Breaking News

နိုင် ဝင်း သီ - စစ်ကြီးပြီးဆုံးသွားခဲ့ရင် ...

စစ်ကြီးပြီးဆုံးသွားခဲ့ရင် ...

နိုင် ဝင်း သီ

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၀


          ခေတ်ကြီးထဲမှာ ရွေ့လျားနေတဲ့ နာရီလက်တံတွေဟာ အထိတ်တလန့် နာရီလက်တံတွေ။ လေတိုးသံ သစ်ရွက်ကြွေသံကအစ ကိုယ်ထဲမှာ ခုန်တိုးနေသော သွေးခုန်သံအလယ် တိတ်တဆိတ်စီးဆင်းနေသော မြစ်ရေစီးသံ အဆုံး ဘဝ ဘဝတွေကို နာကျင်ကိုက်ခဲသွားစေမယ့် ဗိုင်းရပ်စ်တွေ ရောထွေးစိမ့်ဝင်လာလေမလား။

        ရက်စွဲ‌တွေဟာ ကျွန်တော်တို့ကို လှုပ်ခါချောက်ချားသွားစေသောရက်စွဲများ။

အနာတရတွေနဲ့ ပြည့်နှက်ဖောင်းကားနေတဲ့ကမ္ဘာကိုယ်တိုင် အချိန်အခါမရွေး ဝုန်းခနဲပေါက်ကွဲသွားနိုင်သော ကြောက်မက်ဖွယ်ရာနှစ်ကာလများ။

        မြို့ကြီးတွေဟာ တိတ်ဆိတ်သွားလိုက် ရှုပ်ထွေးလှုပ်ခတ်လာလိုက်နှင့် မမြင်ရတဲ့ရန်သူကို မသိမသာသွေးတိုးစမ်းလို့။

         ဖြူဖပ်ဖြူ‌ရော် လရောင်အောက်မှာ ဘယ်ကနေ ပေါ်ထွက်လာမှန်းမသိတဲ့ကြောက်မက်ဖွယ်ရာ ညည်းတွားအော်ဟစ်သံများ။ ညဉ့်ငှက်တွေရဲ့ အတောင်ရိုက်သံနှင့်ငှက်ရိုင်းများရဲ့ တဂီးဂီး အော်ဟစ်သံများ။

        ကိုယ်‌နေတဲ့ လမ်းကလေးထဲကလား။

ကိုယ်နေတဲ့လမ်းရဲ့ တစ်လမ်းကျော်လမ်းထဲကလား။လူတစ်ယောက်ယောက်လား။ ဒါမှမဟုတ် မိသားစု တစ်စုစုလား။ သူတို့တွေကို သယ်မ ခေါ်ဆောင်ဖို့ ကားတွေ တစ်စီးပြီးတစ်စီး ထိုးဆိုက်လာခဲ့ပြီလား။

     လမ်းမပေါ်မှာပြန့်ကြဲနေတဲ့မျက်လုံးတွေဟာ တစ်ယောက်နဲ့တစ်ယောက် သင်္ကာမကင်းဖြစ်နေကြတဲ့မျက်လုံးမျိုးတွေ။

      လမ်းတွေ၊ တိုက်တွေ၊ ကွန်ဒို‌တွေ၊ မီနီမားကက်တွေ၊ Gem တွေဆိုတာ အချိန်အခါမရွေး Lockdown ဖြစ်သွားနိုင်သောအနေအထားမျိုး။

       ဒီလိုအခြေအနေမျိုးမှာ ဘယ်သူဟာ ပျော်ရွှင်နိုင်မှာပါလဲ။ ဒီလိုအနေအထားမျိုးကလွန်မြောက်အောင် အချိန်တွေဘယ်လောက်တောင် ကြာဦးမှာပါလိမ့်။

       မြို့ကြီးတွေဟာ ရူးနှမ်းချင်နေပြီ။တချို့ ပေါက်ကွဲပွင့်ထွက်သွားကြပြီ။

       မြို့တွေဟာ မမြင်ရတဲ့ရန်သူကို စိတ်ကူးထဲမှာပုံဖေါ်ကြောက်ရွံ့နေကြချိန်မှာ ကျေးလက်ဆန်တဲ့ကျွန်တော်တို့ရဲ့မြို့ကလေးကတော့ ပလိပ်ရောဂါ ကျရောက်နေတဲ့ အိုရန်မြို့လို ထိတ်လန့်ချောက်ချားနေခဲ့။

         ခါတိုင်း လူသံသူသံနဲ့ ဆိုင်ကယ်တွေပြေးလွှားဆူဝေနေတဲ့ ကျွန်တော်တို့အိမ်ရှေ့က လမ်းတိုလေးကိုငေးရီမင်သက်နေရင်းနဲ့ ပင့်သက်မောကို ဖွဖွလေးရှိုက်မိ။

        အမြဲတမ်းရှုပ်ထွေးလှုပ်ခတ်နေတဲ့ လမ်းထိပ်က ကုန်းထိပ်မှတ်တိုင်လေးဆိုရင် အခုရက်တွေထဲမှာ အသံဗလံနည်းနည်းလေးမှမကြားရအောင် တိုးရှဲငြိမ်ဆိတ်သွားခဲ့။ ခါတိုင်းညဘက်ရောက်ရင် မည်းစိုအိစက်နေတဲ့ကတ္တရာလမ်းသစ်ပေါ်မှာ ဖြာဝေနေတဲ့ကားမီးတန်းတွေဆိုတာ အခုရက်ပိုင်းတွေမှာ မြင်ကိုမမြင်ရတော့။ ရှည်လျားမျှင်တန်းနေတဲ့ကားမီးရောင်အစား အရေးပေါ်ဥဩသံပေးပြီး အုပ်စုလိုက်မောင်းသွားကြတဲ့ Ambulance ကားတန်းကိုသာတချို့ညတွေမှာ မြင်‌နေတွေ့နေရ။

       အဲဒီလိုကားတန်းမျိုး ဖြတ်သွားပြီဆိုရင် တိတ်ဆိတ်နေတဲ့ကုန်းထိပ်လေးဟာ အိပ်မောကျနေရာက‌နေ ဆတ်ခနဲခေါင်းထောင်ကြည့်ပြီး တော် တော်နဲ့ပြန်အိပ်လို့ မရတော့တာ။ တစ်ခါတစ်ခါ "ဗိုက်ဆာလှပြီအမေရာ၊ အဖေကဘယ်တော့မှ ပြန်လာမှာလဲ"  ဆာလောင်မွတ်သိပ်နေတဲ့ကလေးငယ်လေးတွေရဲ့ နွမ်းနွမ်းရီရီအသံလေးတွေဟာ တိတ်ဆိတ်နေတဲ့ညထဲမှာ ဘယ်ဆီကမှန်းမသိတိုးထွက်လာတတ်တာ။ တချို့ညတွေမှာတော့ ဘယ်ကလာလို့ ဘယ်ကိုသွားနေမှန်းမသိတဲ့ကလေးတိုးလိုးတန်းလန်းနဲ့ မိသားစုလေးတွေကို လမ်းမပေါ်မှာ ခြေသံတရှပ်ရှပ်နဲ့ မြင်နေတွေ့နေရတာ။ တချို့ညတွေမှာ

ပုဆိုးခပ်တိုတိုဝတ်ထားပြီး ယိုင်တိယိုင်ထိုးနဲ့ဖြတ်လျှောက်သွားကြတဲ့လူသုံးလေးယောက်ရဲ့စကားသံတွေကို ခပ်သဲ့သဲ့လေးကြား‌နေရတာ။ "နက်ဖြန်ကိုလဲ အလုပ်မဆင်းရသေးဘူးဆိုတော့ ဘာလုပ်ကြရင်ကောင်းမလဲ"  "ဘာကွ" "အဲဒီစက်ရုံလဲ ပြန်ဖွင့်မနေပါနဲ့တော့ကွာ၊ တစ်သက်လုံးသာပိတ်ထားလိုက်ပါတော့"  "အကုန်လုံးသေသွားလဲ အေးသွားတာပဲပေါ့ကွာ"

        ညတွေဟာ သည်းသည်းရိုင်းရိုင်း မိုး‌ရေစက်တွေအောက်မှာ ပူလောင်ခါးသက်နေသော ညပျက်များ။ ဖြတ်သွားဖြတ်လာသောက ဗျာပါဒတွေဟာ အမှောင်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျွန်တော့်ရဲ့တစ်ကိုယ်ရည်ညထဲအထိ တွားဝင်ကူးစက်လာခဲ့တာ။

      ကိုဗစ်မတိုင်ခင်ရက်စွဲတွေတုန်းကတော့ နက်မှောင်အိစက်နေတဲ့ ဟောဒီကတ္တရာလမ်းသစ်ဟာ နေ့ရောညပါ ကားတွေဆိုင်ကယ်တွေနဲ့အလျဉ်မပြတ်ခဲ့တဲ့လမ်း။ ညဦးပိုင်းရောက်လာတာနဲ့ လင်းဖြူပွင့်ဝေလာတဲ့ ကားမီးရောင်တွေဆိုတာ အဆုံးမရှိအစမရှိနဲ့ သံသရာတစ်ခုလို ရှည်လျားလို့။ ဒါ့ကြောင့်လည်း ရန်ကုန်ကရောက်လာတဲ့ သူငယ်ချင်းကဗျာဆရာဟာမဆုံးနိုင်တဲ့ ကားမီးရောင်အလင်းတန်းဘေးက ကျွန်တော်တို့ထိုင်နေကျ ကဖေးဆိုင်‌လေးကို "၃၁ဘုံကဖေး"လို့ မူးမူးရီရီနှင့်နာမည်ပေးခဲ့တာများလားမသိ။ လမ်းမသစ်ရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့ ကြက်ကင်၊ ပလာတာ၊ ကြာဆံဟင်းခါး၊ မုန့်ပျားသလက်၊ တိုရှည်၊ အ‌ကြော်စုံ၊ အာလူးပူရီ၊ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်၊ ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ခရမ်းချဉ် သီးသုတ်၊ မြင်းခွာရွက်သုတ်၊ ဆေးဘဲဥသုတ်၊ ကွေ့တီယို၊ ပန်းသီး၊ သစ်တော်သီး၊ ပျားလိမ္မော်၊ ကြက်သားသုတ်၊ ငါးကင်၊ ဆိတ်သားကင်၊ မင်္ဂလာပါ 2D 3D၊ ဘဝသစ်ရွေ့လျားအပေါင်ဆိုင်၊ မာမက်နှင့်ညီကိုများ ကွမ်းယာ၊ ညောင်သုံးပင်မခင်လှ ငါးပိရည်နှင့်တို့စရာ။

ကံပွင့်ထီဆိုင်၊ ဝက်‌ခြေထောက်စွပ်ပြုတ်၊ မိဘမေတ္တာဆန်ဆိုင်၊ စတိုင်ဝမ်းလက်ဖက်ရည်ဆိုင်၊ မတရုတ်မ ကုန်ခြောက်ဆိုင်၊ ကိုစိုးကြီးလျှပ်စစ်ပစ္စည်းဆိုင်၊ ဟစ်ပီ ဘီအီး၊ တို့ရိုးရာ ဘီအီး၊ ဘိုထီး ဆံသ၊ Wave Money၊ ပန်ဒါစတိုး၊ ဘော်ဘော်ကြီးရဲ့ ညလုံးပေါက်ထမင်းဆိုင်နဲ့ အခြားအခြားသောစုံစီနဖာဆိုင်လေးများ။ဆိုင်‌လေးတွေဆိုတာ မှုန်ပြာရီအလင်းမီးတိုင်လေးတွေအောက်မှာ ယဲ့ယဲ့နွမ်းနွမ်း..လေးလေးပင်ပင် သက်ဝင်လှုပ်ရှားလို့။ အဲဒီဆိုင်တန်းလေးတွေနဲ့ ခပ်လှမ်းလှမ်းမှာတော့ ညဉ့်နက်တဲ့အထိ လက်တွန်းလှည်းလေးနဲ့လာရောင်းတတ်တဲ့ ထမင်းကြော်ဆိုင်လေး(သို့မဟုတ်) ပူနွေးသော ညစာရရှိရာ ကျွန်တော်တို့ရဲ့  ၂၁ ရာစု လှည်းယဉ်ပျံလေး။

       ကျွန်တော်သတိပြုမိသလောက် ဟောဒီဘက်အရပ်မှာ တည်မှီစုဖွဲ့နေတဲ့လူတွေဆိုတာ မိသားစုဘဝရပ်တည်ရှင်သန်‌ရေးအတွက် ကြုံရာကျပန်းအလုပ်ကိုလုပ်နေကြရတဲ့ မနက်သွားညပြန်ငှက်လူသားများ။

အဲဒီငှက်လူသားတွေ အိပ်တန်းမဝင်မချင်းတော့ ဟောဒီကားမှတ်တိုင်လေးနဲ့ ဈေးဆိုင်လေးတွေဆိုတာ လူသံသူသံတွေနဲ့စည်ကားသက်ဝင်နေတတ်တာ။ ရန်ကုန်ဘက်ကပြန်လာတဲ့လိုင်းကားတွေဟာ ကုန်းထိပ်မှတ်တိုင်လေးမှာ ရှူးရှူးရှဲရှဲနဲ့မောကြီးပန်းကြီးထိုးရပ်လိုက်လေတိုင်း ကားပေါ်မှာပါလာတဲ့ ခရီး သည်ရဲ့တစ်ဝက်လောက်ကို ဒီမှတ်တိုင်လေးမှာ ခါချသွားတတ်တာ။ ကုန်းထိပ်လေးမှာအုံခဲနေတဲ့ ဆိုင်ကယ်ကယ်ရီတွေဆိုတာ လိုင်းကားတစ်စီး ထိုးဆိုက်လာလေတိုင်း ခရီးသည်တွေဆီ အလုအယက် တိုးကပ်လာတတ်တာ။

        ကျွန်တော့်အတွက်တော့ ဒီကုန်းထိပ်လေးဟာ အိမ်နဲ့နီးကပ်နေရုံမက အကြောင်းကိစ္စတစ်ခုခုနဲ့ အမြဲတမ်းလိုလို ကူးလူးချိတ်ဆက်နေရတဲ့ လွတ်မြောက်နယ်မြေတစ်ခု။ 

စာရေးဆရာ ကဗျာဆရာသူငယ်ချင်းတွေရောက်လာခဲ့ရင်တော့ ဟစ်ပီဟာ ကျွန်တော်တို့ရဲ့ဆုံရပ်။ သည်ထက်အခြေအနေကောင်းရင်တော့ ကျားတံဆိပ်ဘီယာပါတွဲရောင်းတဲ့ ၃၁ ဘုံကဖေးထဲမှာ ကျွန်တော်တို့ရောက်ရှိနေခဲ့ပြီ။ များသောအားဖြင့်တော့ ကျွန်တော်တို့ရွက်လွှင့်ရာအရပ်ဟာ ဟစ်ပီ။ ဟစ်ပီထဲက လူတွေဟာ ကျွန်တော်တို့အတွက်ထက်ရှနေတဲ့အမှန်တရား။ ဟစ်ပီထဲကဘဝတွေဟာ ဘယ်သောအခါမှဆုံးခန်းတိုင်မှာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ မြို့ပြဂီတ။ ပီကာဆိုရဲ့ပန်းချီကား သုံးလေးချပ်နဲ့ ကြိုးပြတ်နေတဲ့ဂစ်တာတစ်လုံးကို ဆိုင်နံရံမှာခင်းကျင်းချိတ်ဆွဲထားတာကိုက ကျွန်တော်တို့ချစ်ခင်လေးနက်တဲ့ဟစ်ပီရဲ့ထူးခြားတဲ့အမှတ်သင်္ကေတ။ ဟစ်ပီထဲကိုရောက်လာလေတိုင်း နေ့လယ်နေ့ခင်းထဲမှာလွင့်နေကြတဲ့လူဝင်စားတွေဆိုတာ ကျွန်တော်တို့အတွက် အဆန်းတကြယ်။ ဟစ်ပီကိုတွယ်ငြိနေတဲ့ ဖေါက်သည်တွေထဲမှာ အသားညိုညိုနှင့်ဆံပင်တွေလှိုင်းထနေသောဂီဆရာကိုတော့ ကျွန်တော်တို့ဟာ အထူးတလည်စိတ်ဝင်စားမိ။ 

သူ့ရဲတည်ငြိမ်အေးစက်မှုဟာ ကျွန်တော်တို့အတွက် အဖြေထွက်ဖို့ခက်ခဲနေတဲ့ အက္ခရာသင်္ချာတစ်ပုဒ်လို။ ဒီဂရီမျက်မှန်ထူထူအောက်က သူ့မျက်လုံးတွေဟာ အမြဲတမ်းလိုလို ညိုမှုန်ငေးရီလို့။ ဆိုင်ထဲမှာ ဘယ်တော့မှမထိုင်ဘဲ ဆိုင်အနောက်ဖက် မြရာရုံစိမ်းစိမ်း‌မှောင်မှောင်အောက်မှာ သူ့ဟာသူ တစ်ကိုယ် တည်း ထိုင်‌နေလေ့ရှိတာ။ ဟစ်ပီကို သူရောက်လာတိုင်းတယောပြားလေးတစ်လက်ကို ဘူးလေးထဲထည့်ပြီး တယုတယထွေးပိုက်သယ်‌ဆောင်လာလေ့ရှိတာ။ အဲဒီတယောပြားလေးကိုလည်း ဘယ်သောအခါမှ သူ ထိုးလေ့မရှိတာ။ တစ်ခါတစ်ခါစိတ်လိုလက်ရရှိလို့ တယောကြိုးလေးတွေအပေါ် ဘိုးတံနဲ့ အသာပွတ်ဆွဲလိုက်တဲ့အခါ ပျစ်ချွဲမူနွဲ့တဲ့တယောသံဟာ နေ့လယ်ခင်းထဲကိုချိုအီစွာနဲ့ဖြတ်စီးသွားတတ်တာ။ တစ်ယောက်တည်းဘဝကို ခုံမင်တဲ့ဂီတဆရာဟာ အခုလိုရက်မျိုးတွေမှာ ပူလောင်‌နေတဲ့ညတွေကို ငြှိမ်းသတ်ဖို့အတွက် ဂီတနက်သံကိုစောညိန်းရဲ့ ပွင့်ဦးကိုလွမ်းလွမ်းဆွေးဆွေးနဲ့ဆိုနေလေမလား။ ဒါမှမဟုတ် နွေနှောင်းရက်ကျန်လား။ ဒီလိုမှမဟုတ်ရင်တော့ ဒေါက်တာဇီးဗားဂိုးထဲက Somewhere My Love လား။

        မတွေ့ရတာကြာလို့ လွမ်းရတဲ့လူတွေတစ်သီတစ်တန်းကြီးထဲမှာ ကိုယ်နဲ့တစ်ခါမှစကားမပြောဖူးသေးတဲ့ ဂီတဆရာလည်း ပါဝင်လာခဲ့ပေါ့။

        ဒီလိုနဲ့ပဲ ပျင်းရိငြီးငွေ့ခြင်းကိုအဖေါ်လုပ်ပြီး မပျင်းမရိအောင်နေလာခဲ့ရတဲ့ ရက်စွဲတွေဟာသစ်မြစ်တွေလို ရှည်ထွက်လာခဲ့တာ။ အိမ်ရှေ့က တမာနဲ့စွယ်တော်ပင်ဟာ ဘာဖြစ်လို့မှန်းလဲမသိ အခုရက်ပိုင်းတွေမှာ ပိုပြီးတော့ ရွက်ကြွေတွေများလာခဲ့တာ။ မီးရောင်ကို စွဲလမ်းတဲ့ပလူဟာ မီးရောင်ကို တပ်မက်တဲ့စိတ်ကြောင့်ပဲ

မီးရောင်အောက်မှာ  သေပွဲဝင်ခဲ့ရတာ။

         ဒီလိုနဲ့ပဲ  Stay at home ခြင်္သေ့လှောင်အိမ်ထဲမှာ နေလာခဲ့ရတဲ့ ရက်တွေ များပြားလာတဲ့အခါ ချောင်ထဲမှာပိတ်မိနေတဲ့အာရုံဟာ သွေ့ခြောက်ပွန်းရှ‌လာခဲ့တာ။

         လူသားနဲ့ဗိုင်းရပ်စ်တို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် အသေအကြေချေမှုန်းတိုက်ခိုက်နေတဲ့ စစ်ပွဲဟာဘယ်တော့များမှ ဆုံးခန်းတိုင်မှာပါလိမ့်။ စစ်ပွဲဟာ ကာလရှည်ကြာလာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဗိုင်းရပ်စ်တွေ ကိုက်ခဲတွယ်ကပ်ထားတဲ့ မြို့တွေကို တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထား။

       စစ်ပွဲဟာ တစ်နေ့နေ့မှာ ပြီးဆုံးသွားမှာ အသေအချာ။

       စစ်ကြီးပြီးဆုံးသွားရင်တော့ ကျွန်တော့်မှာလည်း အခြားအခြား‌သောလူတွေလိုပဲ ပြန်လည်စတင်ရမှာတွေက ခပ်များများ။

        ဆာရာဂျေဗိုမြို့က တေးရေးဆရာတစ်ယောက်ကတော့ စစ်ပွဲတွေပြီးဆုံးသွားတဲ့ အထိမ်းအမှတ်နဲ့ သူရေးဖွဲ့ထားတဲ့သီချင်းစာသားတွေကို မိုးသောက်အရုဏ်တက်တဲ့အထိ ဝရံတာမှာ တစ်ယောက်တည်းရွတ်ဖတ်နေခဲ့တာ။

        ဘာပဲပြောပြော ကျွန်တော်ကတော့ စစ်ကြီးပြီးဆုံးသွားတဲ့နေ့မှာ စစ်အတွင်းက  ကွဲကွာပြတ်တောက်ခဲ့တဲ့ (ဂီတဆရာ အပါအဝင် ) ချစ်သူခင်သူတွေနဲ့အတူ ကျွန်တော်တို့ကုန်းထိပ်လေးက ဟစ်ပီမှာအောင်ပွဲခံဖို့ စိတ်ကူးထားပါတယ် ။ ။   


                                             နိုင် ဝင်း သီ