Breaking News

ညိုထက်ညို - နိုင်ငံတကာအမျိုးသမီးများနေ့

Image- Crd
နိုင်ငံတကာအမျိုးသမီးများနေ့
ညိုထက်ညို
(မိုးမခ) မတ် ၉၊ ၂၀၂၁

နံနက်လင်း၍ ရန်ကုန်မြို့၏လမ်းများပေါ်သို့ ထွက်ကြည့်လိုက်သည်နှင့် အရှေ့ အနောက် တောင်မြောက် သွယ် တန်းနေသောလမ်းအသီးသီးလမ်းအသွယ်သွယ်တို့တွင် လမ်းကိုကန့်လန့်ဖြတ်၍ ထဘီများလှန်းထားသည်ကိုတွေ့မြင်ရမည် ဖြစ်ပါသည်။
ဟိုမှာလည်းထဘီ ဒီမှာလည်းထဘီ စသဖြင့် ခေါင်းကိုမော့၍ကြည့်လိုက်လျှင်ပင် နွေဦးကိုဖြတ်တိုက်လာသောလေပွေလေရူးတွေထဲတွင် ထဘီတွေလေထဲမှာ တလူလူလွင့်နေကြသည်ကိုတွေ့နေရပါသည်။
မည်သို့သောအကြောင်းများကြောင့် အိမ်တစ်အိမ်၏နောက်ဖေးနောက်ဖီလမ်းအကြိုအကြားများတွင်သာလှန်းလေ့လှန်းထရှိသည့်ထဘီများသည် လူများကားများဥဒဟိုသွားလာနေကြသည့်လမ်းများပေါ်တွင် လူလက်လှမ်း မမီနိုင်အောင် အမြင့်တွင် လမ်းကိုကန့်လန့်ဖြတ် သွယ်တန်းထားသောကြိုးတန်းများပေါ်သို့ ရောက်ရှိနေပါသနည်း။
မည်သည့်အတွက်ကြောင့် ထဘီတန်း၏အောက်သို့ သိလျက်ဖြစ်စေ မသိလျက်ဖြစ်စေ ခေါင်းလျှိူးဝင်မိခဲ့လျှင် ယောက်ျားများအတွက် ဘုန်းကံနိမ့်ပါးလိမ့်မည်ဟု ယုံကြည်ရိုးစွဲအကြွင်းအကျန် ရှိနေကြသေးသည့် လူ့အဖွဲ့ အစည်းတစ်ခုတွင် မမြင်ကွယ်ရာအိမ်၏ နောက်ဘက်ချောင်ကြိုချောင်ကြားများတွင်သာ တွေ့လေ့တွေ့ထရှိသည့်ထဘီများသည် ဤကဲ့သို့သောဘယ်သူမှ ရှောင်မလွတ်အောင် ထင်ရှားနေသည့်လမ်းမကြီးများပေါ်သို့ ရောက်ရှိနေကြပါသနည်း။

အဖြေမှာတစ်ခုတည်းဖြစ်ပါသည်။

နွေဦးတော်လှန်ရေးကိုအကြောင်းပြု၍ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တွန်းကန် တော်လှန်နေကြသောဆန္ဒပြနေကြသူများရှိရာသို့ ဆန္ဒပြသူများကိုလိုက်လံဖမ်းဆီးမည့် အာဏာရှင်၏လက်ပါးစေတို့ အလွယ်တကူမရောက်ရှိနိုင်စေရန် ရည်ရွယ်၍ ဆန္ဒပြနေသူများနှင့် တစ်နည်းမဟုတ်တစ်နည်းတော့ သက်ဆိုင်နေကြသည့် မြန်မာအမျိုးသမီးထုကြီးက ဆန္ဒပြသူများအားအကာအကွယ်အနေဖြင့် ရန်သူတို့ ဖြတ်လာရမည့်လမ်းတွင် သွယ်တန်းလှမ်းချိတ်ထားကြသောကြောင့် ထိုနေရာထိုဌာနဒီနေရာဒီဌာနတို့တွင် ထဘီတန်းများရောက်ရှိနေကြခြင်းဖြစ်ပါသည်။
ဤနေရာတွင် ထဘီတန်းအောက် ခေါင်းလျှိူးဝင်မိခြင်းကြောင့် ယောက်ျားတို့ တကယ် ဘုန်းကံနိမ့်မနိမ့်ကို ကျွန်တော့် အနေဖြင့် ဝေဖန်စောကြောလိုခြင်းမရှိကြောင်းပြောလိုပါသည်။
သို့သော် ကျွန်တော့်ဘက်ကသေချာနေတာတစ်ခုကတော့ ရှိပါသည်။
ယင်းမှာအခြားမဟုတ်။ ထိုထိုဤဤမြင်နေရသောထဘီတန်းများသည် လှန်းရိုးလှန်းစဉ် ထဘီတန်းများမဟုတ်ဘဲ မြန်မာအမျိုးသမီးတို့၏ ကြီးစွာသောစိတ်ဇောအဟုန်တို့ဖြင့် ရည်ရွယ်ချက်ရှိရှိလှန်းထားသော ထဘီတန်းများဖြစ်သောကြောင့် ယင်းတို့၏အောက်သို့ ခေါင်းလျှိူးဝင်မိသောမလိုသူမှန်သမျှတို့သည် ဘုန်းကံကျဆင်း၍ ကံဆိုးကြမ္မာဆိုးများဧကန် တွေ့ကြုံကြရလိမ့်မည် ဖြစ်ပါသည်။
ဆန့်ကျင်ဘက် အနေဖြင့်မူ ထိုထဘီတန်းများအောက်သို့ ဖြတ်သန်းသွားလာမိသောချစ်ခင်လိုလားအပ်သူမှန်သမျှတို့သည် ဘုန်းကံမြင့်မား၍ ကံအကြောင်းတရားများတိုက်ဆိုင်လှပနိုင်ကြလိမ့်မည် ဖြစ်ပါသည်။
………………………….       …………………….       ……………………………

တကယ်ကမြန်မာ့ လူ့အဖွဲ့အစည်းတွင်ရှိသောမြန်မာအမျိုးသမီးများ၏ကဏ္ဍကို ‘မောင်တစ်ထမ်းမယ်တစ်ရွက်’ လောက်မျှနှင့် ပြော၍မလုံလောက်ဟုထင်ပါသည်။
ထိုကဲ့သို့ ထင်ရလောက်အောင်လည်း မြန်မာအမျိုးသမီးတို့၏ဘဝသည် စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်၊ လေပြင်းခိုက် ခဲ့သော အခါအခိုက်အတန့်များ ကြုံခဲ့ရကြုံနေရတာတွေကို မြင်နေရပါသည်။

အခုလက်ရှိဖြစ်ပွားနေသောနွေဦးတော်လှန်ရေးတွင်ပင် ဆယ်ကျော်သက်အရွယ် လောက်ပဲရှိကြသေးသည့် အမျိုးသမီးငယ် ကလေးတွေ အမျိုးသားတွေနှင့်တန်းတူပြေးကြလွှားကြ၊ လုပ်ကြကိုင်ကြ၊ လုံခြုံရေးတာဝန်က အစနောက်ဆုံးသန့်ရှင်းရေးတာဝန်ပါမကျန် ခမျာလေးတွေ သိမ်းကြုံးတာဝန်ယူကြရ၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ဘာမျှမရှိဘဲ ကတ္တရာလမ်းမတွေပေါ်မှာကျည်ဆံအစစ် တွေနှင့် ပစ်အသတ်ပါ ခံနေကြရလေရာ ဒါတွေကိုအံရဲရဲတုပြီးတစ်ချက်ကလေး မညည်းမညူအပြုံးမပျက် အလှည့်ကျသည့်အခါ နည်းနည်းလေးမှမနွဲ့ကြသော မြန်မာ့သားကောင်းသမီးပျိုအမျိုးသမီးကလေးတွေကို ကျွန်တော် တွေ့နေရပါသည်။

တကယ်က အမျိုးသမီးတို့၏အကြောင်းကို အမျိုးသမီးတို့ကပဲအမှန်ဆုံးပြောနိုင်မှာဖြစ်ရာ ကျွန်တော်ကဝင်ပြောနေစရာလည်းမဟုတ်တာသေချာလှပါသည်။
သို့သော် အရာရာနောက်တန်းရောက်ခဲ့သော ကျွန်တော်တို့၏နိုင်ငံတွင် အမျိုးသမီးတို့၏ ထွက်နိုင်သောအသံမှာလည်း ဟိုးနောက်တန်းမှာတိုးလျနေရလေရာ ယေဘုယျအားဖြင့် သူတို့ထက် ရှေ့တန်းရောက်နေသောအမျိုး သားတို့ကပဲ သူတို့ကိုယ်စား အသံပိုထွက်ပေးနေရဦးမည် ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် မဝေးလှသောနောင်လာမည့် ကာလတွေမှာတော့ မြန်မာအမျိုးသမီးများ၏ ဘဝကိုမြန်မာအမျိုးသမီးများကိုယ်တိုင်ကပဲပြောပြ နိုင်ကြလိမ့်မည် ဟု မျှော်လင့် မိပါသည်။
…………………….    ………………………    ……………………….

ယနေ့ Facebook ကိုဖွင့်လိုက်သောအချိန်တွင် ထဘီကိုလွှင့်၍ ထူထားသောအလံကိုကိုင်ထားသည့် အမျိုးသမီးငယ်ကလေးတစ်ဦးကို ကျွန်တော် တွေ့ရပါသည်။

ဦးထုပ်၊ အကျႌလက်ရှည်၊ ဘောင်းဘီရှည်နှင့် မျက်နှာမှာနှာခေါင်းစည်းတပ်ထားသောအမျိုးသမီးငယ်ကလေးက ရှိလှမှအသက်နှစ်ဆယ် စွန်းစွန်း မျှသာရှိပုံပေါ်ပြီး လမ်းမအလယ်ကလမ်းလယ် ကျွန်းတစ်ကျွန်းပေါ်တွင် မတ်တပ်ရပ်လျက် ပလတ်စတစ်ပိုက်လုံးထိပ်မှာ လွှင့်ထားသောထဘီအလံကို ကိုင်ကာခြေကိုခွဲပြီးမတ်မတ်ရပ်နေပါသည်။

သူ့ဘေးလမ်းတစ်ဖက်တစ်ချက်မှာတော့ သူ့လိုပဲထဘီအလံတွေကိုကိုင်ထားသည့် အမျိုးသမီးတွေကိုတွေ့နေရပါသည်။
နောက်ဆုံးတော့လည်း ခိုင်မြဲသောသန္နိဋ္ဌာန်တွေနှင့် နွေဦးတော်လှန်ရေး၏တပ်ဦးတွင် ထဘီအလံတွေကို ကျွန်တော်တို့ လွှင့်ထူနိုင်ခဲ့ကြပြီဖြစ်ပါသည်။

တကယ်က ယနေ့က (မတ် ၈ ရက်) ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ယခု ကျွန်တော်တို့ အားလုံးဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးတွင် ပထမဆုံးကျဆုံးသွားသူမှာ အသက် ၁၉ နှစ်သာ ရှိသေးသည့် မြန်မာအမျိုးသမီးငယ်ကလေး မြသွဲ့သွဲ့ခိုင် ဖြစ်ပါသည်။

ညိုထက်ညို