Breaking News

ခင်လွန်း - အောက်စီဂျင်



ခင်လွန်း -  အောက်စီဂျင်

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၀

ငါတို့ဟာ
မြေပုံမှားကြီးကိုင်ပြီး
ရတနာသိုက်တူးနေသူတွေပဲ

တွင်းဟာ
အဝီစိလောက်ရောက်နေပြီ
ရေတစွပ်စွပ်ကို ခပ်ကဲ့ထုတ်ရင်း
တွင်းနှုတ်ခမ်းမှာ
ကျောက်ဖြုန်းတွေ တောင်လိုပုံလာတာကလွဲလို့
ငါတို့အိပ်မက်ထဲကရတနာဟာ
ပဟေဠိပါပဲ

တွင်းက နက်သထက်နက်လာပြီ
ကမ္ဘာမြေကြီး ထုတ်ချင်းပေါက်လောက်ပြီ
နက်သထက်နက်အောင် အရူးအမူးတူးရင်း
အသက်ရှူကြပ်သထက် ကြပ်လာကြ

အောက်စီဂျင်
အောက်စီဂျင်
ငါတို့အသက်ရှူမရတော့သလောက်...
အသက်ရှူ မဝတော့သလောက်
လေတချက်လောက်မရတော့ဘူးလား

ကမ်းပေါ်ပစ်တင်ခံရတဲ့ငါးကလေးလို လူးလိမ့်
အောက်စီဂျင် အောက်စီဂျင်
လေလေးတချက်လောက် ရှူပါရစေ

တွင်းနက်ကြီးထဲက ပွက်လောရိုက်သံတွေ
အပြင်ဘက် ပေါက်ကွဲလွင့်စင်လို့

တွင်းနှုတ်ခမ်းပေါ်ကလူတွေကတော့
စိတ်ကူးဖဲရိုက်ရင်း
မြေဆီသားတွေပေလူးနေတဲ့
ရတနာသိုက် မြေပုံမှားကြီးကို
တသသ ရွရွလေးကိုင်ရင်း....။ ။

အောက်တိုဘာ ၂၇၊ ၂၀၂၀
မနက် -၈:၁၀ နာရီ