Breaking News

ဧရာ(မန္တလေး) - Fake News တွေ ဟိုရောက် ဒီရောက်



ဧရာ(မန္တလေး) - Fake News တွေ ဟိုရောက် ဒီရောက် 

(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၀

အခုတလောမှာ သတင်း အမှားတွေကို ခပ်စိတ်စိတ် တွေ့လာရတယ်။ အချို့ကလည်း တဦးတယောက်၊ တစုတဖွဲ့ကို ဝေဖန် တိုက်ခိုက်ဖို့ ဖြစ်စေ၊ နိုင်ငံရေးအရ အသာစီးရစေဖို့ မြှောက်ပင့်ပြီး ဖြစ်စေ တမင်ရည်ရွယ်ချက် ရှိရှိ ရေးကြ တင်ကြတယ်။ အချို့ကလည်း အပျော်အပျက်ဖြစ်စေ၊ သရော်စာသဘောမျိုး ဖြစ်စေ ရေးထားတာမျိုး တွေပါ။ ဒီလိုသတင်းမှားတွေ၊ အတုအယောင်တွေကို အဟုတ်ကြီးထင်ပြီး တဆင့် ပြန်လည် ဝေငှ ဖြန့်ဖြူးပေးကြပါတယ်။ အထူးသဖြင့် ကိုယ်ယုံကြည်ချက်နဲ့ ကိုက်ညီရင် အချက်အလက် မှန်၏ မမှန်၏ မစဉ်းစားတော့ဘဲ အလွယ်တကူ ပြန်ပြီး မျှဝေလိုက်ကြတယ်။ 

ဒါကလည်း မြန်မာပြည်မှာတင် ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ စာနယ်ဇင်းသမားတွေက ဒီနေ့ခေတ်ကြီးကို Post-truth age အမှန်တရားလွန်ခေတ်လို့ တောင် တင်စားပြောဆိုလာကြတယ်။ အချက်လက်တွေ၊ အမှန်တရားတွေထက် ကိုယ့်စိတ်ခံစားမှု၊ ခံယူချက်၊ ယုံကြည်ချက်တွေက ပိုပြီး အရေးပါလာတာကြောင့်ပါ။ ဒါကလည်း အခုမှ ဖြစ်လာတာမျိုး မဟုတ်ဘူး။ လူသားဆိုတာက အချက်အလက်တွေနဲ့ စဉ်းစားတာထက်၊ ပုံပြင်တွေ၊ ဇာတ်လမ်းတွေနဲ့ ပိုပြီး စဉ်းစားတတ်ကြတဲ့ သတ္တဝါမျိုး ဖြစ်တယ်။ ဟိုးရှေး ပဝေဏီ ကျောက်ခေတ်က စပြီး သမိုင်းတလျှောက်လုံးမှာ သြဇာအာဏာကို ပုံပြင်တွေကို ဖန်တီးပြီး တည်ဆောက်ခဲ့ကြတယ်။ လူသား ဆိုတာကိုက အမှန်တရားလွန် မျိုးစိတ် post-truth species လို့ “၂၁-ရာစုအတွက် သင်ခန်းစာ ၂၁-ခု” ဆိုတဲ့ စာအုပ်မှာ Yuval Harari ယူဗဲလ် ဟာရာရီက ရေးခဲ့ဖူးတယ်။ 

အိန္ဒိယမှာ ဝေဒခေတ်ကတည်းက ပြောခဲ့တဲ့ ဇာတ်နိမ့်၊ ဇာတ်မြင့် ပုံပြင်က ဒီနေ့ခေတ်ထိ အသက်ဝင်နေတုန်း။ ဘုရင်ဆိုတာ ဘုရားသခင်က ခန့်ထားလိုက်တဲ့ ကိုယ်စားလှယ်တော်ဆိုတဲ့ ပုံပြင်ကလည်း နှစ်ပေါင်းများစွာ တွင်ကျယ်ခဲ့တယ်။ “ကောင်းကင်ဘုံမှာ အပျိုစင် ၇၂-ယောက်က အသင့်စောင့်နေလိမ့်မယ်” ဆိုတဲ့ ပုံပြင်အတွက် အသက်ပေးကြသူတွေလည်း မနည်းဘူး။ သမိုင်းဦးဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်ကနေပြီး ပစ္စည်းမဲ့လူတန်းတွေ အာဏာပိုင်စိုးပြီး သာယာဝပြောတဲ့ "တို့ခေတ်ရောက်မည် မလွဲပါ" ဆိုတဲ့ “ပစ္စည်းမဲ့အာဏာ” ပုံပြင်အတွက် အသက်ပေါင်းမျာစွာ စတေးခဲ့ကြရတယ်။ လစ်ဘရယ်တွေကလည်း လူ့အခွင့်အရေး၊ ဒီမိုကရေစီဆိုတဲ့ ပုံပြင်ကို ကြွေးကြော်ကြတယ်။ “ပစ္စည်းမဲ့အာဏာ” ပုံပြင်က လူကြိုက်နည်းလာတော့ လစ်ဘရယ်တွေက "လူ့သမိုင်းက အဆုံးပန်းတိုင်ကို ရောက်ပြီ" လို့တောင် ကြွေးကျော်ခဲ့ကြသေးတယ်။ 

လစ်ဘရယ်တွေရဲ့ သမိုင်းနိဂုံးချုပ်ပြီ ဆိုတဲ့ ပုံပြင်ရော၊ မာ့က်စ်ဝါဒီတွေရဲ့ တို့ခေတ်ရောက်မှာ မလွဲပါဆိုတဲ့ ပုံပြင်တွေရောထဲမှာ … “လူသတ္တဝါတွေဟာ တဖြည်းဖြည်း တရွေ့ရွေ့ တိုးတက်ပြောင်းလဲလာရာကနေ နောက်ဆုံးတစ်နေ့ အမြင့်ဆုံး အန္တိမပန်းတိုင်ကို ရောက်ရမယ်” ဆိုတဲ့ ပုံပြင်ကလည်း ရောပါနေပြန်တယ်။ “ကမ္ဘာကို မြတ်သော အာရီယန် မျိုးနွယ်စစ်တွေကသာ ကြီးစိုးရမယ်။ ညစ်ငြူးအောင်လုပ်နေတဲ့ ယဟူဒီကောင်တွေ၊ လိင်တူဆက်ဆံသူတွေကို သုတ်သင်သန့်ရှင်း ပစ်ဖို့လိုတယ်” ဆိုတဲ့ ဟစ်တလာရဲ့ ပုံပြင်ကလည်း တန်ခိုးထွားခဲ့သလို စစ်ပွဲကြီးတွေတောင် ဖြစ်ခဲ့ရသေးတယ်။ လူသမိုင်း တစ်လျှောက်လုံးဟာ ပုံပြင်တွေ အချင်းချင်း အားပြိုင် တိုက်ခိုက်ကြတဲ့ သမိုင်းလို့တောင် ဆိုလို့ရနိုင်တယ်။

ဒါဆိုရင် ဘာကြောင့် ဒီခေတ်ကြီးကိုမှ Post-truth ခေတ်လို့ တင်စားလာရတာလဲ။ နည်းပညာတွေကြောင့် သတင်းတွေ၊ ပုံပြင်တွေကို ဖြန့်ကျက်နိုင်မှုက ပိုမို တွင်ကျယ်လာသလို၊ လူတွေက နတ်မျက်စိ၊ နတ်နားတွေရလာတယ်လို့ ပြောလို့ ရလောက်အောင် ပွင့်လင်းမြင်သာ ဖြစ်လာလို့သာ ဖြစ်တယ်။ အရင်ခေတ် အထူးသဖြင့် ၂၀-ရာစုခေတ်တုန်းက mass media လို့ ခေါ်တဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ၊ ရေဒီယိုတွေကို ထိန်းချုပ်ပြီး ပုံပြောနိုင်သူက သြဇာအာဏာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီဖက်ခေတ်မှာကြတော့ social media network ကို ထိန်းချုပ်ပြီး ပုံပြင်တွေကို ပြောနိုင်သူက အသာစီးရလာကြတယ်။ အနာဂတ်မှာ Big Brother လို့ ခေါ်တဲ့ အာဏာရှင်တွေက mass media ခေတ်ရဲ့ နည်းပညာတခုဖြစ်တဲ့ ရုပ်မြင်သံကြား Telescreen တွေကနေ တဆင့် လူတွေကို စော့င်ကြည့်လာလိမ့်မယ်လို့ ဂျော့အိုဝဲလ်က ဟောကိန်းထုတ်ပြီး သူ့ရဲ့ 1984 ဝတ္ထုမှာ ထည့်ရေးခဲ့တယ်။ 

ဒါပေမယ့် ဒီခေတ်မှာ mass media တွေက ခေတ်ကုန်သွားပြီး၊ ကိုယ်ကြိုက်တဲ့ သတင်းစာမျက်နှာတွေကို ရွေးကြည့်နိုင်ဖတ်နိုင်တဲ့ demassified online media ပေါ်လာတယ်။ အင်တာနက်ကွန်ယက်ပေါ်မှာ ကိုယ်ရှာဖွေသမျှ၊ ကိုယ်ဝယ်သမျှတွေက Big Data လို့ခေါ်တဲ့ "မဟာအချက်အလက်ဘဏ်" ထဲ ရောက်သွားတယ်။ AI ဉာဏ်ရည်တု နည်းပညာနဲ့ ပေါင်းစပ်လိုက်တော့ Big Data က ကိုယ်ဘာ စိတ်ဝင်စားတယ် ဆိုတာကို ကိုယ့်ထက်တောင် ပိုသိလာတယ်။ ကိုယ့်ရဲ့ newsfeed တွေမှာ ကိုယ်စိတ်ဝင်စားမယ့် သတင်းတွေ၊ သတင်းစာမျက်နှာတွေ တက်တက်လာတယ်။ ဂျော့အိုဝဲလ် ခန့်မှန်းသလို Big Brother တွေက လူတွေကို Telescreen တွေကနေ စောင့်ကြည့်တာမျိုး ဖြစ်မလာပေမယ့်၊ Big Data က ဖုန်းတွေ၊ ကွန်ပြူတာတွေကနေ တဆင့် လူတွေကို စောင့်ကြည့်လာတယ်။ 

ကိုယ်ယုံချင်တာကို ရွေးယုံတတ်တဲ့ လူတွေအတွက် လူ့အကြိုက်ကို သိလာတဲ့ လူမှုကွန်ယက်တွေက (echo chamber တခုလို) သူ့စိတ်ခံစားမှုနဲ့ ယုံကြည်မှုတွေကို +ve feedback နဲ့ ထပ်ဆောင်း အားဖြည့်လိုက်တာကြောင့်၊ တဖြည်းဖြည်း အစွန်းတဖက်ကို ရောက်လာပါတယ်။ 

လူတွေက The Matrix ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းကလို ပြင်ပသြဇာလွှမ်းမိုးမှုရဲ့ ကျေးကျွန် ဖြစ်မှန်းမသိဖြစ်နေတဲ့ အတုအယောင် စိတ်ကူးယဉ် ကွန်ယက်လောကထဲကို ရောက်နေတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဇာတ်ကောင် နီယိုကို ရွေးချယ်ခိုင်းတယ်။ ဆေးလုံး အပြာကို သောက်ရင် ကိုယ်ယုံချင်ရာ ယုံလို့ရတဲ့ အဲဒီစိတ်ကူးယဉ် ကွန်ယက်လောကထဲမှာ ဆက်နေလို့ရတယ်။ ဆေးအနီကို သောက်ရင်တော့ ကွန်ယက်ထဲကနေ ဖောက်ထွက်ပြီး ဆန်းကျယ်နက်ရှိုင်းလှတဲ့ အံဖွယ် အစစ်အမှန် လောကထဲကို ရောက်သွားမယ်။ ဇာတ်လမ်းထဲမှာ နီယိုက ဆေးလုံးအနီကို ရွေးလိုက်တယ်။ ဒါပေမယ့် မထူးလှပါဘူး။ အစစ်အမှန် လောကဆိုတာကလည်း မယုံနိုင်စရာ ဝိရောဓိတွေနဲ့ ပြည့်နှက်ဝေဝါးနေပြန်တယ်။ 

Social media Network လို့ခေါ်တဲ့ ပုံပြင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ယက်ကနေ ရုန်းထွက်နိုင်ခဲ့ရင်တောင်မှ၊ “ငါလို့” သတ်မှတ်ထားတဲ့ ကိုယ်ကိုယ်တိုင်က ဦးနှောက်ရဲ့ neural network ကနေ ဖန်တီးထားတဲ့ ပုံပြင် ဇာတ်လမ်းတခုထဲက ဇာတ်ကောင်တဦး ဖြစ်နေပြန်တယ် မဟုတ်လား။ ကိုယ့်ဦးနှောက်နဲ့ ကိုယ့်အတ္တ ကိုယ်တိုင်က ကွန်ယက်လောကရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေလေတော့ ဒီကွန်ယက်က ထွက်မြောက်ချင်ရင် ကိုယ်အတ္တကနေ ထွက်မြောက်မှုကို ရှာဖွေရလိမ့်မယ်။ "အတ္တ" ရဲ့ကျဉ်းမြောင်းလှတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကနေ လွတ်မြောက်နိုင်တာကိုက ၂၁-ရာစုမှာ ရှင်သန်ကြီးပြင်းဖို့ လိုအပ်တဲ့ အသက်ကယ်စွမ်းရည်တခု ဖြစ်လာ လိမ့်မယ်လို့ ဟာရာရီက ဆိုတယ်။

ဆေးလုံးအနီကို (ဖြစ်နိုင်ရင် အကြိမ်ကြိမ်) သောက်ပြီး ပုံပြင်တွေကနေ လွတ်မြောက်သွားရုံက အဖြေလား။ ကိုယ်ကြိုက်တဲ့ ပုံပြင်ကို ကိုယ်ယုံကြည်ပြီး ကွန်ယက်လောကထဲမှာ ဆက်နေနိုင်မယ့် ဆေးလုံး အပြာနဲ့ ပုံပြင်တွေအားလုံး မရှိတော့ဘဲ ဟင်းလင်းဖြစ်သွားပြီး ဆန်းကျယ် နက်ရှိုင်းလှတဲ့ ထောက်တည်ရာမဲ့ ချောက်ကြီးထဲ ရောက်သွားမယ့် ဆေးလုံး အနီ ဆိုပြီး ရွေးချယ်စရာက နှစ်မျိုးပဲ ရှိသလား။ 

ဗုဒ္ဓဘာသာအရ ဆိုရင်တော့ "ဒါဟာ ငါ၊ ငါ့အတ္တ ဆိုတာ ဘယ်လို" စသဖြင့် အမျိုးမျိုးသော အထင်၊ အမြင်၊ အယူအဆတွေကို ယုံကြည်နေကြတဲ့ Matrix ကြီးက "ဒိဋ္ဌိဇာလ" လို့ ခေါ်တဲ့ အယူဝါဒကွန်ယက်ပါပဲ။ ဘာကိုမှ မယုံဘူးဆိုပြီး "ဒိဋ္ဌိဇာလ" ကနေ ရုန်းထွက် လိုက်ပြန်တော့လည်း … ပုထုဇဉ်လူသား အတွက် "ငါဆိုတာ ရှိကော ရှိရဲ့လား။ သေသွားပြီးနောက် ငါဆိုတာ ဆက်ရှိပါဦးမလား" စသဖြင့် တွေဝေယုံမှားမှု ဝိစိကိစ္ဆာ ချောက်နက်ထဲကို ကျသွားရပြန်တယ်။ ဒါပေမယ့် ဒိဋ္ဌိဇာလနဲ့ ဝိစိကိစ္ဆာချောက်ဆိုတဲ့ နှစ်မျိုးလုံးကနေ လွတ်မြောက်သွားနိုင်တဲ့ ဆေးရှိသေးတယ်လို့ ဗုဒ္ဓဘာသာက ဆိုပါတယ်။