Breaking News

မောင်စွမ်းရည် - သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (စာရေးဆရာ အောင်ဗလ)



မောင်စွမ်းရည် - သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (စာရေးဆရာ အောင်ဗလ)

(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၁

ကြေးမုံဦးသောင်း ခေါ် စာရေးဆရာ အောင်ဗလဟာ အညာသား ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ညောင်ဦးမြို့နယ်က ရွာလေးတရွာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ မွေးဖွားသူ ဖြစ်လို့ ကျွန်တော့်ထက် အသက် ဆယ်နှစ်ကျော် ကြီးပါတယ်။ သူက ရန်ကုန် စာပေလောကမှာ နေထိုင်ကြီးပြင်းသူ ဖြစ်ပြီး ကျွန်တော်ဟာ မန္တလေး စာပေလောကမှာ နေထိုင် ကြီးပြင်းသူ ဖြစ်တာကြောင့် တဦးနဲ့တဦးဟာ တမြို့စီ တမြေစီ ခြားသူတွေအဖြစ် မတွေ့ဖူး၊ မမြင်ဖူးကြဘဲ အနေစိမ်းနေခဲ့ကြပါတယ်။

ဆရာအောင်ဗလဟာ မန္တလေးရှိ ဟံသာဝတီ သတင်းစာအယ်ဒီတာချုပ် ဦးဝင်းတင်ရဲ့ အိမ်ကို အလည်လာဖူးစဉ်အခါက လမ်းပေါ်မှာပဲ ရပ်ပြီး စကားပြောနေတာကို ကျွန်တော် မြင်ဖူးလိုက်ပါတယ်။ ကျွန်တော်က ဦးဝင်းတင်နဲ့ မျက်နှာချင်းဆိုင်မှာ နေသူ ဖြစ်လို့ပါ။ ကျွန်တော် အမေရိကကို ၂၀၀၃-၂၀၀၄ ခုနှစ်လောက်က ရောက်ရှိပြီးနောက် ဆယ်နှစ်လောက်ကြာမှ လူချင်းတွေ့ဆုံ ရင်းနှီးခဲ့ကြပါတယ်။ မြန်မာပြည်က စစ်အစိုးရရဲ့ ကျေးဇူးကြောင့်လို့ ဆိုချင်ရင် ဆိုလို့ရပါတယ်။

ဆရာအောင်ဗလဟာ ရန်ကုန်ကို ငွေထုပ်ပိုက်ပြီး အညာက ဆင်းလာခဲ့တာဟာ တက္ကသိုလ်တက်ဖို့ပါတဲ့။ ဒါပေမဲ့ ဗမာ့ခေတ်သတင်းစာမှာ ဆောင်းပါးရေးဖူးလို့ အယ်ဒီတာချုပ် ဦးအုန်းခင်ကို သွားတွေ့တဲ့အခါ သတင်းစာဆရာ လုပ်မယ်ဆိုရင် ဘာဖြစ်လို့ တက္ကသိုလ်ကို သွားပြီး ၄ နှစ်တာ အချိန်ဖြုန်းနေတော့မှာလဲလို့ ပြောတာကို သဘောကျပြီး တက္ကသိုလ်ကို မတက်တော့ဘဲ ဗမာ့ခေတ် သတင်းစာမှာ သတင်းထောက် စပြီး အလုပ်ဝင်လုပ်လိုက်ပါတော့တယ်တဲ့။ တက္ကသိုလ်တက်ရင် ဘွဲ့ရမယ့်နှစ်ဖြစ်တဲ့ ၁၉၅၁ မှာတော့ ဗမာ့ခေတ် သတင်းစာရဲ့ အယ်ဒီတာချုပ် ဖြစ်လာခဲ့ပါတော့တယ်။

ဒီနေရာမှာ အကြောင်းဆိုက်လာလို့ ကြားဖောက် ပြောလိုက်ပါရစေ။ လူထုဦးလှလည်း ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို တက်ဖို့ ရန်ကုန် ဆင်းလာသတဲ့။ သူ့သူငယ်ချင်းက တက္ကသိုလ်တက်ချင်တာ ငွေမရှိလို့ မတက်ရတာနဲ့ ညည်းညူတော့ သူငယ်ချင်းကိုပဲ တက္ကသိုလ်တက်ခိုင်းပြီး သူကတော့ အစိုးရအလုပ်တခုမှာ ရာဖြတ်စာရေး ဝင်လုပ်ရင်း ငွေရှာသတဲ့။ ရှာလို့ရတဲ့ငွေကို စုပြီး ကြီးပွားရေးမဂ္ဂဇင်း ထုတ်သတဲ့။ အလားတူပဲ၊ သခင်အုန်းမြင့်ကလည်း တက္ကသိုလ်တက်ဖို့ ငွေထုပ်ပိုက်ပြီး ရန်ကုန် ဆင်းလာရင်း သူ့ဆရာ ဦးချစ်မောင်က သတင်းစာထုတ်ချင်တယ် ဆိုတာနဲ့ သူ့ငွေထုတ်ပေးပြီး သူလည်း တက္ကသိုလ် ဆက်မတက်တော့ဘဲ သတင်းစာဆရာ လုပ်နေလိုက်သတဲ့။ အဲဒီသုံးဦးလုံး ဝါသနာလည်း တူ၊ ဖြစ်ရပ်လည်း တူလွန်းလို့ပါ။ လူထုဦးလှ၊ သခင်အုန်းမြင့်၊ အောင်ဗလ။

ဆရာအောင်ဗလက ဗမာ့ခေတ်မှာ အယ်ဒီတာချုပ် ဖြစ်တော့ သူ့အသက်က ၂၅ နှစ်လောက်ပဲ ရှိသေးတာတဲ့။ ဒါတောင် သိပ်မကြာလိုက်ဘူး။ နောက် လေး ငါးနှစ်အကြာ ၁၉၅၇ ခုနှစ်မှာ ကိုယ်ပိုင်သတင်းစာ တည်ထောင် ထုတ်ဝေခဲ့ပါတယ်။ အိုးဝေသတင်းစာမှာ လုပ်နေတဲ့ ဦးဝင်းတင်ကို ခေါ်ယူလိုက်တယ်။ နောက်တဆင့် တက်ပြီး ဆရာဇဝနနဲ့ ဆရာစိန်ခင်မောင်ရီ၊ ဆရာငွေဥဒေါင်းတို့လို အားကောင်းမောင်းသန် ဆရာကြီးတွေကိုပါ အားဖြည့် လုပ်ကိုင်လိုက်တဲ့အခါ မြန်မာပြည်မှာ စောင်ရေအများဆုံး ထုတ်ဝေရတဲ့ သတင်းစာကြီးအဖြစ် တိုးတက်အောင်မြင်လာခဲ့ပါတယ်။ ‘ကြေးမုံသတင်းစာ’တဲ့။ ခေတ်မီ၊ နောက်ဆုံးပေါ် ပတ်လည်စက်ကြီးကို ပထမဆုံး ဝယ်ယူ အသုံးပြုလိုက်တဲ့ သတင်းစာကြီး ဖြစ်ပါတယ်။

ဆရာအောင်ဗလဟာ သတင်းစာ ဆောင်းပါးတွေလည်း ရေး၊ ပြဇာတ်တွေလည်း ရေးတဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီး ဖြစ်ပါတယ်။ သတင်းသမားပီပီ စာရင်းဇယားတွေ၊ ခုနှစ်သက္ကရာဇ်တွေ၊ အချိန်နာရီတွေ၊ ကိန်းဂဏန်းတွေ အတိအကျ ဖော်ထုတ်ကိုးကားပြီး ရေးလေ့ရှိပါတယ်။ ဆရာအောင်ဗလရဲ့ ကြေးမုံ သတင်းစာကြီး အရှိန်တညီးညီး တက်နေတဲ့အချိန်မှာ ဗိုလ်ချုပ်နေဝင်းကလည်း ဩဇာအာဏာ အရှိန်အဝါတွေ တဟုန်းဟုန်းတက်နေတဲ့အခါ ဖြစ်ပါတယ်။ ဆရာအောင်ဗလက အကဲစမ်းပြီး ဗိုလ်ချုပ်ကြီးရဲ့ နားရွက်ကို တံတွေးဆွတ်တဲ့ ဆောင်းပါးတစောင် ရေးလိုက်မိသတဲ့။ ဘာရမလဲ၊ ဗိုလ်ချုပ်ကြီးကလည်း အာဏာပါဝါ ပြတော့တာပေါ့။ ကြေးမုံသတင်းစာကို ပိတ်လိုက်ပြီးနောက် ‘ပြည်သူပိုင်’ ဆိုတာ လုပ်လိုက်ပါတယ်။ အများသိတော်မူကြတဲ့အတိုင်း ‘ပြည်သူပိုင်’ ဆိုတာ ဘယ်ပြည်သူမှ မပိုင်တော့ပါဘူး။ ‘နိုင်ငံပိုင်’ ဆိုတာလည်း ဘယ်နိုင်ငံကမှ မပိုင်ရပါဘူး။ ‘စစ်တပ်ပိုင်’ ဖြစ်သွားတဲ့သဘောပါပဲ။

ဒီလောက်နဲ့ ဘာရမလဲ။ အယ်ဒီတာချုပ်ကော၊ အယ်ဒီတာအဖွဲ့ဝင် သုံးဦးကိုရော အစစ်အဆေးမရှိဘဲ ‘ထိန်းသိမ်း’ လိုက်ပါတယ်။ ‘ထိန်းသိမ်း’တယ်ဆိုတာ စစ်အစိုးရက အစစ်အဆေး မရှိ ဖမ်းဆီး ထောင်ချထား လိုက်တာကို ခေါ်တဲ့ ဝေါဟာရ ဖြစ်လာပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က အစောပိုင်းကာလ ဆိုတော့ အထိန်းသိမ်းခံ စာရေးဆရာတွေကို ထောင်ထဲမှာ စာရေး၊ စာဖတ်ခွင့်ပေးထားပါတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်နဲ့ ဖဆပလ အစိုးရ လက်ထက်က ဒီမိုကရေစီ အစဉ်အလာအတိုင်း ဖြစ်ပါတယ်။

ထောင်က လွတ်လာတော့ စာရေးဆရာတွေက အငြိမ်မနေဘူး။ ‘အာချောင်ကြတယ်’။ ‘ဘဝတက္ကသိုလ်’ က ပြန်လာပြီလို့ ကြွေးကြော်ဆူပူကြတယ်လေ။ ထောင်ထဲမှာ ရေးဖြစ်တဲ့ စာမူတွေလည်း တပွေ့တပိုက် သယ်ပိုးလာခဲ့ကြတယ်။ လူထုဦးလှ ဆိုရင် သူ့ရဲ့ ထောင်စာအုပ်နဲ့ ယူနက်စကိုဆုတောင် ရလိုက်သေး။ ဖိနှိပ် နှိမ်ချချင်လို့ ထောင်ချပါမှ ကမ္ဘာကျော်အောင် ဂုဏ်ရောင်ပြောင်သွားတာမျိုးကို အာဏာရှင်အစိုးရက ကြည့်မနေပါဘူး။ တခါတည်း ဒီအခွင့်အရေးတွေ ပိတ်ပစ်လိုက်ပါတယ်။

ဆရာအောင်ဗလကတော့ သီသီလေး လွတ်သွားခဲ့တယ်။ သူ ရေးတာကလည်း တခြားလူတွေကို ထောင်အကြောင်းသက်သက် မဟုတ်ဘူး။ ‘ဘာသာရေး’ ရေးပါ။ ဦးဝင်းတင်တို့ ထောင်ကျတဲ့ခေတ် ရောက်တော့ ဝါရင့်စစ်အစိုးရက ထောင်ထဲကို ခဲတံတိုလေး လက်တဆစ်တောင် ယူခွင့်မပေးတော့ပါဘူး။

ဆရာအောင်ဗလက မူလက ဗိုလ်နေဝင်းနဲ့ ဆက်ဆံရေး ကောင်းခဲ့ပုံရပါတယ်။ ဆရာအောင်ဗလရဲ့ ဆရာရင်း ဖြစ်သူ ဆရာကြီးသခင်စိုး ဆိုတာနဲ့ ဗိုလ်နေဝင်းဟာ ဂျပန်ခေတ်တလျှောက်လုံး မြစ်ဝကျွန်းပေါ်ဘက်မှာ လုံးလားထွေးလား နေခဲ့ကြလို့ အထူးရင်းနှီးခဲ့ကြသတဲ့။ စိတ်တူကိုယ်တူ၊ ဝါသနာတူကြတယ် ဆိုကိုး။ သခင်စိုးက စည်းရုံးရေးလည်း ကောင်းတယ် ဆိုကိုး။ ဒီသံယောဇဉ်တွေနဲ့ တူပါရဲ့။ ဗိုလ်နေဝင်းက ဆရာအောင်ဗလ ထောင်က ထွက်ထွက်ချင်း အလုပ်ခန့်ပြီး သူကောင်းပြုထားလိုက်တာ ဆယ်နှစ်လောက် ကြာသတဲ့။ ဒါပေမဲ့ စာနယ်ဇင်းသမား ဆိုတာ မဝေဖန်ဘဲ မနေနိုင်ဘဲကိုး။ ဆက်လက်ပြီး ဟိုတို့ သည်တို့၊ တို့ကနန်း ဆိတ်ကနန်း သွားလုပ်တော့ စာရေးခွင့်ကိုပါ ပိတ်ပစ်လိုက်တယ်။ ဆရာအောင်ဗလကလည်း အငြိမ်မနေဘူး။ ဆီလို အပေါက်ရှာပြီး ပြည်ပက စာနယ်ဇင်းတွေကို စာမူလှမ်းပို့သတဲ့။

မကြာခင်မှာပဲ ဆရာအောင်ဗလဟာ သူ့ဇနီးအသစ်ကလေးနဲ့အတူ အမေရိကကို ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီတော့ ၁၉၇၇ ခုနှစ်ပါ။ ကျွန်တေ်ာတို့က မန္တလေးက ရန်ကုန်ကို ပြောင်းလာတာလည်း မကြာသေးဘူး။ ဆရာနဲ့ ကျွန်တော်တို့ မဆုံလိုက်ပါဘူး။ ကျွန်တော်က အခြေခံပညာကျောင်းသုံးစာအုပ်တွေကို ပြုစုထုတ်ဝေရေးမှာ တာဝန်ကျလေတော့ မြန်မာစာပါမောက္ခတွေက အလှည့်ကျဥက္ကဋ္ဌတွေ၊ ကျွန်တော်က အတွင်းရေးမှူးပါ။ ကျွန်တော့်ကို မြန်မာစာဌာနမှာ ရုံးခန်းပေးတော့ ကျွန်တော်လည်း တောင်ငူဆောင်ကို ရောက်လာခဲ့ရပါတယ်။ တောင်ငူဆောင် ရောက်လာတော့ ဆရာအောင်ဗလရဲ့ ဇနီးအကြောင်းကို ပိုသိလာရပါတယ်။ မြန်မာစာဌာနက ဆရာမလေးက ဆရာအောင်ဗလရဲ့ ပြဇာတ်တွေကို လေ့လာပြီး မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုရသတဲ့။ ဒီလိုနဲ့ စာရေးဆရာနဲ့ ကျမ်းပြုကျောင်းသူတို့ ပေါင်းစပ်မိသွားပြီး ‘အချစ်ပြဇာတ်’တပုဒ် ရေးရာက အမေရိကအထိ ဇာတ်လမ်းဆက်ခဲ့ကြလေသတည်းတဲ့။

ပြည်ပရောက်တော့လည်း ဆရာအောင်ဗလက စစ်အာဏာရှင်ကို ဆက်လက်ဝေဖန်ပါတယ်။ အာဏာရှင်က ဘယ်လောက်အာဏာရှိရှိ ပြည်ပကိုတော့ လိုက်ပြီး မဖမ်းနိုင်ရှာဘူးပေါ့။ ဒါပေမဲ့ ဗိုလ်နေဝင်း ပါတဲ့၊ ဘာနေမလဲ။ ဆရာအောင်ဗလရဲ့ ခရီးသွားလက်မှတ်ကို ပိတ်ပစ်လိုက်ပါသတဲ့။ ဆရာအောင်ဗလကလည်း အမေရိကမှာပဲ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီး ဆက်လက်အခြေချ နေထိုင်လိုက်ပါတော့တယ်။ ပြည်ပကို ရောက်တော့ အင်္ဂလိပ်လို ဆောင်းပါးတွေ ရေးရုံမက စာအုပ်တွေပါ ပြုစုထုတ်ဝေပါတယ်။

‘A Journalist and A Queen’ ဆိုတာ စုဖုရားလတ်နဲ့ သတင်းစာဆရာတယောက်အကြောင်းပါ။ ၁၉၇၆ ခုနှစ်မှာ ထုတ်ခဲ့ပါတယ်။

နောက်တအုပ်က ‘A Journalist, A General and An Army in Burma’ တဲ့။ ၁၉၉၅ မှာ ထုတ်တယ်။

နောက်တအုပ်က ‘General Ne Win and his Executioners’ တဲ့ ၁၉၉၆ မှာ ထုတ်တယ်။

ဗိုလ်နေဝင်း အကြောင်းကို ရက်စွဲတွေ၊ ကိန်းဂဏန်းတွေ အတိအကျနဲ့ ရေးထားတာပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော် အမေရိကကို ရောက်တော့ ‘ဗိုလ်နေဝင်း ပြာတဆုပ်’ ဆိုတဲ့ သရော်စာတအုပ်ကို ဖတ်ရပါတယ်။ ကြေးမုံဦးသောင်း အမည်နဲ့ ရေးထားတာပါ။

စစ်တပ်အရာရှိတွေဟာ ဘိုးတော်တွေ၊ ဗေဒင်ဆရာတွေနဲ့ ဘယ်လို လုပ်ဆောင်ကြတယ် ဆိုတာကို ထောင့်စေ့အောင် ရေးထားတာပါ။ ဗိုလ်နေဝင်း၊ ဗိုလ်အေး၊ ဗိုလ်သန်းရွှေ၊ ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့် စတဲ့ ဗိုလ်တွေအကြောင်းကို အပီအသ ရေးထားတာပါ။ စစ်ဗိုလ်တွေရဲ့ ဓလေ့စရိုက် ပီသ ပေါ်လွင်လှပါတယ်။

ဒီစာအုပ်က မြန်မာစာနဲ့ ရေးထားတာပါ။ အင်္ဂလိပ်လို ဘာသာပြန်ရရင် နိုင်ငံခြားသားတွေအနေနဲ့ ဗမာစစ်ဗိုလ်တွေ ဗေဒင် ယတြာလုပ်ကြပုံကို တအံ့တဩ ဖတ်ရှုလေ့လာခွင့် ရကြမှာပါ။ ဘာသာပြန်ရသေးရင် ဘာသာပြန်ပြီး ထုတ်ဝေဖို့ ကောင်းမယ် ထင်ပါတယ်။

အင်္ဂလိပ်လို ရေးတာတွေက စာရေးဆရာအောင်ဗလ နာမည်နဲ့ မရေးပါဘူး။ ကြေးမုံဦးသောင်း ဆိုတဲ့ သတင်းစာဆရာနာမည်နဲ့ ရေးတာပါ။ အားလုံး စာအုပ် ၃၀ လောက် ပြုစုထုတ်ဝေခဲ့ပါတယ်။

ဗိုလ်ချုပ်တွေက မြန်မာ့သယံဇာတ၊ ကျွန်းသစ်၊ ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာတွေသာမက သဲနဲ့ ရေကိုပါ ရောင်းစားကြပုံ၊ ဘိန်းဘုရင်တွေနဲ့ လုံးလားထွေးလား လုပ်ကိုင်စားသောက်ကြပုံ။ (ဗိုလ်ခင်ညွန့် ကိုယ်တိုင် ‌ရေးတဲ့စာအုပ်ထဲမှာ ဘိန်းဘုရင်ခွန်ဆာကို ‘ဦးခွန်ဆာကြီး’ လို့ တလေးတစား ခေါ်ပါတယ်။ ဦးခွန်ဆာရဲ့ ဇနီးနှစ်ယောက်ကို တအိမ်စီ ထားပေးသတဲ့။ နိုင်ငံတော်က ငွေကြေးအထောက်အပံ့လည်း လိုသလောက် ပေးထားတယ်ဆိုပဲ။ ချစ်လိုက်ကြတာ)။ မြေတွေ၊ အိမ်တွေ၊ တိုက်တွေ တာတွေ ဆိုတာများ ကလေးတွေ အိုးပုတ် ချိုးရုပ် ကစားကြသလို ပေးကြ၊ ယူကြ၊ ရောင်းကြ၊ ဝယ်ကြ၊ ဖလှယ်ကြသတဲ့။ သူတို့ချင်း လုပ်နေကြပုံတွေက မှတ်သားစရာကောင်းတာတောက့ ကမ္ဘာပေါ်မှာ ဘီလီယံနာတွေ အများဆုံး မွေးထုတ်ပေးတဲ့ တက္ကသိုလ်ဟာ မြန်မာစစ်တက္ကသိုလ်တဲ့။ ဘီလီယံနာ စစ်ဗိုလ်ကြီးတွေဟာ သူတို့ရဲ့ ရွှေငွေရတနာ၊ ကျောက်သံပတ္တြမားတွေကို နိုင်ငံခြားဘဏ်တွေမှာ အပ်ထားကြတာ ဆွေစဉ်မျိုးဆက် ဆယ်ဆက်၊ နှစ်ဆယ်ဆက် စားမကုန်နိုင်ဘူး ဆိုပဲ။ ကျောက်မျက်ရတနာပြပွဲ လုပ်ရင် ဗိုလ်ချုပ်ကတော်တွေဟာ ပဲလှော်သည်၊ ပုစွန်ခြောက်သည်တို့ရဲ့ ဈေးဗန်းထဲက ပဲလှော်၊ ပုစွန်ခြောက်တို့ကို ကောက်ယူပြီး စားကြည့်သလိုပဲပေါ့။ ဗိုလ်နေဝင်းကြီးကတော့ ပြပွဲမတိုင်ခင်ကတည်း ကြည့်ပြီး ပန်းဦးပန်၊ ဈေးဦးဖောက်ခဲ့ပြီးပြီပေါ့။

ဗိုလ်နေဝင်းက ဦးသောင်းကို ထောင် ၃ နှစ်နဲ့ ပြည်နှင်ဒဏ်ဆိုတာ အလွန်သက်ညှာ သက်သာတာပါ။ တခြား စာနယ်ဇင်းသမားတွေဆိုရင် ထောင်တွေ၊ ကျွန်းတွေ ပို့ပြီး ဆယ်နှစ်၊ အနှစ် နှစ်ဆယ် သေခါနီးအောင် နှိပ်စက် ညှဉ်းပန်းပြီးမှ ထောင်ထဲမှာ ရောဂါမျိုးစုံနဲ့ သေရင် သေ၊ မသေရင် ပြင်ပရောက်မှ သေအောင် လုပ်လိုက်တာပါ။

မုံရွာဦးတင်ရွှေ၊ ဗိုလ်သော်က၊ ဦးဝင်းတင် စတဲ့ စာရေးဆရာ၊ နိုင်ငံရေးသမားတွေဟာ ဒီနည်းနဲ့ ဇာတ်သိမ်းကြရရှာတာ။ ဆေးမမီပါဘူး။ ဆရာအောင်ဗလကို သက်ညှာတာက နည်းနည်းစောသေးလို့နဲ့ တူပါတယ်။ အထက်မှာဆိုခဲ့သလို ဆရာအောင်ဗလဟာ ဗိုလ်နေဝင်းနဲ့ ပုလင်းတူဘူးဆို့ သခင်စိုးရဲ့ တပည့် ဖြစ်နေလို့လား ဆိုတာကိုတော့ ဆရာအောင်ဗလထံက မစူးစမ်းလိုက်ရပါ။ ဗိုလ်နေဝင်းနဲ့ သခင်စိုးတို့ မြစ်ဝကျွန်းပေါ်မှာ တွဲခဲ့စဉ်က ဒုတိယကမ္ဘာစစ်ကြီး ဖြစ်နေတာပါ။ ဒီကြားထဲက သူတို့ခါးပိုက်ဆောင် အမျိုးသမီးများအတွက် အလှကုန်ပစ္စည်းတွေကို အိန္ဒိယနဲ့ မြန်မာပြည် စစ်ရေးကိစ္စ၊ နိုင်ငံရေးကိစ္စ ကူးသန်းသွားလာနေကြတဲ့ လေယာဉ်ပျံတွေကို မှာယူပေးကြပါသတဲ့။ ငမ်းပုံ ကမ်းကုန်ရော။

ဒီနေရာမှာ စပ်မိလို့ ကြားဖောက်ပြီး ပြောပါရစေ။ ဆရာအောင်ဗလရဲ့ ဆရာကြီးသခင်စိုးဟာ မြန်မာပြည် လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်ကတည်းက တောခိုခဲ့တာပါ။ ကွန်မြူနစ်ပါတီ ကွဲကြ ပြဲကြတော့ သခင်စိုးက ‘ကွဲအက်ရာမှ ခွဲထွက်ရာသို့’ လမ်းစဉ်နဲ့ ခွဲပြီး တောခိုသွားခဲ့တာပါ။ ကျန်ရစ်တာက သခင်သန်းထွန်းနဲ့ သခင်သိန်းဖေ(သိန်းဖေမြင့်) အတွဲ ‘သိန်းသန်းကွန်မြူနစ်’ လို့ ခေါ်ပါတယ်။

သခင်စိုးရဲ့ ပါတီကို အလံနီကွန်မြူနစ်ပါတီလို့ ခေါ်တဲ့အတွက် သိန်းသန်းကွန်မြူနစ်က အလိုလို ‘အလံဖြူ’ ဖြစ်သွားခဲ့ရပါတယ်။ တရားဝင်အမည်ကတော့ အလံနီပါတီက ‘ကွန်မြူနစ်ပါတီ(ဗမာပြည်’ တဲ့။ အလံဖြူက ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ တဲ့။ အတိုကောက် ‘ဗကပ’ တဲ့။ တောတွင်းအလံနီနဲ့ မြေပေါ်အလံနီတို့ လျှို့ဝှက်ဆက်သွားနေကြတာပါ။

ဗမာ့ခေတ် အယ်ဒီတာချုပ်ဘဝမှာ ဆရာအောင်ဗလက စာအုပ်သစ်တမျိုး ထွက်ရင် သုံးအုပ် ဝယ်ရသတဲ့။ မြေပေါ်ဆရာ ဦးအုန်းခင်ဖို့ တအုပ်၊ တောတွင်းက မြေအောက်ဆရာ သခင်စိုးဖို့ တအုပ်၊ ကိုယ်တိုင် ဖတ်ဖို့ တအုပ် သုံးအုပ် ဝယ်ရသတဲ့။ သခင်စိုးဆီကို စာအုပ် အမြဲပို့ပေးနေတာကို ဗိုလ်နေဝင်း သိလျက်နဲ့ ကြည့်နေပုံရပါတယ်။ သူ့ကို တိုက်ရိုက်ဒုက္ခမပေးသမျှ ကြည့်နေမှာပါ။

ဆရာအောင်ဗလဟာ ထောင်ထဲမှာ ၃ နှစ် နေပြီး ထွက်လာတော့ ဗိုလ်နေဝင်းက သူ့အစိုးရရဲ့ ပြန်ကြားရေးဌာနမှာ လခကြီးစား ညွှန်မှူး၊ ညွှန်ချုပ်အဆင့်နဲ့ ဆယ်နှစ် ဆယ်မိုးလောက် မွေးကျွေး မြှောက်စားထားခဲ့တာမျိုး ဘယ်သတင်းစာဆရာမှ ဒီလို မခံစား မစံစားခဲ့ကြရပါ။ ဒါပေမဲ့ ဆရာအောင်ဗလ ဘက်ကတော့ ညှာပုံမရပါ။ ကွယ်လွန်ခါနီးအထိ ဗိုလ်နေဝင်း အရှုပ်တော်ပုံတွေကို မနားတမ်း မညှာတမ်း ရေးခဲ့တာဟာ အသက် ၈၂ နှစ်အထိပါ။

မြန်မာပြည်မှာ ပြည်ပထုတ် ဆရာအောင်ဗလ(ကြေးမုံဦးသောင်း) စာအုပ်တွေကို ပြန်ထုတ်တယ် ကြားရပါတယ်။ မထုတ်ရသေးတာ ကျန်ရင်ဖြစ်စေ၊ ထုတ်ပြီး လူဖတ်များလို့ တောင်းဆိုမှုများတယ်ဆိုရင် ထပ်မံ ထုတ်ဝေသင့်ပါတယ်။ ဗိုလ်နေဝင်းအကြောင်း ဆိုတာ စစ်အာဏာရှင်သမိုင်းပဲ မဟုတ်လား။

ဒီသမိုင်းကို နောင်လာနောက်သားတွေ ချေးခါးအူမ မကျန် သိထားမှ အာဏာရှင်စနစ်ရဲ့ ယုတ်မာပုံတွေကို လက်တွင်းတနှိုက် သိရမှာပါ။

ဗိုလ်နေဝင်းရဲ့ အတွင်းရေးတွေဟာ ‘စက်ဆုပ်’၊ ‘ကြောက်ရွံ့’၊ ‘အံ့ဩ’-နော အရသာ၊ ကျမ်းဂန်လာ ဆိုတဲ့အတိုင်း ရသ ၉ ပါးထဲက မကောင်းရသတွေ ဖြစ်တဲ့ ဝိဘစ္ဆရသ၊ ဘယာနကရသ၊ ရုဒ္ဒရသ၊ အဗ္ဘုတရသ စတဲ့ ရသဆိုးတွေဟာ ‘အံတကြိတ်ကြိတ်နဲ့၊ ထိပ်များ ထိပ်ပေါက်တော့တယ်’ ဆိုတဲ့အတိုင်းပါပဲ။ သတင်းစာဆရာနဲ့ အာဏာရှင် ဆိုပြီး စာအုပ်ရေးရရင် ကောင်းမလားလို့။



မောင်စွမ်းရည်

၂၁ နိုဝင်ဘာ ၂၀၂၀

နယူးယောက်