုန်တာရာက အမှာစာလေးရေးပေးထားပါတယ်။ ၁၉၆၇ ခုနှစ်က ရေးခဲ့တာဆိုတော့ အခုဆို နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ပါပြီ။

“ယဉ်ကျေးမှုဆိုသည်ကား ပြုစုပျိုးထောင်၍ လေ့ကျင့်ယူရသော ပညာရပ်ဖြစ်သည်။ - - - ဝတ္တုကဗျာများထွက်နေယုံနှင့်မပြီး စာပေရေးရာသဘောတရားများ ရှင်းလင်းချက်များ ထုတ်ဝေခြင်းဖြင့် လည်း စာဖတ်ပရိသတ်အား စာပေအနုပညာသဘာဝကို နားလည်အောင်ပြုစုပျိုးထောင်ပေးရမည်။ ပန်းချီကားများပေါ်ထွက်လာယုံနှင့်မပြီး ။ ပန်းချီအလှခံစားသော ပရိသတ်ကျယ်ဝန်းလာဖို့လည်းလိုသည်။ အနုပညာနှင့် အနုပညာခံစားမှုပရိသတ်၊ တနည်းဆိုလျှင် ယဉ်ကျေးမှုနှင့်ပြည်သူသည် ရေမြင့်မှကြာတင့်ပေမည်။(ဒဂုန်တာရာ)

ဒီလို တန်ဖိုးရှိတဲ့စကားတွေ၊စာတွေ နှစ်အများကြီးကြာအောင် အမှောင်ဖုံးခံခဲ့ရတော့ မိုနာလီဇာအပြုံးကို မခံစားတတ်တာခဏ ထား၊ ပေါ်ဦးသက်ဆိုတာ တိုင်းပြည်ရဲ့ ရတနာတပါးပါလားလို့ မသိသူတွေ၊ မြန့်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံရတာကို အဓိပ္ပါယ်ကောက်မှားနေသူတွေ၊ သူတပါးရဲ့ ယုံကြည်ရာကို စက်ဆုတ် ရှုတ်ချစရာတစ်ခုလို သဘောထားတတ်သူတွေ ပေါများတဲ့ နိုင်ငံဖြစ်ခဲ့ရ တာပါပဲ။

သင်္ကြန်မိုး ဇာတ်ကား စထွက်တဲ့ အချိန်မှာ မဂ္ဂဇင်းတခုထဲမှာ ရုပ်ရှင် ဝေဖန်သုံးသပ်ချက်ကလေးတစ်ခုကို မှတ်မိပါသေးတယ်။

ဝေဖန်သူအမည် နဲ့ စကားလုံးအတိအကျ မမှတ်မိပေမဲ့ ဇာတ်ကားမှာစန္ဒရားဆရာ အရက်သမားကြီးနေအောင်က သူ့သားဇင်ဝိုင်းနဲ့ စကားအခြေအတင်ဖြစ်ပြီးတဲ့နောက်စဉ်းစားရင်း အရက်ပုလင်း ကို ရိုက်ခွဲလိုက်တာနဲ့ တပြိုင်နက် နောက်တကဒ်ဖြစ်တဲ့ သင်္ကြန်မိုးအလှပြကားကြီးပေါ်မှာ ဒရမ်တီးတဲ့သူက ချမ်းကနဲ ဒရမ်ရိုက်ပြတဲ့ အရာလေးဟာ အင်မတန်လှတဲ့ အနုပညာပဲ လို့ မှတ်ချက်ပြုထားတာဖတ်ခဲ့ဖူးပါတယ်။

သင်္ကြန်မိုးရုပ်ရှင် ပြန်ကြည့်တိုင်း အဲဒီမှတ်ချက်လေးကို သတိရတယ်။ ရုပ်ရှင် ဖန်တီးမှုအလှအပတွေကို ပိုမြင်လာမိတယ်။ အရသာခံတတ်ခဲ့တယ်။

အခုခေတ်မှာတော့ “မြန်မာ ပေါကားတွေရပ်” လို့ ဆိုရလောက်တဲ့ထိ ဝေဖန်သုံးသပ်မှုတွေ မလုပ်နိုင်တော့ လောက်အောင် အလှတရားတွေ ပါးလျား သွားကြပြီလား။

အလှတရားဆိုတာဘာလဲ လို့ စဉ်းစားတွေးတောနိုင်ပြီး အလှတရားတွေကိုခံစားတတ်အောင် လက်ဆင့်ကမ်းနိုင်မဲ့ အနုပညာမွေ့လျော်ပျော်ပိုက် သူတွေ ပေါများလာပါစေ။

(အေဝမ်းစိုးမြင့်ရဲ့ အလှကမ္ဘာမြေသီချင်းမှစာသားလေးကို ခေါင်းစဉ်အဖြစ်ယူသုံးပါတယ်။