Breaking News

ခိုင်မာကျော်ဇော - " ငါတို့ .. နိုင်တယ် "

" ငါတို့ .. နိုင်တယ် " 
 ခိုင်မာကျော်ဇော
(မိုးမခ) မတ် ၂၃၊ ၂၀၂၁

ဘယ်သူငြင်းမလဲ
ဒီပွဲမှာ ငါတို့ နိုင်တယ်
နှစ်ပေါင်းများစွာ 
ငါတို့ တောင့်တခဲ့တဲ့ 
" ကိုယ်ချင်းစာတရားနဲ့ နားလည်မှု" က
လူပီသတဲ့ ဗမာလူမျိုးတချို့ရဲ့ ရင်ဘတ်ထဲက အံကျလာတယ်
သူတို့က ပြောသေးတယ်
အချိန်တွေအကြာကြီးနောက်ကျပြီးမှ ကိုယ်ချင်းစာမိတဲ့အတွက်
တောင်းပန်ပါတယ်တဲ့ 
ငါတို့ မျက်ဝန်းမှာ
ဝမ်းနည်းဝမ်းသာ မျက်ရည်စတွေနဲ့ပေါ့
ဟိုး.. မြောက်ဖျား မြစ်ကြီးနားက သွေးတွေဟာ
ရှမ်းပြည်နယ် တောင်ကြီးနဲ့ 
​တောင်တန်းပေါ်က အောင်ပန်းမြို့ကလေးရဲ့ သွေးတွေဆီရောက်ခဲ့ 
ဒီသွေးတွေဟာ ကန္တာရဝတီအထိ ခရီးဆက်
ရဲရဲနီတဲ့ မန္တလေး မုံရွာ မြင်းခြံ မြိုင် အညာရပ်က သွေးတွေနဲ့ပေါင်းစည်း 
ရန်ကုန်မြို့ကြီးက သွေးချောင်းကြီးထဲ ပေါင်းစုံ
အဲ့ဒီသွေးတွေ တရွေ့ရွေ့ တမြေ့မြေ့နဲ့ 
ဘိတ် ထားဝယ်အထိကို စီဆင်းသွားခဲ့ကြတယ်
စစ်အာဏာရှင်ပြုတ်ကျရေးမှာ 
တောင်တန်းနဲ့ မြို့ပြ
ရင်ဘတ်ချင်း ဂျက်ပင်ထိုးနိုင်တာကိုက
ငါတို့ နိုင်ခဲ့တာပဲ မဟုတ်လား
ငါတို့ ပိုင်ပိုင်နိုင်နိုင်
စည်းလည်း ခြားနိုင်ခဲ့တယ်
ဘယ်သူက တော်လှန်သူ
ဘယ်က သောင်းကျန်းသူ အဖျက်သမား
ဘယ်သူက ပြည်သူ့သွေး 
ဘယ်သူက စစ်ခွေး 
ဘယ်သူက ပြည်သူ့ဝန်ထမ်း
ဘယ်သူက စစ်ဖိနပ် နမ်းသူ
ဘယ်သူက စိန် 
ဘယ်သူက လောက်
ဘယ်သူက အဆံ 
ဘယ်သူက ဒလန်
ဘယ်သူက မေတ္တာ 
ဘယ်သူက အကာ
မျက်နှာဖုံးတွေလည်း ခွာချနိုင်ခဲ့တယ်
GZ တို့ရေ
အဲ့ဒါ မင်းတို့ရဲ့ ရဲရင့်မှုစွမ်းအားတွေကြောင့်ပဲပေါ့
ဒီနွေဦးက ထူးထူးခြားခြားပဲ
သူရဲကောင်းတို့ သွေးတွေနဲ့ စွေးစွေးလည်း နီခဲ့တယ်
အလွှာစုံ နယ်ပယ်စုံက
​ပန်းပေါင်းစုံလည်း ပွင့်ခဲ့ သင်းခဲ့ မွှေးမြခဲ့တယ်
သေချာတယ် 
အောင်ပွဲဟာ 
ငါတို့အတွက်ပဲ ဖြစ်ရမယ်
...