Breaking News

သတင်းထောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ပြဿနာ

2015 Press File Photo 


သတင်းထောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ပြဿနာ
(ဇင်လင်း မြန်မာပြန်သည်)

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁

UN PLAN OF ACTION ON THE SAFETY OF JOURNALISTS AND THE ISSUE OF IMPUNITY
သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းရေး’ နှင့် ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ပြဿနာ’ တို့အပေါ် ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မည့် အစီအစဉ်

“ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသော သတင်းထောက် (သို့မဟုတ်) ခြိမ်းခြောက်ခံရသဖြင့် သတင်းမလိုက်ဝံ့ သည့် သတင်းထောက် မှန်သမျှသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသည့် လူသားသက်သေဖြစ်သည်။ ထိုးနှက်တိုက်ခိုက်မှု တိုင်းသည် အမှန်တရားကို ပျက်စီးယိုယွင်းစေသည်။ တိုက်ခိုက်မှုကြောင့် ထိတ်လန့်ကြောက်ရွ့ံမှု ပတ်ဝန်းကျင်နှင့် ကိုယ်တိုင်သတင်းဆင်ဆာဖြတ်တောက်မှုတို့ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။” (Barry James in Press Freedom: Safety of Journalists and Impunity. UNESCO Publications: 2002)

(၁/၁) မကြာသေးမီ နှစ်များအတွင်းက သတင်းထောက်နှင့် မီဒီယာလုပ်သားများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု အရေအတွက်နှုန်းထား သာဓကများသည် စိုးရိမ်ဖွယ်ရာကောင်းလှသည်။ ထို့ပြင် သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံး ဆောင်ရွက်သည့် သူတို့၏အရည်အချင်းများကို ထိခိုက်နစ်နာစေသည့် အဖြစ်အပျက်များလည်း ဖြစ်ပွားခဲ့သည်။ တရားစွဲ ဆိုခြိမ်းခြောက်မှုများ၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတင်းလိုက်ခွင့် ပိတ်ပင်ဟန့်တားခြင်း၊ တိုက်ခိုက်သူတို့အား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးအရေးယူယူရန် ကြိုးပမ်းမှုများ အရေးနိမ့်ခြင်း စသည့်အကြောင်းများကြောင့် လွတ်လပ်စွာ သတင်းရယူမှုကို ထိခိုက်ကျဆင်းစေခဲ့သည်။ ဤသက်သေအထောက်အထားသည် ထပ်ခါထပ်ခါ သတိပြုမိ စရာဖြစ်လာသည်။ နိုင်ငံတကာမိသားစု၊ အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) နှင့် အခြား တာဝန်ရှိအဖွဲ့အစည်းများက သတင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာအခြေအနေများကို ထပ်တလဲလဲတွေ့ရှိလာခဲ့သည်။

(၁/၂) ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့(UNESCO)၊သတင်းသမားများကာကွယ်စောင့်ရှောက်ရေး အဖွဲ့(CPJ)၊နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)၊နိုင်ငံတကာသတင်းဘေးကင်းရေးအဖွဲ့(INSI)၊နိုင်ငံတကာ လွတ်လပ်စွာ အမြင်ဖလှယ်ရေးအဖွဲ့ (IFEX) နှင့် အမေရိကတိုက် သတင်းစာအဖွဲ့ (IAPA) အစရှိသော သတင်းအဖွဲ့ အစည်း အားလုံးက သတင်းထောက်တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ရသော သတင်းသမားများအရေအတွက် ကိန်းဂဏန်းများကို စုဆောင်းခဲ့ကြသည်။ အရေအတွက်မှာ ထိတ်လန့်စရာဖြစ်သည်။

(၁/၃) ၎င်းအပြင် (IFEX) အဆိုအရ၊ ထိုပြစ်မှုများကိုကျူးလွန်သူများ၏ ရာဇဝတ်မှု (၁၀)မှုတွင် (၉)မှုသည် ရုံးတင်တရားစွဲဆိုခြင်း မခံရချေ။ ဥပဒေ၏ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေခြင်း (Impunity) ကြောင့် သတင်းထောက်များအား အကြမ်းဖက်တိုက်ခိုက်မှု သံသရာကို သက်ဆိုးရှည်လျှက်ရှိနေစေသည်။ ထို့ကြောင့် တိုက်ခိုက်သူတို့အား တရားဥပဒေ၏ရှေ့မှောက်သို့ ရောက်ရှိအောင် ဆောင်ရွင်နိုင်ခြင်း မရှိဟု နားလည်ရပေသည်။ ၎င်းတိုက်ခိုက်မှုများကို ကျူးလွန်သည့် ရာဇဝတ်ကောင်များသည် စင်စစ် လူ့အခွင့်အရေးချိုးဖေါက်သူများဖြစ်သည်။

(၁/၄) သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့သည် အရေးတကြီးလုပ်ဆောင်ရမည့် အလုပ်များဖြစ်သည်။ ထိုသို့လုပ်ဆောင်မှသာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ က အာမခံထားသော ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ (freedom of expression) ကို အရှည်တည်တန့်နိုင်စေမည်။ ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ သည် တစ်ဦးချင်းအတွက် ရပိုင်ခွင့် အခွင့်အရေးဖြစ်ပြီး၊ ၎င်းကိစ္စအတွက် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ သတ်ဖြတ်ရန် အကြောင်းမရှိချေ။ ထို့ပြင် ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ သည် လူအများ၏ စုပေါင်းကျင့်သုံးနိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။ ထို အခွင့်အရေးက လူထုအား စကားပြောဆိုဆွေးနွေးခြင်း၊ ဒီမိုကရေစီအရေးအရာများတွင် ပါ၀င်ဆောင်ရွက်ခြင်း၊ စသဖြင့် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အားပေးခွင့်ပြုသည်။ ထို့ကြောင့် ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ခွင့်နှင့် ရေရှည်တည်တန့်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်နိုင်စေမည် ဖြစ်သည်။

(၁/၅) ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ (freedom of expression) နှင့် သတင်းစာလွတ်လပ်ခွင့် (Freedom of the Press) မရှိပါက သတင်းအချက်အလက်များရရှိလျှက် တက်ကြွစွာပါ၀င်ပတ်သက်ပြောဆိုဆွေးနွေးနိုင်သော နိုင်ငံသား များ ပေါ်ပေါက်ရန် မဖြစ်နိုင်ချေ။ သတင်းထောက်များ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံသည့် ပတ်ဝန်းကျင်မျိုးတွင် နိုင်ငံသား များအဖို့ ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်သည်။ အကျိုးဆက်အဖြစ် (လွတ်လပ် မျှတသော စီမံအုပ်ချုပ်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျား/မ-တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက် အများအပြားကို အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်ပေသည်။ 

သို့ဖြစ်၍ ဥပဒေအရ အရေးယူခံရမည့် ကိစ္စမှ ကင်းလွတ်ခွင့် ရနေခြင်း (impunity) အား ထိန်းချုပ်မှုမလုပ်နိုင်ပါက၊ သတင်းထောက်နှင့် မီဒီယာသမားများ သတ်ဖြတ်ခံ ရမှုများကို စုံစမ်းစစ်ဆေးနို်င်ခွင့် ဆုံးရှုံးနေဦမည်ဖြစ်သည်။ သတင်းထောက်များ၏ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ပိတ်ပင်ကန့်သတ်ဟန့်တားခံရခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးအဖို့ သတင်းအချက်အလက်ပါ၀င်ဖြန့်ဝေနိုင်ခွင့်ကို ရုပ်သိမ်းခံရခြင်းဖြစ်သည်။ 

ထိုအချက်သည် သတင်းစာလွတ်လပ်ခွင့်အပေါ် ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုဖြစ်စေ သည်။ ယင်းသက်ရောက်မှုကြောင့် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှု ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပြီး ကိုယ်တိုင်သတင်း ဆင်ဆာလုပ်ရမည့် အခြေအနေဆီသို့တွန်းပို့သလို ဖြစ်စေသည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုး ဖြစ်ပေါ် လာပါက လူ့အဖွဲ့အစည်းများကို ထိခိုက်နစ်နာမှု ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် သတင်းအချက်အလက် ပြည့်စုံ စွာမရရှိသည့် လူ့အသိုင်းအဝိုင်းအနေနှင့် သူတို့၏အစွမ်းအစများကို မသိရှိနိုင်၍ ဖြစ်သည်။ ဥပဒေအရ အရေးယူခံရမည့် အမှုကိစ္စမှ ကင်းလွတ်ခွင့်ရနေခြင်း (impunity)ကို အဆုံးသတ်ပစ်နိုင်ရန် အားထုတ်ဆောင်ရွက်ရာတွင် သတင်းထောက် များအား တိုက်ခိုက်သည့် ရာဇဝတ်မှုများကိုလည်း အလေးထားစဉ်းစားရမည်ဖြစ်သည်။ 

၎င်း ကိစ္စသည် ယေဘုယျအားဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (human rights defenders) ကို အကာအကွယ်ပေးရေးနှင့်လည်း တစ်ဆက် တစ်စပ်တည်း ဖြစ်သည်။ ၎င်းပြင် သတင်းထောက်များအား ကာကွယ်စောင့်ရှောက်ခြင်းသည် သာမန်သတင်း ထောက်အဖြစ် အသိအမှတ်ပြုထားသူများကိုသာမက၊ အခြား ရပ်ရွာအခြေပြု မီဒီယာလုပ်သားများ၊ ရပ်ရွာအခြေပြု အပျော်တမ်း သတင်းထောက်များ (citizen journalists)နှင့် အခြား မီဒီယာအသစ်ကို အသုံးပြု၍ လူထုထံ သတင်း ဖြန့်ဝေသူများ အားလည်း ကာကွယ်စောင့်ရှောက်သင့်ပေသည်။

(၁/၆) သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့သည် ပြဿနာဖြစ်ပြီးမှ ထိန်းထိန်းသိမ်းသိမ်း အရေးယူရမည့် ကိစ္စမျိုး မဟုတ်ချေ။ ထိုသို့လုပ်ရမည့် အစား၊ ကြိုတင်ကာကွယ်သည့် အစီအစဉ်များ ချမှတ်လုပ်ဆောင်ထားရန် လိုပေသည်။ ၎င်းပြင် သတင်းထောက်များအား အကြမ်းဖက်ခြင်းနှင့် ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်း တို့၏ မူလဘူတအကြောင်းရင်းများကို ဖြေရှင်းရန် လိုပေသည်။ သို့မှသာ အကျင့်ပျက်ခြစားခြင်း၊ ကြိုတင်ပြင်ဆင် ရာဇဝတ်မှု ကျူးလွန်ခြင်း ကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။ ဒုစရိုက် အခြေခံ အစိပ်အပိုင်းများ ကိုလည်း ထိရောက်သော တရားဥပဒေစိုးမိုးရေး ဖွဲ့စည်းပုံဖြင့် တုန့်ပြန်နိုင်ပေသည်။ 

ထို့ပြင် လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုနိုင်ခွင့်ကို ပိတ်ပင်ဟန့်တားသည့် ဥပဒေများကိုလည်း ဖျက်သိမ်းပစ်ရပေမည်။ (ဥပမာ-- အလွန်အကျွံ ကန့်သတ်ချုပ်ချယ်သည့် အသရေဖျက်မှု ဥပဒေများ)။ မီဒီယာလုပ်ငန်းဌာနများအနေဖြင့် သတင်းထောက်များ၏ လုပ်ခလစာနိမ့်ကျမှုနှင့် လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ကောင်းမွန်ရေးကိစ္စတို့ကိုလည်း ဖြေရှင်းပေးရမည် ဖြစ်သည်။ ဤစိန်ခေါ်မှုများကို ဖြစ်နိုင်သမျှအတိုင်းအတာဖြင့် လူအများသတိပြု သိရှိလာစေရန် လုပ်ဆောင်ရမည်။ ထိုကိစ္စကို အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှု၏ နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် အကျိုးဆက်များကိုလည်း လူထုအများသိရှိ အောင် ဆောင်ရွက်ရမည်။

သတင်းထောက်များအားအကာအကွယ်ပေးရေးကိစ္စကို ဒေသအလိုက် အမှန်တကယ် ထိခိုက်နစ်နာခဲ့သည့် သတင်းထောက်များ လက်ခံလာအောင် ဆောင်ရွက်ရမည်။ ဥပမာ အကျင့်ပျက်ခြစားခြင်းနှင့် ကြိုတင် ပြင်ဆင် ရာဇဝတ်မှုကျူးလွန်ခြင်း အကြောင်းအရာများကို သတင်းပို့သည့် သတင်းထောက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာမှုများ ပိုများလာနေသည်။ ဒေသခံများ၏ လိုအပ်ချက်များနှင့်အညီ ပုံစံချမှတ် ဆောင်ရွက်သည့် နည်းလမ်းများကို အားပေးသင့်သည်။

(၁/၇) အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားလျှက်၊ စစ်မက်ဖြစ်ပွားနေသည့် ဒေသများနှင့် စစ်မဲ့ဇုံများတွင်ပါ၊ သတင်းထောက်များ ဘေးကင်းလုံခြုံမှု သေချာစေရန် ဥပဒေ ဖွဲ့စည်းချမှတ်ခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာ နည်းလမ်း အချို့ကို ကုလသမဂ္ဂအနေဖြင့် လက်ခံထားပေသည်။ လွတ်လပ်၍ အမှီအခိုကင်းပြီး ဗဟုသဘောထားအမြင်များကို လက်ခံသော မီဒီယာအဖွဲ့များအပေါ်တွင် ကုလသမဂ္ဂ၏ အင်အားနှင့် အခွင့်အလမ်းများ တည်မှီပေသည်။ ထို့ပြင် ဥပဒေ ဖွဲ့စည်းထားရှိမှုများနှင့် လွတ်လပ်သည့် ဒီမိုကရေစီအဖွဲ့အစည်းများကလည်း ထောက်ကူမှု ပြုပေသည်။

(၁/၈) နိုင်ငံတကာ အဆင့်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်အမှတ် S/RES/1738 ကို ၂၀၀၆ ခုနှစ်တွင် လက်ခံအတည်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ စစ်ပွဲများအတွင်း၌ သတင်းထောက်များ၏ လုံခြုံရေးအတွက် ရှင်းလင်း လက်တွေကျသော နည်းလမ်းကို အတည်ပြုခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ထိုစဉ်ကပင် ၎င်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် နှစ်ပတ်လည် အစီရင်ခံစာတွင် ထည့်သွင်း၍ အထွေထွေညီလာခံသို့ တင်သွင်းခဲ့သည်။

(၁/၉) ၎င်းအပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) ကလည်း ဤကိစ္စနှင့် စပ်လျဉ်း၍ အလေးဂရုပြုကြစေ ရန် နှိုးဆော်လျှက် အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီ (HRC)သို့(OHCHR) က အစီရင်ခံစာများ တင်သွင်းရာတွင် ဤကိစ္စကို ထည့်သွင်းတင်ပြခဲ့သည်။ 

ဤကိစ္စအတွက် ‘လွတ်လပ်စွာ ထင်မြင်ယူဆ ချက် ဖွင့်ဟထုတ်ဖေါ် ပြောဆိုခွင့်ကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်’ နှင် OHCHR က နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ထို့ပြင် လွတ်လပ်စွာ ထင်မြင်ယူဆချက် ဖွင့်ဟထုတ်ဖေါ် ပြောဆိုခွင့်ကို ချိုးဖေါက်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ စုဆောင်းရန်၊ အစိုးရ၊NGOs နှင့် အခြားအဖွဲ့ အစည်းများထံမှ ဆက်စပ်ပတ်သက်သည့် သတင်းအချက်အလက်များ ရှာဖွေရယူခွင့် လက်ခံခွင့် နှင့် တုန့်ပြန်ခွင့်ရှိရန်၊ လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်ကို မည်သို့ အကောင်းဆုံးမြှင့်တင်သင့်ကြောင်း ထောက်ခံချက်များပေးရန် OHCHR အား လုပ်ပိုင်ခွင့် ပေးထားပါသည်။ 

အခြား ကုလသမဂ္ဂ အထူးသံတမန်များဖြစ်သည့် ဥပဒေပြင်ပ အကျဉ်းရုံး တရားစီရင်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ နှိပ်စက်ငြှင်းပမ်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နှင့် စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အဓမ္မ ဖျောက်ဖျက်ခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့တွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ လုံးဝတာဝန်ရှိပေသည်။

(၁/၁၀) ကုလသမဂ္ဂ အထူးဧဂျင်စီအဖွဲ့ဖြစ်သည့် ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) တွင်လည်း စကားလုံးများနှင့် ရုပ်ပုံများဖြင့် ဖန်တီးထားသည့် အတွေးအမြင်အယူအဆများကို မြှင့်တင်ရန် လုပ်ဆောင်ပိုင်ခွင့်ပေးထား သည်။ (UNESCO Constitution 1945, Article 1) သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့အတွက် Freedom of Expression အား ကာကွယ်ရေးနှင့် ဆက်စပ်ကာ (UNESCO) ကိုလည်း အရေးပါသည့် ပါ၀င်ဆောင်ရွက်သူ အဖြစ် တာဝန်ပေးထားသည်။ 

ဤတာဝန်ပိုင်းကို ဆောင်ရွက်ရာတွင်(UNESCO)သည် အခြားအဖွဲအစည်းများနှင့် မကြာခန အရေးကြီးလုပ်ငန်းတာဝန်များ လက်တွဲဆောင်ရွက်သည်။ ဥပမာအားဖြင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) နှင့် ပူးတွဲလျှက် စစ်ပွဲဇုံများအတွင်း တာဝန်ထမ်းဆောင်နေသော သတင်းထောက်များအတွက် ခေတ်မှီ လက်တွေ့လုပ်ငန်း လမ်းညွှန်စာအုပ်များကို ဘာသာစကား ဆယ်မျိုးဖြင့် ပုံမှန်ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးပေးသည်။ 

၂၀၀၈ ခုနှစ်တွင် စစ်ဖြစ်ပွားရာ ဒေသများနှင့် ဘေးအန္တရာယ်ရှိရာဒေသများတွင် တာဝန်ထမ်းဆောက်လျှက်ရှိသော သတင်းထောက်များ ဘေးကင်းလုံခြုံ ရေးဆိုင်ရာ ပဋိဉာဉ်စာတမ်း တစ်စောင်ကို ရေးဆွဲရာတွင် (UNESCO) ကိုလည်း ပူးတွဲပါ၀င်ရေးသားခဲ့သည်။ထိုသို့ရေးဆွဲ ရာတွင် မီဒီယာများ၊ လူထုလူတန်းစားဆိုင်ရာတာဝန်ရှိသူများနှင့် သတင်းစာဆရာများလည်းပါ၀င်၍ ဘေးရန်အန္တရာယ်များ လျှော့ချနိုင်ရေးကို စနစ်တကျ နည်းလမ်းများရှာဖွေဆောင်ရွက်ခဲ့သည်။ သတင်းထောက်များနှင့် မီဒီယာဝန်ထမ်းများအား ဘေးအန္တရာယ်သတိပြုရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာသင်တန်းများ စီစဉ်ပို့ချပေးရန်လည်း အကူအညီပေးခဲ့သည်။

(၁/၁၁) ဤသို့ လက်တွေ့ကျသော အဆင့်များအပြင် သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့အတွက် UNESCO က လုပ်ငန်းဆောင်တာ အတော်များများကို စီမံရေးဆွဲရန် တာဝန်ယူခဲ့သည်။ ၎င်းတို့အနက် UNESCO ၏ အဓိက ဆောင်ရွက်ချက်အချို့မှာ နှစ်စဉ် မေလ (၃)နေ့တွင် ကျရောက်သော ‘ကမ္ဘာ့ သတင်းစာ လွတ်လပ်ခွင့်နေ့’ အခမ်းအနားများ ကျင်းပပေးခြင်း၊ Guillermo Cano/UNESCO World Press Freedom Prize ‘ကမ္ဘာ့ သတင်းစာ လွတ်လပ်ခွင့်ဆိုင်ရာ ဆု’ ချီးမြှင့်ပေးခြင်းတို့လည်းပါ၀င်သည်။ 

ထိုဆုမှာ အန္တရာယ်ရှိနေသော အခြေအနေတွင် freedom of expression ကို ကာကွယ် မြှင့်တင်ရန် ၀ါယမစိုက်ထုတ်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု အား ၎င်းတို့အားထုတ်ကြိုးပမ်းမှုကို ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ ကိစ္စ၏ အရေးကြီးမှုနှင့် ပတ်သက်၍ ‘၂၀၀၇ ခုနှစ် မက်ဒဲလင်း ကြေညာချက်’ (Medellin Declaration 3 of 2007) တွင်လည်း အလေးအနက် ထပ်မံဖေါ်ပြခဲ့သည်။ 

ထိုကြေညာချက်တွင် စစ်ဖြစ်ပွားနေစဉ်အခြေ အနေ၌ ဖြစ်စေ၊ စစ်ဖြစ်ပွားခြင်း မရှိသည့် အခြေအနေ၌ ဖြစ်စေ၊ သတင်းထောက်များ ‘ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး’ နှင့် သတင်းသမားများကို သတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ တို့အတွက် အထူး အလေးဂရုပြုဆောင်ရွက်မည်ဟု ဖေါ်ပြသည်။ ‘၂၀၀၄ ခုနှစ် ဘဲလ်ဂရိတ် ကြေညာချက်’ (Belgrade Declaration of 2004 ) တွင်လည်း အသွင်ကူးပြောင်းဆဲ နိုင်ငံများနှင့် စစ်ပွဲဖြစ်ပွားရာ ဒေသများအတွင်းရှိ သတင်းမီဒီယာတို့ကို အထူးအကူအညီပေးရေးကို အထူးအလေးထား ကူညီရန် ဖေါ်ပြသည်။ 

 ‘ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) ၂၉ ကြိမ်မြောက် အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၂၉)’ နှင့် အညီ၊ ညွှန်ကြားရေးမှူးချုပ်က ၁၉၉၇ ခုနှစ် ကတည်းက၊ သတင်းထောက်များနှင့် မီဒီယာဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် သတင်းစာလွတ်လပ်ခွင့် ကို ထပ်တလဲလဲ ကြီးမားစွာ ချိုးဖေါက်ခြင်း တို့အား တရားဝင် ပြင်းထန်စွာ ရှုံ့ချခဲ့သည်။ ထို့ပြင် အတွေ့အကြုံရှိ တာဝန်ခံ အရာရှိများအားလည်း ၎င်းအမှုကိစ္စများနှင့်စပ်လျဉ်း၍ အကာအကွယ်ပေးရန်၊ စုံစမ်းစစ်ဆေးအရေးယူရန်လည်း တိုက်တွန်း ထားသည်။ 

အချုပ်အားဖြင့် ‘နိုင်ငံတကာ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးရေး စီမံကိန်း’ (IPDC) သည် သတင်းထောက်များ ဘေးကင်း လုံခြုံရေးနှင့် ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ ကိစ္စများ ဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်လျှက်ရှိသည်။ ၂၀၀၈ ခုနှစ်မှ စတင်၍ IPDC သည် အဖွဲ့ဝင်နိုင်ငံများအား သတင်းထောက်များ ဘေးကင်း လုံခြုံရေးနှင့် ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် ကိစ္စကို တိုက်ဖျက်ရေး’ ကိစ္စများဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ မျှဝေကြရန် အားပေးတိုက်တွန်းခဲ့သည်။အထူးသဖြင့် ယူနက်စကိုက ရှု့ံချခဲ့သည့် သတင်းထောက်သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် တရားဥပဒေကြောင်းဆိုင်ရာ စုံစမ်းတွေ့ရှိချက်များကို မျှဝေရန် ဖြစ် သည်။ ၎င်းအချက်အလက်တို့ကို ညွှန်ကြားရေးမှူးချုပ်က ‘နိုင်ငံတကာ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးရေး ကောင်စီ’ (IPDC) သို့ တင်သွင်းသည့် ၂-နှစ်တကြိမ် အစီရင်ခံစာတွင် ထည့်သွင်းရန်လည်း ဖြစ်သည်။

(၁/၁၂) ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အဖွဲ့အစည်းတို့က၊ ‘သတင်းထောက်များ ဘေးကင်း လုံခြုံရေး’ နှင့် ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် impunity ကိစ္စ တိုက်ဖျက်ရေး’ နှင့် ပတ်သက်၍ ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းများတွင် အရေးကြီးသည့် ဥပဒေအစီအမံအဖြစ် ဖေါ်ပြထားသည်။ ၎င်းဥပဒေ နည်းနာများကို နိုင်ငံတကာက အသိအမှတ်ပြုလျှက်၊ ရံဖန်ရံခါ တရားဝင် စီရင်ထုံးအဖြစ်ပင် ကျင့်သုံးသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)၊ နိုင်ငံတကာ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ သဘောတူညီချက် (ICCPR)၊ကုလသမ၈ဂ္ဂ လူ့အခွင့်အရေးကော်မရှင်ဆုံးဖြတ်ချက်များ ၂၀၀၅၊၈၁၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၃၈ (၂၀၀၆) အပါအဝင် အရေးပါသည့် ဆုံးဖြတ်ချက်များ၊ သဘောတူညီ ချက်များ၊ ကြေညာချက်များ၊ ပါ၀င်သည်။

(၁/၁၃) လူ့အခွင့်အရေးနောက်ခံ ဒေသဆိုင်ရာ စနစ်များသည်လည်း အရေးကြီးကဏ္ဍမှ ပါ၀င်ပါသည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများတွင်လည်း ယင်းစနစ်တို့ကို ထည့်သွင်းပြဋ္ဌာန်းထားပါသည်။ ထိုသို့ ပြဋ္ဌာန်း သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှာ - အမေရိကတိုက် နိုင်ငံများ အစည်းအရုံး (OAS)။ တောင်အမေရိကတိုက် နိုင်ငံများ သမဂ္ဂ (UNASUR)။ အာဖရိကနိုင်ငံများ သမဂ္ဂ (AU)။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN)။ အာရပ်နိုင်ငံများ အဖွဲ့ချုပ် (League of Arab States)။ ဥရောပနိုင်ငံများကောင်စီ (CoE)။ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OSCE)။ ယေဘုယျအားဖြင့် လူ့အခွင့်အရေးပြဿနာများကို ဖြေရှင်းပေးသည့် နိုင်ငံတကာ ဥပဒေ လုပ်ထုံးနည်း စနစ်များ အများအပြားရှိသော်လည်း၊ သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေးကိစ္စနှင့် ပတ်သက်သည့် ဥပဒေအစီအမံ များမှာ မဆိုစလောက်သာရှိပေသည်။

(၁/၁၄) အချို့သော ဥပဒေအစီအမံများကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲများက ပိုမိုအားအောင်အောင် ဖြည့်ဆည်းပေး သည်။ ယင်းအဖွဲ့များက သက်ဆိုင်ရာအစိုးရ ကတိကဝတ်များကို သူတို့၏ဆုံးဖြတ်ဆောင်ရွက်ချက်များနှင့် မှတ်ကျောက် တင် စစ်ဆေးကြပြီး၊ လိုအပ်သည့်အခါ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ကန့်ကွက်နှိုးဆော်ကြသည်။ ထိုသို့လုပ်ဆောင် ကြသည့် အဖွဲ့အစည်းများတွင် - အမေရိကန်တိုက်လုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အတွင်းရှိ လွတ်လပ်စွာထုတ်ဖေါ် ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး (IACHR)၊ အာဖရိကတိုက် လူ့အခွင့်အရေနှင့် ပြည်သူ့အခွင့်အရေး ကော်မရှင် အတွင်းရှိ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OSCE)အတွင်းရှိ မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး - စသည်တို့ပါ၀င်သည်။

(၁/၁၅) အမျိုးသားအဆင့် စီမံကိန်းများတွင် ကုလသမဂ္ဂ ဧဂျင်စီအဖွဲ့များ (UN Agencies)၊ ငွေကြေးထောက်ပံ့ရေး အဖွဲ့များ(Funds) နှင့် အစီအစဉ်များ (Programmes) စသည့် နိုင်ငံတကာလူ့အဖွဲ့အစည်းတို့ကလည်း ‘သတင်းထောက်များ ဘေးကင်း လုံခြုံရေး’ နှင့် ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့် impunity ကိစ္စ’ တို့နှင့် ပတ်သက်၍ မြှင့်တင်ဆောင်ရွက်ကြသည်။ ထိုဆောင်ရွက်မှုများသည် ကုလသမဂ္ဂ မဟာဗျူဟာ ဆွေးနွေးပွဲများနှင့် ပူးတွဲအစီအစဉ်များအတွင်းရှိ ပုံသဏ္ဍာန်တစ်ရပ်အဖြစ် မျှဝေခြင်း ဖြစ်သည်။

(၁/၁၆) သတင်းထောက်များအား အကြမ်းဖက်သည့် ရာဇဝတ်မှုများကို လက်ခံအသိအမှတ်ပြုသော်လည်း၊ အဖွဲ့ဝင်နိုင်ငံ များ၏ တာဝန်ယူမှုအပိုင်းမှာ ကျန်ရှိနေဆဲဖြစ်သည်။ (လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ တန်ဆာခံအဖြစ် ဖမ်းဆီးထားမှု၊ အနှောက်အယှက်ပေးမှု၊ ခြိမ်းခြောက်မှုနှင့် တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှု) များအပါအဝင် အကြမ်းဖက် ခြိမ်းခြောက်သည့် လုပ်ရပ်များသည် တဖြည်းဖြည်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အဖြစ်များလာသည်။ 
အထူးသဖြင့် အစိုးရမဟုတ်သော အကြမ်း ဖက်ဂိုဏ်း နှှင့် ရာဇဝတ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှုများ ကြီးထွားလာနေခြင်းဖြစ်သည်။ စစ်ဖြစ်ပွားနေသည့် ဒေသများနှင့် စစ်ဖြစ်ပွားခြင်း မရှိသည့် ဒေသများတွင် နောက်ခံဒေသအခြေအနေ ပေါ်မူတည်၍ သတင်းထောက်များ၏ မတူခြားနား သည့် လိုအပ်ချက်အထောက်အတားများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ၎င်းပြင် သူတို့အား အကာ အကွယ်ပေးရန် ့ မတူခြားနားသော ဥပဒေ လုပ်ထုံးလုပ်နည်းများ ရရှိနိုင်ရန်လည်း သေချာဖို့လိုသည်။ သတင်းထောက်များ မည်ကဲ့သို့သော အခြေအနေတွင် မည်သို့သော အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသလဲ…ဆိုသည်ကို စူးစမ်းလေ့လာရန် လည်း လိုအပ်ပေသည်။ အတင်းကျပ်ဆုံးသဘောဆောင်သည့် လက်နက်ကိုင်တိုက်ပွဲအတွင်း ကြုံတွေ့နိုင်သည့် သဘော ကို မဆိုလိုပေ။ စနစ်တကျဖွဲ့စည်းထားသည့် ရာဇဝတ်ဂိုဏ်းများနှင့် ရေရှည်ဖြစ်ပွားနေသည့် ပဋိပက္ခကဲ့သို့သော ကိစ္စမျိုး ကို ကိုင်တွယ်ဖြေရှင်းရန် ဆိုလိုသည်။

(၁/၁၇) အမျိုးသမီး သတင်းထောက်များသည်လည်း တိုးများလာသော အန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး၊ ထိရှလွယ် သော လိင်ပိုင်းဆိုင်ရာ နည်းလမ်းများကို လေးနက်စွာ ဖေါ်ပြထားသည်။ အမျိုးသမီးသတင်းထောက်များသည် သူတို့ ကျွမ်းကျင်သည့် သတင်းလိုက်သည့် အလုပ်ကို ဆောင်ရွက်ရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြား စွန့်စား လုပ်ကိုင်ကြရသည်။ သူတို့ သတင်းများအတွက် မကြာခန လက်စားချေလိုမှုနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ လူအများနှင့်သက်ဆိုင်သည့် သတင်းများကို ရေးသည့် အမျိုးသမီးသတင်းထောက်များသည် အုပ်စုဖွဲ့လိင်အကြမ်းဖက် ခြင်းများနှင့်လည်း ကြုံရတတ်သည်။ သို့မဟုတ် သတင်းထောက်အား ဖမ်းဆီးချုပ်နှောင်ထားသည့် ကာလတွင်လည်း လိင်အကြမ်းဖက်ခြင်းနှင့် ကြုံရနိုင်သည်။ ၎င်းပြင် ထိုကဲ့သို့သော ရဇဝတ်မှုများကို သတင်းပေးပို့တင်ပြလေ့မရှိပေ။ အကြောင်းမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ ဂုဏ်သိက္ခာထိခိုက်မည် စိုး၍ဖြစ်သည်။

(၁/၁၈) အမျိုးမျိုးသော ကုလသမဂ္ဂဧဂျင်စီများ၊ ဘဏ္ဍာရေးအဖွဲ့များနှင့် စီမံကိန်းများအား အဆက်မပြတ်တောင်းဆိုမှု တစ်ခု ရှိနေသည်။ ထို တောင်းဆိုမှုမှာ သတင်းထောက်များအတွက် လုံခြုံရေးပြဿနာနှင့် သူတို့အပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန် ကြသော လက်သည်တရားခံများ ဥပဒေအရ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေသည့် ပြဿနာတို့ဖြစ်သည်။

၂၀၁၀ ခုနှစ် မတ်လတွင် ‘နိုင်ငံတကာ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးရေး စီမံကိန်း’ (IPDC) ၏ အဖွဲ့အစည်းအတွင်း အုပ်ချုပ်ရေးကောင်စီက UNESCO ညွှန်ကြားရေးမှူးချုပ်အား အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံတိုင်ပင်ရန် တိုက်တွန်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂအဖွဲ့လက်အောက်ရှိ ဧဂျင်စီအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့များနှင့် စီမံကိန်းအဖွဲ့အစည်း အားလုံးပါ၀င်သည့် အဖွဲ့စုံအစည်းအဝေးတစ်ရပ် ကျင်းပရေး ဖြစ်နိုင်ခြေကိစ္စတိုင်ပင်ရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ သတင်းထောက်များအတွက် လုံခြုံရေးကိစ္စနှင့် ဥပဒေအရ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေမှု Impunity ကိစ္စတို့အတွက် ကုလသမဂ္ဂအဖွဲ့ ပူးတွဲမဟာဗျူဟာတစ်ရပ်ရေးဆွဲ အကောင်အထည်ဖေါ်ရန်ဖြစ်သည်။ ၎င်းတိုင်ပင်ဆွေးနွေးမှုပြီးသည့်နောက် ရရှိခဲ့သော အဖြေများကို အခြေခံလျှက်၊ UNESCO ညွှန်ကြားရေးမှူးချုပ်သည် သတင်းထောက်များ လုံခြုံရေးကိစ္စနှင့် ဥပဒေအရ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေမှု Impunity ကိစ္စတို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအဖွဲ့လက်အောက်ရှိ ဧဂျင်စီအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့များနှင့် စီမံကိန်းအဖွဲ့အစည်း အားလုံးပါ၀င်သည့် အဖွဲ့စုံအစည်းအဝေးတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

၎င်းအစည်းအဝေးမှ ပေါ်ထွက်လာသည့် ဆုံးဖြတ်ချက်များသည် “အရေးယူဆောင်ရွက်မည့် အစီအစဉ်” ၌ ထည့်သွင်း ဖေါ်ပြရန်ဖြစ်သည်။ ထိုအစီအစဉ်သည် အားလုံးပါ၀င်ခွင့်ရှိသော၊ လွယ်ကူရှင်းလင်းသော၊ လှုပ်ရှားမှုအခြေပြုသော ‘သတင်းထောက်များလုံခြုံရေးကိစ္စ’ နှင့် ‘ဥပဒေအရ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေမှု ပြဿနာ’ တို့ကို ကုလသမဂ္ဂအဖွဲ့ကိုလွှမ်းခြုံသည့် ချဉ်းကပ်နည်းဖြင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်သည်။။။