အတွေးအမြင်နှင့် ဒေါင်းစာပေတို့၏ အန်တီမြင့်မြင့် ကို နှုတ်ဆက်ခြင်း
![]() |
art by Thargyi Maung Zeya |
အတွေးအမြင်နှင့် ဒေါင်းစာပေတို့၏ အန်တီမြင့်မြင့် ကို နှုတ်ဆက်ခြင်း
မောင်ရစ်၊ (မိုးမခ)၊ နိုဝင်ဘာ ၅၊ ၂၀၂၀
အတွေးအမြင်မဂ္ဂဇင်းနဲ့ ဒေါင်းစာပေတို့၏ အယ်ဒီတာနဲ့ ထုတ်ဝေသူ အန်တီမြင့်မြင့် နိုဝင်ဘာ ၂ ရက်နေ့ က ကွယ်လွန်ပါတယ်။ ဆရာမဒေါ်မြင့်မြင့်၏ ခင်ပွန်းက ကွယ်လွန်သူ စာရေးဆရာ အယ်ဒီတာ စာနယ်ဇင်းဆရာ မောင်ဝံသ (၁၉၄၅-၂၀၁၃) ဖြစ်ပါတယ်။ ဆရာမောင်ဝံသ ၁၉၈၄မှာ ထူထောင်ခဲ့တဲ့ အတွေးအမြင်မဂ္ဂဇင်းကို ဆရာမကွယ်လွန်မီကတည်းက တာဝန်ခံသူ၊ ထုတ်ဝေသူ၊ အယ်ဒီတာ၊ စာရေးဆရာအဖြစ် အန်တီဒေါ်မြင့်မြင့်က သီရိဝံသ ကလောင်အမည်နဲ့ လက်တွဲ ဆောင်ရွက်နေခဲ့သူ ဖြစ်ပါတယ်။ ဆရာကွယ်လွန်တော့ ဆရာမကပဲ ဆက်လက်ပြီး ဦးစီးပြီး စာပေအလုပ်များ ဆက်ထမ်းပါတယ်။ ဒေါင်းစာပေကလည်း အတွေးအမြင်နဲ့အတူ မွေးဖွားတယ်ဆိုနိုင်တာမို့ ဒေါင်းစာပေက ထုတ်ဝေတဲ့ စာကောင်းပေမွန်များစွာ ကျန်ရစ်ပါတယ်။ အခုတော့ ဆရာမ ကွယ်လွန်ပါပြီ။ ဆရာမောင်ဝံသက ၂၀၁၃ ခုနှစ် အသက် ၆၈ မှာ ကွယ်လွန်ပါတယ်။ ဆရာမကတော့ ၂၀၂၀ ခုနှစ် အသက် ၇၇ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ ဆရာမရှိတော့တဲ့နောက် ဒီ ၇ နစ်အတွင်း ဒေါင်းစာပေနဲ့ အတွေးအမြင်မဂ္ဂဇင်းဟာ အစဉ်အလာမပျက် အရှိန်အဟုန် အင်အားအပြည့် ဆက်လက်စီးဆင်းနေခဲ့တာ အန်တီ၏ အားထုတ်မှုများကြောင့်ဆိုတာ ထင်ရှားလှပါတယ်။
မိမိကတော့ ဆရာမောင်ဝံသ၏ အားပေးစောင့်ရှောက်မှုကြောင့် အတွေးအမြင်ကနေ စာရေးသူတဦးအဖြစ် မွေးဖွားခွင့်ရသူ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှ ဖြစ်ပါတယ်။ ၁၉၉၆နောက်ပိုင်း စာမရေးဖြစ်တော့တာကနေ ၂၀၀၃ ကျမှ စာပေစာနယ်ဇင်းဖက် ခြေဦးလှည့်ခဲ့ပါတယ်။ ဆရာက ၂၀၁၀ မှာ အတွေးအမြင်ဆီ ပြန်လာပြီး စာရေးဖို့ တိုက်တွန်းအားပေးတာမို့ အဲသည်နောက်ပိုင်း အတွေးအမြင်မှာ စာပြန်ရေးပါတယ်။ ဆရာက မိမိ၏ စာမူများကို သီးခံပြီး ထည့်သွင်းဖော်ပြပေးပါတယ်။ ဆရာကွယ်လွန်တော့ အန်တီမြင့်မြင့်က စာဆက်ရေးဖို့ အားပေးပါတယ်။ တိုက်တွန်းပါတယ်။ သူတို့ကျေးဇူးတွေကြောင့် မိမိလည်း အတွေးအမြင်မှာ ပုံမှန်စာရေးသူ ဝိုင်းတော်သားအဖြစ် ပါဝင်ခွင့် ဆက်လက်ရရှိပါတယ်။
အန်တီမြင့်မြင့်နဲ့ နောက်ဆုံးတွေ့ခွင့်ရတာကတော့ ၂၀၁၉ စက်တင်ဘာ ရန်ကုန်ပြန်တုန်းက ဖြစ်ပါတယ်။ အမြဲတန်း ရန်ကုန်ရောက်တိုင်း အန်တီ့ကို ဖုန်းနဲ့ပဲ နှုတ်ဆက်ဖြစ်ပါတယ်။ အန်တီကလည်း အယ်ဒီတာပီသစွာ လူရောက်လာတာထက် စာမူရောက်လာဖို့က အရေးပါသမို့ စာမူမှန်မှန်ရေးပို့နေတာဟာ မိမိတို့အချင်းချင်း စိတ်ချင်းနီးစပ်စွာ ဆုံတွေ့နေသလို သဘောထားပြီး အန်တီကို ကိုယ်တိုင်သွားပြီး ဂါရ၀ပြုဖို့ ပျက်ကွယ်ခဲ့တာ အမှန်ပါပဲ။ သို့သော် ၂၀၁၉ စက်တင်ဘာမှာတော့ဖြင့် အန်တီ၏ အတွေးအမြင်ရုံးခန်းကို သွားရောက်ပြီး နှုတ်ဆက်စကားပြောဆိုဖြစ်ခဲ့ပါတယ်။ အမြဲတန်း အေးဆေးတည်ငြိမ် ငြိမ်းချမ်းတဲ့ အန်တီနဲ့ စကားပြောရတာ စိတ်ချမ်းသာရပါတယ်။ မိမိကတော့ အမြဲတန်း ပူလောင် ပြာယာခတ် ပြေးလွှားလှုပ်ရှားနေသူမို့ အန်တီ့လို အေးဆေးတည်ငြိမ် တည်ကြည် ငြိမ်းချမ်းဖို့ အတော်ကြိုးစားရမှာပါလားလို့ တွေးမိပါတယ်။ အခုတော့လည်း အန်တီဒေါ်မြင့်မြင့်ဟာ အေးဆေးတည်ငြိမ် ငြိမ်းချမ်းစွာနဲ့ပဲ အနားယူသွားပြီ ဖြစ်ပါတယ်။
မိမိတို့မှာ စာပေမိသားစုတွေ စာပေမျိုးဆက်တွေ ဆက်လက်ကျန်ရစ်နေသေးတယ်လို့ ဖြေသိမ့်နိုင်တာ ဝမ်းနည်းစရာတွေထဲက ဝမ်းသာစရာပါ။ ဆရာမောင်ဝံသနဲ့ ဆရာမ ဒေါ်မြင့်မြင့်တို့၏ သားသမီးတွေဟာ စာပေအလုပ်တွေကို စိတ်ဝင်စားပြီး လက်ဆင့်ကမ်းဆောင်ရွက်နိုင်တဲ့ အခြေအနေ အနေအထား ရပ်တည်မှုတွေနဲ့ ဆက်ပြီး အဆင်သင့်ရှိနေကြတယ်လို့ ယုံကြည်ပါတယ်။ အတွေးအမြင်မဂ္ဂဇင်းနဲ့ ဒေါင်းစာပေဟာ လောကဓံလှိုင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး မော်ကွန်းစိုက်ထူထားတဲ့ စာပေတံခွန်တွေလို့ ဆိုနိုင်ပါတယ်။ သည်စာပေတံခွန်တွေ ဆက်လက် လွှင့်ထူနိုင်အောင် မိမိတို့လို စာရေးသူတွေ၊ စာဖတ်ပရိသတ်တွေက မိမိနိုင်စွမ်းသလောက် အားပေး လိုက်ပါကြမှာ ဖြစ်သလို စာပေမျိုးဆက်တွေကလည်း ဆက်ပြီး ဦးဆောင်ထမ်းရွက်ကြမှာကိုလည်း စိတ်ချ ယုံကြည်ပြီး ဖြစ်ပါတယ် ခင်ဗျား။