ညီဆောင်းဦး - လောင်းကုတ်
ညီဆောင်းဦး
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၀
ကျွန်တော်တို့မှာ အင်မတန်ကြည်ညိုစရာကောင်းတဲ့၊ အင်မတန်ကိုယ်ကျင့်တရား ကိုယ်ချင်းစာတရားတွေနဲ့ပြည့်စုံတဲ့၊ ပြီးတော့ တမိသားစုလုံးက ချစ်ခင်လေးစားရတဲ့အပြင် အင်မတန်မှဂုဏ်ယူအားထားရတဲ့ ဖခင်တစ်ဦးကို ဆုလာဘ်တပါးအဖြစ်ပမာ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ အဖေဟာ အလုပ်ကို ရိုးရိုးသားသားနဲ့ ကြိုးစားသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အဖေ့မှာ စိတ်ခံတခုရှိတယ်။ အဲ့ဒါကတော့ မဟုတ်မခံ စိတ်မြန်လက်မြန်ရှိတတ်တာပါပဲ။ သူကမှန်တယ်လို့ ထင်ထားတဲ့ကိစ္စဆိုရင် သူ့ထက်အသက်ဘယ်လောက်ကြီးကြီး၊ ရာထူးအာ ဏာဘယ်လောက်ကြီးကြီး မျက်နှာထောက်ထားနေတာမျိုးမရှိဘဲ ရဲရဲတင်းတင်းပြောဆိုတတ်သူဖြစ်တယ်။ အဲ့ဒါကြောင့်လည်း တချို့လူတွေက အဖေ့ကို အရိုင်းလို့ ခေါ်ဆိုသမုတ်ကြတယ်။ ဒါပေမဲ့ အဖေဟာ အနု ပညာဆန်တဲ့ နှလုံးသားရှိသူဆိုတာ လူတော်တော်များများသိကြပါတယ်။ "အိမ်ထောင်ရေးမှာလည်း အနုပညာရှိတယ်"လို့ အဖေတစ်ခါက ပြောဖူးခဲ့ကြောင်း သိမီခဲ့တဲ့ လူတွေပြောလို့ကြားဖူးခဲ့ရပါသေးတယ်။ အဖေဟာ မိသားစုအပေါ်မှာ အဲ့ဒီလို နှလုံးလှခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အဖေ့မှာ ကြီးမားတဲ့ရည်ရွယ်ချက်တခုရှိတယ်။ အဲ့ဒါကတော့ ရှေးကျပြီးအဖိုးတန်တဲ့ ရှေးဟောင်း လောင်းကုတ်ကြီးကို ကျွန်တော်တို့လက်ထဲ ပြန်ထည့် ပေးဖို့ကိစ္စပါပဲ။ ရွေ့လျားလာတဲ့ ခေတ်ရေစီး ကြောင်းထဲ ပညာသားပါပါ လိုက်ပါစီးမျောဖို့ မတတ်တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေကြောင့် ဆွေစဉ်မျိုးဆက် ချမ်းသာလာတဲ့ အရိပ်တွေဟာ လွင့်ပါးကုန်ရပါတယ်။ အဲ့ဒီတော့ ပညာတတ်ပြီးပါးနပ်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ ကျွန် တော်တို့ ဘိုးဘွားပိုင်ပစ္စည်းတွေကို လာရောက်ယူငင် ကြပါတော့တယ်။ အဲ့ဒီလိုယူခံလိုက်ရတဲ့အထဲမှာ ရှေး ဟောင်းလောင်းကုတ်ကြီးလည်းပါသွားပါတယ်။ ဘိုးဘွားတွေဟာ အပေါ်ယံပစ္စည်းတွေသာ ချမ်းသာကြပြီး ပညာအရာမှာ နုံအခဲ့လို့ ကိုယ့်ပစ္စည်းကို နည်းမျိုးစုံနဲ့ယူသွားကြတာကိုတောင် မသိလိုက်ကြပါဘူး။ ဒီတိုင်း ထိုင်ကြည့်နေကြရတဲ့အထိပါပဲ။ အဘိုးအဘွားတွေလက်ထက်ကတဆင့် ဘကြီးဘထွေးတွေလက်ထက်အထိ အဲ့ဒီလောင်းကုတ်ကြီးဟာ သူများဆီမှာသာရှိနေခဲ့ပါသေးတယ်။
ကျွန်တော်တို့အဖေဟာ စာဖတ်နာသူတဦးလည်းဖြစ်ပါတယ်။ သူနဲ့ပေါင်းသင်းတဲ့လူကြီး လူကောင်းတွေကလည်း သူ့လိုပဲစာဖတ်တဲ့ ပညာရှိကြီးတွေဖြစ်ပါတယ်။ ပြီးတော့ အဖေ့ကို အကြံတွေပေးပါတယ်။ အဖေကလည်း အဆိုးအကောင်းကို တိုင်ပင်လေ့ရှိပါတယ်။ အဲ့ဒီလို စာဖတ်တဲ့အဖေက ပညာရှိလူကြီးလူ ကောင်းတွေရဲ့ အကြံပေး လမ်းပြမှုတွေကိုခံယူပြီး လောင်းကုတ်ကြီးကို ကျွန်တော်တို့လက်ထဲရောက်အောင် ကြိုးစားခဲ့ပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ပြန်ယူဖို့ ကြိုးစားခဲ့တာပါ။ အနုနည်း၊ အကြမ်းနည်း စတဲ့နည်းတွေကိုစုံလို့ပါပဲ။ အဖေ့ရဲ့မဆုပ်မနစ်ကြိုးစားမှုကြောင့်ပဲ လောင်းကုတ်ကြီးဟာ ကျွန်တော်တို့လက်ထဲရောက်ဖို့ အင် မတန် နီးစပ်လာခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုတွေ ပျော်ရွှင်မဆုံး ဖြစ်နေကြတဲ့အချိန်ပေါ့။
ကိုယ်ပိုင်ပစ္စည်း ကိုယ့်လက်ထဲရောက်ဖို့ လက်တစ်လုံးအလို ၁၉၄၇ ခုနစ်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့မနက် ၁၀:၃၇ မိနစ်မှာ အဖေဟာ အသားထဲကလောက်တွေထွက်ကျလာပြီး ကျွန်တော်တို့နဲ့ဝေးရာကို ရှောင်ထွက်သွားခဲ့ပါတယ်။ အဲ့ဒီတုန်းက အဖေတင်မဟုတ်ဘူး အဖေ့ရဲ့မိတ်ဆွေ ပညာရှိကြီးတချို့လည်းအဖေ့လိုရောဂါမျိုးနဲ့ပဲ အဖေနဲ့အတူတူ ထွက်သွားကြတာ။ မှတ်မိနေသေးတယ်။ အဲ့ဒီအချိန်ဟာ ကျွန်တော်တို့မိသားစုမျက်ရည်တွေနဲ့ စနေမနက်က မိုးရေတွေ အတူတူမြေပြင်ပေါ်ကျခဲ့ကြတာပေါ့။
သူ့ဘဝတလျှောက်လုံးကို ကျွန်တော်တို့အတွက်ပဲ အချိန်ပေးခဲ့တဲ့အဖေ။ ငတ်ငတ်ပြတ်ပြတ်နဲ့ နေပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့တဲ့အဖေ။ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားကလွဲပြီး ဘာမှမရှိတဲ့အဖေ။ အခုတော့ ကျွန်တော်တို့လက်ထဲ လောင်းကုတ်ကြီးထည့်ပြီး သူက ပိန်ပိန်သေးသေးလေးဘဝနဲ့ပဲ အဝေးကိုထွက်သွားခဲ့တယ်။ အဖေကျွန်တော်တို့ကို လက်ပြနှုတ်ဆက်ချိန်ဟာ သိပ်ကိုစောလွန်းပါတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်း လောင်းကုတ်ကြီးဟာလည်း အန္တရာယ်တွေ ဝိုင်းတာခံလိုက်ရပါတော့တယ်။ ရှေးဟောင်းအဖိုးတန်ပစ္စည်းဆိုတော့ လိုချင်တဲ့သူတွေကလည်း ကောက်ကာငင်ကာအမျိုးတော်လိုက်ကြပြီး မောင်ပိုင်စီးသွားကြပါတော့တယ်။ အမျိုးဆိုတဲ့ သူတွေဟာ တစ်ခါတလေစိတ်ကောင်းဝင်ရင်၊ဒါမှမဟုတ် ကျွန်တော်တို့ကို ပျားရည်နဲ့ဝမ်းချချင်ရင်တော့ လောင်းကုတ်ကြီးကို ထုတ်ပြလေ့ရှိတယ်။ အဲ့ဒီအခါကျမှ ကျွန်တော်တို့လည်း လောင်းကုတ်ကြီးကို မြင်ခွင့်ရတာပါ။ စိတ်ကောင်းမဝင်တဲ့အချိန်တွေကျတော့ ကျွန်တော်တို့ပိုင်တာ မဟုတ်ဘူးလို့ ပြောကြပြန်ရော။ အဲ့ဒီလိုအခါမျိုးကျရင် ကျွန်တော်တို့လောင်းကုတ်ကြီးကို မြင်ခွင့်မရကြဘူးပေါ့။သူတို့ရဲ့ စိတ်ကောင်းဝင်ချိန်ဟာ မျက်စိတစ်မှိတ်ဆိုရင်စိတ်ကောင်းမဝင်ချိန်ဟာ ဘုရားတစ်ခါပွင့်ကြာပါတယ်။ အဲ့ဒီအမျိုးတွေကပဲ တစ်ခါတလေ အဖေ့ဓာတ်ပုံကိုဖုံသုတ်ပြီး သူတို့ရဲ့ကျေးဇူးရှင်ကြီးဆိုပြီး စိတ်မပါလက်မပါနဲ့ ခေါင်းရင်းခန်းနံရံမှာ ချိတ်ဆွဲပြထားကြသေးတယ်။
ရှေးဟောင်းပစ္စည်းဖြစ်တဲ့ လောင်းကုတ်ကြီးဆိုတော့ အသစ်တစ်ထည်လိုမဟုတ်တော့ပါဘူး။ တချို့နေရာတွေ ယိုယွင်းနေပါပြီ။ ပျက်စီးလာပါပြီ။ ဒါပေမဲ့ သူတို့ဟာ ဖာထေးပြုပြင်တဲ့အလုပ်ကို မလုပ်ကြပါဘူး။ ပြပွဲတွေမှာပြစားကြတယ်။ အဲ့ဒီပစ္စည်းဗန်းပြပြီး တခြားလူတွေဆီက ငွေချေးစားကြတယ်။ လောင်းကုတ်ကြီးကို တည်မှီပြီး ရသမျှငွေကို နေရာပေါင်းစုံကနေယူလာကြပါတယ်။ ကံကြမ္မာဟာ ကျွန်တော်တို့ကို မျက်လှည့်ပြပါတယ်။ ပထမတော့ သိပ်ပြီးရိုးသားတဲ့ ကြည်ညိုဖွယ်ဖခင်တဦးကိုပေးတယ်။ ဒုတိယတော့ အဲ့ဒီဖခင်ဟာ ကျွန်တော်တို့နှလုံးသားထဲ နက်နက်နဲနဲ ချစ်နေပြီဆိုမှ ပြန်ခေါ်သွားတယ်။ တတိယကအဆိုးဆုံးပါပဲ။ အဖေ့လောင်းကုတ်ကြီးက ကျွန်တော်တို့ဆီရောက်နေရမှာကို ကောက်ကာငင်ကာအမျိုးထတော်တဲ့သူတွေလက်ထဲ ထည့်ပေးလိုက်တယ်။
အခုတော့ ကျွန်တော်တို့မှာ မြင်သာမြင် မကြင်ရတဲ့ဘဝ။ ပြုပြင်ဖာထေးခွင့်ရဖို့ကို အသက်သွေးချွေးတွေနဲ့ တိုက်ယူနေရတဲ့ဘဝတွေအထိ ဆိုးရွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဘိုးဘွားတွေလက်ထက်၊ ဘကြီးဘထွေးတွေလက်ထက်၊ အဖေ့လက်ထက်၊ ကျွန်တော်တို့လက်ထက်အထိ အန္တရာယ်ဇုံထဲ ကျရောက်နေတဲ့အဲ့ဒီလောင်းကုတ်ကြီးကို ဖြစ်နိုင်ရင် အဖေထွက်သွားတုန်းမှာ တပါတည်းထည့်ပေးလိုက်ချင်တော့တာပါပဲ။ ။